YMR- အခန်း ၁၀၁

အခန်း (၁ဝ၁)

တာဝန်ပြီးမြောက် ပြီးနောက် ချောင်းယန်၊ ထိပ်ဉီးနှင့် အရှုံးသမား အဖွဲ့တို့မှာ အလွန်ကျော်ကြား လာသည်။ စွမ်းအားရှင် အဖွဲ့အစည်းသို့ သူတို့ လုပ်ဆောင်ခဲ့သည့် အကြောင်းများ တင်ပြသည့်အခါ လူအများ အံ့ဩတကြီး ဖြစ်သွားကြသည်။ ထို့အပြင် တန်ကြေးမြင့်သော တာဝန်တွင် အဖွဲ့ဝင်များ ဒဏ်ရာမရဘဲ အကောင်းပကတိ ရှိနေကြသည့်အပြင် လေတာ့ရှန်လည်း ကံကောင်းစွာ အဆင့် ၃ သို့ပင် ရောက်သွားသည်ကို သိရှိ လိုက်ကြပြီးနောက် နောင်တကြီးစွာ ရကြပြီး သတ္တိမရှိခဲ့ကြသည့် အတွက် ကိုယ့်ကိုယ်ကို အပြစ်တင် နေကြလေသည်။ အရှုံးသမား အဖွဲ့အတွက် အလွန် လွယ်ကူသော တာဝန် တစ်ခုကဲ့သို့ပင်။ ထိုသို့သော အခွင့်အရေးကို ဆုံးရှုံး လိုက်ရသည်က အလွန် ဆိုးဝါးလှသည်။

အခုချိန်တွင် မနာလို အားကျရုံက လွဲ၍ ဘာမှ မတတ်နိုင်ပေ။ ထိုတာဝန် ပြီးဆုံးပြီးနောက် အဖွဲ့ဝင် ဆယ်ယောက်ပင် မပြည့်သော ထိပ်ဉီးအဖွဲ့မှာ အနောက်တောင် စခန်းတွင် တတိယ အကောင်းဆုံး စွမ်းအားရှင် အဖွဲ့ဖြစ်လာပြီး အရှုံးသမား အဖွဲ့သည်လည်း နံပါတ် ၈ အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး အဓိက အထောက်အပံ့ အဖွဲ့အဖြစ် တရားဝင် သတ်မှတ် ခံလိုက်ရသည်။

စခန်းအုပ်ချုပ်ရေး အစိုးရက ထိပ်ဉီး အဖွဲ့အား အရေးကြီးသော အဖွဲ့အဖြစ် ပြဌာန်းခဲ့သည်။ သူတို့ကို စောင့်ကြည့်ရန် အတွက် အကြိမ်ပေါင်းများစွာ လူလွှတ်ခဲ့သော်လည်း ရလဒ်များမှာ အားရဖွယ် မရှိခဲ့ပေ။ လုဟိုင်ရွှမ်း ကိစ္စနှင့် စွမ်းအားရှင် အဖွဲ့အစည်း ကိစ္စများမှာ ထိပ်ဉီးအဖွဲ့နှင့် ဆက်နွှယ် နေခြင်းကြောင့် စစ်တပ်က ထပ်ဉီးအဖွဲ့ကို သွယ်ဝိုက်၍ နှစ်ကြိမ်၊ တိုက်ရိုက်တစ်ကြိမ် အပြစ်ကျူးလွန်ခဲ့သည်။ ထို့အပြင် ထိပ်ဉီးအဖွဲ့မှာ ချောင်းယန် အဖွဲ့နှင့်အတူ ရှိနေခြင်းကြောင်း ရှင်းဖုန်း နှင့်လည်း အလွန် ရင်းနှီးပုံပင်။ မော့ စစ်တပ်အဖွဲ့မှ လွဲ၍ ကျန်သော အာဏာပိုင် အဖွဲ့များက ဒေါသမီးတောက် နေကြသည်။ သူတို့က ဘာကြောင့် လူကောင်းတွေပဲ ရနေတာလဲ။
ထို့အပြင် အမြင့်ဆုံးသော တာဝန်ကို ပြီးမြောက်ခဲ့ခြင်းက ထိပ်ဉီးအဖွဲ့ကို အောင်မြင်သွားစေခဲ့ပြီး အဖွဲ့ဝင်များမှာလည်း ထူးခြား ပြောင်မြောက်သော စွမ်းအားများ ရှိသည့်အကြောင်းက တောမီးသဖွယ် လျင်မြန်စွာ ပျံ့သွားလေရာ ချောင်းယန် အဖွဲ့မှာ ပို၍ကျော်ကြား လာသည်။

သို့သော် မကြာလိုက်သည့် အချိန်တွင် ချောင်းယန် အဖွဲ့မှာ ချဉ်းကပ်၍ မရတော့သည့်အပြင် ထိပ်ဉီး အဖွဲ့ကလည်း အလွန် ပဟေဠိ ဆန်သည်ကို သိသွားလေရာ အားလုံး အံ့အားသင့်ကုန်လေသည်။ သူတို့အဖွဲ့သည် နေ့တိုင်းပင် တာဝန်ကိစ္စရပ်များ အကြောင်း လေ့လာရန် စွမ်းအားရှင် အဖွဲ့အစည်းသို့ ရောက်လာပြီး ခက်ခဲသော တာဝန်များကိုသာ ရွေးချယ်လေ့ ရှိသည်။ အခြားသော အဖွဲ့များမှာလည်း သင်ခန်းစာ ရကုန်သဖြင့် S အဆင့်ထက်မြင့်သော တာဝန်များကိုသာ ရွေးချယ် လာကြသည်။

ယွင်ချဲ့ နှင့်အတူ လိုက်လာကြသည့် ကျန်းယွမ်နှင့် သူငယ်ချင်း သုံးယောက်မှာ စွမ်းအားရှင်များ ရှိသော နေရာ D တွင် အိမ်တစ်လုံး ပေးထားလိုက်ပြီး သူတို့အတွက် လိုအပ်သော ပစ္စည်းများကိုလည်း ပေးထားခဲ့သည်။ ယွင်ချဲ့က သူတို့အဖွဲ့ထဲ မထည့်လိုကြောင်း သိလိုက်ရသည့် အခါ သူတို့ဝမ်းနည်း စိတ်ပျက်ခဲ့ ရသော်လည်း အားတင်းကာ စစ်တပ်နဲ့ အခြားအဖွဲ့များ ကမ်းလှမ်း လာသည်ကို ငြင်းဆန်ခဲ့ပြီး သူတို့ လေးဉီးတည်းနှင့် အဖွဲ့ဖွဲ့ခဲ့သည်။

အဖွဲ့ကို တရားဝင်စာရင်း ပေးထားခြင်း မရှိဘဲ တာဝန်များ လုပ်ဆောင်သည့်အခါ တစ်ယောက်စီသာ လုပ်လေ့ရှိသည်။ တာဝန်များ လုပ်ဆောင်လျက် သူတို့၏ မိသားစုများကိုလည်း ရှာဖွေနေကြပြီး စွမ်းအားများကိုလည်း လေ့ကျင့်မြှင့်တင်ကာ တစ်နေ့ ယွင်ချဲ့ လိုအပ်သည်နှင့် ကိုက်ညီ သွားခဲ့လျှင် ထိပ်ဉီး အဖွဲ့သို့ ဝင်နိုင်မည်ဟု မျှော်လင့် ထားကြသည်။

အလွန် နာမည်ကြီး သူများမှာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ပင် ဖြစ်သည်။ စခန်းသို့ ရှင်းဖုန်းပြန်ရောက်လာသည့် ညတွင် မော့ဝမ်းယန်က ဖုန်းဆက်ကာ အကူအညီ လှမ်းတောင်းသည်။ သူအိမ်ပြန် မလာခဲ့သည်မှာ ရက်အတော်ကြာနေပြီး ယွင်ချဲ့လည်း သူ၏ အိမ်အသစ်သို့ အမြန် ပြောင်းရွေ့ချင်နေလေသည်။ ထူးထူးခြားခြား လုပ်စရာ မရှိခြင်းကြောင့် တစ်နေ့လုံး ဟေးယွီ၏ အခန်းသို့ မွမ်းမံပြင်ဆင် ပေးနေသည်။ ပြင်ဆင်ပြီးနောက် လုဟိုင်ရွှမ်းနှင့် ကျန်းရှန်ကို တတိယအထပ်နှင့် အပေါ်ဆုံး အထပ်ကြား သံတိုင် တံခါးများဖြင့် ပိတ်ထားရန် အကူအညီ တောင်းလိုက်ပြီး ဝင်ပေါက်တွင်လည်း လုံခြုံရေး တံခါးတစ်ခု တပ်ဆင် ခိုင်းလိုက်သည်။ ထိုအရာများဆောက်လုပ်ပြီးစီးရန် ရက်အတော်ကြာအောင် အချိန်ယူခဲ့ရသည်။

“အကုန်ပြီးပြီ ယဲ့ဟန် ပြောင်းလာတာပဲ စောင့်ရတော့မယ် … ဒီမှာပဲ ထမင်းဟင်းချက် စားသောက်ကြမယ် ဆိုတော့ အစ်ကို မင်ရွှမ်းနဲ့ သူ့လူတွေကိုပါ ခေါ်လိုက်ဉီး … အိမ်တက်ပွဲက အိမ်မှာနေတဲ့ သူတွေကို ကံကောင်း စေတယ်တဲ့”

ရက် ၃ဝ နီးပါးကြာအောင် အိမ်ကို ပြင်ဆင်ခဲ့ပြီးနောက် အိမ်ရှေ့တွင် ရပ်လျက် ယွင်ချဲ့က ယွင်ယောင် ပခုံးကို ဖက်ထားကာ သူတို့၏ အိမ်အသစ်ကို ကြည့်နေကြလေသည်။

“ကောင်းပြီလေ ချန်ချန် ပစ္စည်းတွေနဲ့ မမပစ္စည်းတွေ ဒီကို ယူလာလိုက်မယ် ကလေးနဲ့ မိန်းကလေး ပစ္စည်းတွေပဲ ဆိုတော့ သိပ်မကြာလောက်ပါဘူး .. ရှောင်ချဲ့ … အခု ဒါက မမတို့ရဲ့ အိမ်အသစ်ပဲ ရှောင်ချဲ့ မမ ချန်ချန် ပြီးတော့ ရှောင်ချန်နဲ့ ကျန်တဲ့သူတွေ အကုန်လုံး အသက်ရှင် နေရမယ်နော်”

ယွင်ယောင် ဝမ်းနည်းလာပြီး သူမ မျက်ဝန်းများမှာလည်း အရည်လဲ့လာသည်။ တာဝန်ဆောင်ရွက်သည့်အခါ သူမလိုက်ပါ လုပ်ဆောင်ခြင်း မရှိတော့သော်လည်း ကပ်ဘေး ကာလတွင် အိမ်တစ်လုံး ရရန် အလွန် ခက်ခဲသည်ကို သူမသိသည်။ သူမ၏ ခွန်အားများကို ထိုအိမ်အတွက် များစွာ ကြိုးစားခဲ့ပြီး ရှေ့ဆက်၍လည်း ကြိုးစားဉီးမည် ဖြစ်သည်။ ထိုနည်းလမ်းကသာ သူမ၏မိသားစုကို ဘေးကင်းစွာ ကာကွယ် ပေးနိုင်မည် ဖြစ်သည်။
“အင်း”
သူမ၏ပျော်ရွှင်နေသောအကြည့်ကြောင့် ယွင်ချဲ့ လည်း ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။ သူတို့အသက်ရှင် ကျန်မည် သာမက တခြားသူများထက် ပိုမိုကောင်းမွန်းသော ဘဝတွင် နေထိုင်ရမည်ကို ယွင်ချဲ့ သေချာသိထားသည်။ ယနေ့ တာဝန်အတွက် ချူးဟောင်လင်း အတူ မလိုက်သွားဘဲ စားပွဲပေါ်တွင် လှဲနေရင်း မကြာခဏ သက်ပြင်း ချနေသည်။ ငွေစာရင်း စစ်ဆေးနေသော ကူးမင်ရွှမ်း သည်းမခံနိုင်တော့ဘဲ မကြာခဏသက်ပြင်းချနေသော ချူးဟောင်လင်းကို မကျေနပ်စွာ စိုက်ကြည့်လျက် …

“မင်းတိတ်တိတ်လေး နေလို့မရဘူးလား … ဒီလောက် ပျင်းနေရင်လည်း တံတိုင်းဆောက်တာကို သွားကူပေးနေလိုက်”

ချူးဟောင်လင်း ထိုသို့ ဖြစ်နေသည်ကို ဘုရားကသာ သိလိမ့်မည်။ နေ့လယ်စာ စားပြီးသည့် အချိန်ကတည်းက ထိုသို့ ပြုမူနေခြင်း ဖြစ်သည်။

“အစ်ကို မင်ရွှမ်း နည်းနည်းလောက်တောင် စိတ်မပူဘူးလား”

နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ၏သက်ပြင်း ချသံများကို တုံ့ပြန်လာပေသည်။ ချူးဟောင်လင်းလည်း ကူးမင်ရွှမ်း အနားတွင် ထိုင်လိုက်ပြီး ကူးမင်ရွှမ်းက ပြန်ဖြေရန် အချိန်မရှိသဖြင့် အမှုမဲ့ အမှတ်မဲ့ပင် ပြန်ဖြေလိုက်သည်။

“ဘာကိုလဲ”

“ဒါကို ခဏလောက် ရပ်ထားလို့ မရဘူးလား”

ကူးမက်ရွှမ်း၏ စာအုပ်ကို ချူးဟောင်လင်း ရုတ်တရက် ပိတ်လိုက်ပြီး မျက်နှာတည်နှင့် ကြည့်ကာ …

“အစ်ကိုလည်း သိပါတယ် ချဲ့ရဲ့အိမ်က မကြာခင် ဆောက်ပြီးတော့မှာ .. နေ့လယ်စာ စားပြီး သွားဖို့လုပ်တော့ မမယောင်က ဒီနေ့ မဟုတ်ရင် မနက်ဖြန် ပြောင်းမယ်တဲ့ အဲဒီအိမ်ကိုသူတို့ပြောင်းသွားရင် ကျွန်တော်တို့ကို ဘယ်သူ ချက်ကျွေးမှာလဲ။ သူတို့နဲ့အတူ နေ့တိုင်း စားချင်တယ်ဆိုရင် ချဲ့ က ငါတို့ကို ရိုက်လွှတ် လောက်မလား”

ချူးဟောင်လင်း တစ်နေ့လုံး နေမထိထိုင်မသာ ဖြစ်နေခြင်းက ထို့အကြောင်းကြောင့်ပါလား။

“အင်း .. မင်းကိုတော့ မသိဘူး။ ဒါပေမဲ့ ငါနဲ့ခေါင်းဆောင်ကတော့ အဆင်ပြေ လောက်လိမ့်မယ်”

ကူးမင်ရွှမ်း စိတ်ပျက်အောင် ပြောနေခြင်း မဟုတ်ဘဲ အမှန်ကို ပြောနေခြင်းပက်။ သူတို့၏ခေါင်းဆောင်က ယွင်ချဲ့၏ ချစ်သူ ဖြစ်နေသောကြောင့် ထမင်းစားသောက်ချိန်တွင် သာမက အခြား အချိန်များတွင်လည်း လွတ်လပ်စွာ သွားရောက်နိုင်သည်။ ကူးမင်ရွှမ်း သည်လည်း ယွင်ယောင်၊ ချန်ချန် တို့နှင့် ရင်းနှီးပြီးသူ ဖြစ်သဖြင့် ယွင်ယောင်က ဖိတ်ခေါ်လျှင် ယွင်ချဲ့လည်း ငြင်းဆန်လိမ့်မည် မဟုတ်ပေ။ သို့သော် ချူးဟောင်လင်းမှာ စိတ်ညစ်စရာ ကောင်းသည်ဟု ယွင်ချဲ့ တွေးနိုင်သဖြင့် သူ့အတွက် မလွယ်ကူပေ။

“ဟင် ဘာလို့လဲ ခေါင်းဆောင်က အခွင့်အရေး ရှိတဲ့သူဆိုတာတော့ နားလည်ပေးလို့ ရတယ် ဒါပေမယ့် အစ်ကိုက ဘာလို့ … မရဘူး ကျွန်တော့်ကို ဖြေရှင်းပေးရမယ် ချဲ့ အိမ်က မမယောင်ရဲ့ ဟင်းလက်ရာတွေ စားချင်တယ် … ကျွန်တော် …”

စိတ်ဒုက္ခ ရောက်နေသည့် အလား ဆံပင်များကို ဖွာရင်း ချိုချဉ်မရသော ကလေး တစ်ယောက်ကဲ့သို့ ကူးမင်ရွှမ်းကို ချူးဟောင်လင်း ဂျီကျနေသည်။

“တော်တော့”

အကြောင်းအရာ တစ်ခုတည်းကိုပင် ထပ်ခါထပ်ခါ ပြောဆိုနေသော ချူးဟောင်လင်းကို ကူးမင်ရွှမ်း စိတ်မရှည် ဖြစ်လာပြီး မျက်မှန်ကို ချွတ်ကာ မျက်လုံးကို ပွတ်လိုက်သည်။

“မျက်နှာပြောင်နဲ့သာ ဝင်စားလိုက်ကွာ”

သူ့ကို စိတ်ဆိုးမိသော်လည်း သူတို့အလို လိုက်ခဲ့သဖြင့် ဘာမှမတတ်နိုင်ပေ။ အခြားသူများက သက်တူရွယ်တူ ရှိကြပြီး ချူးဟောင်လင်းက အငယ်ဆုံး ဖြစ်သည့်အပြင် အခြားအဖွဲ့များ၏ အငယ်ဆုံးထက် ၂ နှစ်ပင် ပိုငယ်သေးသည်။ အဖွဲ့သို့ ဝင်လာစဉ်က မျောက်ရှုံးအောင် ဆော့တတ်သော ၁၄ နှစ် အရွယ်သာ ရှိသေးသည်။ သူတို့ အလိုလိုက်ခဲ့ခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။ လူဆိုသည်မှာ ကိုယ်လုပ်သည့် အမှားကို တာဝန်ယူရမည် မဟုတ်လား။

“ကျွန်တော် မျက်နှာပြောင် တယ်ပေါ့လေ”

“မဟုတ်ဘူးလား”

ကူးမင်ရွှမ်း စားပွဲပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာရှုံ့ပြကာ စိတ်ထဲမှလည်း ကျိန်ဆဲလိုက်သည်။

‘တစ်ယောက်ယောက် ဒီကောင်ကို ခေါ်သွားကြပါလား တကယ် အာရုံနောက်တဲ့ကောင်’

“ဘာလုပ်နေကြတာလဲ … ဒါနဲ့ မင်းမျက်နှာကြီးက ဘာလို့ ဆူပုတ်နေတာလဲ”

အပြင်က ပြန်လာခဲ့သော ယန်းဟွိုင်အန်း ရေတစ်ခွက် သောက်ကာ မေးလိုက်သည်။ ဝမ်အန်းရှိ မြို့ထဲ တစ်နေရာတွင် တာဝန်တစ်ခုနှင့် အဖွဲ့ကို ဉီးဆောင် ထွက်သွားခဲ့ပြီး တစ်နာရီလောက် ပြန်ရောက်လာသည်။

“ဘာလုပ်နေတာလဲ ဆိုတော့ ဟောင်လင်းက ယွင်ချဲ့ တို့ဆီမှာ ဘယ်လို ကုန်းဆင်းရမလဲ ကြံနေတာလေ”

ကူးမင်ရွှမ်း ထိုင်ရာမှ ထလာကာ ပြောလိုက်သည်။ သူသာ ယွင်ချဲ့ ဆိုပါက အခြားသူ မွဲပြာကျသည် အထိ ကုန်းဆင်းမည့် ချူးဟောင်လင်းကို လက်ခံမည် မဟုတ်ပေ။

“ဘာတွေစိတ်ပူနေတာလဲ … သူတို့ထဲက တစ်ယောက်ကို ဟောင်လင်း လက်ထပ် နိုင်တယ်လို့ ခေါင်းဆောင် ပြောလိုက်တယ်”

ယန်းဟွိုင်အန်း စနောက်ကာ ပြောလိုက်သည်။

“ဟောင်လင်း ဒီမှာကြည့် .. ယွင်ယောင် ယွင်ချဲ့ ရှင်းချန် ကျန်းရှန်နဲ့ ယဲ့ဟန် တို့ကို ဖယ်ထားလိုက် .. ကျိုးဇယ်ယွီနဲ့ လုဟိုင်ရွှမ်းထဲက မင်းရွေးလို့ ရတာပဲလေ”

ညီဖြစ်သူ၏ စိုးရိမ်ပူပန်ခြင်းကို လျစ်လျူရှုပြီး ယန်းဟွိုင်အန်း စကားလမ်းပြောင်းကာ ချူးဟောင်လင်း အတွက် ရွေးချယ်နိုင်ခွင့်ကိုပင် ချုံ့ပေးလိုက်သည်။

“ငါထောက်ခံတယ်”

ချူးဟောင်လင်းကို ပထုတ်ချင်သောကြောင့် ကူးမင်ရွှမ်းလည်း ချက်ချင်းပင် ထိုအကြံကို ထောက်ခံလိုက်သည်။ ချူးဟောင်လင်းသာ ရည်းစား ရသွားလျှင် သူတို့အတွက် အလွန်ဝန်ပေါ့ သွားလိမ့်မည်။ သူဖြစ်ချင်သည်က ထိုမျောက်လောင်းလေး သူ့အနားမှ ဝေးဝေးသွားရန်ပင် ဖြစ်သည်။

“အစ်ကိုတို့ရူးနေလား ကျွန်တော့်ကိုလည်း ကြည့်ဉီး ယောကျ်ားလေးဗျ”

ကံဆိုးစွာ ချူးဟောင်လင်းကို မတုံ့ပြန်တော့သဖြင့် ယန်းဟွိုင်အန်းနှင့် ကူးမင်ရွှမ်းတို့ စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။ သို့သော် …

“ယာဖေး ဆိုရင်ရော … သူ့ကောင်လေး လုပ်ပေးလို့ ရတာပဲ”

ဘုန်း

ချူးဟောင်လင်း စကားကြောင့် သူတို့ ထိတ်လန့်သွားပြီး စားပွဲကို ရိုက်မိ လိုက်ကြသည်။ ဘဝင်ခိုက်နေသော ချူးဟောင်လင်းကို ကြည့်ကာ သူ၏ ကိုယ့်ကိုယ်ကို မာန်တက်နေသော စိတ်အား သူတို့ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူဘာများ တွေးနေတာလဲ။ ယာဖေး၏ ကောင်လေးဖ ဖြစ်ချင်သည်တဲ့လား။ ထိုသို့ဖြစ်ရန် ကျန့်ထျန်းလုံ လက်ခံပေးမှ ရနိုင်မည်ဖြစ်ပြီး ထို့အပြင် …
“အိပ်မက်မက်နေလိုက်၊ ယာဖေးက ငါ့အပိုင်ကွ ငါ့ဇနီးလောင်းကိုထိဖို့ မကြံနဲ့”
ယန်းဟွိုင်အန်း မျက်နှာကိုတည်ကာ ပြောလိုက်သောကြောင့် ချူးဟောင်လင်း၏ အတွေးများ ပျက်သွားရသည်။

“ဟမ် … ဘယ်တုန်းက ဆုံးဖြတ် လိုက်တာလဲ … ဘာလို့ ကျွန်တော်က မသိရတာလဲ”

ချူးဟောင်လင်း သာမက ကူးမင်ရွှမ်း သည်လည်း ယန်းဟွိုင်အန်းကို နားမလည်စွာ ကြည့်လိုက်သည်။ ယန်းဟွိုင်အန်းက သူမကို ထူးခြားစွာ ဆက်ဆံ နေခဲ့ခြင်းမှာ ကျန့်ယာဖေးမှာ တာဝန် လုပ်ဆောင်ရာတွင် လိုက်လာခဲ့သည့် တစ်ဉီးတည်းသော မိန်းကလေး ဖြစ်သောကြောင့် သူ၏ညီမလေး တစ်ယောက်အဖြစ် သဘောထားသောကြောင့် ဖြစ်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဘယ်အချိန် ကတည်းက ကျန့်ယာဖေးမှာ သူ၏ကောင်မလေး ဖြစ်သွားရတာလဲ။

“သူ့ကိုမရသေးတော့ သေချာပြောလို့ မရသေးဘူး။ ဒါပေမယ့် ငါသူ့ကို ဉီးထားပြီးသား … အဲဒီတော့ မင်းသူ့ကိုမေ့လိုက် ဟိုင်ရွှမ်နဲ့ ဇယ်ယွီ ၂ ယောက်ထဲက တစ်ယောက်ပဲ ရမယ်”

ကျန့်ယာဖေးကို ယန်းဟွိုင်အန်း မပိုးပန်း ရသေးသော်လည်း ယခု အခြေအနေတွင် အမှန်တိုင်း ပြောရန် မသင့်ပေ။ အရေးကြီးသည်က ချူးဟောင်လင်း၏ အတွေးကို ဖယ်ပစ်နိုင်ရန်ပင်။

“ထားပါတော့ … မမယောင်နဲ့ပဲ စကား သွားပြောတော့မယ် .. ဒါနဲ့ ခေါင်းဆောင် ဘယ်တော့ ပြန်လာမှာလဲ။ ရက်တွေတောင် ကြာပြီ သူ ယွင်ချဲ့ကို သတိမရဘူးလား”

လက်ကို ဝှေ့ယမ်းကာ ချူးဟောင်လင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဖုန်းပြောတုန်းက ပြီးတော့မယ်လို့ မော့ဝမ်းယန် ကပြောတာပဲ … မကြာခင ပြန်လာ လောက်တော့မှာပါ”

ထိုအကြောင်း ပြောသည့်အခါ ကူးမင်ရွှမ်း မျက်နှာတည် လိုက်သည်။ ရှင်းဖုန်း ပြန်လာခဲ့သည့် ညက မော့ဝမ်းယန် ထံမှ ဖုန်းအဆက်အသွယ် ရခဲ့သည်။ ဓါတ်ခွဲခန်း ပြဿနာကို ကိုင်တွယ် ဖြေရှင်းနေပုံသည်။ ထွက်သွားသည်မှာ ရက်အတော်ကြာပြီ ဖြစ်သောကြောင့် အားလုံးကလည်း စိုးရိမ်ပူပန်နေကြသည်။

“အဲဒီသုတေသန အရူးတွေ သူတို့ကိစ္စ သူတို့ သေချာအာရုံစိုက်လို့ မရဘူးလား … သူတို့ထဲက တစ်ယောက်ယောက် အပစ် မခံရမချင်း ပြဿနာ ရှာတာပြီးမှ မဟုတ်ဘူး”

စစ်သား အများစုက ဒေါသကြီးသူများ ဖြစ်ကြပြီး သမာသမတ် မကျသော ကိစ္စများကို သူတို့ သည်းခံနိုင်မည် မဟုတ်ပေ။

“သူတို့က နိုင်ငံရဲ့ ရတနာတွေပဲ စစ်တပ်က အဲ့လိုလုပ်မှာ မဟုတ်ဘူး .. ခေါင်းဆောင် သူ့ဘာသာ ကြည့်လုပ်လိမ့်မယ်။ ငါတို့က ကိုယ့်အလုပ် ကိုယ်လုပ်ရုံပဲ ဒုတိယ တံတိုင်းဆောက်တာ ပြီးတော့မယ်။ အာဏာပိုင်တွေက တစ်ခုခုတော့ လုပ်မယ်ထင်တာပဲ … လတ်တလောတော့ တာဝန်သွားတဲ့ အချိန် အဝေးကြီးတွေသာ မသွားနဲ့”

ကူးမင်ရွှမ်း သက်ပြင်းချရင်း မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။ နေရာတိုင်း ထိုကဲ့သို့ပင်။ အမှန်စင်စစ်မှာ အများရှေ့ ချပြရန်အတွက် မြို့တော်ကို ပို၍ တိတ်ဆိတ် ထားခြင်းပင်။ အနောက်တောင် စခန်းမှာ မြို့တော်နှင့် အလှမ်းဝေးပြီး လုပ်ကြံမှုများလည်း နည်းပါးသဖြင့် ပို၍ လွတ်လပ်ပေသည်။

“သိပါပြီ”

ယန်းဟွိုင်အန်းနှင့် ချူးဟောင်လင်းတို့ ခေါင်းညိတ် လိုက်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း စနောက် တတ်ကြသော်လည်း အလုပ်ကိစ္စ ပြောသည့်အခါ နှစ်ယောက်လုံး ကျွမ်းကျင်ကာ စဉ်းစားဆင်ခြင် တတ်သည်။ ပြန်လည် တည်ဆောက် မွမ်းမံခြင်း ပြီးစီးသွားသဖြင့် ပြောင်းရွေ့ရန်သာ ကျန်တော့သည်။ ယွင်ချဲ့ လည်း လုပ်စရာမရှိသဖြင့် နယ်မြေထဲရှိ ယွင်ချန်ကို သွားကြည့်ကာ သတင်းကောင်း ပြောရန်နှင့် ဟေးယွီ ကိုလည်း သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ယွင်ချန် အသက်ရှင်နေပြီး အဆင်ပြေ ကောင်းမွန်စွာ ရှိနေသည်ကို သိသော်လည်း သူ့ကို မမြင်ရလျှင် စိတ်ပူတတ်သဖြင့် နယ်မြေထဲသို့ သွားကာ စစ်ဆေးကြည့်ရှု စစ်ဆေးသော်လည်း တစ်ခါပင် ရှာမတွေ့ခဲ့။ မြူခိုးများက သူ့ကို တားဆီးနေပြီး ထိုမြူများ နောက်ကွယ်တွင် ဟေးယွီ ရှိနေမည်ဟု သူယုံကြည်သည်။

“မမ အစ်ကို မင်ရွှမ်းနဲ့ တခြားသူတွေကို ထမင်းစားဖို့ ခေါ်လိုက်ပါဉီး … ကျွန်တော် အပေါ်ထပ် ခဏသွားဉီးမယ် ဘယ်သူမှ လာမနှောင့်ယှက် စေနဲ့ဉီး”

ယွင်ယောင်ကို ပြောပြီးနောက် ယွင်ချဲ့ လှည့်ထွက်သွားရာ ယွင်ယောင်က လှမ်းဆွဲလိုက်ပြီး …

“ဒါနဲ့ .. ရှောင်ချန်က ဘယ်တော့ ထွက်လာမှာလဲ”

ယွင်ချန် ထွက်လာ နိုင်သည်ကို သူမသိပြီး ကတည်းက ယွင်ထျန် ထွက်လာမည့် အချိန်ကို အမြဲတောင့်တ နေခဲ့သည်။

“အင်းပါ မနက်ဖြန်လောက်ပေါ့ … မနက်ဖြန် အားလုံးကို နားခိုင်းလိုက်ပြီး ရှောင်ချန်ကို အပြင်ခေါ်ထုတ် ကြတာပေါ့”

တုန်ယင်နေသော သူမ၏လက်များကို ကိုင်လိုက်ပြီး ယွင်ချဲ့ ပြုံးပြလေသည်။ လန်ယဲ့ဟန်နှင့် လဟိုင်ရွှမ်းလည်း ပျော်ရွှင်ကြမည်ကို သူတွေးမိသည်။ အထူးသဖြင့် လန်ယဲ့ဟန်မှာ ဘယ်တော့မှ မေးခွန်း မထုတ်ခဲ့သော်လည်း ရင်ထဲတွင် အမြဲသိမ်းထားမည်မှာ သေချာသည်။ ယွင်ချဲ့ထံသို့ အမြုတေများ ပေးသည့် အချိန်တိုင်း သူ၏မျက်ဝန်းများက မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။ အခု နောက်ပိုင်းတွင် မျှော်လင့်ချက်များနှင့် စိုးရိမ်မှုများလည်း ရောနှော လာခဲ့သည်။

“အင်းပါ”

ယွင်ချဲ့ ခေါင်းညိတ် ပြသဖြင့် ယွင်ယောင် မျက်နှာမှာ ပြန်လည်၍ ရွှင်လန်းလာသည်။ မကြာခင် သူမ၏ မောင်လေးကို တွေ့ရတော့မည်။ ဘယ်လိုပုံစံများ ဖြစ်နေမလဲ၊ အရင်ကဲ့သို့ ပျော်ပျော် နေတတ်တုန်းလား။ မည်သို့ပင်ဖြစ်ဖြစ် ရှောင်ချန် အရင်ကဲ့သို့ ပြန်မဖြစ်နိုင် လျှင်တောင်မှ သူမ စောင့်ရှောက် သွားမည်ဖြစ်သည်။

“ဒါဆို အပေါ်သွားပြီး နားတော့မယ်နော် … ရေခဲသေတ္တာထဲ ပစ္စည်းတွေ ထည့်ထားတယ် ညစာ မစားခင် ပြန်ဆင်းလာခဲ့မယ်”

ယွင်ချဲ့ သူမလက်များကို လွှတ်ပေးကာ အပေါ်ထပ် တက်သွားသည်။ အခုချိန်တွင် အိမ်မှာ ယွင်ချဲ့နှင့် ယွင်ယောင်သာ ရှိသည်။ ယဲ့ရှင်းချန်မှာ နေပြန်ကောင်းလာပြီး နောက်ပိုင်းတွင် တာဝန်များကို ဆောင်ရွက်ရန် အပြင်မကြာခဏ သွားလေသည်။ အိမ်ပြင်သည့် အချိန်ကတည်းက ကျန့်ထျန်းလုံမှာ ကလေး ဆေးပေးခန်းတွင် အလုပ်လုပ်နေပြီး ဝမ်စူးဟွာမှာ နေ့လယ်ခင်း သူမအားသည့် အချိန်တိုင်း အဖွဲ့အစည်းထဲမှ မိန်းကလေးများနှင့် စကား သွားပြောလေ့ရှိပြီး အပြန်တွင် ချန်ချန်ကို မူကြိုမှ ဝင်ကြိုလာလေ့ ရှိသည်။ လူတိုင်းက မိသားစုအတွက် အကောင်းဆုံး ကြိုးစားပြီး အလုပ်လုပ်နေကြပေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset