YMR- အခန်း ၁၀၃

အခန်း (၁ဝ၃)

ယွင်ချန်မှာ ရေအောက်တွင် ရုန်းကန်နေလျက်ရှိပြီး အဆိပ်အတောက် သန့်စင်ခြင်းမှာ အလွန် ကြာလှသည်။ ယွင်ချဲ့လည်း ဟေးယွီ နှင့်အတူ တောင်ပေါ်သို့ သွားကာ ရစ်ငှက်၊ တောယုန်များကို လိုက်ဖမ်းကြသည့်အပြင် နှင်းကဲ့သို့ ဖြူဖွေးနေသော မြေခွေးတစ်ကောင်ပင် ဖမ်းမိလိုက်သည်။ ထိုမြေခွေးလေးကို ချန်ချန် ချစ်လိမ့်မည်ဟု ယွင်ချဲ့ တွေးမိသောကြောင့် သူနှင့်အတူ ခေါ်လာခဲ့သည်။

အမဲလိုက်ပြီးနောက်တွင် လေးကီလို အလေးချိန်ရှိ ငွေရောင် ငါးကြင်းကိုလည်း ဖမ်းမိခဲ့သေးသည်။ စမ်းရေအိုင်ကို စောင့်ကြည့်နေရန် ဟေးယွီကို မှာထားခဲ့ပြီး ယွင်ချဲ့ ဖမ်းမိခဲ့သော အကောင်များကို ယူကာ အပြင်သို့ ပြန်ထွက်သွားသည်။

“ဝါး ဒီဟာတွေက ဘယ်က ရလာတာလဲ .. ဒါမြေခွေးလေးလား အသက်ရှင် နေသေးတာပဲ .. ချန်ချန်ရေ လာပါဉီး ဒီမှာ သားရဲ့ဦးလေးက အကောင်လေး ယူလာတယ်”

တိတ်တဆိတ် လာလို့သောကြောင့် ယွင်ချဲ့ အောက်ထပ်သို့ မဆင်းဘဲ အပေါ်ဆုံးအထပ် ပြတင်းပေါက်မှ ခုန်ကျော်ကာ အိမ်ရှေ့တံခါးမှ ဝင်လာရန် စီစဉ်လိုက်သည်။ ထိုအချိန်တွင် အိမ်ရှေ့တံခါးမှ ထွက်လာသော ဝမ်စူးဟွာနှင့် ထိပ်တိုက်တွေ့ကာ ယွင်ချဲ့ လက်ထဲမှ အကောင်လေးများကို မြင်လေရာ ကလေး တစ်ယောက်ကဲ့သို့ ဝမ်းသာအားရ ဖြစ်လျက် အိမ်ထဲတွင် ရှိနေသော ချန်ချန်ကို လှမ်းခေါ်လိုက်သည်။ ချန်ချန်လည်း အိမ်ထဲမှလထွက်ပြေးလာသဖြင့် ဟင်းချက်ရန် ပြင်နေသော ယွင်ယောင်မှာ ထွက်လိုက် လာရလေသည်။

“ဦးဦး ဒီငါးက အကြီးကြီးပဲ ပြီးတော့ ဒါကရော ဘာကောင်တွေလဲ လှလိုက်တာ”

ငွေငါးကြင်းကို ချန်ချန် ကြည့်နေပြီးနောက် သူ၏အာရုံက ရစ်ငှက်များထံသို့ ရောက်သွားသည်။ ထိုရစ်ငှက်များမှာ သာမန် ငှက်များနှင့် မတူဘဲ ဒေါင်းကဲ့သို့ အရောင်အသွေးစုံသော အမွေးအတောင်များကြောင့် အလွန်လှပပေသည်။

“ဒါက ရစ်ငှက်တွေလေ”

ရစ်ငှက်တွေကို ချန်ချန် သဘောကျပုံ ရသဖြင့် ယွင်ချဲ့လည်း လက်ထဲရှိ ရစ်ငှက်များကို ချန်ချန် အရှေ့သို့ ရွေ့ပေးလိုက်ရာ ချန်ချန်က ….

“ကိုင်ကြည့်လို့ရလား”

ချန်ချန်လည်း စိတ်လှုပ်ရှားမှုများ၊ လိုချင်မှုများ ပြည့်နေသည့် ရွှန်းလဲ့တောက်ပသော မျက်လုံးများနှင့် ယွင်ချဲ့ကို ကြည့်လိုက်သည်။

“ရတာပေါ့ ဒါလေးကိုရော မလိုချင်ဘူးလား”

ယွင်ချဲ့ ပြောရင်းဖြင့် မြေခွေးလေးကို ချန်ချန် ရှေ့သို့ထုတ်ပြလိုက်သည်။ တောက်ပနေသော ချန်ချန်၏ မျက်လုံးများက စိတ်အား ထက်သန်မှုသို့ ပြောင်းလဲသွားပြီး လက်ကိုဆန့်လျက် …

“လိုချင်တယ် လိုချင်တယ် ချစ်စရာလေး .. ဒါကရော ဘာကောင်လေးလဲ ဦးဦး”

အမွေးပွ မြေခွေးလေးကို လက်ထဲတွင် ကိုင်လျက် ချန်ချန် အလွန် ပျော်ရွှင်နေသည်။

“မြေခွေးလေးလေ ကြိုက်ရင် မွေးလိုက် .. ကြီးလာရင် အကူအညီ ရလောက်တယ်”

ငါးများကို ဝမ်စူးဟွာ ထံသို့ ပေးလိုက်ပြီး ချန်ချန်၏ ခေါင်းကို ယွင်ချဲ့ ပုတ်ပေးလိုက်သည်။ မြေခွေး ဆိုသည်က လှည့်စားတတ်သည်။ သေးငယ်သော်လည်း ဖျတ်လတ်သည်။ မြေခွေးတစ်ကောင်ကို သေချာ လေ့ကျင့်ပေးနိုင်လျှင် တစ်ချိန်တွင် အသုံးဝင် လာနိုင်သည်။

“တကယ်လား သားအတွက် စာရော ရေးပေးနိုင်မှာလား”

ယွင်ချဲ့ စကားကြောင့် ချန်ချန်မှာ အံ့သြမှုများ၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်သွားသော်လည်း ယွင်ချဲ့မှာ ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။ ယွင်ယောင်က သူမသားလေး၏ ခေါင်းကို ဖွဖွလေး ခေါက်လိုက်ပြီး ….

“ငလည်လေး .. စာတော့ ကိုယ့်ဘာသာ လုပ်ရမှာပေါ့”

“ဟီးဟီး မေးကြည့်တာပါ”

ချန်ချန်က လျှာထုတ်ကာ ပြောင်ပြပြီးနောက် ချန်ချန် ရှေ့တွင် ယွင်ချဲ့ ဒူးထောက် ထိုင်လိုက်ပြီး လက်ထဲရှိ မြေခွေးလေးကို အသာပုတ်ကာ …

“ဒီကောင်လေးကို ချန်ချန် ပိုင်သွားပြီဆိုတော့ နာမည် ပေးလိုက်နော်”

“ဟုတ် ..”

ချန်ချန် ခေါင်းတခါခါနှင့် စဉ်းစားလိုက်ပြီးနောက် …

“ရှောင်ပိုင် လို့ ခေါ်ရင်ရော”

“ဟုတ်ပြီ ရှောင်ပိုင် ပေါ့ … အခုကစပြီး သူ့ကို ဂရုစိုက်ရမယ်နော် ရေချိုးပေး အစာကျွေး လုပ်ပေးရမယ် အကုန်ဖြူပေမယ့် မြေကြီးက ညစ်ပတ်လို့ ခြေထောက်လေးတွေပဲ မဖြူတာ သူ့ကိုယ်ကို ညစ်ပတ်အောင် မလုပ်ရဘူးနော်”

“ဟုတ် ရှောင်ပိုင်က သားနဲ့တူတူစား တူတူရေချိုးမှာ”

“လိမ္မာလိုက်တဲ့ ချန်ချန်”

သူ၏တူလေးကို စိတ်ချ သွားပြီးနောက် ခေါင်းကိုပုတ်ကာ ယွင်ချဲ့ မတ်တပ် ရပ်လိုက်သည်။ ယွင်ယောင်မှာ ကြောင်အမ်းအမ်းနှင့် …

“အပေါ်မှာ နားမယ်ဆိုပြီး ဘယ်တုန်းက အပြင်ထွက် သွားတာလဲ အသားတွေ အများကြီး ဝယ်လာသေးတယ်”

ယွင်ချဲ့ အပြင်ထွက် သွားသည်ကို သူမ မတွေ့လိုက်ပေ။

“အိပ်မရလို့ … မမ ညစာချက်တော့လေ။ ကျွန်တော် ကြက်စပ်ချက်လေးရယ်၊ ငါးဂေါ်ဖီချဉ်နဲ့ ယုန်သားစပ်စပ်လေး စားချင်တယ်”

ယွင်ယောင်ကို သူမလိမ်ချင်သော်ငြား အမှန်တိုင်း ပြော၍လည်း မဖြစ်သောကြောင့် သူမကို ဟင်းချက်ခိုင်းပြီး မီးဖိုခန်းထဲ တွန်းပို့ကာ စကားစ ဖြတ်လိုက်သည်။

“ဝါး ရစ်ငှက် ယုန်နဲ့ငါးတွေပါလား … မမယောင် ကျွန်တော် ကြက်စွပ်ပြုတ် စားချင်တယ်။ ပြီးတော့ ကြက်သား ကြာရွက်ထုပ်၊ ကြက်သားအေး၊ ယုန်ဆားငန်ချက်၊ ယုန်သားစပ်စပ်၊ ယုန်သားပြုတ်၊ ငါးကြော်၊ ငါးခေါင်းတို့ဖူးဟင်း၊ ငါးနဲ့ဟင်းရွက်….”

ယွင်ချဲ့တို့ အိမ်ထဲမဝင်မီ အစားပုတ် ချူးဟောင်လင်း ရောက်လာသည်။ ပြောနေလျက်ပင် ဝမ်စူးဟွာ လက်ထဲမှ အရာများကို ငေးကြည့်နေသည်။ ယွင်ချဲ့၊ ယွင်ယောင်နှင့် ဝမ်စူးဟွာ တို့မှာ ချူးဟောင်လင်းကို ရယ်လျက် ကြည့်နေကြသည်။ သူနှင့်အတူ လိုက်လာကြသော ရှင်းဖုန်၊ ယန်းဟွိုင်အန်းနှင့် ကူးမင်ရွှမ်း တို့မှာ ပြန်လှည့်သွားပြီး ခဏအကြာမှ ပြန်လာရမလားဟု တွေးနေကြသည်။ ချူးဟောင်လင်းနှင့် အတူတူ လာရသည်မှာ အလွန်မျက်နှာပူစရာ ကောင်းလှသည်။

“စားချင်တယ်မလား ရော့ ဒါတွေ သန့်ရှင်းရေး သွားလုပ်လာခဲ့”

ယွင်ချဲ့လည်း ချက်ချင်းပင် ဝမ်စူးဟွာ လက်ထဲ ရှိသည်တို့ကို ချူးဟောင်လင်း လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကိုယ်စားချင်သည့် ဟင်းများကို စားလိုလျှင် တစ်ခုခုတော့ လုပ်ပေးရမည် မဟုတ်လား။ သူ့ကို အလုပ်များများ ပေးထားမှ စကားနည်းလိမ့်မည် ဖြစ်သည်။

“လုပ်ပေးမှာပေါ့ ကိုယ်တွေက ဒီလိုနေရာမှာ တော်ပြီးသား”

စားချင်တာသာ စားရမည်ဆိုလျှင် ချူးဟောင်လင်း မည်သည်ကိုမဆို လုပ်လိမ့်မည် ဖြစ်သည်။ မီးဖိုခန်းထဲသို့ ချူးဟောင်လင်း ဝင်သွားပြီးနောက် ယွင်ချဲ့ ပြန်လှည့်ကြည့် လိုက်ရာ ရှင်းဖုန်းကို တွေ့သွားသည်။

“ပြန်လာပြီပေါ့ .. မင်းကို မော့ဝမ်းယန် တစ်သက်လုံး ခေါ်ထားလိုက်ပြီ ထင်တာ”

“ငါအလုပ်ရှုပ်နေလို့ပါ”

အနားတွင် ယွင်ယောင် ရှိနေသဖြင့် ရှင်းဖုန်း ပရောပရီ မလုပ်ပေ။ ယွင်ချဲ့ သည်လည်း ယွင်ယောင်ကို သူတို့အကြောင်း မပြောပြရ သေးသောကြောင့် ပြုံးရုံပြုံးပြ လိုက်သည်။

“မမ ကျွန်တော်တို့ရဲ့ အရမ်း အလုပ်များတဲ့ ခေါင်းဆောင် ရှင်း အတွက် ဟင်းပူပူလေးတွေ ချက်ပေးလိုက်ပါဦး”

ယွင်ချဲ့ စနောက်ဟန်ဖြင့် ရှင်းဖုန်း အတွက် ဟင်းပွဲများ ပြင်ပေးရန် ပြောလိုက်သည်ကို ယွင်ယောင် ဘာကိုမှ မရိပ်မိဘဲ ခေါင်းညိတ်ပြကာ …

“အင်းပါ အေးဆေး စကားပြောကြဦး … မမလည်း အန်တီဝမ်နဲ့ ညစာ သွားပြင် လိုက်ဦးမယ်။ ချန်ချန် ရှောင်ပိုင်နဲ့ ကစားနေနော် ဦးဦးတို့ကို သွားမရှုပ်နဲ့”

ယွင်ယောင် မထွက်သွားမီ ချန်ချန်ကို မှာခဲ့လိုက်သည်။

“ဟုတ်”

ချန်ချန် ခေါင်းညိတ်ပြပြီး ရှင်းဖုန်းကို နှုတ်ဆက်ကာ ရှောင်ပိုင်ကို ချီလျက် အိမ်ထဲသို့ပြေးသွားလေသည်။

“အဲဒီမြေခွေး ဘယ်ကရတာလဲ”

“ပြောပြလို့မရတဲ့ လျှို့ဝှက်နေရာကနေ ယူလာတာ ကျွန်တော် ဒါတွေ မဖမ်းနိုင်တော့ရင် ခင်ဗျား ဖမ်းပေးမှာလား”

“ငါမင်းကို ဒါတွေတော့ မပေးနိုင်ပေမယ့် ငါ့ကိုယ်ငါပဲ မင်းကို ပေးနိုင်တယ်”

“ခင်ဗျားက ကျွန်တော့်အပိုင် ဖြစ်နေပြီးသားလေ မဟုတ်ဘူးလား”

“ဟား ချက်ကောင်းပဲ”

မြေခွေးလေးနှင့် ဆော့ကစားနေသော ချန်ချန်ကို ကြည့်လျက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ငြင်းခုံကြကာ အိမ်ထဲ ဝင်သွားကြသည်။ သူတို့၏ အချစ်ကျီစယ်မှုတို့ ယန်းဟွိုင်အန်းအား အနေခက်စေသဖြင့် ထသွားလေရာ ကူးမင်ရွှမ်း မလိုက်လာသဖြင့် ပြန်လှည့်သွားကာ မေးလိုက်သည်။

“ဘာတွေ ကြည့်နေတာလဲ ခေါင်းဆောင်က အထဲ ရောက်သွားပြီ”

“ဟမ် ဘာမှမဟုတ်ပါဘူး … ယွင်ယောင်က မိန်းမကောင်းလေးပဲလို့ တွေးနေတာ”

ကူးမင်ရွှမ်း မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ၏အတွေးကို ထုတ်ပြောကာ မီးဖိုခန်းထဲသို့ လှမ်းကြည့် လိုက်သည်။ ယွင်ယောင်သည် လှပကာ ကြင်နာတတ်ပြီး နူးညံ့သော မိန်းမကောင်းတစ်ယောက်ဟု ကူးမင်ရွှမ်း တွေးမိသည်။ သူမကို ပိုးပန်းရန် ကူးမင်ရွှမ်း တစ်ခါမှ မတွေးဖူးခဲ့သော်လည်း ယန်းဟွိုင်အန်းက ကျန့်ယာဖေးအား ပိုးပန်းရန် ပြင်နေသည်ဟု ကြားလိုက်သဖြင့် သူလည်း ကြိုးစားချင်မိသည်။ အတိတ်တွင် မည်သို့ပင် ဖြစ်ခဲ့ပါစေ မိန်းမကောင်းက ယောက်ျားကောင်း တစ်ယောက်ရရန် ထိုက်တန်ပါသည်။ ထို့အပြင် ချန်ချန် ကိုလည်း ကူးမင်ရွှမ်း အလွန်ချစ်ပြီး သူ၏သားအရင်း ဖြစ်စေချင်သည်ဟု ဆုတောင်းမိသည်။

“ဒါဆိုရင် မြန်မြန် လှုပ်ရှားတော့ .. ကျွန်တော် ကြားထားသလောက် ဆိုရင် ဒီစခန်းထဲမှာ ရှိတဲ့ စင်ဂယ် ကောင်လေးတွေက ချဲ့ မိသားစုက မိန်းကလေး နှစ်ယောက်ကို ပိုးပန်းနေကြတယ်တဲ့ .. ယောက်ျားလေးတွေလောက် နီးနီး သန်မာတဲ့ ယာဖေးနဲ့ယှဉ်ရင် မမယောင်က ပိုပြီး နာမည်ကြီးနေတယ် … သူက နူးညံ့ပြီး ကြင်နာတတ်တယ် ဆိုတာ လူတိုင်းသိတယ် ပြီးတော့ အချက်အပြုတ်ကလည်း သူမတူအောင် တော်တယ်ဆိုတော့”

ယွင်ယောင်အား ကူးမင်ရွှမ်း သဘောကျသည်ကို ယန်းဟွိုင်အန်း မအံ့ဩပေ။ အိမ်ထောင်ရှင်မ ပီသသော မိန်းကလေးမျိုးကို ကူးမင်ရွှမ်း သဘောကျတတ်ပြီး ယွင်ယောင်က ပို၍ သာလွန် နေသေးသည်။ ယွင်ယောင်သည် အိမ်ထဲတွင်သာ အနေများပြီး ကလေးကိုသာ ကြည့်ရှုစောင့်ရှောက် နေသကဲ့သို့ ကူးမင်ရွှမ်း သည်လည်း အိမ်ထဲတွင်သာ အလုပ် လုပ်ရသဖြင့် နှစ်ယောက်လုံး အိမ်တွင်းပုန်း ကြသူများ ဖြစ်သည့် အလျောက် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များ ရှိသင့်ပါပေသည်။

“ဟား ကြည့်ရတာ ငါတော့ ပြိုင်ဘက်တွေ အများကြီး ရပြီနဲ့တူပါတယ်”

ကူးမင်ရွှမ်း အိမ်ထဲဝင်သွားရာ စကားစလည်း ပြတ်သွားသည်။

“ဓာတ်ခွဲခန်းထဲက ဖုတ်ကောင်တွေ အကုန်လုံးကို ရှင်းပြီးပြီ ..စစ်တပ် .. အစိုးရနဲ့ ဓာတ်ခွဲခန်းက လူတွေလည်း သုတေသနအတွက် စွမ်းအားရှိတဲ့ သူတွေကို မဖမ်းတော့ဘူးဆိုတဲ့ အကြောင်း သဘောတူပြီး သွားကြပြီ … လိုချင်ရင် သူတို့သွေးကို လူကိုယ်တိုင် တောင်းရမယ် သေပြီးသား ဖုတ်ကောင်တွေကိုပဲ စမ်းသပ်ခွင့် ရှိတယ် အရှင်တွေ မဖမ်းလာရဘူး … အဲဒါကြောင့် ဒီရက်တွေအတွင်း ဓာတ်ခွဲခန်းက ရှေ့လျှောက် အစီအစဉ်တွေရော ပြင်ဆင်မှုလေးတွေရော လုပ်နေလို့ ငါလည်း အလုပ်တွေ များသွားတာ”

ဧည့်ခန်းတွင် အကုန် ထိုင်ကြသည့် အချိန်တွင် ရှင်းဖုန်းက စစ်တပ်ကို မည်သို့ ကူညီခဲ့ကြောင်း ပြောလေသည်။ အပြောမှာ လွယ်ကူသော်လည်း အဟန့်အတားမရှိ အောင်မြင်အောင်လုပ်ဆောင်ရန်က မလွယ်ကူပေ။

“အဲဒီသုတေသန အရူးတွေက လိုက်နာပါ့မလား”

ထိုသုတေသီများနှင့် ပတ်သက်၍ အကောင်း မမြင်ခြင်းက အချိန်တိုအတွင်း ပျောက်ကွယ်သွားမည် မဟုတ်သဖြင့် ယွင်ချဲ့ သံသယစိတ်နှင့် မေးလိုက်သည်။

“လိုက်နာရမှာပေါ့ သူတို့ အစီအစဉ်မှ မဟုတ်တာ”

ယွင်ချဲ့ ထံမှ ကုန်လုနီး ဆေးလိပ်ကို ယူကာ ရှင်းဖုန်း ဆက်ပြော လေသည်။

“ငါတို့တွေ ထုံယန်းမြို့မှာ ရှိတုန်းက အဆင့် ၃ ဖုတ်ကောင်တွေက နည်းနည်းပဲ ရှိတယ်။ ဓာတ်ခွဲခန်းလည်း ဆုံးရှုံးမှုတွေ များသွားပြီး သုတေသီ တချို့လည်း သေကုန်ကြတယ် .. သူတို့ကို သတ်ပြီး သတင်းဖုံးဖို့ စစ်တပ်က တော်တော် လုပ်လိုက်ရတာ သုတေသီတွေက ဘယ်လောက်ပဲရူးရူး လူတွေပဲဆိုတော့ ကြောက်မှာပဲလေ .. ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရင်း စစ်သားတွေလည်း အများကြီး သေသွားရတော့ စစ်တပ်လည်း အကြမ်းနည်း ကိုင်လိုက်ရတာပဲ။ သုတေသီတွေ ဘာတတ်နိုင်မှာလဲ အားကြီးတဲ့သူက အာဏာရှိမြဲပဲလေ”

အားကြီးသူက အာဏာရှိမြဲ ဆိုသောစကားမှာ အချိန်တိုင်း နေရာတိုင်းတွင် ကြားနေရတတ်ပြီး အခုကဲ့သို့ ကပ်ဆိုက် ခေတ်ပျက်နေသည့် အချိန်တွင် ပို၍ပင် ဆိုးဝါးနေသည်။ စစ်တပ်သာ ဒေါသပုန် ထလာလျှင် ဓာတ်ခွဲခန်းကို ဖျက်ဆီးနိုင်သည်။ စမ်းသပ်မှုများ မရှိတော့လျှင်လည်း ကိစ္စမရှိပေ။ အခုလက်ရှိ အခြေအနေမှာ လူသားများသည် အသက်ရှင်နိုင်ရန်က ပိုမို နည်းပါးလာပြီး မနက်ဖြန် ဘာဖြစ်မည်ကို မည်သူမှမသိနိုင်။ ခေတ်ပျက်ကြီးထဲတွင် ရူးသွားနိုင်သည်က သုတေသီများတင် မဟုတ်ပေ။

“ငါနားလည်ပြီ”

သုတေသီများ ဆုံးရှုံးမှု များပြားသဖြင့် နောက်ဆုတ် သွားသည်ဟု ယွင်ချဲ့ တွေ့လိုက်သည်။ ထို့နောက် ခဏစဉ်းစားကာ …

“ခင်ဗျား ပြောသလိုဆိုရင် စစ်တပ်က သူတို့ဘာသာ လုပ်လို့ရတာပဲ ခင်ဗျားကို ဘာလို့လိုမှာလဲ”

မော့စစ်တပ်အဖွဲ့မှ လွဲ၍ ကျန်သောနှစ်ခုက ရှင်းဖုန်းကို မယုံကြည်ပေ။ ထိုအဖွဲ့တို့က ရှင်းဖုန်းကို စခန်းနှင့် ပတ်သက်သော ကိစ္စများတွင် အလွယ်တကူ မပါစေချင်ပေ။

“ငါ့အစွမ်းကို လိုလို့လေ”

စစ်တပ်က တစ်ခုခုနှင့် ပတ်သက်၍ အတည်တကျ ဖြစ်လာလျှင် လက်စ အနည်းပင် မကျန်စေချင်ပေ။ မော့ဝမ်းယန်သည် ရှင်းဖုန်းတွင် စွမ်းအားသုံးမျိုး ရှိကြောင်းသိပြီး သူ့ထံတွင် အိပ်မွေ့ချနိုင်သည့် စွမ်းအားရှင် ရှိသည်ဟု ပြောပြီး ကျန်သော စစ်တပ်နှင့် အစိုးရကို သုတေသီများ စကားပြော လာသည်အထိ လုပ်ပေးမည်ဟု ပြောကာ ကတိပေးခဲ့သည်။ ထို့ကြောင့်ပင် မော့ဝမ်းယန်က ရှင်းဖုန်းကို လှမ်းခေါ်ခဲ့ခြင်း ဖြစ်သည်။

ရှင်းဖုန်းက သူ၏စွမ်းအားနှင့် သုတေသီများကို အိပ်မွေ့ချကာ သုတေသနများ ကို လူမသိအောင် လျှို့ဝှက် လုပ်ဆောင်နေလား ဆိုသည်ကို မေးရသကဲ့သို့ နောက်တစ်ဖက်မှာလည်း သဘောတူ ထားသည်ကို ဖျက်ဖောက်ခြင်းဖြစ်ဖြစ် ဖျက်ဖောက်သူကို တွေ့လျှင်ဖြစ်ဖြစ် သူတို့မသိရဘဲ သတင်းပေးမိလိမ့်မည် ဆိုသည်ကိုလည်း စိတ်နှင့် သဲလွန်စ ပေးခဲ့သည်။ ထိုမှသာ အားလုံး နောင်ရေးအတွက် တွေးပူနေခြင်းများ သက်သာ သွားရသည်။

“ခင်ဗျားရဲ့ စွမ်းအား”

ယွင်ချဲ့ စွေစောင်း ကြည့်တော့မှသာ ရှင်းဖုန်း သူ၏အစွမ်း အကြောင်း မပြောပြ ရသေးသည်ကို သိသွားသည်။

“အာ ငါ့မှာ စွမ်းအားသုံးခု ရှိတယ်ဆိုတာ ပြောဖို့မေ့နေတာ စိတ်ပိုင်း ဆိုင်ရာကလည်း ငါ့ရဲ့နောက် စွမ်းအားတစ်ခုပဲ ပြောရရင် ငါက အိပ်မွေ့ချနိုင်တယ်”

“ဗုဒ္ဓေါ…”

တကယ်ပဲ ရှင်းဖုန်း မတတ်နိုင်တာ ဘာများ ရှိသေးလဲ။
ယွင်ချဲ့သည် အစွမ်း ၃ ခု ရှိသည် ဆိုသော်လည်း ရှင်းဖုန်း နှင့်ယှဉ်လျှင် သိမ်ငယ် သွားသကဲ့သို့ ခံစားရသည်။ ယွင်ချဲ့မှာ မိမိတွင် စွမ်းအား ၂ ခုတည်း ရှိကြောင်းကို ကိုယ်တိုင် သိထားပြီး နယ်မြေရထားခြင်းက စွမ်းအားတစ်ခု မဟုတ်သဖြင့် ယွင်ချဲ့က ကိုယ့်ကိုယ်ကို အစွမ်း၂ ခုတည်းသာ ရှိသည်ဟု ပြောသည့်အခါ လူအများစုက သံသယ ဖြစ်ခဲ့သည်။ သို့သော် ရှင်းဖုန်းက အစွမ်း ၃ ခုရှိသော စွမ်းအားရှင် အစစ်အမှန်ဖြစ်ပြီး အဆင့် ၃ ပင် ရောက်နေလေပြီ။ ထိုအချက်က စွမ်းအားများစွာ ပိုင်ဆိုင်ထားသော ချန်ချန် ထက်ပင် ပို၍အံ့သြစရာ ကောင်းနေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset