YMR- အခန်း ၁၀၂

အခန်း (၁ဝ၂)

လတ်တလောတွင် နယ်မြေကို မကြာခဏ အသုံးပြု နေသဖြင့် ပြောင်းလဲမှုမှာလည်း အလွန် များပြားလှသည်။ ယခင် မူလတောင်ကုန်း အစား တောင်တန်းကြီးများ ဖြစ်ပေါ်နေပြီး စမ်းချောင်း၏ အဆုံးတွင်လည်း ရေကန်ကြီးတစ်ခု ရှိနေသည့်အပြင် ရေကန်၏ တစ်ဖက် တစ်ချက်တွင်လည်း တိရစ္ဆာန်များ ကျက်စား နေထိုင်ရာ ကျယ်ပြန့်သော ချိုင့်ဝှမ်းများ ရှိနေသည်။ အချိန်တိုင်းတွင်လည်း ရေကန်မှ ရေကို သောက်ယူနေသော ငှက်များနှင့် နယ်မြေကြီးက အသက်ဝင်နေသည်။
လျှောက်ပတ် ကြည့်ပြီးသည့်တိုင် ဟေးယွီကို ယွင်ချဲ့ မတွေ့သေးပေ။ ယွင်ချဲ့လည်း ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး မျိုးစေ့ အသစ်များ ကျဲကာ ပြန်လည် စိုက်ပျိုးခဲ့သည်။ သူပထမဆုံး စိုက်ပျိုးခဲ့သော စပါးနှင့် ဂျုံများမှာလည်း မှည့်နေသဖြင့် လေထဲတွင် ကိုင်းကျနေသဖြင့် ရက်နည်းနည်း ကြာပြီးနောက်တွင် ရိတ်သိမ်း၍ပင် ရနိုင်ပေသည်။ ထို့နောက် နယ်မြေအချို့ကို ရှင်းလင်းကာ ဆန်စပါးနှင့် ဂျုံများစိုက်ပျိုးရန် လယ်ကွက်များကို ဖန်တီးလိုက်သည်။ လူတို့က သူတို့ ဝမ်းတစ်ထွာ ဗိုက်ကို ဖြည့်တင်းရန် လိုအပ်သည် မလား။ နောက်ဆုံးတွင် တောင်အောက်ခြေတွင် ရှိသော သစ်သီးခြံထဲမှ အပင်များကို သွားကြည့်လေရာ ကောင်းမွန်စွာ ကြီးထွား လာကြသော်လည်း အသီး မသီးသေးပေ။

“ရှောင်ချန် ငါတို့အိမ်ပြင်လို့ ပြီးသွားပြီ ဒီနေ့ အိမ်တက်ပွဲ လုပ်ကြမှာ … မနက်ဖြန်ဆိုရင် မမကိုတွေ့ဖို့ မင်းကို ခေါ်သွားပေးမယ် အပြင်မှာ လိမ္မာပါ့မယ်လို့ ကတိပေး မသောင်းကျန်းရဘူး ဟုတ်ပြီလား”

အလုပ်ကိစ္စများ လုပ်ပြီးနောက် ယွင်ချဲ့မှာ သူ၏ညီကို လက်သည်း ညှပ်ပေးရင်း ပြောလေသည်။ ယွင်ချန်အား အပြင် ခေါ်ထုတ်မည့် ကိစ္စက ယွင်ချဲ့ကို အနည်းငယ် စိတ်ပူစေသည်။ သွေးကို တောင့်တခြင်းက ဖုတ်ကောင်များ၏ ဗီဇဖြစ်ပြီး အခု ယွင်ချဲ့နှင့် တွေ့နေချိန်တွင် တည်ငြိမ်နေသေးသော်လည်း သွေးထွက်နေသော သူကို မကိုက်နိုင်ဟု အာမ မခံနိုင်ပေ။ မည်သည့် အရာမှ မသေချာခြင်းကြောင့် တတိယ အထပ်နှင့် အပေါ်ဆုံး အထပ်ကို သံတိုင်များဖြင့် ကာထားစေခြင်းဖြစ်သည်။

“ပြီးသွားပြီ မင်းလက်သည်းတွေကို နေ့တိုင်း ညှပ်ရမယ် မင်းက ဖုတ်ကောင် ဆိုပေမယ့် သန့်ပြန့်တဲ့ ဖုတ်ကောင်ပဲ ဖြစ်ရမှာ”

