YMR- အခန်း ၉၆

အခန်း (၉၆)

၁၀ ထပ် အမြင့်ရှိသော ပြင်ပလူနာဌာန အဆောက်အအုံကြီး ပြိုကျခြင်းက အလွန် ချောက်ချားဖွယ် ဖြစ်သွားစေသည်။ ဆေးရုံထဲရှိ ဖုတ်ကောင်များ သာမက အနီးပတ်ဝန်းကျင် ကလည်း အသံကြားရာကို အာရုံစိုက် သွားကြသည်။ ဖုန်နှင့် အပျက်အစီးများ ကြားတွင် အရောင်စုံရောင်စဉ်တန်းများ တောက်ပနေပြီး အရောင် ၂ ခုက အလွန် ထင်းနေသည်။

အဟွတ် အဟွတ်

“ချီး… ကျန်းရှန်နဲ့ နေရာလဲလိုက် … အလင်း… အလင်းဘယ်မှာလဲ … ကုသပေးဖို့ အသင့်ပြင်ထား”

ဘုန်း ဘုန်း ဘုန်း

ဖုန်မှုန့်များ ပျောက်စင် သွားသည်နှင့် လေထဲတွင် ဝှေ့ယမ်းနေပြီး မြေပြင်တွင် ရိုက်ပုတ်နေသည့် တစ်ဒါဇင်ထက် ကျော်သော သစ်ပင် အမြစ်များကို တွေ့လိုက်ရသည်။ ကျန်းရှန်မှာ သွေးများနှင့် ပေကျံ နေသော်လည်း ရွှေဖဲကြိုးများကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက် ဉီးဆောင်နေသည်။ ကျန်းရှန်မှာ အလင်း၏ အလျင်နှုန်းနှင့် ရွေ့လျားနေသည့် အခါ သူ၏ ဖဲကြိုးများမှာလည်း အဖွဲ့သားများထံ ဉီးတည်နေသော သစ်မြစ်များကို တားဆီး ပေးနေသည်။ မီးစွမ်းအားရှင် ရှန်းရွေက ကျန်းရှန် ဘေးမှ ကူညီ တိုက်ခိုက်ပေးသည်။ အရှုံးသမား အဖွဲ့၏ မြေစွမ်းအားရှင် ဖြစ်ကြသော လေတာ့ရှန်၊ ဖုန်းကျိကျန်းနှင့် ကျူးဇီယွိတို့မှာ ထိခိုက် အနာတရ ရှိကြသော်လည်း တိုက်ခိုက်ရန် မတွန့်ဆုတ်ကြပေ။

“သေစမ်း… ရိဖန် .. အလင်းနဲ့ နယ်မြေ စွမ်းအားရှင်တွေကို ကြည့်ထား … ဝေ့မင်နဲ့ ငါက ကျန်းရှန် နေရာဝင်ယူ လိုက်မယ်”

ရှုကျဲနှင့် အရှုံးသမား အဖွဲ့၏ နယ်မြေ စွမ်းအားရှင်များကို ကာကွယ် ပေးနေရသော ဟယ်ယုံယိ အပျက်အဆီး ပုံကြားမှ ထလာခဲ့သည်။ ယိုသုန်းလည်း နာကျင်နေသည့်တိုင် သူ၏ဓါးနှစ်ချောင်းကို တိုက်ခိုက်ရန် ပြင်လိုက်ပြီး ရေခဲစွမ်းအားရှင် ချန်းဝေ့မင် နှင့်အတူ ထိုသစ်မြစ်တို့ကို ရင်ဆိုင်လေသည်။ သစ်မြစ်များကို ခုတ်ပိုင်း ပြီးနောက် ကျန်းရှန် အနားသို့ ရောက်လာကြသည်။

“ကျန်းရှန် … ကျန်းရှန် … မင်းကုသဖို့ လိုတယ် အမြန်ထွက်ခဲ့ .. ဒီသန္ဓေပြောင်း အပင်ကို ငါတို့အချိန်ဆွဲ ထားလိုက်မယ်”

ဟုတ်ပါသည်၊ ထိုသစ်ပင်မှာ သန္ဓေပြောင်း အပင်တစ် ဖြစ်နေသည်။ သူတို့၏ဆေးစုဆောင်းတာဝန်တွင် အဆင့် ၃ ဖုတ်ကောင်တစ်မှမတွေ့ရဘဲ ဆေးခန်း၂ခုကိုပင် ပြီးမြောက်အောင်ရှာဖွေနိုင်ခဲ့သည်။ သို့သော် ရှင်းဖုန်းတို့နှင့် ပြန်လည် စုစည်းပေါင်းဆုံရန် နေရာသို့ မထွက်ခွာမီ ထိုကြီးမား ထူထဲလှသည့် အမြစ်များက မြေပြင်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်။ အစပိုင်းတွင် ကြောင်အနေခဲ့သော်လည်း အတွေ့အကြုံ ရှိထားပြီးသော ရှန်းရွေ ကြောင့် သတိပြန်ကပ်ကာ ရှန်းရွေ၏ လမ်းညွှန်းချက်နှင့် ထိုအမြစ်များကို တိုက်ခိုက်ခဲ့သည်။

သို့သော် ထိုအမြစ်များမှာ အားသန်မာရုံ သာမက စိတ်စွမ်းအားလည်း ရှိနေပုံရသည်။ မြေပြင်ထဲသို့ ဝင်သွားကြပြီး အခြား တစ်နေရာမှ ပြန်လည် ထွက်ပေါ် လာကြသည့်အပြင် အခြားနေရာများသို့လည်း စွမ်းအားများ ပစ်လွှတ်ကြရာ ကျန်းရှန် ကိုပင် ထိခိုက် သွားစေခဲ့သည်။ ပြင်ပလူနာ အဆောက်အအုံ၏ အုတ်မြစ်ကို ဖျက်ဆီး ပစ်လိုက်သည့်အခါ ထိုအဆောက်အအုံမှာ ပြိုကျ သွားလေသည်။ အကယ်၍ ထိုနေရာမှ မထွက်လာနိုင်ခဲ့လျှင် သူတို့သေကြေ သွားကြလိမ့်မည်။

“မလာဘူး”

ကျန်းရှန်၏ ပခုံး၊ ခါးနှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရနေပြီး သွေးများ တစိမ့်စိမ့်ထွက်နေသည့်တိုင် ကျန်းရှန်က ထွက်လာရန် ငြင်းဆန်နေပြီး သစ်မြစ်များကိုသာ အာရုံထားကာ သူ၏ဖဲကြိုးများကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက် သစ်မြစ်များကို တိကျသော တိုက်ခိုက်ချက်များနှင့် ရုန်းကန် တိုက်ခိုက်နေသည်။ သစ်မြစ်အချို့ကို ဖျက်ဆီး ပစ်နိုင်ခဲ့သဖြင့် အခုအချိန်မှ ရပ်တန့်လိုက်လျှင် သူ၏စွမ်းအားများ အလဟဿ ဖြစ်သွားလိမ့်မည်။

“ဒါပေမယ့် မင်းဒဏ်ရာရတာ များနေပြီ .. အခု နောက်မဆုတ်ရင် မင်းသေလိမ့်မယ်”

“မင်းဘာလုပ်နေတာလဲ… မင်းနေရာကို ပြန်လာပြီး အမြန်လာကုလိုက်”

ယိုသုန်းနှင့် ချန်းဝေ့မင်တို့မှာ အရှုံးသမားအဖွဲ့မှ ဖြစ်သောကြောင့် အမိန့်ပေးသည့် လေသံနှင့် မပြောကြသော်လည်း ရှန်းရွေ အမိန့်ပေးကာ ပြောလိုက်သည်။ ကျန်းရှန် အားနှင့် ထိန်းချုပ်နေသော သစ်မြစ်များ အနားသို့ ကပ်သွားကာ ပြောလိုက်သော်လည်း ကျန်းရှန်က ခေါင်းမာနေဆဲပင်။ မည်သူကိုမှ တုံ့ပြန်ပြောဆိုခြင်း မရှိဘဲ ကျန်းရှန်မှာ သစ်မြစ်များနှင့် ဆက်၍ တိုက်ခိုက်နေလျက်ရှိသည်။ ရှန်းရွေ ကျိန်ဆဲမိလုနီးပါး ဖြစ်သွားချိန်တွင် ယွင်ချဲ့ ပြောခဲ့သော စကားကို သတိရသွားပြီး အော်ပြောလိုက်သည်။

“ယဲ့ရှင်းချန်ကို မင်းအသက်ရှင်လျက် ပြန်တွေ့ချင်လား မတွေ့ချင်ဘူးလား”

ဘတ်စ်ကားပေါ်တွင် ရှန်းရွေအား ယွင်ချဲ့ ပြောခဲ့သည်က ‘တကယ်လို့ ကျန်းရှန် တားဆီးမရတဲ့အထိ ဖြစ်လာရင် ယဲ့ရှင်းချန် နာမည်ကိုသာ အော်လိုက် သူနားထောင်လိမ့်မယ်’ ဟူ၍ပင်။ သို့သော် သူက မဖြစ်နိုင်ဟု တွေးကာ ထိုအကြောင်းကို အရေးတယူ မရှိခဲ့ပေ။ သို့သော် ယခုချိန်တိုင် ကျန်းရှန် က နားထောင်မလား မနားထောင်လားဆိုသည်ကလည်း မသေချာပေ။ လူတစ်ယောက်က တစ်စုံတစ်ခုနှင့် အနီးကပ် တိုက်ခိုက်နေလျှင် အခြားသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အင်အားကြီးကာ ခေါင်းမာသူ တစ်ယောက် ဖြစ်သွားတတ်သည်။

“ဟင်”

ခဏရပ်တန့် သွားပြီးနောက် ကျန်းရှန်လည်း ဖဲကြိုးများကို ရုပ်သိမ်းကာ တိုက်ပွဲထဲမှ ထွက်လာခဲ့သည်။

“ဘုရားသခင် …”

ကြောင်အ အဖြစ် သွားသော ရှန်းရွေက အသံတိတ် ကျိန်ဆဲလိုက်ပြီး ယိုသုန်းနှင့် ချန်းဝေ့မင် တို့လည်း မည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။ ကျန်းရှန် ပြောင်းလဲ သွားပုံမှာ လျင်မြန်ပြီး ရုတ်တရက် ဆန်လှသည်။ ထို့အပြင် မထွက်လာမီ ကြိုပြောသင့် သော်လည်း မပြောဘဲ ထွက်လာခဲ့သည်။

“ကုပေးလိုက်ဉီး”

မည်သို့ဖြစ်ဖြစ် ဒဏ်ရာအများဆုံး ရထားသူ တစ်ယောက်ကိုတော့ ခေါ်ထုတ် လာနိုင်ခဲ့ပြီ။ အလင်း စွမ်းအားရှင်နှင့် နယ်မြေ စွမ်းအားရှင်တို့ကို ကာကွယ် ပေးနေသော ရွှီရိဖန်က အော်ပြောလိုက်သည်။ ရှုကျဲ ကြောက်လန့်နေပြီး သူ့ထံ လျှောက်လှမ်း လာနေသော ကျန်းရှန်ကိုသာ မှုန်သုန်သုန် စိုက်ကြည့်နေသည်။ သူ့အရှေ့သို့ ကျန်းရှန် ရောက်လာသည့်တိုင် ဘာမှမလုပ်ဘဲ ကြည့်နေမိသည်။

“ဘာတွေ စိုက်ကြည့်နေတာလဲ … ကုပေးလိုက်လေ”

နယ်မြေ စွမ်းအားရှင် ဖြစ်သော ဟယ်ယုံယိက အော်ပြော လိုက်သည်။ ထိုကြောက်တတ်သော ငအလေးသာ အရှုံးသမား အဖွဲ့၏ ကုသသူ တစ်ယောက် ဖြစ်နေပါက ဆူဆဲပစ်လိုက်မည် ဖြစ်သည်။ ကျန်းရှန်မှာ သူတို့ အဖွဲ့ထဲတွင် အတော်ဆုံးဖြစ်ပြီး ပြန်ဆုတ်လာသည့် အချိန်တွင် သူတို့အတွက် အံ့ဩထိတ်လန့်ဖွယ် ကောင်းသော ခံစားချက်ကို ရလိုက်ကြသည်။ အကယ်၍ သူသာ ကျဆုံး သွားခဲ့လျှင် သူတို့အားလုံး အပင်၏အစာ ဖြစ်သွားကြလိမ့်မည်။

ကုသပေးခြင်းကို အလျင်အမြန် လိုအပ်နေသော ကျန်းရှန်သည် ရှုကျဲအား ငေးကြည့်နေပုံမှာ အိမ်မွေး တစ်ကောင်က အစာမျှော်နေခြင်းနှင့် တူနေသည်။ ပြီးခဲ့သည့် အချိန်က ကြမ်းတမ်းခက်ထန်နေသောပုံစံနှင့် လားလားမှ မတူတော့ပေ။

“အင်း .. ကျွန်တော် ..”

ရှုကျဲ သတိပြန်ကပ် လိုက်သော်လည်း သူ၏အကြည့်များက ထွေပြား နေသေးသည်။ ထိုနေရာမှ သူချက်ချင်း ထသွားချင် သော်လည်း ထိုနေ့က ယွင်ချဲ့ မည်သို့ ပြောဆိုခဲ့ခြင်းနှင့် သူ့အား ဓါးနှင့်ရွယ်ခဲ့ခြင်းကို မှတ်မိသွားလေသည်။

“ကျွန်တော်ကုပေးမယ်”

ရှုကျဲ ရှေ့သို့တိုးကာ ကျန်းရှန်ကို ကုသပေးလိုက်သည်။ ယွင်ချဲ့အား မကုသပေးရဲသည် အထိ ယွင်ချဲ့ကို ရှုကျဲ အလွန် ကြောက်သွားသည်။

“သန္ဓေပြောင်း အပင်ပဲကိုး”

ရှုကျဲ ကံကောင်း သွားသည်လား၊ ယွင်ချဲ့ အနည်းငယ် နောက်ကျ သွားသည်လားပင် မသိတော့။ ရှုကျဲ စတင်ကုပေးသည့် အချိန်တွင် အပေါ်မှ ယွင်ချဲ့ ဆင်းလာခဲ့သည်။ ရှုကျဲ လက်များ တုန်ယင်ကာ နှုတ်ခမ်းတို့လည်း တွန့်ချိုးသွားပြီး ယွင်ချဲ့က သူ့ကို ကြည့်နေကြောင်း သတိထားမိ လိုက်သည့်အခါ ကုသစွမ်းအားကို ပို၍ တိုးမြှင့်လိုက်သည်။

“ခေါင်းဆောင် ယွင်”

“ချဲ့”

အားအင် ကုန်ခန်း လာသည့် အဖွဲ့သားများ ယွင်ချဲ့ကို တွေ့လိုက်သည်နှင့် စိတ်လှုပ်ရှားကာ စိတ်သက်သာရာ ရသွားလေသည်။

“မင်းတို့တွေ ခက်ခက်ခဲခဲ တိုက်နေကြတာပဲ .. အခု ငါပြောတာ နားထောင်တော့ တိုက်နေရာကနေ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်လိုက်”

သန္ဓေပြောင်း အပင်များအား မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို ယွင်ချဲ့ ကောင်းစွာ သိသည်။ သူ၏သေးသွယ်သော ခန္ဓာကိုယ်မှာ အမြစ်များ ရှုပ်ထွေးနေသည့် ကြားမှ အလွယ်တကူ တိုးလျှိုး ဝင်ရောက်သွားသည်။ အမြစ်များကို တိုက်ခိုက်ခြင်း မပြုဘဲ ပင်စည်၏ အလယ်တွင် အမှတ်တစ်ခုကို အဝေးမှရပ်ကာ ထုထွင်း လိုက်သည်။ ရိုက်ခတ်မှုများက ပင်စည်အခေါက်ကို ထိခိုက်သွားခြင်း မရှိသော်လည်း တစ်နေရာတည်းကိုသာ ထပ်ခါထပ်ခါ အမှတ်အသား လုပ်နေလေသည်။

“မီး .. မြေ နောက်ဆုတ်နေ .. ရွှေ .. ရေခဲ ဒီအမှတ်ကို ငါနဲ့အတူ လိုက်ပစ်ထား”

အမြစ်တစ်ခုမှ တစ်ခုသို့ လျင်မြန်စွာ ခုန်ကူးရင်း အမိန့်ပေးကာ အပင်ကို စတင် တိုက်ခိုက်ကြလေသည်။ လျှပ်စီးလိုင်းများသည် ထိုအမှတ် တစ်နေရာတည်းကိုသာ ပစ်ခတ် နေကြသည်။ ယိုသုန်း နှင့် ချန်းဝေ့မင် တို့လည်း ယွင်ချဲ့၏ နည်းလမ်းကို နားလည် သွားသကဲ့သို့ အမြစ်များကို မတိုက်ခိုက်တော့ဘဲ ပင်စည်ပေါ်ရှိ အမှတ်ကိုသာ ကျည်ဆန်များ၊ ရေခဲစများဖြင့် တရစပ် ပစ်ခတ် နေလေသည်။ မီးစွမ်းအားရှင် ရှန်းရွေက နောက်ဆုတ်သွားပြီး အားအင် ဖြည့်တင်းရန် အမြုတေများကို စုပ်ယူလျက် ကုသမှုခံယူရန် စောင့်နေချိန် အမြစ်များကို ကိုယ်တိုင် ခုတ်ဖြတ်နေသော ယွင်ချဲ့ကို တွေ့လိုက်သည်။

“ချဲ့”

မိနစ်များစွာ ကြာပြီးနောက် အဆောက်အအုံထဲမှ လန်ယဲ့ဟန်နှင့် အခြားသူများ ထွက်လာပြီး သူတို့အနား ရောက်လာသည်။ အမိန့်မရဘဲ အမြစ်များကို ရှင်းလင်းရန် ပြေးလာချိန်တွင် ယွင်ချဲ့ အော်ပြောလိုက်သည်။

“မလာကြနဲ့ တာဝေး တိုက်ခိုက်တာ တစ်မျိုးပဲ ရှိတဲ့လူ အရေအတွက်အတိုင်း သန္ဓေပြောင်းအပင်ရဲ့ အမြစ်တွေက ပြောင်းလဲသွားတာ လူများများ ကပ်လေ ပြောင်းလဲတာ ပိုများလေပဲ … အမြစ်တွေကို ငါဖြတ်နိုင်တယ် ပင်စည်ကွဲတဲ့ အထိ အမှတ်အသားကိုပဲ သေချာပစ်ကြ သူရဲ့ပင်မနှလုံးကို ဆုံးရှုံးသွားတာနဲ့ လှုပ်ရှားနေတာတွေလည်း ရပ်သွားလိမ့်မယ်”

သန္ဓေပြောင်း အပင်မှာ သူ၏အစွမ်းကို ကမ္ဘာမြေမှ ရသဖြင့် သာမန် တိုက်ခိုက်မှုများနှင့် မရှင်းလင်းနိုင်ပေ။ ပင်စည်၏ အလယ်တွင် ရှိသော ပင်မနှလုံးကို ယူထုတ်နိုင်မှသာ အမြစ်ပြတ် ရှင်းနိုင်လိမ့်မည် ဖြစ်သည်။

“ချဲ့ မင်း ငါတို့ကို ကြိုပြောထားပါလားလို့”

ကျိုးဇယ်ယွီ နောက်ဆုတ်ကာ ညည်းတွားလိုက်သည်။ သူနှင့်ယှဉ်လျှင် လန်ယဲ့ဟန်နှင့် ကျန်သော နှစ်ယောက်က ပို၍တည်ငြိမ် တိတ်ဆိတ်သေးသည်။ အမြစ်များနှင့် ဝေးရာတွင်နေလိုက်ပြီး ယွင်ချဲ့၏ လျှပ်စီးအားကို ကြည့်ထားလျက် လိုအပ်ပါက ယွင်ချဲ့ကို ကူညီပေးရန် သူတို့အစွမ်းကို အသင့်ပြင် ပေါင်းစည်း ထားလိုက်သည်။

ချိုးဖဲ့ရန် ခက်ခဲလှသော ပင်စည်ကြီးက စွမ်းအားများ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် စတင် ကျိုးပဲ့လာပြီး အလွန် ဆိုးဝါးလှသော အနံ့အသက်မှာလည်း လေထုထဲသို့ ပျံ့နှံ့လာခဲ့သည်။ ပင်စည်အခေါက် ကွာကျသွားသည်နှင့် အစိမ်းရင့်ရင့် အကျိအချွဲများက သွေးစီးသကဲ့သို့ စီးကျလာသည်။

“ဆက်လုပ်ထား .. အလွှာသုံးခု ကျန်သေးတယ်”

“ဘယ်လိုတောင်လဲ”

ပင်စည်အခေါက် ၃လွှာ ကျန်သေးသည်ဟု ယွင်ချဲ့ ပြောလိုက်သည်နှင့် အံ့ဩသွားသကဲ့သို့ စိတ်ဓာတ် ကျသွား ရလေသည်။ ပထမတစ်လွှာနှင့် မောပန်း နေကြပြီး ကျန်သော ၃ လွှာကို ဆက်၍ တိုက်ခိုက် ရမည်ဆိုပါက သူတို့ လဲကျသွားလိမ့်မည်။ ထိုအပင်မှာ သန္ဓေပြောင်း အပင်မဟုတ်၊ မိစ္ဆာအပင် ဖြစ်လိမ့်မည်။ အဆင့် ၃ ဖုတ်ကောင်များထက် ပို၍ သန်မာနေသည်။

“ချဲ့”

“မိနစ်ပိုင်း ကြာပြီးနောက် ယွီဝမ်းချင်နှင့် ကျန်သည့် ၂ ယောက်လည်း ရောက်လာကြသည်။ လန်ယဲ့ဟန် တို့ကဲ့သို့ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိစေရန် ယွင်ချဲ့ ဖျတ်ခနဲ ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဝမ်းချင် .. လန်ယဲ့ဟန်နဲ့ တခြားသူတွေကို ကျန်းရှန် သက်သာလာတဲ့ အထိ တစ်နေရာကိုခေါ်သွားလိုက်။ ဒါကိုတိုက်ခိုက်ဖို့ ခဏနေ လူချိန်းကြမယ် … ရှန်းရွေ .. လေတာ့ရှန် ခင်ဗျားတို့ အဆင့် ၃ ကို ရောက်ကြတော့မယ် ဖုတ်ကောင်တွေ ရှာပြီး အဆင့်တက်အောင် လုပ်ထားလိုက် … ကျန်တဲ့သူတွေက အလင်း စွမ်းအားရှင်နဲ့ နယ်မြေ စွမ်းအားတွေကို ကာကွယ်ထား ပြီးရင် အလင်းစွမ်းအားနဲ့ ပြန်ကုသထားလိုက်”

“ကောင်းပြီ”

အဖွဲ့အတွက် ယွင်ချဲ့ တခြား ပြောဆိုပေးရန် မရှိတော့ပေ။ အမြစ်များကို တိုက်ခိုက် ရှင်းလင်းနေချိန်တွင် တာဝေး တိုက်ခိုက်ရန် အတွက်လည်း အာရုံစိုက် နေရသောကြောင့် တာဝန်ယူ ထားရသည်က များပြားနေသည်။ ယွီဝမ်းချင်နှင့် သူတို့၏ အဖွဲ့သားတို့မှာ တွေ့ကြုံထားပြီးသော သူများဖြစ်ကြသဖြင့် ယွင်ချဲ့ စကားဆုံးသည်နှင့် ဘေးမှရပ်ကာ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို သေချာကြည့် နေလိုက်ကြသည်။ ကျန်းရှန် ကုသမှု ခံယူပြီးသည်နှင့် သူတို့လေးယောက် ထွက်လာပြီး လန်ယဲ့ဟန် တို့နှင့် နေရာလဲလိုက်သည်။

သူတို့သည် အချိန်ဖြုန်း မနေကြဘဲ အမြုတေများကို စုပ်ယူကာ စွမ်းအားများကို မြန်နိုင်သမျှ မြန်စွာ ဖြည့်တင်း နေကြလေသည်။

ပင်စည် အခေါက်များ ကွာလာလေ အနံ့အသက်က ပိုဆိုးဝါး လာလေပင်။ အပင်မှ များပြားစွာ ကျဆင်းလာသည့် သစ်အစ များမှာလည်း အစိမ်းရင့် အကျိအချွဲများထဲတွင် ရောနှောကုန်သည်။

“နောက်ဆုံးအလွှာပဲ”

ငါးကြိမ်မြောက် လူချိန်းကျပြီးနောက် စိတ်တက်ဖွယ် သတင်းကို ကြားလိုက်ကြသည်။ ထိုအချိန်တွင် ရှင်းဖုန်းနှင့် ကျောက်ကောင်း တို့လည်း ဓါတ်ခွဲခန်းများမှ အောက်သို့ ဆင်းလာခဲ့ကြသည်။ ကျောက်ကောင်းလည်း ပါဝင် တိုက်ခိုက်ရန် မဖြစ်နိုင်သဖြင့် ဝင်ရောက် မစွပ်ဖက်တာ့ဘဲ ဖုတ်ကောင်များကို ရှင်းလင်းရန် ထွက်သွား လိုက်သည်။ ရှင်းဖုန်းလည်း သူတို့ကို ကြည့်ကာ တိတ်တဆိတ်နှင့် အပင်ကို တိုက်ခိုက် နေလေသည်။

“လူမချိန်းနဲ့တော့ အားလုံး အတူတူပစ်ကြ ငါကြာကြာ မထိန်းနိုင်လောက်တော့ဘူး”

ယွင်ချဲ့ အသံမှာ အားကုန်နေပုံ ရသည်။ ယွီဝမ်းချင်နှင့် အခြား သူတို့မှာလည်း စွမ်းအားများကို ပြန်လည် မဖြည့်တင်းတော့ဘဲ အားကုန် ပစ်ခတ်လေသည်။ အလှည့်ချိန်းရန် လာသော လန်ယဲ့ဟန်လည်း နောက်မတွန့်ဘဲ ပူးပေါင်း လိုက်သည်။ သူတို့အားလုံး ပင်စည်၏ အားနည်းချက်ကို ခက်ခဲစွာ ကြိုးစား ပစ်ခွင်း နေကြလေသည်။

ဘုန်း

“ရပ်တော့”

နောက်ဆုံးတွင် အပင်မှာ ခံနိုင်ရည် မရှိတော့ဘဲ အက်ကွဲများစွာ ထွက်ပေါ် ပြီးနောက် လဲကျသွားလေသည်။ ယွင်ချဲ့ သူ၏အဖွဲ့သားတို့ကို ရပ်ရန် ပြောလိုက်ပြီး ကိုယ်တိုင်မှာ ရှုပ်ထွေးနေသော အမြစ်များပေါ်မှ ဖြတ်ကာ ကျိုးပဲ့နေသော ပင်စည်နားသို့ သွားလိုက်သည်။ ထို့နောက် ဥအရွယ်ရှိ ကြည်လင် တောက်ပနေသည့် ပန်းနုရောင် အမြုတေကို သူ၏ လေအစွမ်းနှင့် ယူထုတ် လိုက်သည်။

ဘုတ် ဘုတ်

ထိုအရာကို ပင်စည်ထဲမှ ထုတ်ယူ လိုက်သည်နှင့် အမြစ်များလည်း အားကုန် သွားသည့်အလား မြေပေါ်သို့ ကျကုန်လေသည်။

နောက်ဆုံးတော့ ရှင်းနိုင်ခဲ့ပြီ။

အဖွဲ့သားတို့မှာလည်း သက်ပြင်းချကာ တစ်ယောက်ပြီး တစ်ယောက် ထိုင်လျက်သား ကျကုန်သည်။ သန္ဓေပြောင်း အပင်နှင့် ပထမဆုံး တွေ့ကြုံရင်ဆိုင် ရခြင်းဖြစ်ပြီး အလွန်ပင် ရှိန်ရလောက်ပေသည်။ ယွင်ချဲ့သာ ကောင်းမွန်သော ခေါင်းဆောင် တစ်ယောက် မဟုတ်ခဲ့လျှင် သူတို့အားလုံး ထိုနေရာတွင်ပင် အားလျော့ သွားကြလိမ့်မည်။ သန္ဓေပြောင်း အပင်နှင့် ယှဉ်လျှင် တိရစ္ဆာန် ဖုတ်ကောင်များနှင့် အဆင့် ၃ ဖုတ်ကောင်များမှာ ဘာမှ မဟုတ်တော့ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset