YMR- အခန်း ၉၇

အခန်း (၉၇)

“ချဲ့”

အပင်၏ ပင်မနှလုံးသားကို ရသည်နှင့် ယွင်ချဲ့ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ယွင်ချဲ့ကို မျက်စိဒေါက်ထောက် ကြည့်နေသော ရှင်းဖုန်း အပြေးအလွှား ရောက်လာပြီး ယွင်ချဲ့ မြေပြင်နှင့် မထိရိုက်မီ အမြန် ဖမ်းဆုပ် နိုင်လိုက်သည်။

“မင်းတော်တော် ရူးမိုက်တာပဲ .. မင်းအားကုန်နေရင် ကုန်နေတဲ့အကြောင်း ကြိုသတိပေးလို့မရဘူးလား”

ယွင်ချဲ့ကို ဖက်ထားရင်း ရှင်းဖုန်း ကရုဏာ ဒေါသဖြင့် ပြောလေသည်။ ပင်ပန်း နွမ်းနယ်ခြင်းကြောင့် ယွင်ချဲ့ လဲကျရသည်မှာ ဒုတိယအကြိမ်ပင်။

“နောက်ဆို မဖြစ်တော့ဘူးလေ .. သန္ဓေပြောင်း အပင်တွေကို ဘယ်လို နှိမ်နင်းရမလဲဆိုတာ ခင်ဗျား သိသွားပြီပဲ .. နောက်တစ်ခါကျ ခင်ဗျားတို့ကို လွှဲထားလို့ ရပြီ”

ရှင်းဖုန်း ရင်ခွင်ထဲမှ ယွင်ချဲ့ အားနည်းစွာ ပြုံးပြလိုက်သည်။ အဆင့် ၃ နှင့် မလုံလောက်သေးပေ။ ယွင်ချဲ့မှာ စွမ်းအား များစွာကို အသုံးပြုထားရသည့် အပြင် ယခုတိုက်ခိုက်ခြင်း မတိုင်မီကလည်း ကောင်းမွန် လုံလောက်စွာ အနားယူထားခြင်း မရှိပေ။ သို့သော် သူတို့ ရင်ဆိုင်ခဲ့ရသည့် သန္ဓေပြောင်း အပင်က အဆင့် ၂ သာ ရှိသေးသည်။ အကယ်၍ အဆင့် ၃ နှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် များစွာသော သန္ဓေပြောင်း အပင်များနှင့် ရင်ဆိုင် ရသည့်အခါ သူခံနိုင်ရည် ရှိသည်ထက် ကျော်လွန်၍ လုပ်ပေးလျှင်တောင်မှ အောင်မြင်ရန် အခွင့်အရေး အလွန်နည်းသည်။ ထို့ကြောင့် သူတို့တွေ ပိုမို သန်မာလာရန် လိုအပ်သည်။

“အခုထိ ကြွားနေတုန်း”

ရှင်းဖုန်း ဘာမှ မလုပ်ပေးနိုင် သော်လည်း ယွင်ချဲ့ တင်ကို တစ်ချက်ရိုက်ကာ ဆူလိုက်ပြီး လမ်းလျှောက်နိုင်ရန် ဆွဲထူပေးလိုက်သည်။

“နည်းနည်းလောက် အားတင်းလိုက်ကြဉီး … ငါတို့တွေ အခြားတစ်နေရာမှာ နားမှဖြစ်မယ်”

ယွင်ချဲ့မှာ အားလျော့နေပြီး လန်ယဲ့ဟန်နှင့် ကျန်သော သူများမှာလည်း ခြေကုန်လက်ပန်းကျ နေကြလေသည်။ အားအင် ဖြည့်တင်းရန်နှင့် ကောင်းမွန်စွာ အနားယူရန် အတွက် တစ်နေရာတွင် နားနေရန် လိုအပ်ပြီး ဆေးရုံမှာ ရွေးချယ်၍ မသင့်တော်ပေ။ ပြင်ပလူနာဆောင် ပြိုကျသွားစဉ်က အတွင်း လူနာဆောင်မှ ဖုတ်ကောင်များစွာ ထွက်သွားကြသည့် အပြင် ဆေးရုံထံသို့ လာနေကြသော ဖုတ်ကောင်များလည်း ရှိနေသဖြင့် အပြင်ဘက်တွင် ဖုတ်ကောင် အများအပြား ရှိနေကြလိမ့်မည်။ ရှန်းရွေနှင့် လေတာ့ရှန်တို့ အဆင့် ၃ သို့ ရောက်သွားကြသည် ဖြစ်သော်လည်း ထိုနေရာတွင် ကြာကြာနေလျှင် သူတို့အတွက် ပို၍ အန္တရာယ်များ လိမ့်မည်။

“ဘယ်နေရာက ဖုတ်ကောင် အနည်းဆုံးရှိလဲ မင်းတွေ့ရလား”

အဖွဲ့သားအားလုံး ထလာကြပြီးနောက် ကျောက်ကောင်းနှင့် ရှန်းရွေက အရှေ့ဆုံးမှ ဉီးဆောင် သွားကြပြီး နောက်ဆုံးတွင် လေတာ့ရှန်က လိုက်ပါ စောင့်ကြပ်ပေးသည်။ ရှင်းဖုန်း ထိန်းကိုင် ပေးထားသော ယွင်ချဲ့၊ အလင်း စွမ်းအားရှင်နှင့် နယ်မြေ စွမ်းအားရှင်တို့မှာ အလယ်တွင်နေကြပြီး ကျန်းရှန်၊ ယိုသုန်းနှင့် အခြား အဆင့် ၂ စွမ်းအားရှင်၂ ယောက်က ဘယ်ညာ တစ်ဖက်စီတွင် လိုက်ပါ ကာကွယ် ပေးလေသည်။

“ဆေးရုံကို လာနေတဲ့ ဖုတ်ကောင်တွေ အများကြီး ရှိတော့ တခြား အနီးတစ်ဝိုက်မှာ သူတို့တွေမရှိသလောက်ပဲ … ပိုပြီးကပ်နေကြ”

တည်နေရာပြ ဇယားကိုကြည့်ကာ ယွင်ချဲ့ အားယူပြီး ပြောလိုက်သည်။ သူတို့ ထိုးစစ်ဆင်ရမည့် ဖုတ်ကောင်များ ဆေးရုံ ပြင်ဘက်တွင် ရှိနေကြသည်။

“ရှင်းဖုန်း ဒီတစ်ခေါက်တော့ ခင်ဗျား ကျွန်တော့်ကို စောင့်ရှောက် ပေးရတော့မယ် .. ကျွန်တော့်ကို တင်းတင်း ဖက်ထား”

ရုတ်တရက် လေထုအလွှာပါး တစ်ခုက သူတို့ကို လွှမ်းခြုံ ထားလိုက်သည်။

“ကျန်းရှန် လမ်းကိုရှင်း … သွားတော့”

ရှင်းဖုန်း အမိန့်ပေး လိုက်သည်နှင့် ကျန်းရှန် ရွှေဖဲကြိုးများ ထုတ်ကာ ဖုတ်ကောင်များကြား လျှောက်လမ်းတစ်ခု ဖြစ်သွားစေသည်။ ယွင်ချဲ့ကို ရှင်းဖုန်း ချီကာ အမြန်ပြေး သွားသဖြင့် အခြား သူများသည်လည်း တုံ့နှေးခြင်းမရှိ ရှင်းဖုန်း အနောက်မှ အပြေး လိုက်ကြလေသည်။ ကိုယ်ခန္ဓာ လှုပ်ရှားမှုမလိုသော ယွင်ချဲ့က အဖွဲ့သား အားလုံးကို ခြုံငုံမိစေရန် လေထု အလွှာကိုသာ အာရုံစိုက် ထိန်းချုပ် ထားသည်။

“ကျန်းရှန် .. ဘယ်ဘက်ကွေ့”

ဖုတ်ကောင်များ ကြားမှ လွတ်မြောက်သွားပြီး ယွင်ချဲ့ အားယူကာ အော်ပြောလိုက်သည်။ လေထုအလွှာမှာလည်း တဖြည်းဖြည်း မှိန်ပျလာရာ ယွင်ချဲ့ တမင်လုပ်ခြင်း မဟုတ်ဘဲ သူ၏အစွမ်းလျော့နည်းလာခြင်း ဖြစ်သည်။

ဂါး

“ဖယ်စမ်း”

သက်ရှိ အနံ့များ ရသည်နှင့် ဖုတ်ကောင်တို့မှာလည်း အငမ်းမရ ပြေးလိုက် လာကြသဖြင့် ကျန်းရှန်နှင့် ရှန်းရွေတို့က အရှေ့တွင် ပူးပေါင်း တိုက်ခိုက်ကြပြီး လေတာ့ရှန်နှင့် ယွီဝမ်းချင် တို့လည်း အတူတူ တိုက်ခိုက် နေကြသည်။ ဖုတ်ကောင်များ ရန်မှ ကာကွယ်ရန် အဖွဲ့သားများမှာ အကောင်းဆုံး ကြိုးစား တိုက်ခိုက် နေကြလေသည်။

“ငါတို့အရှေ့မှာ ကုန်တိုက် တစ်ခုရှိတယ် .. ဟိုင်ရွှမ်း ဂိတ်တံခါးဖွင့်လိုက်”

အရှေ့တွင် ငါးထပ်ရှိသော ကုန်တိုက် တစ်ခုကို အဝေးမှ လှမ်းမြင် လိုက်သဖြင့် ရှင်းဖုန်း အမိန့်ပေးလိုက်သည်။ သူတို့၏ စွမ်းအားနှင့် အင်အားတို့ကို ပြန်လည် အားဖြည့်ရန် လိုအပ်သည်။ နာရီပေါင်း များစွာကြာအောင် ပြင်းပြင်းထန်ထန် ကြိုးစား တိုက်ခိုက် နေရသဖြင့် သူတို့အားလုံး အလွန် ဆာလောင်နေကြပြီ ဖြစ်သည်။

ရှင်းဖုန်း ပြောသော နေရာကို ကျန်းရှန်နှင့် ရှန်းရွေတို့ လှမ်းကြည့် လိုက်ပြီး ကုန်တိုက်ဆီသို့ လမ်းကြောင်း ပြောင်းလိုက်ပြီးနောက် လုဟိုင်ရွှမ်းလည်း အရှေ့သို့ တက်လာခဲ့သည်။ ကုန်တိုက် အရှေ့သို့ ရောက်သည်နှင့် အခြားသူများ အနောက် လှည့်လိုက်ပြီး အနားကပ်လာသော ဖုတ်ကောင်များကို တိုက်ခိုက်လေသည်။ လုဟိုင်ရွှမ်းလည်း တံခါးသော့ကို ငုံ့၍ ဖျက်လေရာ သူ၏အစွမ်းဖြင့် သော့ကို အရည်ပျော် သွားစေသည်။ သို့သော် ….

“မင်း .. မင်းတို့က ဘယ်သူတွေလဲ”

တံခါးဆွဲ မလိုက်သည်နှင့် လူစကားသံတို့ကို ကြားလိုက်ရဖြင့် ရှင်းဖုန်း မော့ကြည့်လေရာ ယောကျ်ားမိန်းမ စုစုပေါင်း အယောက် ၃၀ ဝန်းကျင်ကို တွေ့လိုက်ပြီး သူတို့အားလုံး လူငယ်များ ဖြစ်ပုံပေါ်သည်။ သူတို့လက်ထဲတွင် ဓါးများ၊ စတီးပိုက်များကိုလည်း ကိုင်ထားကြသည်။ ရှင်းဖုန်းက တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေ လိုက်သည်။

“ငါတို့က အသက်ရှန် ကျန်ခဲ့တဲ့ သူတွေပါ … ဒီမှာ ခဏနားချင်လို့ .. မင်းတို့ကို အန္တရာယ်မပေးပါဘူး”

ထိုလူအုပ်က ဘာမှ ပြန်မပြော ရသေးချိန်တွင် ရှင်းဖုန်းမှာ ယွင်ချဲ့ကို ချီထားလျက် ဝင်လာခဲ့သည်။ ဟယ်ယုံယိနှင့် ရှုကျဲ တို့လည်း ထိုလူတို့ကို မကြည့်ဘဲ ဝင်လာခဲ့ပုံမှာ မာန်တက်နေခြင်းကြောင့် မဟုတ်၊ လှည့်ကြည့်ရန်ပင် အားမရှိခြင်းကြောင့် ဖြစ်သည်။ သူတို့မှာ အပြည့်အဝ ကာကွယ်ခံရသူများ ဖြစ်သော်လည်း ပြင်းထန်စွာ ကြိုးစား တိုက်ခိုက်ခဲ့ရသည့် အပြင် အပြင်ဘက်ရှိ ဖုတ်ကောင်များနှင့်လည်း ရင်ဆိုင်ခဲ့ရသဖြင့် မောပန်း နေကြလေသည်။

“မရဘူး … ဒီနေရာကို ငါတို့အရင် တွေ့ထားတာ .. ထွက်သွားကြ”

“ဟုတ်တယ် ထွက်သွား … မင်းတို့ကိုယ်ပေါ်က သွေးနံ့တွေကြောင့် ဖုတ်ကောင်တွေ ဒီဘက်ကို ရောက်လာ ကြလိမ့်မယ်”

“မင်းတို့က ငါတို့ကို သတ်ဖို့ ကြံနေတာလား ထွက်သွားကြ”

“ထွက် … ထွက်”

ကုန်တိုက်ထဲတွင် နေရာပိုင်စီး ထားသူများက သူတို့အပေါ် ဒေါသ ဖြစ်လာကြသည်။ ထိုလူငယ်တို့၏ မျက်နှာပေါ်တွင် ဒေါသနှင့် ကြောက်လန့်ခြင်းတို့ ဖြစ်ပေါ်နေသည်။ သူတို့ကိုယ်တိုင် အသက်ရှင်ရန် အတွက်ကိုသာ အာရုံစိုက်ကြပြီး ရှင်းဖုန်းနှင့် အဖွဲ့သားများက သူတို့အတွက် အရေး မပါသကဲ့သို့ပင်။ လူအနည်းစုကသာ ထိုလူငယ် အုပ်စုနှင့် မပူးပေါင်း ကြသော်လည်း တားဆီးခြင်းလည်း မရှိပေ။ သူတို့ မျက်လုံးများတွင် အကူအညီမဲ့ခြင်း အရိပ်အယောင်များ ပြည့်နေပြီး ကပ်ဘေးကြောင့် အသည်းမာ သွားခဲ့ကြပုံပင်။

ဒိုင်း ဒိုင်း ဒိုင်း

“အား”

“မင်းတို့တွေ သေချင်ကြလို့လား နောက်ဆုတ်နေ”

ရွှေကျည်ဆန်များနှင့် ကြမ်းပြင်ကို ပစ်လိုက်ပြီး ရှေ့တိုး လာကြသူများကို တားဆီး လိုက်သည်။ စက္ကန့်ပိုင်း အလွန်ကပင် ဒေါတကြီး ပြောဆို နေကြသော်လည်း ခဏလေးအတွင်း ကြောက်လန့်ခြင်းသို့ ပြောင်းလဲကုန်ပြီး အချို့ မိန်းကလေးတို့မှာ အော်ဟစ်ပြီး ငိုသူက ငိုကြကုန်သည်။ လုဟိုင်ရွှမ်းက ခြိမ်းခြောက်သည့်ပုံနှင့် ကြည့်လိုက်ပြီး ထိုလူအုပ် တိတ်ဆိတ် သွားအခါ ပစ္စတိုသေနတ် ပုံစံလုပ်ထားသော သူ၏ရွှေသတ္တု အစွမ်းကို ပြန်သိမ်း လိုက်သည်။ မီတာများစွာ ပတ်လည် အတွင်းရှိသည့် ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် ခဏအကြာတွင် လန်ယဲ့ဟန်က သူ၏အဖွဲ့ကို ဉီးဆောင်ကာ ကုန်တိုက်ထဲသို့ ဝင်လာခဲ့သည်။ လေတာ့ရှန်က နောက်ဆုံးမှ ဝင်လာပြီး တံခါးကို ပိတ်ထားလိုက်သည်။

သူတို့ထံမှ ညှီနံ့များ ရလိုက်ပြီး ကိုယ်ပေါ်တွင် သွေးများ ပေကျံနေသည်ကို တွေ့လိုက်သဖြင့် အဝေးသို့ ရွေ့သွားကြ သော်လည်း သတိကြီးကြီးနှင့် ကြည့်နေကြလေသည်။

“ကျန်းရှန်”

ထိုလူအုပ်မှာ လူငယ်အများစု ဖြစ်ကြပြီး ကျန်းရှန် ကလည်း နာမည်ကျော်ကြားသူ ဖြစ်သည့် အလျောက် တစ်ယောက်ယောက်က သူ့ကိုမှတ်မိ သွားလေသည်။ ထိုသူတို့လည်း အံ့အားသင့် သွားပြီး ကျန်းရှန်ကို ကြည့်လိုက်ကြသည်။ ကျန်းရှန်က သူတို့က မှုန်သုန်သုန် ကြည့်လိုက်ပြီး အဖွဲ့သားများ နောက်သို့ မောပန်းစွာ လိုက်သွားလေသည်။ တစ်နေ့လုံး သူဉီးဆောင် တိုက်ခိုက်ခဲ့ရသည့် အပြင် အလွန်အကျွံ သွေးထွက် ထားခြင်းကြောင့် အနားယူလိုက်သည့် အချိန်တွင် အလွန် အားယုတ် နေသည်ကို ခံစားလိုက်ရ သော်လည်း သူ၏တင်းခံထားသော စိတ်က သူ့ကို မတ်တပ်ရပ် နေစေသည်။

“ဒီမှာထိုင်နားလိုက် .. ရှန်းရွေ စားစရာ တစ်ခုခု ရှာလိုက်ဉီး”

ရှင်းဖုန်းက လူစုလူဝေးတို့ကို ဘယ်သောအခါမှ အထူးတလည် အာရုံမထားပေ။ ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သန့်ရှင်းသော နေရာကို တွေ့လိုက်သဖြင့် ယွင်ချဲ့ကို ချထားလိုက်သည်။ ထိုနေရာတွင် သူတို့ကြာကြာ မနေလိုဘဲ ယွင်ချဲ့ သက်သာသည်နှင့် ချက်ချင်း ထွက်သွားကြမည် ဖြစ်သည်။

“မရဘူး စားစရာက ငါတို့ဟာပဲ”

ရှင်းဖုန်း အဖွဲ့သားတို့ စားစရာ ရှာဖွေရန် လုပ်နေသည်ကို တွေ့လိုက်သည့်အခါ ထိုလူအုပ်က ပြန်လည် ဆန့်ကျင် လာပြန်သည်။ ရှန်းရွေလည်း ဂရုမစိုက်ဟန် စိုက်ကြည့်လိုက်ပြီး ကျောက်ကောင်း နှင့်အတူ စားစရာရှာရန် စားသောက်ကုန်တန်းသို့ ထွက်သွားကြသည်။ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နေပြီး သူတို့ကို အကြောင်းပြချက် ပေးရန် ပြောလိုသော်လည်း ရှင်းဖုန်း အဖွဲ့သားတို့ ကိုယ်ပေါ်မှ သွေးများကို မြင်ရသည့်အခါ မဝံ့မရဲ ဖြစ်ကုန်လျက် ကြောင်အအနှင့် ရပ်ကြည့် နေကြလေသည်။

ယန်းဟွိုင်အန်းနှင့် လေတာ့ရှန် တို့မှာ သူတို့ကဲ့သို့ လူစားများကို တွေ့ကြုံခဲ့ဖူးသဖြင့် အာရုံပင်မထားပေ။ သူတို့မှာ အားနည်း ကြသော်လည်း အလွန် လောဘကြီး ကြသည်။

“ကျွန်တော် မထုတ်ပေးနိုင်ဘူးလို့ ထင်နေတာလား”

နံရံကိုမှီကာ ထိုင်လျက် နေရာချ ထားပေးသော ယွင်ချဲ့က အလွန် အားအင်ချိနဲ့စွာ ပြောလေသည်။ ယွင်ချဲ့မှာ တစ်နေ့လုံး တိုက်ခိုက် နေခဲ့ရပြီး ကောင်းမွန်စွာ အနားယူခဲ့ခြင်း မရှိပေ။ အဆင့် ၃ က ကောင်းသော်လည်း အဆင့် ၂ ထက် အနည်းငယ် သာရုံမျှသာ ရှိပြီး စွမ်းအားမကုန် မမောပန်းနိုင်ဟု မဆိုလိုပေ။

“နယ်မြေကို ဖွင့်ရင်လည်း စွမ်းအား သုံးရမှာပဲ … ဒါက ကုန်တိုက်ပါ စားစရာ တစ်ခုခုရှိမှာ သေချာတယ်”

သူတို့အတွက် ယွင်ယောင် လုပ်ပေးထားသော အစားအသောက်များကို ယွင်ချဲ့ သူ၏ နယ်မြေတွင် သိမ်းဆည်း ထားသည်။ ရှန်းဖုန်းက ကုန်တိုက်ထဲတွင် ရှာစေသည်က ယွင်ချဲ့အား အစွမ်းမသုံးစေလို သောကြောင့်ပင်။

ယွင်ချဲ့ ငြင်းခုံရင်း အချိန်မဖြုန်း လိုသောကြောင့် လက်ကို ဝှေ့လိုက်ရာ ကြီးမားသော ဘူးကြီးတစ်ခု ပေါ်လာပြီး အထဲတွင် အသင့်စား ဘူးလေးများနှင့် ထုပ်ပိုးထားသည်။ ထိုဘူးများကို နယ်မြို့ကို သွားခဲ့စဉ် အချိန်က ကုန်တိုက်မှ သိမ်းယူလာခဲ့ခြင်း ဖြစ်သည်။ ထိုဘူးများမှာ အခြားသောနေ့လယ်စာ ဘူးများထက် သုံးရ လွယ်ကူသဖြင့် ထိုဘူးထဲသို့ အစားအစာများ ထည့်ပေးရန် ယွင်ယောင်ကို ယွင်ချဲ့ ပြောထားခဲ့သည်။

“၃ နာရီ ကျော်နေပြီ အစွမ်းထပ် မသုံးနဲ့တော့ .. နောက်တစ်နာရီ အတွင်း ငါတို့ထွက်မယ်”

ယွင်ချဲ့ မျက်နှာကို ရှင်းဖုန်း အသာဖျစ်ညှစ် လိုက်ပြီး သူ၏နယ်မြေထဲမှ ရေပုံးနှင့် ရေများ ယူထုတ်လိုက်ပြီး အဖွဲ့သားများကိုလည်း ထမင်း စားသောက်ရန်အတွက် လက်ဆေးကြောရန် ခေါ်လိုက်သည်။ ရှင်းဖုန်း တဘက် တစ်ခုကို ရေစိမ်လိုက်ပြီး ယွင်ချဲ့ကို မျက်နှာသစ်ပေးကာ သူ၏ ကတုံးခေါင်းကိုလည်း သန့်ရှင်း ပေးလိုက်သည်။

“ယွင်ချဲ့ ,.. တကယ်မင်းလား”

အံ့ဩစွာ အော်လိုက်သော အသံကို ကြားလိုက်ပြီး လူအချို့ သူတို့ထံ ပြေးလာ နေသည်ကို တွေ့လိုက်ရသည်။ လန်ယဲ့ဟန်နှင့် အဖွဲ့သားတို့လည်း ထမင်းစား ရပ်လိုက်ကြပြီး သတိနှင့်ကြည့်နေကြလေသည်။ အလွန် ရင်းနှီးနေသော အသံကို ကြားရပြီးနောက် ယွင်ချဲ့ မျက်လုံးဖွင့် ကြည့်လိုက်သည်။ သူခန့်မှန်းထားသည့် အတိုင်း သူ၏သူငယ်ချင်း ကျန်းယွမ်နှင့် အခန်းဖော်များဖြစ်နေလေသည်။

ထုံယန်းမြို့က ချွမ်မြို့နှင့် အလွန် ဝေးကွာသည်ကို သတိရလိုက်ပြီး ယွင်ချဲ့ အံ့ဩနေရာမှ သက်ပြင်းချကာ မေးလိုက်သည်။

“မင်းတို့ဒီမှာ ဘာလာလုပ် နေကြတာလဲ”

သူမှတ်မိရသလောက် ချွမ်မြို့တွင် အသက်ကယ် စခန်းများ များပြားစွာ ရှိနေလိမ့်မည်မှာ အသေအချာပင်။ ဒါဆိုရင် … သူတို့ အားလုံးက ဟွားတက္ကသိုလ် ကျောင်းသားကျောင်းသူများ ဖြစ်ကြလိမ့်မည်။ ထိုအတွေးက ရုတ်တရက် ဟန်မင်ကျယ်ကို မှတ်မိသွားစေပြီး မျက်တောင်တစ်ခတ် အချိန်တွင် သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာက ယွင်ချဲ့ ရှေ့သို့ ရောက်လာလေသည်။

“ယွင်ချဲ့ပဲ .. မတွေ့ရတာတောင် ကြာပြီ .. မင်းတက္ကသိုလ်က ထွက်သွားတယ်လို့ ကြားတော့ ငါ့မှာ စိတ်ပူနေခဲ့ရတာ .. မင်းကို ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး”

ကျန်းယွမ် ဘာမှပင် မပြောရသေးဘဲ နူးညံ့ချိုသာသော အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။ အရပ်ရှည်သွယ်သော ဟန်မင်ကျယ်က ထိုင်ချလိုက်ပြီး ယွင်ချဲ့နှင့် ရင်းနှီးစွာပြောဆိုလေသည်။ သူတော်ကောင်းယောင် ဆောင်ထားသည့် ပြောင်ချော်ချော် မျက်နှာထားနှင့် လူကိုကြည့်လိုက်ရာ သူ၏ မနှစ်မြို့ဖွယ် အတိတ်ဖြစ်ရပ်များကို ပြန်လည် မြင်လာမိလေသည်။

အခြားသူများ မူမမှန်ခြင်းတို့ကို သတိမမူ မိသော်လည်း ယွင်ချဲ့ ဘေးတွင် ထိုင်နေသော ရှင်းဖုန်းက တစ်ခုခု ပြောင်းလဲ သွားသည်ကို သိသာစွာ ခံစားလိုက်ရသည်။ ထို့အပြင် ထိုလူနဲ့ ယွင်ချဲ့ တို့မှာ တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်စွာ သိကြပုံရသဖြင့် ရှင်းဖုန်း၏ အကြည့်မှာ ပြောင်းလဲသွားပြီး ပုံစံမှာလည်း အေးစက်စက် ဖြစ်လာလေသည်။ ယွီဝမ်းချင်နှင့် အခြားသူတို့မှာ စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ်လမ်းကို စောင့်ကြည့် နေကြလေသည်။ ဒီကောင် ဘာကြောင့်နဲ့ ခေါင်းဆောင်၏ အချစ်ကလေးကို ထိရဲရတာလဲ။ ဒီလူသေချင်နေပုံ ရသည်။

“ဘာဖြစ်တာလဲ ဒါက သုံးပွင့်ဆိုင်လား … တစ်ယောက်ယောက်က ယွင်ချဲ့ကို ငါတို့ခေါင်းဆောင်ဆီက လုသွားတော့ မလို့လား”

ကျိုးဇယ်ယွီလည်း အေးစက်သွားသော အခြေအနေကို ခံစားမိပြီး လုဟိုင်ရွှမ်းနှင့် ကျန့်ယာဖေးတို့ အနောက်သို့ ကပ်နေလိုက်သည်။ သူ့အသံမှာ တိုးသော်လည်း ကျန့်ယာဖေး ကောင်းစွာ ကြားရသည်။ သို့သော် စိတ်မဝင်စားဟန်နှင့် သူတို့ ဘာမှ မသိကြောင်းပြကာ ထိုကိစ္စတွင် မပါဝင် လိုကြသဖြင့် ထိုင်လျက် ကြည့်နေကြလေသည်။ ကျန်းရှန်မှာ ယွင်ချဲ့ ထံသို့ ပြေးလာကြ သူများကိုသာ စိုက်ကြည့် နေလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset