YMR- အခန်း ၉၄

အခန်း (၉၄)

ပြည်သူ့ပထမဆေးရုံမှာ ထုံယန်းမြို့၏ အလယ်ဗဟိုတွင် ရှိပြီး ဧရိယာ စတုရန်းမီတာ ၁ထောင် ကျယ်ဝန်းကာ ထိပ်တန်းအဆင့် ဆေးရုံဟုလည်း လူသိများသည်။ အရှေ့ဘက်တွင် ဆယ်ထပ် ရှိသော အဆောက်အအုံဖြစ်ပြီး ပြင်ပလူနာဌာနနှင့် ဆေးပေးခန်းတို့ ရှိသည်။ ဓါတ်မှန်ဆိုင်ရာ ဌာနများ၊ ဓါတ်ခွဲခန်းများ၊ အထွေထွေ ဆေးကုခန်းများနှင့် အခြားသော ဌာနတို့မှာ ဘေးတစ်ဖက်စီတွင် ရှိပြီး အနောက်ဘက်ရှိ အထပ်၃၀ အဆောက်အအုံကြီးမှာ အတွင်း လူနာများကို ထားရှိကုသပေးသည်။ ကပ်ဘေး မကျရောက်ခင်တွင် ဆေးရုံကြီးမှာ လူအလွန် များပြားပြီး ကပ်ဘေးဖြစ်ပြီးနောက် ဆေးရုံတစ်ခုလုံး ဖုတ်ကောင်များဖြင့် ပြည့်နှက် သွားလေသည်။

ဆေးရုံသို့ရောက်ရန် တစ်နာရီကျော်ပင် အချိန်ယူခဲ့ရသည်။ သတ္တုစင်္ကြံလမ်းကို ထပ်မဆက်တော့ဘဲ အသက်ကို အောင့်ကာ တံခါးနားတွင် သွားလာနေကြသည့် ဖုတ်ကောင်များကို သတိထားစောင့်ကြည့် နေကြသည်။

“သတိထား အထဲမှာ အဆင့် ၃ ဖုတ်ကောင်တွေရော ဘာမှန်း ခွဲခြားလို့ မရတာတွေလည်း ရှိနေတယ် … ငါတို့တွေ ဓါတ်မှန်ဌာန ဓါတ်ခွဲခန်းနဲ့ ဆေးပေးခန်းတို့ကို ရှာကြည့်ရမယ် .. ပြင်ပ လူနာဌာနနဲ့ အတွင်း လူနာဌာနက ဖုတ်ကောင်တွေကို အချက် မပေးမိစေနဲ့”

ဇယားကွက်ကို သေချာ စစ်ဆေးပြီးသည်နှင့် ယွင်ချဲ့ သတိပေး လိုက်သည်။ ယခုတာဝန်တွင် ဆေးကိရိယာများ၊ ဆေးဝါးများနှင့် ဆေးနဲ့ဆိုင်သည့် စာရွက်စာတမ်းများ စုဆောင်းရန် ဖြစ်သည်။ ရှင်းဖုန်း ကြားထားသည့် သတင်းအရ ကပ်မဖြစ်မီက ရောဂါပိုး ကူးစက်ခံရထားရသည့် လူနာများကို ယခုဆေးရုံတွင် ထားပြီး ရောဂါဖြစ်စေသည့် အကြောင်းရင်းကို ဆရာဝန်များ ရှာဖွေခဲ့ကြသည်။ ကပ်ဘေးက ညသန်းခေါင်တွင် ရုတ်တရက် ဖြစ်ခဲ့သောကြောင့် ရှာဖွေစစ်ဆေးမှုတွင် ပါဝင်ခဲ့သော ဆရာဝန်များ အနက် ကံကောင်းသူ အချို့မှာ စစ်တပ် ခေါ်ရာသို့ လိုက်ပါသွားကြပြီး အချို့ကသေသွားခြင်း သို့မဟုတ် ဖုတ်ကောင် ဖြစ်သွားခြင်းတို့ ဖြစ်နိုင်သည်။ မိမိ အသက်အတွက် ပြေးလွှား ရုန်းကန်ရမည် ဖြစ်သောကြောင့် ဘယ်သူကများ စာရွက် စာတမ်းများကို အရေးတကြီး ပြန်ယူတော့မှာလဲ။

ယခုတာဝန်မှာ သုတေသန အဖွဲ့အစည်းက စီစဉ်ထားခြင်း မဟုတ်သော်လည်း ရူးကြောင်နေသည့် သုတေသီများက စွမ်းအားရှင်များနှင့် ဖုတ်ကောင်များ အကြောင်း လေ့လာရှာဖွေရန် အလွန ရူးသွပ်ကြပြီး ဇွမ်ဘီပိုး ဖြစ်ပွားရသည့် အကြောင်းရင်းကို ဂရုမစိုက်ကြပေ။ စခန်း၏ဆေးဌာနအဖွဲ့က ထိုစာရွက် စာတမ်းများ ယူလာရန် တောင်းဆိုထားခြင်း ဖြစ်သည်။ စစ်တပ်က အဖွဲ့များစွာ လွှတ်ခဲ့သော်လည်း အမြဲ ရှုံးနိမ့်ခဲ့ရသည်။ ဆေးကိရိယာများနှင့် စာရွက် စာတမ်းများကို မည်သူမှ အားကုန်ခံ၍ မသွားလိုကြောင့် တာဝန်တစ်ရပ် အနေဖြင့် စစ်တပ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အဖွဲ့၂ဖွဲ့ခွဲကြမယ် .. တစ်ဖွဲ့က ပြင်ပလူနာဌာနနဲ့ နောက်တစ်နေရာမှာ ရှိတဲ့ အထွေထွေဆေးကုခန်းတွေကနေ ဆေးတွေ စုဆောင်းလာခဲ့ … ကျန်တဲ့အဖွဲ့က ဆေးကိရိယာတွေနဲ့ စာရွက်စာတမ်းတွေ သွားယူမယ် .. ခေါင်းဆောင် လေ က ကိုယ့်အဖွဲ့သားတွေနဲ့ ရှုကျဲ .. ကျန်းရှန် .. ရှန်းရွေတို့နဲ့ ဆေးစုဖို့သွားလိုက် .. အန္တရာယ် ကြုံလာရင် ချက်ချင်းခေါ် … ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့”

ရှန်းဖုန်းက ဝေါကီတော်ကီများ ထုတ်ပေးကာ အမိန့်ပေး လိုက်သည်။ တစ်ချိန်တည်းတွင် လူအများအပြား စုသွားခြင်းက အဆင်မပြေလှပေ။ အပေါ်ထပ် အောက်ထပ် ခွဲသွားရန် လိုအပ်လာသည့် အချိန်တွင် အားလုံးကို ကာကွယ်ရန် ယွင်ချဲ့ သူ၏အစွမ်းကို အသုံးပြုရတော့မည်။ စခန်းမှ ထွက်လာသည့် အချိန်ကတည်းက ယွင်ချဲ့မှာ သူ၏အစွမ်းကို အသုံးပြုနေရပြီး ထပ်မံ အသုံးပြု ပါကလည်း မောပန်းခြင်း မရှိပေ။

“အင်း အဆင်ပြေတယ် တိရစ္ဆာန် ဖုတ်ကောင်တွေကို သတိတော့ထားကြ .. ဘာမှန်းမသိရတဲ့ ဟာတွေက တိရစ္ဆာန်ဖုတ်ကောင်တွေ ဖြစ်နိုင်တယ် အဆင့်လည်းမြင့်တယ် ဒီကောင်တွေက အဆင့် ၃ ဖုတ်ကောင်တွေထက် နှိမ်နင်းရ ခက်တယ်”

တိုက်ခိုက်ရာတွင် တော်သော ကျန်းရှန်နှင့် ရှန်းရွေကို ရှင်းဖုန်း ပြောလိုက်ပြီး အလင်းစွမ်းအားရှင် ရှုကျဲကို လေတာ့ရှန် နှင့်အတူ ပူးပေါင်း လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည့် အပြင် ယွင်ချဲ့သည်လည်း ဂရုတစိုက် ရှိကြရန် တိုက်တွန်း လိုက်သည်။ လူစုခွဲ သွားကြပြီးနောက် မြို့ထဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သူများ ရှိနေသည်ကို ယွင်ချဲ့ သိခဲ့ရပြီး ဖုတ်ကောင် အရေအတွက်မှာ သူထင်ထားသလောက် မများသော်လည်း အဆင့်မြင့် ဖုတ်ကောင်များ အလွန် များပြားသည်။ အထူးသဖြင့် ဆေးရုံအနား ရောက်လာသည်နှင့် တည်နေရာပြ ဇယားပေါ်တွင် အဆင့် ၃ ဖုတ်ကောင်များ အလွန် များပြားစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုဖုတ်ကောင်များမှာ ကပ်ဘေး မဖြစ်မီက ပထမဆုံး ကူးစက် ခံထားရသူများ ဖြစ်နိုင်သည်။

“ကောင်းပြီ ဝင်ကြရအောင်”

အားလုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ် ပြလိုက်သည်။ ယွင်ချဲ့ အချက်ပြ လိုက်သည်နှင့် လုဟိုင်ရွှမ်း သံတံခါးကိုထိကာ ဖျက်ဆီး လိုက်သည်။ သတ္တုစင်္ကြံလမ်းမှာ ဆက်၍ ရှည်သွားပြီး ပြင်ပလူနာဌာနကို ဖြတ်ကျော်ကာ ဆေးရုံဝင်း အတွင်းရှိ ပန်းခြံသို့ ရောက်ရှိ သွားလေသည်။ ယွင်ချဲ့ လည်း အသက်ဝအောင် ရှူကာ လေသံနှင့် ပြောလိုက်သည်။

“အသင့်ပြင် တစ် နှစ် သွား ”

ဂါး

ယွင်ချဲ့ စကားဆုံး သည်နှင့် သံစင်္ကြံလမ်းနှင့် လေထု အကာအရံတို့မှာ တစ်ပြိုင်နက်တည်းပျောက်သွားပြီး အနီးရှိ ဖုတ်ကောင်များ ဝရုန်းသုန်းကားနှင့် ပြေးလာကြလေသည်။ အဖွဲ့သားတို့မှာလည်း သူတို့အစွမ်းများကို အားကုန်သုံးရန် အသင့်ပြင်ထားကြရာ စွမ်းအား၏ အရောင်အဝါများ တောက်ပ နေကြသည်။ အထူးသဖြင့် ကျန်းရှန် အသုံးပြုသော ရွှေဖဲကြိုးနှစ်ခုမှာ ပို၍ ထင်ရှားနေသည်။ အဆင့် ၃ စွမ်းအားရှင်ဖြစ်သော ကျန်းရှန်မှာ အခြားသော အဆင့် ၂ စွမ်းအားရှင်များထက် ပို၍ သန်မာသည့် အပြင် သူ့တွင် မြန်နှုန်းမြင့် စွမ်းအား ရှိနေသေးသည်။ ကျန်းရှန်၏ ကျွမ်းကျင်စွာ ကိုင်တွယ်မှုကြောင့် ရွှေဖဲကြိုး နှစ်ခုမှာ အသက်ဝင်နေသည့် အလား အလွန် မြန်ဆန်စွာ ရွေ့လျား နိုင်ကြပြီး အထင်ကြီးဖွယ် ကောင်းလှသည်။

“ခွဲတော့”

ပထမဆုံး ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် စက္ကန့်ပိုင်း အကြာတွင် လူ ၂၀ အဖွဲ့မှာ ၂ ဖွဲ့ခွဲထွက်သွားပြီး ဉီးတည်ရာမတူ ထွက်သွား ကြလေသည်။ လေတာ့ရှန် အဖွဲ့တွင် ကျန်းရှန် က အရှေ့ဆုံးမှသွားပြီး အနောက်တွက် ရှန်းရွေ ကပ်လိုက်လျက် ပူးပေါင်း တိုက်ခိုက်ကြသည်။ သူတို့အနောက်မှ နယ်မြေ စွမ်းအားရှင်များနှင့် အလင်း စွမ်းအားရှင်တို့ကို ကာကွယ် ပေးထားပြီး လေတာ့ရှန်နှင့် သူ၏နောက်လိုက် ၂ ယောက်က နောက်ဆုံးမှ လိုက်လာကြသည်။

ဘုန်း ..

တစ်ဖက်အသင်းတွင် အဆင့် ၃ သို့ ရောက်နေပြီးဖြစ်သော ယွင်ချဲ့က ဉီးဆောင်ကာ သူ၏လျှပ်စီး စွမ်းအားနှင့် ဖုတ်ကောင်များကို တိုက်ခိုက်လေသည်။ ယွင်ချဲ့ အနောက်မှ ကျန့်ယာဖေး ကပ်လိုက်ကာ ပူးပေါင်းပေးပြီး အလျင်းမသေသော ဖုတ်ကောင်များကို မြေပြင်ထဲသို့ မြှုပ်နှံပစ်လိုက်သည်။ ယန်းဟွိုင်အန်း၊ လန်ယဲ့ဟန်နှင့် ကျိုးဇယ်ယွီတို့ လုပ်မြဲအတိုင်း အတူတကွပေါင်းစည်း တိုက်ခိုက်ကြသည်။ ကျိုးဇယ်ယွီ၏ လေအစွမ်းကိုသုံးကာ ယန်းဟွိုင်အန်းနှင့် လန်ယဲ့ဟန်တို့က သူတို့အစွမ်းကို ပေါင်းစည်းကာ တိုက်ခိုက်ကြသည်။ အနီးကပ် ထိုးစစ်ဆင်ကိုသာ သုံးနိုင်သော ကျောက်ကောင်းက ရှင်းဖုန်း ဘေးတွင် တိတ်ဆိတ်စွာ နေနေပြီး ကမ္ဘာမြေ စွမ်းအားရှင် ဖုန်းရွေနှင့် ရေခဲစွမ်းအားရှင် ယွီဝမ်းချင် တို့လည်း အတူရှိနေကြသည်။ လေတာ့ရှန်နှင့် သူ၏အဖွဲ့သားတို့ သတိမမူနိုင်ကြောင်း သေချာသွားသည်နှင့် ရှင်းဖုန်း အားနည်းသူအဖြစ် ဟန်မဆောင်တော့ဘဲ သူ၏သတ္တု ကျည်ဆန်များဖြင့် ဖုတ်ကောင်များကို ရှင်းလင်းကာ ယွင်ချဲ့နှင့် အဖွဲ့သားတို့ကို ကူပေးလေသည်။

“ကောင်းရော ဓါတ်ခွဲခန်းတွေက အထပ် ၂၀မှာ … ဆေးကိရိယာတွေပဲ အရင်သွားယူရအောင်”

ပူးပေါင်း တိုက်ခိုက်ခြင်းကြောင့် သိပ်မပင်ပန်းတော့ဘဲ အချိန်ခဏအတွင်း ဓါတ်မှန်ဌာနသို့ရောက်သွားလေသည်။ လမ်းညွှန်ကို ကြည့်လိုက်ပြီးနောက် ညည်းတွား လိုက်သည်။ လျှပ်စစ်မရှိသောကြောင့် အထပ် ၂၀ ကို လှေကားမှ ခြေလျင်တက် ရပေတော့မည်။ သန်မာသော ကိုယ်ခန္ဓာများ ရှိသည့်တိုင် သွားသည့်လမ်း တစ်လျှောက်တွင် ဖုတ်ကောင်များနှင့် ရင်ဆိုင်ကြရဉီးမည်ဖြစ်ပြီး အထပ် ၂၀ သို့ ရောက်သည့်အခါ ခြေကုန်လက်ပန်း ကျကုန်လိမ့်မည်။

“ယွင်ချဲ့ ကိရိယာပစ္စည်းတွေ နောက်တစ်ဆက်လောက် ယူလာခဲ့”

လန်ယဲ့ဟန် တိုက်ခိုက်နေရင်း ရုတ်တရက် ယွင်ချဲ့ အနားကပ်လာသည်။ ယွင်ချဲ့က ယွင်ချန် အတွက် ဓါတ်ခွဲခန်းတစ်ခု လုပ်ပေးလိုသည်ကို လန်ယဲ့ဟန် အမြဲသတိတရ မှတ်ထားတတ်သည်။

“အင်း သုံးလို့ရတာ မှန်သမျှ အကုန်ယူလာခဲ့မယ် … အပေါ်ထပ်တက်ကြစို့”

အထပ် ၂၀ ဖြစ်သောကြောင့် ယွင်ချဲ့ အနည်းငယ် စိတ်ဆတ်နေသည်။ ဓါးရှည် တစ်ချောင်းကို ကိုင်ကာ ခုန်လိုက်ပြီး ဖုတ်ကောင် ၂ ကောင်ကို ခေါင်းဖြတ် ပစ်လိုက်သည်။ ရပ်နားခြင်းမရှိဘဲ လှေကားဘက်သို့ ပြေးသွားကာ သူ၏လေထုအစွမ်းကို သုံးလျက် အမြုတေများကို သိမ်းကာ အိတ်ထဲ ထည့်လိုက်သည်။

ဒုတိယအထပ်သို့ ရောက်သည့်အခါ အမျိုးစုံသော ဓါတ်ခွဲခန်းများ၊ ဓါတ်မှန်ဌာနများနှင့် အခြားသော အခန်းများစွာ ရှိသည်။ ယွင်ချဲ့က ဆေးကျောင်းသား မဟုတ်သောကြောင့် မည်သည့်အရာက အရေးတကြီး လိုအပ်သည် မလိုအပ်သည်တို့ကို သူမသိပေ။ ကံကောင်းသည်က မည်သည့် ပစ္စည်းမဆို ထည့်ဆံ့နိုင်သော နယ်မြေကြီးတစ်ခု သူ့တွင် ရှိနေသဖြင့် တွေ့သည့် အရာမှန်သမျှ အားလုံးကို သိမ်းဆည်း လိုက်သည်။ ယွင်ချဲ့မှာ အလွန် မြန်ဆန်လှသဖြင့် နောက်တစ်နေရာသို့ သွားရန်လုပ်နေစဉ် ရှင်းဖုန်းနှင့် အဖွဲ့သားတို့က အခုမှသာ ယွင်ချဲ့ကို လိုက်မီကြသည်။ ယွင်ချဲ့ကို တွေ့သည့် အချိန်တွင် ဖုတ်ကောင်များမှာ ခေါင်းတခြား ကိုယ်တခြားဖြစ်နေကြသည်။ ယွင်ချဲ့မှာ အလွန် ကြမ်းတမ်းသူပင်။

“အဟမ်း ခေါင်းဆောင် ရှင်း .. အိမ်တွင်းရန်ပွဲကို ဂရုစိုက်ပါနော်”

အရှေ့သို့ ရောက်သွားသည်နှင့် မနေနိုင်သည့် ကျိုးဇယ်ယွီက ချောင်းဟန့်ကာ ရှင်းဖုန်းကို စနောက်လိုက်သည်။ သူ၏ခေါင်းဆောင် ယွင်ချဲ့က အစွမ်းကြီးသည့် လူထူးဆန်း တစ်ယောက်ပင်။ ရှင်းဖုန်း မှလွဲ၍ ယွင်ချဲ့နှင့် မည်သူမှ အတူမနေလိုပေ။

“အိမ်တွင်းရန်ပွဲကို ဂရုစိုက်ရမှာ မင်းလေ”

ကျိုးဇယ်ယွီကို ရှင်းဖုန်း အေးစက်စက် စိုက်ကြည့်လိုက်ပြီး ယွင်ချဲ့ နောက်သို့ အမြန် လိုက်သွားသည်။ ကျိုးဇယ်ယွီလည်း ပြန်စဉ်းစားပြီးနောက် ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူတို့က ယွင်ချဲ့၏ မိသားစုပင် မဟုတ်လား။ ယွင်ချဲ့ ခေါင်းဆောင် ရှင်းကို ချစ်ကြိုက်နေသောကြောင့် သူ့အပေါ် ကြမ်းတမ်းမည် မဟုတ်ပေ။ သို့သော် သူတို့က …

ထားပါတော့ ဟာသက ဟာသပင်။ ထိုအတွက်ကြောင့်နှင့် အလုပ် နှောင့်နှေး၍ မဖြစ်ပေ။ သူတို့၏ စွမ်းအားမှာ ပျမ်းမျှအခြေအနေသို့ ရောက်နေကြပြီး မကြာမီတွင် ၁၀ ထပ်မြောက်သို့ ရောက်လာကြသည်။ ထိုမတိုင်မီက လေတာ့ရှန် တို့နှင့် ကြိုးစား ဆက်သွယ် ခဲ့သော်လည်း အခုချိန်မှာ အလွန် ကွာဝေးနေလေပြီ။ ၁၀ ထပ်သို့ ရောက်လာသည့်အခါ ယွင်ချဲ့က ဓါတ်ခွခန်း တစ်ခုကို ရှင်းလင်းပြီး ထိုအခန်းထဲတွင် ခေတ္တ အနားယူစေသည်။ ယွင်ချဲ့ အသက်ဝအောင် ရှူကာ …

“မင်းတို့ရဲ့ အစွမ်းတွေကို တတ်နိုင်သမျှ အမြန်ဖြည့်ထားကြ ..အပေါ်ထပ်မှာ စွမ်းအားမြင့် ဖုတ်ကောင် တစ်ကောင်ရှိတယ်”

ရေ ၂ ဘူးကို အဝသောက်ပြီးနောက် ယွင်ချဲ့ အားပြည့် သွားသကဲ့သို့ ခံစားလိုက်ရသည်။ မလိုအပ်ဘဲနှင့် အမြုတေများကို မသုံးလိုပေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာ စမ်းရေနှင့် သန့်စင်ဆေးကြောပြီး ဖြစ်သောကြောင့် စမ်းရေသောက်လျှင် အခြားသူများထက် ယွင်ချဲ့က ပို၍အားပြည့်မြန်လေသည်။ အမြုတေများကို သူတတ်နိုင်သမျှ ရှာဖွေ သိမ်းဆည်း ထားမည် ဖြစ်သည်။

“ဘယ်လောက်အားလဲ”

အမြုတေ တစ်ခုကို စုပ်ယူရင်း ကျိုးဇယ်ယွီ မေးလိုက်သည်။ မကြာမီပင် သူ၏ စွမ်းအားက အဆင့်မြင့်တော့မည်ဟု ခံစားလိုက် ရသော်လည်း အနည်းငယ် လိုအပ်နေသေးသည်။ လှုံ့ဆော်မှုရရန် အတွက် အဆင့်မြင့်သော ဖုတ်ကောင်တို့နှင့် တိုက်ခိုက်ရန် လိုအပ်သည်။ အဆင့် ၃ စွမ်းအားရှင်က မည်မျှ သန်မာကြောင်း မျက်မြင် တွေ့ထားသဖြင့် ကျိုးဇယ်ယွီက သူ၏အစွမ်းကို မြင့်တင်ရန် မစောင့်နိုင်တော့ပေ။

“အဆင့် ၃ ပဲ ဒါပေမယ့် မကြာခင် အဆင့် ၄ ရောက်တော့မယ် … အဆင့် ၂ ဖုတ်ကောင်တွေလည်း အများကြီး ရှိတယ်”

ဓါတ်ခွဲခန်းထဲမှ ထွက်ပြေးချင် သွားကြသည်။ ရောဂါ ဖြစ်စေသည့် အကြောင်းကို ရှာဖွေရန် ပထမဆုံး ကူးစက်ခံရသူတို့ကို ဆေးရုံသို့ ခေါ်ဆောင် လာခဲ့သဖြင့် စွမ်းအားကြီး ဖုတ်ကောင်ဆိုလျှင်တောင် သူတို့ မအံ့ဩပေ။ သို့သော် အဆင့် ၄ ပင် ရောက်တော့မည် ဆိုသည်က သူတို့ကို ချောက်ချား သွားစေသည်။ သူတို့ အဖွဲ့သားများမှာ အဆင့် ၂ သာ ရှိနေသေးသည်။ ဖုတ်ကောင်များက အဆင့်မြင့် တင်ရာတွင် အလွန် လျင်မြန် လွန်းလှသည်။

“မင်းတို့အစွမ်းတွေ မကြာခင် အဆင့်တိုး လာတော့မှာ တွေ့နေရတယ် အထူးသဖြင့် ယဲ့ဟန် .. ခင်ဗျားက … လခွမ်း ကျုပ်ပြောပြီးမှ တက်သွားလို့ မရဘူးလား”

ဇယားကွက်ကို ယွင်ချဲ့ ကြည့်နေရင်း စကားမဆုံးမီတွင် လန်ယဲ့ဟန်က အမြုတေတစ်ခု စုပ်ယူပြီးနောက် အဆင့် ၃ သို့ တိုက်ရိုက် ရောက်သွားသဖြင့် ယွင်ချဲ့ ဆွံ့အ သွားရသည်။ စွမ်းအားရှင် တစ်ယောက်က အလွန်မြန်ဆန်စွာ စွမ်းအား တိုးနိုင်သွားသည်။ ယွင်ချဲ့မှာ သူကိုယ်တိုင်လည်း အဆင့် ၃ သို့ ရောက်နေသည့် အကြောင်း မေ့လျော့ သွားပုံပင်။

“ဟူး …”

အဆင့် ၃ သို့ ရောက်သွားသော လန်ယဲ့ဟန်က ယွင်ချဲ့ကို လျစ်လျူရှုကာ လေပူများ မှုတ်ထုတ် လိုက်သည်။ သူ၏လက်ဝါးကို ဖြန့်လိုက်ရာ မီးဓါးမြှောင် တစ်ချောင်း ပေါ်လာသည်။ အဆင့် ၂ ဖြစ်နေစဉ်က မီးလုံးများသာ ထုတ်နိုင်ခဲ့သည်။ မီးဓါး ရနိုင်ရန်အတွက် ကြိုးစားကြည့်သော်လည်း သူ၏စွမ်းအား ကုန်သုံးမှ ရနိုင်သဖြင့် လက်လျော့ခဲ့ရသည်။ အဆင့် ၃ သို့ရောက်သွားသည့် အခါ ချွန်ထက်နေသော မီးဓါးမြှောင်ကို လွယ်ကူစွာပင် ထုတ်ယူနိုင်ခဲ့ပြီး စွမ်းအားကုန် သုံးရန်လည်း မလိုတော့သဖြင့် လန်ယဲ့ဟန် ပြုံးလိုက်သည်။ မီးဓါးမှာ မီးလုံးများထက် ပို၍ အားသန်သောကြောင့် ယွင်ချန်နှင့် သူ၏မိသားစုကို ကာကွယ်နိုင်သည်အထိ သန်မာလာသည်ဟု လန်ယဲ့ဟန် ခံစားမိလိုက်သည်။

လန်ယဲ့ဟန်၏ ရုတ်တရက် အဆင့်မြင့် သွားခြင်းက အခြား သူများကိုလည်း စိတ်တက်ကြွ သွားစေသည်။ အသက် ၂၀ အရွယ်ဝန်းကျင် လူငယ်များ ဖြစ်ခဲ့ကြစဉ်က လန်ယဲ့ဟန် ကဲ့သို့ သွေးဆူခဲ့ပြီး မည်သည့် အရာကို အရှုံးမပေးလိုကြပေ။ ကျန့်ယာဖေး သည်ပင် စိတ်လှုပ်ရှားမှုကြောင့် အကြည့်များ တောက်ပလာပြီး သူမကိုယ်သူမ အဆင့် ၃ ရောက်အောင် ကြိုးစားမည်ဟုလည်း ကြုံးဝါး ထားလိုက်သည်။ ထိုအချိန်အတွင်း ဓါတ်ခွဲခန်းထဲတွင် တိတ်ဆိတ် နေခဲ့သည်။

“စွမ်းအားရှင် တစ်ယောက် အဆင့်တက်တော့မယ် ဆိုရင် မင်းမြင်ရတာလား”

ရှင်းဖုန်းက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းကာ မေးလိုက်ရာ ယွင်ချဲ့လည်း ခေါင်းညိတ် လိုက်ပြီး ဘာကိုမှ ကွယ်ဝှက် မထားဘဲ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ပြောသလိုပဲလေ အစက်တွေရဲ့ အရောင်တွေက စွမ်းအားရှင် ဖုတ်ကောင် တိရစ္ဆာန် ဖုတ်ကောင် ပိုးကူးခံရတဲ့ အပင်နဲ့ တခြားဟာတွေကို ကိုယ်စားပြုတယ် အရွယ်အစားနဲ့ စုပ်နိုင်စွမ်းက အဆင့်နဲ့ အခြေအနေကို ပြတယ် … ကျွန်တော်နဲ့ ယဲ့ဟန် ကလွဲလို့ ကျန်တဲ့သူတွေက အနီရောင် တောက်တောက်တွေ ဒါကမကြာခင် အဆင့် ၃ ကို ရောက်လာတော့မယ့် အနေအထားပဲ တွန်းအားတစ်ခုခု လိုနေတာဖြစ်မယ်”

တည်နေရာ ပြဇယား၏ အားနည်းချက်မှာ အခြားသူများ မမြင်ရခြင်းပင်။ ပြီးခဲ့သော ရက်အနည်းငယ် အတွင်း ထိုဇယားကွက်က မည်သို့ အလုပ်လုပ်ကြောင်း ယွင်ချဲ့ စူးစမ်းထားပြီး ကျန်သော အရောင်များက ဘာကို ကိုယ်စားပြုသည့် အကြောင်း သူသိချင်နေမိသည်။

“အင်း မင်းတို့တွေ သေချာကြိုးစားပြီး အဆင့် ၃ ကို မြန်မြန် ရောက်အောင်လုပ်ကြ .. ဖုတ်ကောင်တွေကို အထင်မသေးကြနဲ့”

ရှင်းဖုန်းလည်း မျက်လုံးကို မှိတ်လိုက်ပြီး အာနိသင်မဲ့ အမြုတေကို ထုတ်ကာ စုပ်ယူလိုက်ရာ သူ၏ရွှေသတ္တု အစွမ်းနှင့် နယ်မြေစွမ်းအားက တိုးတက် သွားသော်လည်း စိတ်ညှို့ စွမ်းအားက အဆင့်တက်ရန် လိုအပ်နေသေးသည်။

“သေလိုက်ပါတော့ .. ဖုတ်ကောင်တွေ ဆင်းလာကြပြီ”

ရုတ်တရက် ယွင်ချဲ့ ရေရွတ်လိုက်ပြီး အမြန်ထရပ်ကာ လက်ထဲတွင် ဓါးကို ကိုင်ထားလိုက်သည်။

“သူတို့ ဆင်းလာကြပြီ ငါသတ်ဖို့ အသင့်ပြင် ထားလိုက်မယ်”

ပြီးခဲ့သော အချိန်လေးအတွင်း အဆင့် ၃ ဖုတ်ကောင် အကြောင်း ကြားသည်နှင့် ထွက်ပြေး သွားချင်ကြသော်လည်း ယခုအခါ ထူးဆန်းစွာပင် သွားရန် တွန့်ဆုတ် နေကြသည်။ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှသာ သူတို့၏ အစွမ်းတိုးတက် လာနိုင်ကြောင်း သိသွားကြခြင်းကြောင့်ပင်။ လန်ယဲ့ဟန် ရုတ်တရက် အဆင့်တက် သွားပြီးနောက် ကျန်သော အဖွဲ့ဝင်များကလည်း အဆင့် ၃ သို့ အလျင်အမြန် ရောက်ရန် စိတ်ထက်သန် နေကြလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset