YMR အခန်း ၁၁၄

အခန်း (၁၁၄)

“အား ! လုဟိုင်ရွှမ်း .. ဆန်ကုန်မြေလေးကောင် !”

“ဒုက္ခပါပဲ လွှတ်စမ်း ! သူက နင့်ရဲ့ဉီးလေးနော် !”

“သူ့ကိုလွှတ်လိုက်! သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်နေတာလား !”

ယွင်ယောင်အား ကိုယ်ထိလက်ရောက် လုပ်ခဲ့သည်ဟု ကြားလိုက်ရသည့်အခါ လုဟိုင်ရွှမ်း ဒေါသဖြစ်လာခဲ့ပြီး ဆုပ်ကိုင်ထားသော လက်ကိုလည်း ပိုတင်းကျပ်စွာ ဆုပ်ထားလိုက်ရာ ထိုလူမှာလည်း အဆက်မပြတ် အော်နေလေသည်။ လု မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ပြေးလာကာ သူတို့ကို ဆွဲကြလေသည်။

“လုဟိုင်ရွှမ်း သူတို့ကို ဂရုမစိုက်နဲ့ … မင်းရဲ့ဉီးလေးလား ဟမ် .. အဲဒီစုတ်ပြတ်တဲ့ ဉီးလေးကပဲ မင်းရဲ့အမေကို တွန်းထုတ်လိုက်လို့ မင်းအမေခေါင်းမှာ ဒဏ်ရာရသွားတာ .. မင်းသူ့ကို သနားနေရင် ငါမင်းကိုတစ်သက်လုံး အထင်သေးသွားမှာ”

ယွင်ချဲ့ ပခုံးပေါ်တွင် ရပ်ကာ ဟေးယွီက သူ၏ကိုယ် သေးသေးလေးဖြင့် လု မိသားစုတို့ကို မာန်ဖီကာ အော်ပြောလိုက်သည်။

ကျွတ်

“အား !”

ဟေးယွီ စကားကြောင့် ဒေါသထွက် နေသော လုဟိုင်ရွှမ်းက သူ၏အားများကို ဘယ်ဘက်လက်သို့ စုလိုက်ရာ ကျိုးပဲ့သွားသော အသံနှင့် ထိုလူမှာ စူးဝါးစွာ အော်လိုက်သည်။ လုဟိုင်ရွှမ်းလည်း လွှတ်ပေးလိုက်ရာ ထိုလူမှာ သူ၏လက်ကိုပင် မလှုပ်နိုင်တော့ပေ။

“လုယန်း ! ရရဲ့လား လုယန်း”

“ညီလေး ..”

“ဉီးလေး …”

လု မိသားစုဝင်တို့မှာ ထိုသူကို စိုးရိမ်တကြီးနှင့် အပြေးကြည့်ကြလေသည်။ သူတို့သည် တပ်မိသားစုဟု ထင်ရသော်လည်း လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးတို့ကို မတူမတန်စွာ ဆက်ဆံသည်။ လုဟိုင်ရွှမ်းလည်း ပို၍ အေးစက်စက်နှင့် ကြည့်လိုက်ပြီး …

“အဲဒီကျိုးသွားတဲ့ လက်က ခင်ဗျားတို့ ဆပ်ဖို့ ကျန်တဲ့အကြွေးရဲ့ အနည်းအကျဉ်းပဲရှိသေးတယ် .. ကျုပ်အမေကို အနာတရ ဖြစ်အောင်လုပ် ကျုပ်အစ်မကို အခွင့်ကောင်းယူ စော်ကား ကျုပ်ရဲ့မိသားစုကို အာခံအောင်လုပ်ပြီး လွယ်လွယ်နဲ့ လွှတ်မယ် ထင်နေလား”

ထိုလူတစ်စု ထရပ်ကာ သူ့ကို ပြန်မပြောကြခင် လုဟိုင်ရွှမ်း သူတို့အနားသို့ တစ်လှမ်းချင်း ကပ်သွားလေသည်။ ထိပ်ဉီးအဖွဲ့ဝင် တစ်ယောက်အနေနှင့် မည်သည့် အခြေအနေတွင်မဆို သူအကောင်းဆုံး မဖြစ်ခဲ့ပေ။ သူထင်ပေါ်စွာ နေသော်လည်း ယွင်ချဲ့နှင့် လန်ယဲ့ဟန် ကဲ့သို့ လူရှိန်ရသည်လည်း မဟုတ်၊ ကျိုးဇယ်ယွီ ကဲ့သို့ အပြောင်အချော်နှင့် စိတ်မချရသည်လည်း မဟုတ်သည့်အပြင် ကျန်းရှန် ကဲ့သို့ မာထန်သည်လည်း မဟုတ်ပေ။ သို့သော် သူသည် ထိပ်ဉီး အဖွဲ့ဝင်ဖြစ်ပြီး ထိပ်ဉီးအဖွဲ့မှာ မာနကြီးကာ ဂုဏ်ရှိသော အဖွဲ့ဖြစ်သည်။ သူသည် သာမန်အချိန်များတွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်သူ ဖြစ်သော်လည်း ထိပ်ဉီးအဖွဲ့၏ လက္ခဏာများနှင့် မကိုက်ညီဟု မဆိုလိုပေ။ သူတို့နှင့်တူညီသော သွေးများ သူ၏ကိုယ်တွင်းတွင် စီးဆင်းနေသည် ဆိုပါက ဘယ်လို ဖြစ်သွားမှာလဲ။ သူတို့ကို လုဟိုင်ရွှမ်း ငြင်းဆန်နေသမျှ ထိုလူတို့က အရေးမကြီးတော့ပေ။

“မင်း..မင်း ဘာလုပ်မလို့လဲ … လုဟိုင်ရွှမ်း .. ငါတို့က မင်းရဲ့အမျိုးတွေနော် !”

ထိုလူတစ်စုက ကြောက်လန့် နေကြသော်လည်း လုဟိုင်ရွှမ်း၏ မိသားစုအမှန်ကဲ့သို့ အသံကောင်း ဟစ်နေလေသည်။ ထို့အပြင် သူတို့ထဲမှအများမှာ လုဟိုင်ရွှမ်းထက် အသက်ကြီးသူများ ဖြစ်သောကြောင့် ပို၍ဘဝင်မြင့် နေကြလေသည်။

“ကျုပ်အမျိုးတွေလား”

လုဟိုင်ရွှမ်း လှောင်ရယ်လိုက်ပြီး ကြီးမားသော ရွှေရောင် ဓါးတစ်ချောင်း ဖန်တီးလိုက်သည်။ သူတို့ကိုယ်သူတို့ လုဟိုင်ရွှမ်း၏ ဆွေမျိုးဟု အတင်းအကြပ် ပြောဆိုနေကြသဖြင့် ထိုဆွေမျိုးတော်စပ်မှုကို လုဟိုင်ရွှမ်း ဖြတ်တောက် ပစ်ချင်လိုက်သည်။

“မင်း ရိုင်းလှချည်လား !”

လုဟိုင်ရွှမ်း၏ ဒုတိယဉီးလေးက သူ၏သမီးကို ပွေ့ထားရာမှချကာ အားလုံး အရှေ့တွင် မတ်တပ် ရပ်လိုက်ပြီး လက်ထဲမှလည်း သစ်သားချွန်များ ပေါ်လာခဲ့သည်။

“မင်းတော့ .. ငါ့ညီအတွက် မင်းကိုလက်စားချေမယ် !”

သစ်သားချွန်များက ထိုလူလက်ထဲမှ ပျံထွက်လာပြီး လုဟိုင်ရွှမ်း၏ ရင်ဘတ်သို့ ဉီးတည်လာသည်။ ထိုလူတစ်စုမှာ လုဟိုင်ရွှမ်း၏ အမျိုးဟု ပြောခဲ့သော်လည်း လုဟိုင်ရွှမ်း ကိုပင် သတ်ရန် ကြိုးစားနေကြပြီး ကြင်နာတရား အလွန်ခေါင်းပါးလှသည်။

“မင်း ?”

ချွင် ချွင်

မျက်စိတစ်မှိတ် အတွင်း ရွှေရောင် အလင်းတန်းက သစ်သားချွန် နှစ်ခုကို အလယ်မှဖြတ်တောက် ပစ်လိုက်သည်။ ထိုလူကလည်း အလျော့မပေးဘဲ …

“လာကြ သူ့ကို အတူတူ တိုက်ကြရအောင် .. ဒီကောင် တစ်ယောက်တည်း ငါတို့ကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး”

လု မိသားစုတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စွမ်းအားများကို ထုတ်လိုက်ကြသည်။ အားလုံးက စွမ်းအားရှင်များ ဖြစ်နေကြသဖြင့် ဘဝင်လေဟပ် နေကြသည်မှာ မထူးဆန်းလှပေ။

“လုဟိုင်ရွှမ်းမှာ နောက်ခံမရှိဘူး ထင်နေတာလား .. ကျုပ်တို့လည်း အစွမ်းရှိကြတယ်လေ”

လု မိသားစုက လုဟိုင်ရွှမ်းကို တိုက်ခိုက်ရန် ဝိုင်းလာကြစဉ် ကျိုးဇယ်ယွီ၏ ထေ့ငေါ့ပြောဆိုသံ ထွက်လာသည်။

ဘုတ်

“အား !”

စက္ကန့်အနည်းငယ် အကြာတွင် သူတို့မှင်သက် သွားကြပြီး တစ်ခုခု ပြုတ်ကျသံနှင့် တစ်ယောက်ယောက်၏ အော်သံကိုသာ ကြားလိုက်ရသည်။ ကျိုးဇယ်ယွီက ဝိုင်းလာသော လူများ အနက်မှ တစ်ယောက်၏ အင်္ကျီကော်လံ အနောက်မှ ဆွဲကိုင်လျက် ပစ်လွှတ်လိုက်သည်။ ထို့နောက် ပြုံးလျက် လုဟိုင်ရွှမ်း အနားသွားကာ ကျန်းရှန် သည်လည်း လက်ထဲတွင် ရွှေဖဲကြိုး နှစ်ခုနှင့် ဘေးတွင်ရပ်လျက် ဘာမှမပြောဘဲ ကြည့်နေလေသည်။

“လာလေ လာတိုက်ကြလေဗျာ … နောက်ကျနေပြီ ကျုပ်တို့ညစာ မလွှတ်ချင်ဘူး”

ကျိုးဇယ်ယွီ ပြောပြီးနောက် စကားပြောလေ့ မရှိသော ကျန်းရှန်ပင် ဝင်ပြောသဖြင့် အဖွဲ့သားများလည်း အံ့ဩသွားသည်။

“ဟုတ်တယ် ကျုပ်တို့မှာအချိန်မရှိဘူး !”

ကျန်းရှန် စိတ်ဆိုးဒေါသ ဖြစ်နေသည်မှာ ထင်ရှားသည်။ သို့သော် အခြားသူများကဲ့သို့ အိမ်တွင်း ဝင်ရောက်ခြင်းနှင့် ယွင်ယောင်ကို အနိုင်ကျင့်ခြင်းတို့ကြောင့် မဟုတ်ဘဲ ယဲ့ရှင်းချန်က ဒေါသထွက်နေသဖြင့် ကျန်းရှန်လည်း ဒေါသထွက်ရသည်။ ထိုလူတစ်စုသည် သူတို့အိမ်ကို မတရားကျူးကျော် ဝင်ရောက်လာပြီး ယွင်ယောင်ကို အနိုင်ကျင့်ကာ ချန်ချန် ကြောက်လန့်စေသောကြောင့် ယဲ့ရှင်းချန် ဒေါသဖြစ်ရခြင်းပင်။ ထို့ကြောင့် ကျန်းရှန်လည်း ထိုလူတစ်စုကို သတ်ပစ်မည်ဟု ဆုံးဖြတ် ထားလိုက်သည်။

“မင်း..မင်းတို့ …”

လု မိသားစုမှာလည်း ဒေါသမီးများ တောက်လောင် လာသည်။ ထိုအချိန် ရုတ်တရက် ယွင်ချဲ့က စကားဖြတ်လိုက်ပြီး …

“ငါ့အိမ်ကို မညစ်ပတ်စေနဲ့ .. သူတို့ကို အပြင်မှာပဲ ရှင်းလိုက်”

“ဒါပေါ့”

ကျိုးဇယ်ယွီ စကားပြောပြီးသည်နှင့် လခြမ်းသဏ္ဌာန် လေဓါးများက ထိုလူတို့ထံသို့ ပျံသန်းသွားလေသည်။

“ဟေ့ ပြန်ခုခံကြ !”

“အား !”

“လုဟိုင်ရွှမ်း .. မင်းဒီလောက်ထိကို ရက်စက်မှ ရမှာလား .. ငါတို့က မိသားစုတွေလေ !”

လေမှာ လွတ်လွတ်လပ်လပ်ရှိပြီး ချွန်ထက်သည့်အပြင် နေရာတိုင်းတွင် ရှိသကဲ့သို့ အရာရာကိုလည်း စွမ်းဆောင်နိုင်သည်။ လု မိသားစုများမှာ ကြောက်လန့် တကြားနှင့် သူတို့အစွမ်းကို သုံးကာ လေဓါးများကို ကာကွယ် နေခဲ့သော်လည်း ထိုဓါးများက သူတို့၏ အရေပြားများကို ပြတ်ရှသွားစေသည်။ လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီနှင့် ကျန်းရှန် တို့ထံ ပစ်လိုက်သော သူတို့အစွမ်းများ အနားသို့ မရောက်မီ ရွှေရောင် အလင်းတန်း နှစ်ခုကြောင့် ပျောက်ပြယ်သွားကုန်သည်။

“မြန်မြန်လုပ် .. ငါတို့ အမြန်လိုနေတာ”

စကားပြောကာ အချိန်မကုန် စေချင်သောကြောင့် ကျိုးဇယ်ယွီက လေဓါးများကို အဆင်မပြတ် လွတ်ထားလိုက်သည်။ ကျန်းရှန်၏ ရွှေဖဲကြိုး နှစ်ခုမှာလည်း ကြောက်ဖွယ် ကောင်းစွာ ခြိမ်းခြောက်ဟန် ရှိနေပြီး လုဟိုင်ရွှမ်း ကလည်း သူ၏ရွှေရောင်ဓါးနှင့် ထိုလူတစ်စုကို အညှာအတာမရှိ လွဲရိုက်နေလေသည်။

“အား! ငါ့လက် !”

“မလုပ်ပါနဲ့ .. တော်ပါတော့ !”

“မင်းတို့နိုင်ပါတယ် ! မင်းတို့နိုင်တယ် !”

“ငါတို့အမှားကို သိပါပြီ !”

လုမိသားစုက စွမ်းအားရှင်များ ဖြစ်သော်လည်း လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီနှင့် ကျန်းရှန်တို့က သူတို့က စွမ်းအား ပိုကြီးသဖြင့် ထိုသူတို့ ရှုံးနိမ့်ကာ သွေးအလိမ်းလိမ်းဖြင့် ကြောက်လန့်တကြားအော်ဟစ်ကြလေသည်။ စက္ကန့်ပိုင်းအတွင်း အတုံးအရုံး လဲကျကာ သူတို့ကို သနားရန် တောင်းပန်ကြလေသည်။

“ကိစ္စတော့ပြီးပြီ”

လက်တို့ကို ဖုန်ခါသကဲ့သို့ ရိုက်လိုက်ပြီး ကျိုးဇယ်ယွီက သူ၏စွမ်းအားတို့ကို ပြန်သိမ်း လိုက်သည်။ လုဟိုင်ရွှမ်းလည်း ကိုယ်ကိုလှည့်ကာ ယွင်ချဲ့ ရှေ့တွင် ရပ်လျက် …

“တောင်းပန်ပါတယ် .. ငါ့ကြောင့် ဒီလိုတွေဖြစ်ရတာ”

ကပ်ဘေး မဖြစ်မီနှင့် ဖြစ်ပြီးသည် အထိတိုင် ထိုလူတို့ကို သူ၏ ဆွေမျိုးသားချင်းများ အဖြစ် လုဟိုင်ရွှမ်း မမှတ်ယူထားပေ။ သို့သော် ယခုပြဿနာမှာ သူ့ကြောင့် ဖြစ်ခဲ့ရသည်။ ယွင်ချဲ့က သူတို့၏မိသားစု ဆုံစည်းရေးကို ကြင်နာစွာ လုပ်ဆောင် ပေးသော်လည်း စက်ဆုပ်ဖွယ် ကောင်းသော ဆွေမျိုးတို့ကလည်း လိုက်လာခဲ့ကြသည်။ ယွင်ချဲ့ နေရာတွင် သူဆိုလျှင်လည်း စိတ်အလိုမကျ ဖြစ်မှာအမှန်ပင်။ ယွင်ချဲ့က မျှတသူဖြစ်ပြီး ထိုဆွေမျိုးများကြောင့် ဖြစ်ရသည်တို့ကို သူ့အပေါ်အပြစ်တင်မည် မဟုတ်ကြောင်းကို လုဟိုင်ရွှမ်း သိသောကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေပြီး လေးလံသော စိတ်တို့ဖြင့် လက်သီးတို့ကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

“မင်းရဲ့အဖေနဲ့ ညီမလေး ဘာကြောင့်သေရလဲ မသိချင်ဘူးလား”

ယွင်ချဲ့ တစ်ချက် ကြည့်ပြီးနောက် လုဟိုင်ရွှမ်း ဘေးမှဖြတ်ကာ ထိုလူတစ်စုထံသို့ သွားလိုက်ပြီး ရှင်းဖုန်းလည်း အနောက်မှ လိုက်သွားသည်။ ယွင်ချဲ့ စကားကြောင့် ဒေါသစိတ်နှင့် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ အခြားအတွေးများထဲသို့ နစ်နေသော လုဟိုင်ရွှမ်း အံ့ဩတကြီးနှင့် မလှုပ်မယှက် ရပ်နေမိသွားသည်။ ယွင်ချဲ့ သတိပေးတော့မှ သူ၏အမေနှင့် အဘိုးက သူ၏အဖေနှင့် ညီမကို သတ်ခဲ့ကြောင်း ထိုလူတစ်စုက ပြောခဲ့သည်ကို သတိရသွားသည်။ သူတို့၏စကားကို မယုံကြည်သော်လည်း အဖြစ်မှန်ကို လုဟိုင်ရွှမ်း မသိချင်ခဲ့ပေ။

“ဟိုင်ရွှမ်းရဲ့ အဖေနဲ့ညီမ ဘယ်လိုကြောင့် သေခဲ့ရတာလဲ”

ထိုလူတို့ရှေ့ ကိုယ်ကိုကုန်းကာ လူတစ်ယောက်၏ မျက်နှာကိုဆွဲလျက် မော့ကြည့်စေလိုက်သည်။ လုဟိုင်ရှမ်းနှင့် သူ၏အမေ၊ အဘိုးတို့ကြား တစ်ခုခု အခဲမကြေ ဖြစ်နေကြမည်ကို ယွင်ချဲ့ မလိုလားပေ။ ထိုလူတို့က အခြားအဖြေတစ်ခုခု ပေးနိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်။

“အဲဒါက ဟို … မ..မဟုတ်ဘူး .. ဟိုင်.. ဟိုင်ရွှမ်း အမေနဲ့ အဲဒီအဘိုးကြီးက သတ်လိုက်တာ”

ထိုသူက အလွန် နာကျင်နေသော်လည်း တိတ်တဆိတ်နေရန် မရဲပေ။

“မင်းရဲ့ အကြည့်တွေက မငြိမ်တဲ့အပြင် စကားလည်း ထစ်နေတယ် .. အဲဒါလိမ်နေတာလို့ပြောတာပဲ”

ယွင်ချဲ့ မပြောမီ အနောက်တွင် ရပ်နေသော ကူးမင်ရွှမ်းက ကောက်ချက် ချလေသည်။

“မဟုတ်ဘူး .. ဟိုင်ရွှမ်း အမေက သူတို့ကို သတ်လိုက်တာ”

ထိုသူက ကြောက်လန့်တကြား ပြန်ဖြေသော်လည်း သူ၏အကြည့်တို့က တည်ငြိမ်ခြင်းမရှိပေ။ သူ၏မျက်လုံးထဲမှ ချီတုံချတုံ ဖြစ်နေသည်ကို ယွင်ချဲ့ ရိပ်မိသဖြင့် ထိုလူကို လွှတ်ချလိုက်သည်။

“အခုခင်ဗျား အလှည့်ပဲ ရှင်းဖုန်း”

ကူးမင်ရွှမ်းနှင့် ရှင်းဖုန်းတို့ကို ထပ်ခါထပ်ခါ ကြည့်ပြီးနောက် ရှင်းဖုန်းကိုပင် ယွင်ချဲ့ ရွေးလိုက်သည်။ သူတို့နှစ်ဉီးလုံးတွင် အမှန်ကို ဖော်ထုတ်သော အစွမ်းရှိသည်ကို သိသော်လည်း အမှန်တရားအား ထိုလူတို့ကိုယ်တိုင် ပြောသည်ကို ကြားစေချင်သောကြောင့် ဖြစ်သည်။

ယွင်ချဲ့၏ အစောင့်အရှောက် ဖြစ်သည့် ရှင်းဖုန်းက ငြင်းဆိုခြင်းပင် မရှိ။ ကိစ္စအရပ်ရပ်တွင် ထိုသူတို့ ပါဝင်နေမည်ကို ရှင်းဖုန်း သေချာပြောနိုင်သည်။ ရှင်းဖုန်း ဘာမှမပြောဘဲ သူ၏စူးရှသော အကြည့်များဖြင့် နာကျင်စွာ ငြီးနေသော လူတစ်စုကို သေချာကြည့် နေလိုက်သည်။ နောက်ဆုံးတွင် အလွန်ပြောင်တင်း နိုင်လှသော လုဟိုင်ရွှမ်း၏ ဒုတိယ အဒေါ်ကို ရွေးလိုက်သည်။ သူမက အရာရာကို အခြားသူများထက် ပိုသိနိုင်သည့် ခေါင်းဆောင် ဖြစ်လိမ့်မည်။

“နင် …”

လက်တစ်ဖက် ကျိုးနေသော ထိုအမျိုးသမီးက တုန်ယင်လာပြီး ရှင်းဖုန်းကို ကြောက်ရွံ့မှု အပြည့်ဖြင့် ကြည့်နေလေသည်။ ရှင်းဖုန်းလည်း ထိုအမျိုးသမီး၏ မျက်နှာကို ဆွဲယူကာ သူနှင့် မျက်လုံးချင်းဆိုင် စေလိုက်သည့်အချိန် သူမ၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားကာ ဗလာအတိ ဖြစ်သွားလေသည်။

“ဟိုင်ရွှမ်းရဲ့အဖေ ဘယ်လို သေခဲ့တာလဲ”

ဆွဲဆောင်မှုရှိရှိ ချိုသာသော အသံနိမ့်နိမ့်က ထိုအမျိုးသမီးအတွက် အမိန့်ပေး သကဲ့သို့ ဖြစ်နေသည်။ ထိုအမျိုးသမီးမှာ နာကျင်မှုတို့ကို မခံစားရတော့ဘဲ ရုပ်တည်လျက် စက်ရုပ်ကဲ့သို့ ဖြစ်ကြောင်း ကုန်စင်များကို ပြောပြလေသည်။

“ကပ်ဘေး ဆိုက်လာတော့ မြို့ပေါ်ဒေသက အန္တရာယ်များတဲ့ နေရာဖြစ်လာတာကြောင့် နယ်ကျေးမှာနေတဲ့ အစ်ကိုနဲ့ ယောက်မတို့ကို ရုတ်တရက် စဉ်းစားမိသွားတယ် ကျေးရွာဒေသဆိုတော့ အစားအစာတွေ သိုလှောင်တတ်ကြတာမလို့ ငါတို့တွေ အစ်ကိုကြီး အိမ်ကို သွားခဲ့တယ် … အဲဒီကိုရောက်တော့ သူနဲ့ယောက္ခထီးက စွမ်းအားတွေ ရနေကြပြီ ငါတို့ကိုအိမ်ထဲ ဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် နယ်ကျေးမှာလည်း ဖုတ်ကောင်တွေ များသထက် များလာတယ် … အစ်ကိုကြီးက ရေဒီယိုကနေ တစ်ဆင့် ဟာမြို့မှာ စစ်တပ်က ဆောက်ထားတဲ့ အရှေ့မြောက်စခန်း ရှိတယ် ကြားလိုက်တော့ အဲဒီစခန်းကို ရောက်ရင် ငါတို့ အသက်ရှင်နိုင်ပြီလို့ ဆုံးဖြတ်ပြီး စခန်းကိုသွားဖို့ လုပ်ခဲ့ကြတယ် … အဲဒီအချိန်မှာပဲ ငါတို့လည်း စွမ်းအားရနေကြပြီ။ ကံမကောင်းတဲ့ ငါ့သားလေးက ဖုတ်ကောင်ရဲ့ ကုတ်ခြစ်တာ ခံလိုက်ရပြီး သူလည်း ဖုတ်ကောင် ဖြစ်သွားခဲ့တယ်။ ငါတို့တောင်းပန်ခဲ့တဲ့ ကြားကပဲ အစ်ကိုကြီးက သူ့ကို သတ်လိုက်တယ် … ငါတို့လည်း သားအတွက် လက်စား ချေချင်ပေမယ့် ငါတို့ကို ကာကွယ်ပေး စေချင်တာကြောင့် စခန်းရောက်ခါနီးမှာပဲ အစ်ကိုကြီးရဲ့ မိန်းမကို ဝှက်ထားပြီး ဖုတ်ကောင် အုပ်စုထဲမှာ ပိတ်မိနေတယ်လို့ လိမ်ခဲ့တယ် … သူ့မိန်းမကို ကယ်ဖို့အတွက် အစ်ကိုကြီးက ဖုတ်ကောင်အုပ်ထဲ ဝင်ခဲ့ပေမယ့် သူကအစားခံရပြီး သေသွားခဲ့တယ်”

“လူမဆန်တဲ့ ဟာတွေ ! ခင်ဗျားတို့ကို သတ်မယ် ! ချဲ့ ငါ့ကိုလွှတ် .. ငါသူတို့ကို သတ်ပစ်မယ် !”

ထိုအကြောင်းထိ ကြားလိုက်ရပြီးနောက် လုဟိုင်ရွှမ်း ဒေါသထွက်ကာ တစ်ကိုယ်လုံး နီရဲလာပြီး ထိုလူတို့ကို သူ၏ဓါးဖြင့် အပိုင်းပိုင်း ခုတ်ပစ်ချင်စိတ်များ ဖြစ်လာသည်။ ယွင်ချဲ့က လုဟိုင်ရွှမ်း အရှေ့တွင် ရပ်လျက် စောင့်ရန် ပြောသည်။

“စိတ်ထိန်းဉီး .. ပြောဖို့ ကျန်သေးတယ်”

“ငါ …”

လုဟိုင်ရွှမ်း မျက်လုံးများ ဒေါသစိတ်တို့ကြောင့် နီရဲလာပြီး ယွင်ချဲ့ စကားက သူ့ကိုယ်သူ ပြန်ထိန်းချုပ် စေလိုက်သည်။ လုဟိုင်ရွှမ်း မျက်လုံး မှိတ်လိုက်ရာ သူ့မိဘ၏ ပျော်ရွှင်နေသော မျက်နှာများကို ပြန်လည်မြင်ယောင်လာသည်။ လက်ထပ်ခဲ့သည်က အလွန်ကြာခဲ့သဖြင့် ယနေ့ခေတ်လူငယ်များကဲ့သို့ ပွေ့ဖက်နမ်းရှုံးခြင်းနည်းသော်လည်း သူတို့နှစ်ဉီး တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြသည်ကို အားလုံးသိကြသည်။ သူ၏ညီအစ်ကိုများက မြို့ပေါ်တွင် အိမ်များစွာဝယ်ထားကြသော်လည်း လုဟိုင်ရွှမ်း ၏ အဖေမှာ သူ၏ဇနီးနှင့်အတူရှိနေလိုခြင်းကြောင့် မြို့ပေါ်သို့ သွားရန်တစ်ခါမှပင် မတွေးခဲ့ဖူးပေ။ သူ၏မိဘများ မြို့စွန်တွင်နေထိုင်ခဲ့ကြသည့် အချိန်မှစ၍ ဆွေမျိုးများက သူတို့ကို အထင်သေးခဲ့ကြသည်။ လုဟိုင်ရွှမ်း၏ အမေက နူးညံ့သူ တစ်ယောက်ဖြစ်ပြီး သူမ၏ခင်ပွန်းကိုလည်း ကြင်နာစွာ ဂရုစိုက်သူ တစ်ယောက်ဖြစ်သည်။ ခင်ပွန်း၏ ချစ်ခြင်းမေတ္တာကို သူမ၏ကြင်နာခြင်းနှင့် ချစ်ခြင်းတို့ဖြင့် ပြန်လည် တုံ့ပြန်ပေးအပ်ခဲ့သော်လည်း …

သူတို့မှာ ထိုနှလုံးသား မရှိသော လူ့တိရစ္ဆာန်များကြောင့် ထာဝရ ကွဲကွာခဲ့ကြရပြီ။ လုဟိုင်ရွှမ်း ပါးပြင်ထက်မှ မျက်ရည်များ ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း တုန်ယင်လာသည်။ ထိုသူတို့ တစ်ယောက်ချင်းစီကို သတ်ပစ်မည်ဟု လုဟိုင်ရွှမ်း ကျိန်ဆိုလိုက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset