အခန်း (၁၀၉)
ရှင်းဖုန်း တို့အိမ်ဘက်တွင် …
“ချဲ့ အိမ်မှာ ထမင်းသွား မစားတော့ဘူးလား ခေါင်းဆောင်”
ယန်းဟွိုင်အန်း မေးလိုက်သည်။ သူနှင့် အခြား အဖွဲ့သားတို့မှာ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြေးလွှားပြီးနောက် ချွေးသုတ် နေကြလေသည်။ ယွင်ယောင်က သူတို့ကို အချိန်မရွေး လာရောက် စားသောက်နိုင်ကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်နှင့် ယွင်ချဲ့က ချစ်ကြိုက်သဖြင့် သူအရင်ဆုံး သွားသင့်သည် မဟုတ်လား။ ဘာကြောင့် ဧည့်ခန်းထဲထိုင်ကာ ကော်ဖီသောက်နေပြီး သူ၏ တက်ဘလက်ကိုသာ ကြည့်နေလဲ မသိရပေ။
“ရှူး .. ခေါင်းဆောင်က ဒီနေ့တော့ ချဲ့ အိမ်မှာ မစားရဘူးလို့ တားမြစ်ထားတယ်လေ .. ပြောတာတော့ ချဲ့တို့က ပြောင်းရွေ့ပြီး ပထမဆုံး နေ့ဆိုတော့ ကျွန်တော်တို့ မသိသင့်တာတွေ တစ်ခုခု လုပ်စရာရှိလို့ ဆိုလားပဲ။ ဒါပေမယ့် ဘယ်လောက်ကြာမလဲ မသိဘူး … ညစာတော့ အတူတူ စားရပါစေလို့ပဲ မျှော်လင့်တယ် မမယောင်နဲ့ အန်တီဝမ်တို့ လက်ရာလေးပဲ ခံတွင်းတွေ့တာ ဒါကို မစားရတာ ရင်နာစရာကြီး”
ချူးဟောင်လင်း စောစော ပြန်လာခဲ့ပြီး ယန်းဟွိုင်အန်း အနားသွားကာ စကားတတွတ်တွတ်ပြောနေလေသည်။
“ခေါင်းဆောင်က ဒီလိုပြောထားတာ ဆိုတော့ စားသောက်ခန်းကနေ တစ်ခုခု သွားယူထားမှပဲ”
ယန်းဟွိုင်အန်းနှင့် အခြားသူများ တွေဝေစွာ ကြည့်လိုက်ပြီး ခေါင်းဆောင်က ဘာမှ ဝင်မပြောသဖြင့် ထိုအကြောင်းကို ဆက်မပြော ကြတော့ပေ။
“ကောင်းပြီလေ … ခေါင်းဆောင် မနက်စာ ဘာစားမှာလဲ ကျွန်တော်တို့ အပြန်ယူလာခဲ့မယ်”
ရှန်းရွေ ခေါင်းညိတ်ပြကာ ရှင်းဖုန်းကို မေးလိုက်သည်။
စားသောက်ခန်းမတွင် မနက်စာအဖြစ် နို့ဆန်ပြုတ်၊ ပေါင်မုန့်လုံး၊ ပေါက်စီနှင့် ပန်ကိတ်တို့ကိုသာ တင်ထားပေးသည်။ သို့သော် ပဲနို့နှင့် ပေါင်မုန့်ကြော်တို့မှာ ကပ်ဘေးကာလ အတွင်းတွင် ပဲနို့နှင့် ပေါင်မုန့်ကြော်တို့မှာ အဖိုးတန်သော စားသောက်ဖွယ် အဖြစ်ပင် မှတ်ယူနိုင်သည်။
“နို့ဆန်ပြုတ်နဲ့ သနပ်ချဉ် တစ်ပန်းကန် .. သနပ်ချဉ်ကို ငရုတ်သီး ဆီပြန်နဲ့ လိုချင်တယ်”
ရှင်းဖုန်း ခေါင်းမော့ကာ ပြောလိုက်သည်။ သူသည်လည်း ယွင်ယောင်၏ အချက်အပြုတ် လက်ရာကို နေသားကျနေပြီ ဖြစ်သော်လည်း အစားအစာကို ဂရုမစိုက်ဘဲ ဗိုက်ပြည့်ရန် အတွက်သာ စိတ်နှစ် ထားလိုက်သည်။
“ငါလည်း ခေါင်းဆောင်အတိုင်းပဲ ယူမယ် .. ပြီးတော့ ပေါက်စီ ၂ လုံးပါ ယူလာခဲ့”
ကူးမင်ရွှမ်းလည်း လှေကားပေါ်မှ ဆင်းလာပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ ကူးမင်ရွှမ်းမှာ အိမ်တွင်းပုန်း ဖြစ်သော်လည်း သူ၏တစ်နေ့တာ လုပ်ငန်းစဉ်ကို မပျက်မကွက် လုပ်ဆောင်တတ်သည်။ အမှန်မှာ သူသည် အခြား သူများထက် ပို၍ တက်ကြွ လှုပ်ရှားသူဖြစ်ပြီး မနက်စောစောတွင် အပြေးလေ့ကျင့်လေ့ ရှိကာ အခြားသူများ အိမ်ပြန်ရောက်ချိန်တွင် သူကရေချိုးသန့်ရှင်းပြီး ဖြစ်သည်။
“အိုကေ ဒါဆိုသွားတော့မယ် နောက်ကျရင် ဘာမှ မရဘဲနေမယ်”
ရှန်းရွေနှင့် အခြားသူများ ခေါင်းညိတ်ကာ ထွက်သွားကြပြီးနောက် ကူးမင်ရွှမ်းမှာ ရှင်းဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“သူတို့အရေးကြီး လုပ်စရာ တစ်ခုခုရှိလို့လား”
ထိုသို့မဟုတ်လျှင် ရှင်းဖုန်းက မနက်စောစောတွင် ထိုသို့ အမိန့်ပေးမည် မဟုတ်ပေ။
ကူးမင်ရွှမ်းကို ရှင်းဖုန်း မော့ကြည့်လျက် …
“ဟုတ်တယ် .. ဘာကိစ္စလဲဆိုတာ နောက်တော့ သိလာမှာပေါ့ အဲဒါကိုတော့ ကျုပ်ပြောပိုင်ခွင့်မရှိဘူး”
ကူးမင်ရွှမ်းကို ဆက်မမေးတော့ရန် ရှင်းဖုန်း စကား အလိမ္မာသုံးကာ ပြောလိုက်သည်။
“ခေါင်းဆောင် ကိုယ့်ကိုယ်ကို ချဲ့ရဲ့ မိသားစုဝင် ဖြစ်လာတယ်လို့ မတွေးမိဘူးလား .. တဖြည်းဖြည်းနဲ့ အစောင့်အရှောက်ကြီးနဲ့ ပိုတူလာပြီ”
“ဟား..ဟား..ဟား ..”
ရှင်းဖုန်း ခေါင်းခါလျက် ရယ်မောလိုက်သည်။ သူ့ကို ထိုနာမည်ပြောင်နှင့် ခေါ်ကြတော့ မလားဟုပင် ထင်ရသည်။
ယွင်ချဲ့ တို့၏အိမ်တွင် …
ချန်ချန် ငိုသံကြောင့် ယွင်ချန် အထိတ်တလန့် ဖြစ်သွားသည်။ ယွင်ယောင် ငိုလျက် ဖက်ခဲ့စဉ်က သူတုန်လှုပ်နေခဲ့ပြီး ယခုတစ်ကြိမ်တွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေမိလေသည်။ ယွင်ချဲ့က လက်မတွဲထားခဲ့လျှင်၊ ချန်ချန်ကို ပြန်ဖက်ရန် အချက်မပြခဲ့လျှင် ယွင်ချန် မည်သို့ လုပ်ရမည်ကိုပင် မသိပေ။ သို့သော် သူ၏ခန္ဓာကိုယ်က တောင့်တင်း နေလျက်ပင်။
ယွင်ချန်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော လန်ယဲ့ဟန်မှာ ယွင်ချန် ပေါ်လာသည့် အချိန်ကတည်းက စ၍ မလှုပ်မယှက် ရပ်ကြည့်နေခဲ့သည်။ ယွင်ချန် အနည်းငယ် ရင်းနှီးသကဲ့သို့ ခံစားရသော်လည်း မသေချာပေ။ ယွင်ချန်သည် ယွင်ချဲ့ နှင့်အလားတူ ပိန်သွယ်သော်လည်း အားမနည်းသည့်အပြင် ရဲရင့်ကာ ဉာဏ်ထက်သည်။ မည်သည့် ကိစ္စကိုဆို လုပ်ဆောင်ရသည့် အခါတွင်လည်း ယုံကြည်ချက် အပြည့်နှင့် လုပ်တတ်သဖြင့် ပါမောက္ခများက ယွင်ချန်ကို သုတေသီ၊ ဆရာဝန်နှင့် တူသည်ဟု ပြောဆိုလေ့ ရှိကြသည်။ မျက်နှာထက်တွင်လည်း နှစ်လိုဖွယ်ကောင်းသော အပြုံးကို အမြဲဆင်လေ့ရှိပြီး ဘယ်သော အခါမှလည်း စိတ်ကြီးဝင်ကာ မာနထားခြင်းလည်း မရှိပေ။ ယွင်ချန်သည် ရွှံ့ရေအိုင်ထဲမှ မြင့်မားစွာ ပွင့်လန်းလာသည့် တစ်ပွင့်တည်းသော ကြာပန်းလေး သဖွယ် အလွန်သန့်ပြန့်ကာ ဆွဲဆောင်မှု ရှိလှသည်။ သို့သော် ထိုအရာတို့ ပျောက်ကွယ်သွားပြီး ရိုးသားခြင်းက အစားထိုး လိုက်လေသည်။ ဖြူစင်သော စာရွက်တစ်ရွက်ကဲ့သို့ ယွင်ချန် မှာလည်း စိတ်သစ်လူသစ်အဖြစ် ပြောင်းလဲ သွားသော်ငြား အရင်ကဲ့သို့ ဆွဲဆောင်မှု ရှိလျက်ပင်။
ယွင်ချန် မည်သို့ပင် ဖြစ်နေပါစေ လန်ယဲ့ဟန် အတွက် ပြောင်းလဲခြင်းမရှိ အရင်အတိုင်း ချောမောလျက် ဆွဲဆောင်မှု ရှိနေသည်။
လုဟိုင်ရွှမ်းလည်း ဘာမှမပြောဘဲ ရပ်ကြည့်နေသည်။ အကြောင်းမှာ သူသည် ယွင်ချန် ကိုသိပြီးနောက် သူငယ်ချင်း ဖြစ်ခဲ့သည်က ရက်ပိုင်းသာ ရှိသေးပြီး ယွင်ချဲ့ တို့ကဲ့သို့ ကြောက်လန့်ခြင်းနှင့် သေခြင်းကို စက္ကန့်နှင့်အမျှ ရင်ဆိုင်ခဲ့ရသူတို့နှင့် ယှဉ်လျှင် သူ၏အဖြစ်မှာ သာမန် အခြေအနေမျှသာ ရှိသည်။ ယွင်ချန် မတ်တပ်ရပ်လျက် စကားပြော နေနိုင်သည်ကို မြင်ရရုံနှင့် လုဟိုင်ရွှမ်း ပျော်ရွှင်နေရပေသည်။ အနည်းဆုံးတော့ သူ၏သူငယ်ချင်း ပြန်လာပြီ မဟုတ်လား။
အခြားသူတို့လည်း မိသားစု ဆုံစည်းခြင်းကို ဝင်မနှောင့်ယှက်ကြပေ။ ယွင်ချန်ကို မြင်ရသည့်အခါ သူတို့၏ စိုးရိမ်ပူပန်ခြင်းများ ပျောက်ကွယ် သွားလေသည်။ ယွင်ချန် ပုံစံမှာ ဖုတ်ကောင်နှင့် လုံးဝမတူပေ။ အရေးကြီးဆုံးမှာ ယွင်ချန်က သူတို့၏ မိသားစုဝင်ပင် မဟုတ်လား။
“ဟေ့ ဟေ့ တစ်ယောက်ယောက်ကို မေ့နေကြသေးလား .. ကျွန်တော် ပြန်လာပြီလေ ဘာလို့ ကျွန်တော့်ကို ဂရုမစိုက်ကြတာလဲ .. ကျွန်တော်က အားလုံးရဲ့ အသက်ကို ကယ်ထားတာနော် မှတ်မိကြလား ကျေးဇူး မသိသူတွေရဲ့ ယွင်ချန်ကိုပဲ ဝိုင်းချစ်နေကြတယ်။ ကျွန်တော့်ကိုရော … ကျွန်တော်က အံ့ဖွယ် တောကောင်ကြီးနော် ဘာလို့ ဘယ်သူမှ ကျွန်တော့်အကြောင်း မပြောကြတာလဲ”
ဝမ်းသာရင်ဖိုဖွယ် အခိုက်တွင် အသံတစ်သံက ဝင်ရောက် နှောင့်ယှက်လေသည်။ အသံလာရာသို့ ကြည့်လိုက်ကြချိန် ယွင်ချဲ့ ပခုံးပေါ်တွင် ထိုင်နေသော အနက်ရောင် ခွေးပေါက်လေး တစ်ကောင်ကို တွေ့လိုက်ရသည်။ ကျိုးဇယ်ယွီနှင့် အခြားသူတို့က ထိုခွေးလေးမှာ မည်သူဖြစ်ကြောင်းနှင့် သူ၏ပြောင်းလဲ သွားပုံကို တွေ့ခဲ့ကြသဖြင့် မျက်နှာများ ဖြူဆုတ် သွားလေသည်။ ကျန့်ထျန်းလုံ၊ ဝမ်စူးဟွာ၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့က တစ်ခါမှ မမြင်ဖူးသည့်အပြင် ထိုခွေးလေးကိုလည်း အံ့ဩစွာ ကြည့်နေကြလေသည်။ သူတို့၏စိတ်ထဲတွင်လည်း တူညီသော မေးခွန်းကိုသာ ထုတ်လိုက်ကြသည်။
‘ခွေးတွေ ဘယ်တုန်းက စကားပြောတတ် သွားတာလဲ’
“ဟေးယွီ”
ယွင်ချန်က ဟေးယွီနှင့် ရင်းနှီးပြီး ဖြစ်သောကြောင့် ဟေးယွီကို လှည့်ကြည့်ကာ ယွင်ယောင်ကို တွန်းထုတ်လိုက်ပြီး ချန်ချန်ကို သူ၏အစ်ကို လက်ထဲသို့ ပြန်အပ်လိုက်ပြီး ဟေးယွီကို ဖက်လိုက်သည်။
“ငါသဘောကျတယ်နော် .. ငါ ဟေးယွီကို သဘောကျတယ် ဟေးယွီက အကောင်းဆုံးပဲ”
ယွင်ချန် ပါးစပ်ဖျားမှ အလွန်ရှည်သော စကားထွက်လာပြီး ထိုစကားက ဟေးယွီ အတွက် ဖြစ်နေခဲ့သည်။
“ဟားဟား .. တွေ့လား … တွေ့လား ယွင်ချန်က ကျွန်တော့်ကို အချစ်ဆုံးပဲ … ကျွန်တော့်ကို လျစ်လျူရှု နေဉီးမယ်ဆိုရင် အားလုံးကို လျစ်လျူရှုဖို့ ယွင်ချန်ကို ပြောလိုက်မယ်”
ထိုအမြင်ကပ်ဖွယ် ကောင်းသော အကောင်လေးကို သူတို့ နှင်ထုတ် ပစ်ချင်လိုက်သည်။
“အား သခင်လုပ်ပြန်ပြီ .. ကျွန်တော် ပြန်လာခဲ့မယ်”
သူတို့၏အတွေးကို ယွင်ချဲ့ အကောင်အထည် ဖော်လိုက်သည်။ ဟေးယွီကို ဆွဲယူပြီး ယွင်ချဲ့ အဝေးသို့ ပစ်လိုက်ရာ ကျန်သောသူများ ပျော်ရွှင်သွားကြသည်။ အလွန် ရိုးအလွန်းသည့် ချန်ချန်က မျက်ရည်ဝဲလျက် …
“ဉီးဉီး .. ဟေးယွီက မီးခိုးရောင် ဝံပုလွေကြီလား”
ပြန်လာခဲ့မယ်ဆိုသော စကားက ချန်ချန် ထပ်ခါထပ်ခါ ကြည့်ဖူးသော ကာတွန်းဇာတ်ကောင် ဝံပုလွေ၏ စာသား ဖြစ်သောကြောင့် ချန်ချန်က ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။
“ဖူး”
“ဒီကလေးတော့ .. ဟေးယွီက ဟေးယွီပဲလေ .. ဝံပုလွေ မဟုတ်ပါဘူး”
ယွင်ယောင်လည်း ရယ်မောကာ ယွင်ချဲ့ထံမှ ချန်ချန်ကို ချီယူလိုက်ပြီး ယွင်ချန်ကို လှည့်ကြည့်ကာ …
“ရှောင်ချန် .. မမတို့ကို မမှတ်မိဘဲ စိမ်းနေမယ်ဆိုတာ မမ နားလည်ပါတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ဘူးနော် .. အတိတ်ကို မမှတ်မိရင်တောင် အခုကစပြီး ပျော်ရွှင်စရာတွေကို အတူတူ ဖန်တီးကြမယ် .. မမတို့ကို အခွင့်အရေး ထပ်ပေးပါ။ နောက်ထပ် မငြင်းရတော့ဘူးနော် ဟုတ်လား”
စိတ်တည်ငြိမ် လာပြီးနောက် ယွင်ယောင် တွေးဆကာ ပြောလိုက်သည်။ လုဟိုင်ရွှမ်း ပြောသကဲ့သို့ သူတို့ မျှော်လင့်ချက်မဲ့ခြင်း မဟုတ်ဘဲ အသစ်တစ်ဖန် ပြန်စနိုင်သည်။ သူမ၏ မောင်လေး၂ ယောက်ကို လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက သူမ တစ်ယောက်တည်း စောင့်ရှောက် လာခဲ့သဖြင့် အငယ်ဆုံး တစ်ယောက်ကို သူမ ကောင်းမွန်စွာ တာဝန်ယူ စောင့်ရှောက် ပေးနိုင်သည်။
ယွင်ချန်လည်း ယွင်ချဲ့ကို လှည့်ကြည့်လိုက်ရာ ယွင်ချဲ့ ခေါင်းညိတ်ပြသဖြင့် သူလည်း ခေါင်းပြန်ညိတ် ပြလေသည်။ ဩ
“ဟုတ်ကဲ့”
“ကောင်းပြီ”
ယွင်ယောင်လည်း ချန်ချန်ကို ပွေ့ထားလျက် တစ်ဖက် လှည့်လိုက်ရာ မျက်ရည်များ ကျလာလေသည်။ လန်ယဲ့ဟန်လည်း ယွင်ချန်ကိုသာ စိုက်ကြည့်လျက် တစ်လှမ်းချင်း လှမ်းလာကာ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ယွင်ချန်ကို ဖက်လိုက်သည်။
“ငါက လန်ယဲ့ဟန်ပါ ပြန်လာတာ ကြိုဆိုပါတယ် … ချန် ငါမင်းကိုချစ်တယ် .. အရင်က ငါပြောဖို့ သတ္တိမရှိခဲ့ဘူး မင်းကို ဆုံးရှုံးရတော့မယ်လို့ တွေးမိလိုက်တဲ့ အချိန်ရောက်မှ မဖော်ပြလိုက်ရတဲ့ အချစ်က ဘယ်လောက် နာကျင်ရလဲဆိုတာ ငါနားလည်ခဲ့တယ်”
ထိုစကားထဲတွင် လန်ယဲ့ဟန်၏ ချစ်ခြင်းနှင့် အချစ်ကို ရူးသွပ်ခြင်းများ ရောနှောနေသည်။ ယွင်ချန် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ယွင်ချန် ကြားရုံနှင့်သာ လုံလောက်သည်ဟုမှတ်လျက် ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။
လန်ယဲ့ဟန် စကားကို ကြားလိုက်သူများမှာ အလွန် အံ့အားသင့် ကုန်သည်။ ဝမ်စူးဟွာ ပင်လျှင် ကျန့်ထျန်းလုံကို ဖက်ကာ ငိုကြွေးလေသည်။ လန်ယဲ့ဟန်က အမြုတေများကို မနားတမ်းရှာဖွေနေရခြင်းနှင့် ယွင်ချန် စကားပြောသည်ဟု ကြားရစဉ်က ယွင်ယောင်ထက် ပို၍ခံစားနေရခြင်းတို့ကို သူတို့နားလည် သဘောပေါက် သွားခဲ့ပြီ။ ယွင်ချန်ကို လန်ယဲ့ဟန် ချစ်နေသောကြောင့်ပင်။ ယွင်ချန်က ဖုတ်ကောင်ဖြစ်ဖြစ် လူသားဖြစ်ဖြစ် လန်ယဲ့ဟန်က သူ့ကိုနက်ရှိုင်းစွာ ချစ်နေပေဉီးမည်။
“ကျွန်တော် …”
“မလှုပ်နဲ့ မင်းဘာမှ ပြောစရာမလိုဘူး .. ဒီတိုင်းလေးပဲနေ .. ဒီတိုင်းလေးပဲ ခဏလောက် ဖက်ပါရစေ”
မှတ်ဉာဏ် ကင်းရှင်းနေသော ယွင်ချန်က အချစ်အကြောင်းကို ဘာမှ မသိနားမလည်သဖြင့် လန်ယဲ့ဟန် ဖက်ထားသည်ကို ရုန်းကန် နေသော်လည်း လန်ယဲ့ဟန်က တင်းကျပ်စွာ ပြန်ဖက် ထားလိုက်သည်။ ယွင်ချန် တစ်ခုခု ခံစားလိုက်ရခြင်း ကြောင့်လား၊ လန်ယဲ့ဟန၏ ဆံပင်မဲ့နေသောခေါင်းက သူ့ကို ကာကွယ်ပေးနေသော ယွင်ချဲ့ကို သတိရစေမိခြင်းကြောင့်လား မသိရသော်လည်း ယွင်ချန် လုံခြုံလာသကဲ့သို့ ခံစားရပြီး နောက်ဆုံးတွင် ရုန်းကန်နေရာမှ ရပ်သွားကာ လန်ယဲ့ဟန်ကို စိတ်ရှိတိုင်း ဖက်စေလိုက်သည်။
“ရှောင်ချဲ့ .. ဒါက ..”
အံ့အားသင့်နေသော ယွင်ယောင်က ချန်ချန်ကို ချီထားကာ မည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။ ယွင်ချဲ့လည်း ယွင်ယောင်ကိုကြည့်ကာ သူမပခုံးကို ဖက်ထားလိုက်ပြီး …
“အဲဒါ မကောင်းဘူးလား ရှောင်ချန်ကို ကျွန်တော်တို့ ချစ်သလို ချစ်ပေးတဲ့ သူတစ်ယောက် ထပ်တိုးလာတာ … ကပ်ဘေး ကာလကြီးမှ နေရခက်ခဲတဲ့ အပြင် ကိုယ့်ကို နှလုံးသား တစ်ခုလုံးနဲ့ ပုံအပ်ပြီး ချစ်တဲ့သူကို တွေ့ဖို့ ဆိုတာလည်း ရှားတယ် … ယဲ့ဟန်က လူကောင်း တစ်ယောက်ပါ ကျွန်တော် သူ့ကိုယုံတယ်”
သူတို့ကိုကြည့်ကာ ယွင်ချဲ့ နှုတ်ခမ်းတို့ ကွေးညွှတ်သည် အထိ ပြုံးသွားလေသည်။ မည်သို့ပင်ပြောင်းလဲ သွားသော်လည်း နက်ရှိုင်းစွာ ချစ်ပေးနေသူ တစ်ယောက် ရှိနေခြင်းက ယွင်ချန် အတွက် အလွန်ကံကောင်းခြင်း တစ်မျိုးပင်။ ယောကျ်ားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးမကြီးပေ။
ယွင်ချဲ့၏ မျက်နှာတစ်ဖက်ကို ကြည့်နေရင်း ယွင်ယောင်လည်း ဖက်နေကြသူ နှစ်ဉီးတို့ကို ပြန်ကြည့်လိုက်ရာ သူမစိတ်လည်း လန်းဆန်း သွားလေသည်။
“ဟုတ်တယ် .. ရှောင်ချန် အတွက် မမတို့ ပျော်ပေးသင့်တယ်”
ယွင်ချန် ကို ကောင်းမွန်စွာ ကုသပေး၍ ရမရ မသေချာသော်လည်း လန်ယဲ့ဟန်က သူ့အတွက် အသင့်ရှိနေပေးသည်။ ထိုအချစ်မျိုးကို သူမ ကန့်ကွက်၍ မဖြစ်ပေ။
ယွင်ယောင် ထိုသို့မြန်မြန် လက်ခံ ပေးလိမ့်မည်ဟု ယွင်ချဲ့ မထင်ထားခဲ့ပေ။ တစ်ချိန်တည်းတွင် သူနှင့် ရှင်းဖုန်းတို့၏ ပတ်သက်မှုကို တွေးနေချိန် ယွင်ယောင်က …
“မမတို့ မိသားစုရဲ့ မျိုးဆက် တာဝန်က ရှောင်ချဲ့ အပေါ် ရောက်သွားခဲ့ပြီနော် … မိန်းမကောင်းလေး တစ်ယောက်တွေ့ရင် သူ့ကိုအမိအရ ဆုပ်ကိုင်ထား ဒါမဟုတ် မမဆီက အကြံလာတောင်း .. ဖြစ်နိုင်ရင် ရှောင်ချဲ့ကို မြန်မြန် လက်ထပ်စေချင်ပြီ”
“အာ …”
ယွင်ချဲ့ အရှုံးပေးရန် တွေးလိုက်သည်။
‘ငါတို့နှစ်ယောက်လုံး သူ့မောင်ဖြစ်ရက်နဲ့ ငါ့ကိုကျ ခွဲခြားခွဲခြား လုပ်တယ်’
“ချန် .. ငါက လုဟိုင်ရွှမ်း .. မင်းရဲ့သူငယ်ချင်းလေ”
ယွင်ချန်ကို လန်ယဲ့ဟန် လွှတ်ပေး လိုက်သည်နှင့် လုဟိုင်ရွှမ်းလည်း ရှေ့တိုးကာ ယွင်ချန်ကို ဖက်လိုက်သည်။ ထို့နောက် လူငယ်များ နှုတ်ဆက်ကြသကဲ့သို့ ရင်ဘတ်ကို အသာရိုက် ပုတ်ကာ ကြိုဆိုကြောင်း ပြလိုက်သည်။
“ဟိုင်း ယွင်ချန် .. ချန်လို့ပဲ ခေါ်မယ်နော် … ငါ့နာမည်က ကျိုးဇယ်ယွီ .. ဇယ်ယွီလို့ခေါ်လို့ရတယ် မိသားစုကနေ ပြန်ကြိုဆို လိုက်တယ်နော်”
လုဟိုင်ရွှမ်းကို ယွင်ချန် ပြန်မပြောလိုက်ရဘဲ ကျိုးဇယ်ယွီ ရောက်လာကာ နွေးထွေးစွာ ကြိုဆိုလိုက်သည်။
“ငါက ကျန့်ယာဖေး .. ဒါက ငါ့မိဘတွေ .. ငါတို့တွေ တက္ကသိုလ် တစ်ခုတည်း အတူတက်ခဲ့ကြတယ် အခုဆိုရင် ငါတို့တွေ မိသားစုကြီး ဖြစ်တော့မယ်နော်”
“ရှောင်ချန်က ချဲ့နဲ့ တော်တော်တူတယ် ဒါပေမယ့် ရှောင်ချန်က ပိုချစ်စရာ ကောင်းနေတယ်”
“ဟုတ်တယ်နော် .. ငါတို့တွေ ချစ်စရာ ကောင်းတဲ့သား တစ်ယောက် ထပ်ရတာပေါ့”
ကျန့်ယာဖေးနှင့် သူမ၏မိဘတို့ ကလည်း ယွင်ချန်ကို နှုတ်ဆက်ကြသည်။ သူ့ကို သာမန်လူ တစ်ယောက်အဖြစ် မြင်ပေးကြပြီး အနေခက်စေရန် မလုပ်ကြပေ။ ကျန့်ထျန်းလုံနှင့် သူ၏ဇနီးမှာလည်း ယွင်ချန်ကို အလွန်ချစ်ကြသည်။
“ပြီးတော့ ငါက ယဲ့ရှင်းချန် သူက ကျန်းရှန် … ရှောင်ချန် မင်းရဲ့မိသားစုဝင် ဖြစ်ရတာ ငါတို့ဝမ်းသာပါတယ်”
နောက်ဆုံးတွင် ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ ယွင်ချန်ကို နှုတ်ဆက်ကြလေသည်။ အခုမှသာ ယွင်ချဲ့နှင့် ယွင်ယောင်လည်း စိတ်ချစွာ ပြုံးလိုက်ကြသည်။ သူတို့၏ စိတ်နှလုံးသားများမှာ အလွန်နွေးထွေးကြသဖြင့် တစ်နေ့တွင် သူတို့ တစ်ယောက်ချင်းစီကို ယွင်ချန် သိရှိနားလည် ရင်းနှီးလာမည်ဟု ယွင်ချဲ့ ယုံကြည်ထားသည်။ သူသည်လည်း ထိုလူများနှင့် ပျော်ရွှင်ဖွယ် အမှတ်တရ များစွာကို ဖန်တီးမည် ဖြစ်သည်။ သူ၏အရင် မှတ်ဉာဏ်များနှင့် သူ၏ကိုယ့်ကိုယ်ကို အခြေအနေကို ပြန်မရနိုင်တော့ခြင်းက အရေးမကြီးတော့ပေ။ ယွင်ချန် အတွက် သူတို့ ရှိပေးနေကြပြီး ထိုအချက်ကသာ အရေးအကြီးဆုံး ဖြစ်သည်။
***