လက်သည်း ညှပ်ပေးပြီးနောက် ယွင်ချန်၏ လက်များကို ဘေစင်တွင် ဂရုတစိုက်နှင့် ဆေးကြောပေးသည်။

“စမ်းချောင်းထဲမှာ မင်းရေချိုးလို့ ရပါ့မလားပဲ”

ယွင်ချန်၏ မျက်နှာကို သန့်ရှင်း ပေးပြီးနောက် ဆံပင်ကို ဖြီးပေးလိုက်ကာ အင်္ကျီလဲပေး နေလျက်ဖြင့် ထိုသို့ စဉ်းစားမိသွားသည်။ ရေစက်လေးများ ကျဆင်းရာ နှစ်ပေါင်းများစွာ ကြာပြီးနောက် စမ်းချောင်း ဖြစ်လာခဲ့ပြီး ထိုရေကန်ထဲတွင် ရေချိုးပြီး စမ်းရေကို သောက်သုံးလျှင် သောက်သူ၏ အရိုးများ၊ သွေးများကို သန့်စင်ပေးနိုင်သည်။ ယွင်ချန်ကို ကန်ထဲ ရေချိုးစေပြီး ရေကို သောက်စေလျှင် အဆိပ်များကို ဖယ်ရှား ပေးနိုင်မည်လား။ လူပြန်ဖြစ်ရန်မှာ မဖြစ်နိုင်တော့သဖြင့် အနည်းဆုံး အားအင် ပြန်ပြည့်လာပြီး ခန္ဓာကိုယ်လည်း သန့်စင်သွားကာ အမြန်သက်သာရန် လိုအပ်ပေသည်။

“လာ ငါမင်းကို ရေချိုးဖို့ ခေါ်သွားပေးမယ် ရေမချိုးတာ တစ်လလောက်တောင် ရှိပြီမလား .. ညစ်ပတ်လေး”

အကြံပေါ်လာသဖြင့် ယွင်ချဲ့လည်း ချက်ချင်းပင် ယွင်ချန်ကို စမ်းချောင်းသို့ ခေါ်သွားလေသည်။ ထိုကန်တွင် မကြာခဏ ရေလာချိုးလေ့ ရှိသဖြင့် စမ်းချောင်း ပတ်ဝန်းကျင်မှာ ချုံမရှိဘဲ ရှင်းလင်းနေသည်။ ရေကန်ကို ရေချိုးကန်အဖြစ် ပြောင်းလဲထားပြီး ဘေးပတ်ပတ် လည်တွင်လည်း ပစ္စည်းများ ထည့်သိမ်းရန် ဗီရိုတစ်ခု ရှိသဖြင့် ရေပိုက်ခေါင်းသာ တပ်လိုက်ပါက ရေချိုးကန်နှင့် တူသွားလိမ့်မည် ဖြစ်သည်။

ယွင်ချဲ့ကို အံ့သြစေသည်က ယွင်ချန်မှာ အသံပေးကာ အမြုတေများကို လှမ်းယူခြင်း မရှိဘဲ ယွင်ချဲ့ အင်္ကျီချွတ် နေသည်ကိုသာ ထိုနေရာတွင် မတ်တပ်ရပ်လျက် စိုက်ကြည့်နေသည်။

“ကောင်းပြီလေ ကန်ထဲအတူ ဝင်ရအောင် ငါတို့အတူတူ ရေမချိုးတာ ဘယ်လောက်ကြာနေပြီလဲ … မှတ်မိသေးလား ငယ်ငယ်တုန်းက ရေကန်ထဲက ရေတွေကို ဆော့ပြီး မမကို ဒေါသထွက်အောင် လုပ်ခဲ့တာလေ”

အဝတ်ကင်းမဲ့နေသော ယွင်ချန်၏ ခန္ဓာကိုယ်မှာ သူ၏မျက်နှာကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ထို့နောက် ယွင်ချဲ့လည်း အဝတ်အစား ချွတ်ကာ ညီလေးကို ဖက်လျက် ရေကန်ထဲသို့ အတူတူ ဆင်းသွားသည်။

ရေစင်သွားသဖြင့် ယွင်ချန် မျက်လုံးများကို အလိုလို မှိတ်လိုက်သည်။ ပုံမှန်အတိုင်းပြုမူနေသဖြင့် ယွင်ချန်ကို ရေကန်စပ်နားသို့ ခေါ်သွားပြီး နစ်သွားမည်ကို စိုးရိမ်သဖြင့် လက်တစ်ဖက်က ယွင်ချန် ခါးကို ဖက်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ရေဘူးကို ယူကာ အဖုံးကို သွားဖြင့် ကိုက်ဖွင့် လိုက်သည်။

“လာ ချန် … တစ်ငုံလောက် သောက်လိုက် သောက်လို့ ကောင်းတယ်”

ချန်ချန်ကို ချော့မြှူသည့်အခါ ပြောသော လေသံနှင့် ပြောလိုက်သည်။ အသွင်အပြင်မှ လွဲ၍ ယွင်ချန်လည်း ချန်ချန် အတိုင်းပင်။ ယွင်ချန်မှာ အမြုတေကိုသာ စားသဖြင့် အစတွင် မသောက်ဘဲ နေသော်လည်း ယွင်ချဲ့၏ ခေါင်းမာမှုကြောင့် ရေဘူးနှုတ်ခမ်းကို သွားဖြင့် ကိုက်လိုက်ရာ ယွင်ချဲ့က အမြန်ပင် ရေဘူးကို ထောင်လိုက်ပြီး ရေများကို ယွင်ချန် လည်ချောင်းထဲသို့ စီးစေလိုက်သည်။

ဂလု ဂလု ဂါး

စမ်းရေများ ယွင်ချန် လည်ချောင်းထဲ စီးသွားသဖြင့် ရုတ်တရက် ရုန်းကန်လာပြီး ယွင်ချဲ့ တွန်းထုတ်လျက် အော်ဟစ်ကာ ရေထဲတွင် ရုန်းကန် နေလေသည်။ သူ၏နီရဲသော မျက်လုံးမှာလည်း တုန်လှုပ် ချောက်ချားနေပြီး အစွယ်များပင် ထွက်နေသည်။

“ချန် …”

“သခင် .. မလုပ်နဲ့”

ယွင်ချန် ဆီသို့ ရေကူးသွားရန် ယွင်ချဲ့ ပြင်လိုက်ချိန်တွင် ရုတ်တရက် စမ်းချောင်းထဲသို့ ဟေးယွီ ခုန်ဆင်းလာပြီး ယွင်ချဲ့ကို အချိန်မီ

“ဟေးယွီ”

ဟေးယွီ ပေါ်လာမည်ဟု မမျှော်လင့် ထားသဖြင့် ယွင်ချဲ့ အံ့ဩသွားရသည်။ သက်သာလာပြီ ဖြစ်သော ဟေးယွီ၏ ခန္ဓာကိုယ်ကို ကြည့်လျက် ယွင်ချဲ့ မှင်သက်နေသည်။ ဒီရက်ပိုင်းထဲ သူအဆင်ပြေခဲ့ရဲ့လား။

ထိုအချိန်တွင် ရုန်းကန်နေသော ယွင်ချန်မှာ ရေထဲသို့ နစ်စ ပြုနေပြီဖြစ်သည်။ ယွင်ချဲ့ သတိပြန်ဝင် လာချိန်တွင် ရေထဲသို့ ခုန်ဆင်းရန ်ပြင်လိုက်ချိန် ဟေးယွီ အမြန်တားလိုက်သည်။

“သခင် စိတ်မလောပါနဲ့ ယွင်ချန်က ဖုတ်ကောင်လေ။ အသက်ရှူနေစရာမှ မလိုတာ သူရေထဲနစ်ပါစေ ဒါမှ သန့်စင်သွားမှာ”

သူ၏သခင်က အရင်ထက် ပိုတုံးလာသည်ဟု ဟေးယွီ တွေးမိသွားသည်။ သခင်ဖြစ်သူ၏ ဉီးနှောက်ကို ပြန်လည် ကောင်းမွန်အောင် လုပ်ပေးရမည့် တာဝန် ရသွားပြီထင်ပါရဲ့။

“ဒါပေမဲ့ ချန်က …”

ဟေးယွီ စနောက်သည်ကို ဂရုမစိုက်ဘဲ ယွင်ချဲ့၏ အာရုံများမှာ ယွင်ချန် ပေါ်သို့သာ ကျရောက်နေသည်။ ယွင်ချန် အောက်ခြေအထိ နစ်သွားသော်လည်း ရုန်းကန် နေသဖြင့် ရေပြင်မှာ မငြိမ်သက်သေးပေ။

“သခင်တော့ အတိတ်မေ့သွားပြီပဲ ဒီစမ်းချောင်းထဲ သခင် စစိမ်တုန်းက ဘယ်လိုလဲဆိုတာ မှတ်မိသေးလား။ သခင်လည်း ယွင်ချန်လိုပဲ ဖြစ်နေခဲ့တာ … ရေက သူ့ရဲ့အဆိပ်တွေကို ဆေးကြော ပေးနေတာ ယွင်ချန် ခန္ဓာကိုယ်က ဇွမ်ဘီ ဗိုင်းရပ်စ်တွေနဲ့ ပြည့်နေတော့ သူရုန်းနေတာ … စိတ်မပူပါနဲ့ သူဘာမှ မဖြစ်ပါဘူး။ ရေကန်က ပြန်တက်လာရင် သခင်တောင် အံ့သြသွားဦးမှာ”

ဟေးယွီက သူ၏သခင်အား စနောက်သည်ကို အကြိုက်ဆုံးပင်။ ဒါပေမယ့် ရှင်းပြရန် လိုအပ်သည့် အခါမျိုးတွင် သူတည်ကြည် လေးနက်သွားသည်။

“ဪ တော်သေးတာပေါ့ ငါထင်တာက…”

ယွင်ချန် အဆင်ပြေသည့် အကြောင်း သိလိုက်ရသည့်အခါ ယွင်ချဲ့ စိတ်အေး သွားရသည်။ ထို့နောက် ဟေးယွီဘက် လှည့်ကြည့် လိုက်ပြီး ….

“ဘာလို့ ဆက်မပုန်းတော့တာလဲ”

ဟေးယွီ တစ်သက်လုံး ရှောင်ပုန်း နေတော့မည်ဟု ယွင်ချဲ့ ထင်ထားခဲ့မိသည်။

“ကျွန်…ကျွန်တော် မပုန်းပါဘူး။ တောင်ပေါ်မှာ တရားထိုင်နေတာ”

ဟေးယွီ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေလျက် သူကမ်းပေါ်သို့ ခုန်တက် လိုက်သည့်အခါ ကျောပေါ်မှရေများလည်း စီးကျနေသည်။ အမှန်စင်စစ် ဟေးယွီ အလျင်း မပျောက်သေးပေ။ သူ၏သခင်သာ ရူးမိုက်သည့် လုပ်ရပ်ကို မလုပ်လျှင် သူအရိပ်ထဲမှ ထွက်လာမည် မဟုတ်ပေ။

“အဲဒီနေ့က ဘာဖြစ်တာလဲ မင်းက အံ့ဖွယ် တောကောင်ကြီးပဲလေ။ ဘာလို့ အဲဒီလို ဖြစ်သွားရတာလဲ … အပြင်လောကနဲ့ နေသား မကျတာလို့တော့ မပြောနဲ့ အမှန်ပဲဖြေ”

စမ်းချောင်း၏ အောက်ခြေကို ယွင်ချဲ့ တစ်ချက် ကြည့်လိုက်ပြီး ကမ်းပေါ် ပြန်တက်ကာ ကိုယ်ကို တဘက်နှင့် ပတ်လိုက်သည်။ ထိုနေ့က သူယူကျုံးမရ ဖြစ်ခဲ့ရသည်ကို အခုချိန် ပြန်တွေးကြည့်လျှင် အလွန်ပင် နေမထိထိုင်မသာ ဖြစ်နေသွားသည်။ ဟေးယွီမှာ မည်မျှပင် ယုံကြည်စိတ်ချခြင်း မရှိသည့်တိုင် သူ့အတွက် သားရဲဆိုသည်ထက် ပိုသော သူငယ်ချင်းကဲ့သို့ မိသားစုကဲ့သို့ သူခံစားနေရသဖြင့် ဟေးယွီ နာကျင်နေသည်ကို သူရပ် မကြည့်နိုင်ပေ။

“ဘာဖြစ်ရဦးမှာလဲ ပတ်ဝန်းကျင်နဲ့ နေသားမကျလို့ ဒီလောက်ပဲလေ”

ခွေးပေါက်လေးပုံစံနှင့် ဟေးယွီက ဗီရိုပေါ်တွင် လဲနေလိုက်သည်။

“ကျွန်တော်က သခင့်ကမ္ဘာနဲ့ မဆိုင်တဲ့အပြင် တားဆီးထားတဲ့ အကာအရံတွေ ကလည်း ကမ္ဘာကို ကာရံထားတာ … ဘယ်သူက အကာအရံ လုပ်ထားတာလဲ မမေးနဲ့ ကျွန်တော်လည်း မသိဘူး။ ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ရှိနေတာ .. အဲဒါကြောင့် သခင်မသိနိုင်တဲ့ တရားကျင့်ကြံသူတွေ ဒဏ္ဍာရီလာ သားရဲတွေဆိုတာ ရှိခဲ့မှာပဲ။ သူတို့ဒီကနေ ထွက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အကြောင်းပြချက်တွေ ရှိခဲ့မှာ … ပြီးတော့ သူတို့မသွားခင် တခြားနေရာက သတ္တဝါတွေ ကမ္ဘာကြီးကို ဖျက်ဆီးမှာ ကြောက်လို့ ဒီကမ္ဘာမှာ အစီအရင်တွေ ဖန်တီးခဲ့မှာပဲ … ဒါမှ မဟုတ် သူတို့အကုန် သေသွားပြီး မသေခင်က ဖန်တီးခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒါကြောင့် အဲဒီနေရာမှာ အင်အားက လွဲပြီး ကျန်တဲ့စွမ်းအားတွေ သုံးလို့မရတာ … တကယ်လို့ သုံးချင်ရင်တောင် အစီအရင်တွေကို ချိုးဖြတ်ရမှာ မြူမှုန် မဖြစ်သွားတာပဲ ကံကောင်းလှပြီ။ အဲ့ပတ်ဝန်းကျင်မှ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ”

အပြိုင်ကမ္ဘာမှ နယ်မြေကို ယွင်ချဲ့ အမှတ်မထင် ဖွင့်မိလိုက်စဉ်က ကမ္ဘာကြီး၏ အကြောင်း အများအပြားကို ဟေးယွီ သိရှိလိုက်သည်။ ဒါကြောင့် လူသားများ၏ အကြောင်းကို သေချာ သိနေခြင်းပင်။ မဟုတ်လျှင် ထိုနယ်မြေထဲတွင်ပင် နှစ်ပေါင်း များစွာ နေခဲ့သော သားရဲကောင်ကြီးက ထိုအကြောင်းများကို ဘယ်လို သိနိုင်ပါ့မလဲ။ လက်ဆုပ်လက်ကိုင် မပြနိုင်သော အစီအရင်များကို ဖျက်ပစ်ရန် ဟေးယွီ ကြိုးစားခဲ့ သေးသော်လည်း ထိုတမျှ ကြီးမားသော အစီအရင်တွင် အစီအရင် အပေါက်များမှာလည်း တစ်ခုထက်မက ရှိနိုင်ပြီး ရှာတွေ့ရန် အတွက်လည်း အလွန်ခက်လှသည်။

ထို့အပြင် အစီအရင်များကို ဖန်တီးခဲ့သည် ဆိုကတည်းက ပြင်ပ ခြိမ်းခြောက်မှုများ ရှိမည်မှာ အသေအချာပင်။ ထိုအစီအရင်များ ပျက်သွားသည်နှင့် စက်ဆုပ်ဖွယ် ကောင်းသော မကောင်းဆိုးဝါးများ ကမ္ဘာမြေကို ချဉ်းကပ်လာသည့်အခါ သူ၏သခင် ယွင်ချဲ့က သူ့ကို အရေဆုတ်လိမ့်မည် ဖြစ်သည်။

“သခင်နဲ့ ရင်းနှီးပြီး ကတည်းက ကျွန်တော့် ကမ္ဘာကြီးက လှပခဲ့ရတာ”

ဟေးယွီ ပြောသည်ကို နားလည်ရန် ယွင်ချဲ့ အချိန် အတော်ယူ လိုက်ရပြီး သက်ပြင်းချကာ …

“ကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ တခြား သက်ရှိတွေ ရှိခဲ့ဦးမှာပဲ။ ဒါပေမယ့် အဲဒါက အတိတ်ဖြစ်ပြီး ငါတို့ကို မသက်ရောက်ဘူး .. အဲဒီတော့ မင်း အပြင်မှာ လုပ်နိုင်တာက မင်းအင်အားနဲ့ တိုက်ခိုက်တာပဲပေါ့”

ဟေးယွီ ပြောသည်တို့ မှန်မမှန်ကို သူဂရုမစိုက်ပေ။ သူ ဂရုစိုက်တာက သူနှင့်ပတ်သက်သောသူများနှင့် အရာများကိုပင်။ ဟေးယွီကိုပင် သူသိပ်မစိုးရိမ်ပေ။ တောင်များသဖွယ် တောင့်တင်း သန်မာသော ကြွက်သား ခွန်အားများကြောင့် ပြဿနာကို သူရှောင်တိမ်း နေသရွေ့ အပြင်ဘက်တွင် မည်သူမှ သူ့ကိုရန်ပြုရဲမည် မဟုတ်ပေ။ အဆိုးဆုံး ကိစ္စများကိုပင် ရှောင်တိမ်းနိုင်ပြီး ဟေးယွီမှာ အရှက်မရှိ ခေါင်းမာသူ ဖြစ်သောကြောင့် ပြေးရမယ့် ကိစ္စကြုံလာခဲ့လျှင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

“အင်း ကျွန်တော့် ဘဝကြီးလည်း ပိုခက်ခဲလာတယ်”

ယွင်ချဲ့ကို ဟေးယွီ မကျေနပ်သော မျက်နှာပေးနဲ့ မော့ကြည့် လိုက်သည်။
ဒါက သူဆင်နေတဲ့ နောက်ထပ် ထောင်ချောက်များလား။ ဟေးယွီ၏ ဉာဏ်ဆင်မှုများကို အကုန်သိနေသဖြင့် ယွင်ချဲ့ နှုတ်ခမ်းတွန့်ကာ ရုတ်တရက် ထကာ လက်လွှဲလိုက်သည်။

“ဒီနေ့ရာသီဥတုက နေလို့ကောင်းတာပဲ … အာ ယွင်ချန်လည်း ရေထဲက ထွက်လာမှာ မဟုတ်လောက်သေးဘူး … ဒီနေ့ည အိမ်တက်ပွဲအတွက် ငါးနဲ့ ဂိမ်းဆော့လို့ ရတာတစ်ခုခု သွားရှာ လိုက်ဦးမယ်”

ယွင်ချဲ့ အဝတ်အစား ဝတ်လိုက်ပြီး တောင်များဘက်သို့ သွားရန် ပြင်လိုက်သည်။

“သခင်ကလည်း … အရင်ဆုံး ကျွန်တော့်ကို နှစ်သိမ့် ပေးရမယ်လေ။ ပြီးတော့လည်း ကျွန်တော့်ကို ကာကွယ်ပေး ချော့ကလက် ချောင်းတွေလည်း ရှာပေးပြီး ပိုချစ်ပေး ပိုဂရုစိုက်ပေး … အဲဒါတွေက သခင်လုပ်ရမှာပဲလေ … ဒီလိုလုပ်လေ အစကပြန်စရအောင် .. သခင်က ကျွန်တော့်ရဲ့ ကြေမွနေတဲ့ နှလုံးသားလေးကို နူးနူးညံ့ညံ့လေး နှစ်သိမ့်ပေး”

သူ၏ခြေလက် လေးဖက်လုံးနှင့် ယွင်ချဲ့ ခြေထောက်ကို ဖက်ကာ ဟေးယွီ ဂျီကျလေသည်။ ကြက်သီးထဖွယ် ကောင်းသော စကားများကို ကြားလိုက်သည့်အခါ ယွင်ချဲ့မျက်နှာ ရှုံ့မဲ့သွားသည်။ ဘယ်လောက်ပင် အချိန်ကြာကြာ ပျောက်သွားခဲ့ပါစေ၊ အရင်အတိုင်း ငရှုပ်လေး တစ်ကောင်ဖြစ်နေဆဲပင်။ ထိုရူးကြောင်ကြောင် ကိစ္စများအတွက် ယွင်ချဲ့မှာ အချိန်မရှိပေ။ ပိုအရေးကြီးသည်က ထိုအရာတို့ကို ဘယ်တော့မှ ထပ်မလုပ်ဟု ယွင်ချဲ့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပိုချစ်ပေး ပိုဂရုစိုက်ပေးတဲ့ .. ယွင်ချဲ့က ခပ်ကြောင်ကြောင် နှာဘူးပုံများ ပေါက်နေလို့လား။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset