YMR- အခန်း ၉၃

အခန်း (၉၃)

ကတုံး(ခေါင်းတုံး) ပုံစံမှာ ရယ်စရာ ကောင်းသည် ဆိုသော်လည်း ထိပ်ဉီးအဖွဲ့၏ အမှန်တကယ် စွမ်းဆောင်ရည်မှာ လှောင်ပြောင်စရာ မဟုတ်ပေ။ သူတို့၏ တာဝန်ကို စတင်ပြီး ၃ ရက်မြောက်နေ့တွင် အဖွဲ့သုံးဖွဲ့ထဲမှ ရွေးချယ်ခံထားရသော လူများပါဝင်သည့် အဖွဲ့ဝင် ၂၀ ခန့်ရှိသော အဖွဲ့သည် စခန်း၏ ဝင်ပေါက်တွင် စီရီနေကြသဖြင့် အခြားအဖွဲ့များနှင့် စစ်သားများက ဖြတ်သွားဖြတ်လာ လုပ်ကာ သူတို့ကို ကြည့်နေကြသည်။ သူတို့အဖွဲ့သည် မည်သူကမှ စိန်ခေါ်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော SSS တာဝန်ကို ပြီးမြောက်စေရန် သွားရောက်လုပ်ဆောင်ကြမည် ဖြစ်သည့် အကြောင်း စခန်းအနှံ့ တောမီးသဖွယ် သတင်းပျံ့ သွားလေသည်။

“လူစုံကြပြီလား”

ခေါင်းဆောင်သုံးယောက် တွေ့ဆုံသွားကြပြီး လေတာ့ရှန်အား ယွင်ချဲ့ ပြုံးကာ နှုတ်ဆက် လိုက်သည်။ လေတာ့ရှန်၏ နောက်လိုက် ရှစ်ယောက်မှာ သန်မာပြီး စွမ်းအား မသုံးဘဲနှင့် အဆင့်နိမ့် ဖုတ်ကောင် တစ်ကောင် နှစ်ကောင်ကို လက်ဗလာဖြင့် တိုက်ခိုက် နိုင်လိမ့်မည်ဟု ထင်ရသည်။ လေတာ့ရှန်မှာ သူ၏အဖွဲ့ထဲမှ အသန်မာဆုံးသော စွမ်းအားရှင်များကို ရွေးခေါ်လာခဲ့ပုံပင်။

“ခေါင်းဆောင် ယွင် .. မင်းဆံပင်က …”

ကတုံး(ခေါင်းတုံး) ပုံစံဖြစ်နေသော ယွင်ချဲ့နှင့် သူ၏အဖွဲ့သားတို့ကို ကြည့်ကာ လေတာ့ရှန် ရယ်လုနီးပါး ဖြစ်သွားသော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မရယ်မိစေရန် မျက်နှာကို တမင် တင်းမာ ထားလိုက်ပြီး လေတာ့ရှန်၏ အဖွဲ့ဝင်များလည်း အံ့အားသင့် သွားကြသည်။ စွမ်းအားရှင် အဖွဲ့အစည်းတွင် ယွင်ချဲ့ကို တွေ့ခဲ့သည်က ၂ ရက် ၃ ရက်သာ ကြာသေးသော်လည်း ဘာကြောင့်များ ကတုံး(ခေါင်းတုံး)တွေနဲ့ ဖြစ်သွားကြတာလဲ။

“ကျုပ်ခေါင်းကိုပြောတာလား … လန်းတယ်မလား !”

မဆီမဆိုင် ယွင်ချဲ့ သူ၏ခေါင်းကို ရိုက်ကာ ပြောလိုက်ပြီး မျက်နှာကို ပြန်တည် ထားလိုက်သည်။ ထို့နောက် လူအယောက် ၂၀ ဆံ့သော ဘတ်စ်ကား တစ်စီးကို ယူထုတ်လိုက်ပြီး ….

“လူတွေစုံနေပြီဆိုတော့ အခုပဲထွက်ကြမလား မြန်မြန်ပြီးတော့ စောစောကြတာပေါ့”

ယခုတစ်ကြိမ်တွင် ထိုတာဝန်ကို အချိန်တိုအတွင်း အောင်မြင်စွာ အမြန် ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ ယွင်ချဲ့သည် ရှင်းဖုန်း၊ ကူးမင်ရွှမ်းတို့နှင့် တိုင်ပင်ပြီး ယနေ့အတွင်း နေ့ချင်းပြီး သွားကြရန် ဆုံးဖြတ် ထားကြသဖြင့် မနက်ဖြန်ထက် နောက်မကျဘဲ ပြန်ရောက်ရန် လိုအပ်ပေသည်။

“အင်း ..”

အရေးကြီး ကိစ္စ ဆွေးနွေးနေချိန် မည်သူမှ မရယ်မော ကြတော့ပေ။ ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် အဖွဲ့သားများမှာ ဘတ်စ်ကားပေါ်သို့ တက်သွားကြပြီး လန်ယဲ့ဟန်က ကားကိုစတင်မောင်းနှင်လေသည်။ ဒုတိယ တံတိုင်းသို့ ရောက်လာသည့်အခါ ယွင်ချဲ့ ပြောဆိုလမ်းညွှန်မှု မပါဘဲ လုဟိုင်ရွှမ်းနှင့် ရှန်းရွေတို့ ကားအမိုးပေါ်သို့ ကျွမ်းကျင်စွာ တက်သွားကြပြီး ယွင်ချဲ့လည်း လေထုအလွှာပါး တစ်ခုဖြင့် ဘတ်စ်ကားကို ဖုံးအုပ်လိုက်သည်။

“ခေါင်းဆောင် ယွင် .. ခေါင်းဆောင် ရှင်း … ဘာလို့ ..”

လှည့်လည် သွားလာနေသော ဖုတ်ကောင် တစ်ကောင်မှပင် သူတို့အား ရန်မမူသည်ကို ကားပြတင်းပေါက်များ မှတစ်ဆင့် လေတာ့ရှန်နှင့် အဖွဲ့သားတို့ တွေ့လိုက်သည်။ ပို၍အံ့ဩစရာ ကောင်းသည်က ဖုတ်ကောင် တစ်ကောင်တောင်မှ သူတို့ကို သတိမထား မိကြသဖြင့် ပါးစပ် အဟောင်းသားနှင့် သူတို့မြင်တွေ့ နေရသည်တို့ကို မယုံနိုင်စွာ အံ့အားသင့် နေကြသည်။

အံ့ဩတကြီး ဖြစ်နေသည်က သူတို့ပင်မဟုတ်၊ အနီးအနားရှိ တံတိုင်း ဆောက်လုပ်နေကြသော စွမ်းအားရှင်များနှင့် ကင်းလှည့် နေကြသည့် ရဲများမှာလည်း ထိုထူးဆန်းသော အဖြစ်ကိုတွေ့ကာ အံ့အားသင့် မှင်သက် နေကြလေသည်။

“အာ ပြောဖို့ မေ့နေတာ ကျုပ်မှာ စွမ်းအား၂ ခုတည်း ရှိတာ မဟုတ်ဘူး သုံးခုရှိတယ် လျှပ်စီးစွမ်းအား .. နယ်မြေ စွမ်းအားနဲ့ လေထုစွမ်းအားပဲ .. ဘတ်စ်ကားကို ကျုပ်ရဲ့ လေထုအလွှာနဲ့ ကာထားတာ ဆိုတော့ မထင်မှတ်ဘဲ ရုတ်တရက် ကိစ္စတွေ မဖြစ်လာရင် ထုံယန်း မြို့ကို ချောချောမွေ့မွေ့ သွားကြရုံပဲ”

ယွင်ချဲ့လည်း အခုမှ သတိရသွားသဖြင့် ရှင်းပြလေရာ လေတာ့ရှန်နှင့် သူ၏နောက်လိုက်များ ပြောစရာစကားပင် ပျောက်ရှကုန်သည်။ ဟာကွာ .. ယွင်ချဲ့ ဒီထက်ပိုပြီး အံ့ဩမဖြစ်လို့ မရဘူးလား။ လျှပ်စီစွမ်းအားနှင့် နယ်မြေစွမ်းအား နှစ်မျိုး တစ်ပြိုင်တည်း ရှိနေသည်မှာ အလွန် အံ့ဩဖွယ်ဖြစ်နေသည့်တိုင် လေထုစွမ်းအားလည်း ရှိနေသည်တဲ့လား။ ထိုစွမ်းအားများနှင့် ဆိုလျှင် ဖုတ်ကောင်များလည်း ကြာကြာ ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အဖွဲ့ဝင် အယောက် ၂၀ က လိုအပ်သည်ထက်ပင် ပိုနေကြောင်း ယွင်ချဲ့ ပြောခဲ့သည်က အံ့ဩဖွယ် မရှိတော့ပေ။

ပို၍ စိတ်သက်သာရာ ရလာသဖြင့် ယွင်ချဲ့ကို စနောက် ပြောဆို ကြလေသည်။ ထို့အပြင် ပို၍သန်မာ လာသည်ဟု ခံစားမိသွားပြီး အသက်ရှင်လျက် ပြန်သွား နိုင်ကြတော့မည်ဟု ယုံကြည် သွားကြသည်။

“ကျန်းရှန် .. ဇယ်ယွီ .. ကားအမိုးပေါ် သွားပြီး ဟိုင်ရွှမ်း .. ရှန်းတို့နဲ့ နေရာလဲလိုက် .. ကျန်းရှန်က လမ်းတစ်လျှောက် တွေ့သမျှ ဖုတ်ကောင်တွေကိုပစ် ဇယ်ယွီက မင်းရဲ့လေအစွမ်းနဲ့ အမြုတေတွေ သိမ်းလာခဲ”

ဘတ်စ်ကားမှာ လင်းကျန်းမြို့ပေါ်သို့ မောင်းနှင် လာသည်နှင့် လမ်းပေါ်တွင် ဖုတ်ကောင်များ ပိုမို များပြားလာသဖြင့် ယွင်ချဲ့က လေးနက်သော အသံနှင့် ပြောလိုက်သည်။ အမြုတေ စုဆောင်းခြင်းက ဒုတိယ တာဝန်ဖြစ်ပြီး အဓိကအချက်မှာ ယွင်ချဲ့သည် ကျန်းရှန်၏ လုပ်ဆောင်နိုင်စွမ်းကို မြင်လိုပြီး သူတို့၏ တိုက်ခိုက်ရေး ပုံစံများနှင့် ပို၍ အသားကျ လာစေရန် ဖြစ်သည်။

“အင်း”

ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီး ကျန်းရှန်နှင့် ကျိုးဇယ်ယွီ ပြတင်းပေါက်ကို ဖွင့်လျက် ကားအမိုးပေါ်တက်ကာ လုဟိုင်ရွှမ်း၊ ရှန်းရွေ တို့နှင့် နေရာ လဲလိုက်သည်။

ဝုန်း

ခဏအကြာ ရုတ်တရက် တိုက်ခိုက်သံ ကြားလိုက်ရသဖြင့် ပြတင်းပေါက် မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်ရာ ကား၏ ဘေးတစ်ဖက်စီတွင် ရွှေရောင် ဖဲကြိုးနှစ်ခုမှာ ရွှေနဂါး အသေးလေး နှစ်ကောင်သဖွယ် ပျံသန်း နေသည်ကို တွေ့လိုက်ရသည်။ ထိုဖဲကြိုးများမှာ ဖုတ်ကောင်များ၏ ခေါင်းသို့ ရောက်သွားပြီး ဖုတ်ကောင်များ တန်ပြန်ချိန်ပင် မရလိုက်ဘဲ ခေါင်းပြတ်ကာ လွင့်ထွက် သွားကြသည်။ အံ့ဩဖွယ် ကောင်းစွာပင် ကျိုးဇယ်ယွီမှာ သူ၏ လေအစွမ်းကို သုံးလျက် အမြုတေများကို ထုတ်ယူ စုဆောင်း လိုက်သည်။ ကျိုးဇယ်ယွီက စကားများသူ ဖြစ်သော်လည်း ကျန်းရှန်မှာ အလွန် စကားနည်းလှသည်။ ထိုသို့ ဆန့်ကျင်ဘက် နှစ်ယောက် ပထမဆုံးအကြိမ် အတူတိုက်ခိုက်ခြင်း ဖြစ်သော်လည်း ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက် နိုင်ကြသဖြင့် ကားပေါ်ရှိသူများ မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်နေကြလေသည်။

“သေရော .. အဆင့် ၃ … ကျန်းရှန်က အဆင့် ၃ စွမ်းအားပိုင်ရှင်ပဲ”

ကျန်းရှန်၏ စွမ်းအား မည်မျှကြီးမားကြောင်း မျက်မြင် တွေ့လိုက်ရသည့် ယွင်ချဲ့ ကိုယ်တိုင်ပင် ပင့်သက် ရှိုက်ရသည်။ ကျန်းရှန်သည် ယဲ့ရှင်းချန်၏ ဘေးတွင် အမြဲရှိနေတတ်ပြီး တိတ်ဆိတ်စွာ နေတတ်သော အချစ်ရူး တစ်ယောက်သာ ဖြစ်နေသောကြောင့် ထိုကဲ့သို့ ကျွမ်းကျင် ရက်စက်စွာ တိုက်ခိုက် နိုင်လိမ့်မည်ဟု မည်သူ ထင်ခဲ့မိမှာလဲ။ ထို့အပြင် ကျန်းရှန်သည် ယွင်ချဲ့ ပြီးလျှင် ဒုတိယမြောက် အဆင့် ၃ စွမ်းအားရှင် တစ်ယောက်ပင်။

ယဲ့ရှင်းချန် အနားရှိနေစဉ် ရှက်ကြောက်၍ အမိန့်နာခံ တတ်ပြီး ယွင်ယောင်က ကျန်းရှန်အား ရိုးသားကာ ချစ်စဖွယ် ကောင်းသည်ဟု ထင်မြင်နေသည်ကို တွေးလိုက်မိသည့်အခါ ယွင်ချဲ့ ပြောစရာ စကားပင် ပျောက်ဆုံး ကုန်သည်။ တိုက်ခိုက်သည့်အခါ ကျန်းရှန်၏ပုံစံမှာ တစ်မျိုး ပြောင်းလဲသွားလေသည်။ အကယ်၍ ဖဲကြိုးများကို ကျန်းရှန် ကိုင်တွယ် အသုံးပြုခဲ့သည်ကို ယွင်ချဲ့ မတွေ့ခဲ့လျှင် တစ်စုံတစ်ယောက်က သူတို့အား ကူညီပေးခဲ့သည်ဟု တွေးမိလိမ့်မည်။

“မင်းအတွက် ညာလက်ရုံး တစ်ယောက် တွေ့သွားပြီမလား”

ရှင်းဖုန်း လက်ကို ဆန့်ထုတ်ကာ ယွင်ချဲ့ လက်ကို ဆုပ်ကိုင် လိုက်လျက် ကားအပြင်ဘက်ရှိ ရွှေရောင် ဖဲကြိုးများကို ကြည့်နေလိုက်သည်။ တူညီသော ရွှေသတ္တုအစွမ်း ရှိသော်လည်း ရှင်းဖုန်း မပြောလိုပေ။ သို့သော် ကျန်းရှန်က မြန်နှုန်းမြင့် စွမ်းအား အထောက်အပံ့နှင့် ရွှေသတ္တု အစွမ်းကို လိုအပ်သလို အသုံးပြုသွားခြင်း ဖြစ်သည်။

“သေချာတာပေါ့ .. ကိုယ့်ကိုယ်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပဲ လို့တောင် တွေးမိသွားတယ် ”

ထိပ်ဉီးအဖွဲ့၏ စွမ်းဆောင်ရည်များ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ကျန်းရှန်၏ သန်မာလှသော စွမ်းအားကို လက်ခံနိုင် သွားပြီးနောက် ယွင်ချဲ့သည် အခြားသူများ စနောက်ကြသကဲ့သို့ ကိုယ့်ကိုယ်ကို ဟာသနှောကာ ပြောလိုက်သည်။

“ခေါင်းဆောင် ယွင် … သူတို့တွေ သေချာ ပူးပေါင်းနိုင်ကြတာပဲ သူတို့ကို မင်းဘယ်လိုလေ့ကျင့်ပေးထားလဲ”

ဘတ်စ်ကား၏ တစ်ဖက်စီတွင် အတန်းလိုက် ထိုင်နေပြီး လေတာ့ရှန် လှည့်ကြည့်ကာ မေးလိုက်သည်။ သူ၏အဖွဲ့သားများမှာ ကပ်ဘေး မတိုင်မီအထိ စွမ်းအားများကို မည်သို့ အသုံးပြုမည်ကို မလေ့ကျင့်ခဲ့ကြသဖြင့် မည်သို့ လုပ်ဆောင်ရမည်ကိုလည်း သေချာ မသိခဲ့ကြပေ။ တိုက်ခိုက်ကြသည့် အခါတွင် ဓါတ်ကြီး ငါးပါးကိုလည်း ပေါင်းစပ် တိုက်ခိုက်နိုင်ကြောင်း မသိခဲ့ကြသဖြင့် အဖွဲ့လိုက် လုပ်ဆောင်ရာတွင် အားနည်းခဲ့ကြသည်။ ကျန်းရှန်နှင့် ကျိုးဇယ်ယွီတို့၏ ပူးပေါင်း တိုက်ခိုက်ပုံကို မြင်သွားပြီးနောက် လေတာ့ရှန် အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ ထို့ကြောင့် ယွင်ချဲ့ထံမှ ပညာသင်ယူပြီး သူ၏အဖွဲ့အတွက် လေ့ကျင့်သင်ကြား ပေးရမည်ဟု လေတာ့ရှန် တွေးလိုက်သည်။

ယွင်ချဲ့လည်း ရှင်းဖုန်းကို တစ်ချက်ကြည့်ကာ ရှင်းဖုန်း ပခုံးကို ကျော်၍ လေတာ့ရှန်ကို ကြည့်လိုက်သည်။

“သူတို့တွေ တစ်ခါမှ အတူတူ ပူးပေါင်း မလုပ်ဖူးဘူးလို့ ပြောရင် ကျုပ်ကိုယုံမယ် မထင်ဘူး … ဒါပေမယ့် ကျုပ်တို့က စွမ်းအားတွေကို ပေါင်းစည်းပြီး တိုက်ခိုက်လေ့ ရှိတယ် ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အတူတူ စမ်းကြည့်ကြတာပေါ့”

အဖွဲ့သားများကို အစွမ်းထက် လာစေရန် ကူညီပေးခြင်းက သူတို့ အနိုင်ရရန် နည်းလမ်း တစ်ခုလည်း ဖြစ်သောကြောင့် ယွင်ချဲ့ သူ၏ အတွေ့အကြုံများကို ဘယ်သောအခါမှ ကွယ်ဝှက် မထားတတ်ပေ။

“ကောင်းတာပေါ့… ခေါင်းဆောင် ယွင် .. ငါတို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

လေတာ့ရှန် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူ၏အဖွဲ့သည် ယွင်ချဲ့ ထံမှသင်ယူရန် လိုအပ်သည်မှာ အမှန်ပင်။

“အင်းပါ ဟန်တွေဘာတွေ လုပ်မနေပါနဲ့ … အစ်ကိုလေ ခင်ဗျားလို လူမျိုးတွေနဲ့ မိတ်ဆွေဖွဲ့ချင်တာ .. ခင်ဗျားသိလား စွမ်းအား ပေါင်းစည်းတယ် ဆိုတာကလည်း ….”

ယွင်ချဲ့လည်း ရှင်းဖုန်းနှင့် နေရာလဲ၍ တစ်ဖက်တွင် ရှိသော လေတာ့ရှန်နှင့် စကားပြောရန် ပြင်လိုက်သည်။ ခေါင်းဆောင် လေ ဟုမခေါ်ဘဲ အစ်ကို လေ ဟု ခေါ်လိုက်သဖြင့် လေတာ့ရှန်နှင့် သူ၏ အဖွဲ့သားများ ပျော်ရွှင် ကျေနပ်သွားကာ ယွင်ချဲ့ ထံမှ အကြံဉာဏ်များကိုလည်း စိတ်ရှည်စွာ တောင်းခံနေကြသည်။ နောက်ဆုံး ရောက်လာသည်က ရှုကျဲ ဖြစ်ပြီး ခုံပေါ်တွင် ထိုင်လျက် ဒေါသတကြီး အံကြိတ်လိုက်သည်။ ယွင်ချဲ့သည် သူ့ကို အလွန် စိတ်ဆိုးစေသည်။ ထို့အပြင် မနက်ပိုင်းလူစုချိန်တွင် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို ရုတ်တရက်တွေ့ခဲ့ပြီး အနုပညာလောကတွင် ကျင်လည်နေသူ တစ်ယောက် အနေနှင့် သူတို့နှစ်ယောက်ကို ရှုကျဲ သတိထားမိ လိုက်သည်။ ကပ်မဆိုက်မီ ကတည်းက ရှုကျဲ ကဲ့သို့ ရုပ်ရည်အခံနှင့် နာမည်ကြီးသူများသည် ယဲ့ရှင်းချန်ကို ရန်သူတစ်ယောက် အဖြစ် သတ်မှတ်ထားပြီး သူ၏နေရာကို အရယူကာ အတော်ဆုံး နာမည်ကြီး ကြယ်ပွင့်များ ဖြစ်လာကြရန် စိတ်ကူးခဲ့ကြသည်။

ကျန်းရှန်သည် ရှုကျဲ၏ နှလုံးသားထဲမှ ဆူးညှောင့် တစ်ခုပင်။ ကပ်ဘေးကာလ မတိုင်မီ ရှုကျဲ၏ ကိုယ်စားလှယ်သည် ရှုကျဲ အတွက် သီချင်းနှင့် ဇာတ်ညွှန်းများ ရေးပေးရန် ကျန်းရှန် အား အကြိမ်ကြိမ်အခါခါ ဖိတ်ကြား ခဲ့ဖူးသည့်အပြင် ကျန်းရှန် အတွက် ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးဖြစ်နိုင်သည် အထိ အခွင့်အရေး ပေးခဲ့သည်။ သို့သော် ကျန်းရှန်က ကြိုတင် ချိတ်ဆက် ထားပြီးသော အချိန်ဇယားများနှင့် သဟဇာတ မဖြစ်နိုင်ကြောင်း ပြောကာ အကြိမ်တိုင်း ငြင်းဆိုခဲ့သဖြင့် ရှုကျဲ အလွန် နာကျည်းခဲ့သည်။ ကပ်ဘေး ကာလတွင် ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့ကို အတူတူ မဆုံတွေ့လိုသော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင်ပင် ယွင်ချဲ့ အဖွဲ့တွင် သူတို့နှစ်ဉီး ပါဝင်လာခဲ့သည်။ ဒီထက် မုန်းစရာကောင်းတာ ဘာရှိတော့မှာလဲ။

ရှုကျဲ စိတ်ဆိုးစိတ်ပျက် နေသော်လည်း ယွင်ချဲ့နှင့် မယှဉ်ရဲပေ။ ပြီးခဲ့သော အချိန်က ယွင်ချဲ့ ထံမှ ပြောဆိုခံထားရသဖြင့် စိတ်ချောက်ချား နေသောကြောင့် စိတ်ထဲမှ ကြောက်ရွံ့နေသဖြင့် ယွင်ချဲ့အား တည့်တည့်ပင် မကြည့်ရဲ။

ကျန်းရှန်၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများကြောင့် ဘတ်စ်ကားသည် အခက်အခဲမရှိ သွားလာနိုင်ပြီး ၂ နာရီပင် မကြာလိုက်ဘဲ ထုံယန်းမြို့၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာကြသည်။ အချိန်မှာ မနက် ၉ နာရီရှိနေပြီး အရှုံးသမား အဖွဲ့ဝင်များ၏ လိုအပ်သည်များကို စဉ်းစားကာ မြို့ထဲသို့ တိုက်ရိုက် မဝင်ဘဲ မြို့ကို ပတ်သွားကာ ပထမဆုံး တွေ့ရသည့် စူပါမားကတ် သို့မဟုတ် ကုန်စုံဆိုင် တစ်ခုထဲသို့ ဝင်သွားကြလေသည်။ ရှင်းဖုန်း သည်လည်း လိင်ပိုင်းဆိုင်ရာ ပစ္စည်း အရောင်းဆိုင်ကို ရှာဖွေရန် မမေ့ပေ။ ဆိုင်တစ်ဆိုင် တွေ့သည်နှင့် ချက်ချင်း ပြေးဝင်ကာ ပစ္စည်း အားလုံးကို သေချာမကြည့်ဘဲ သူ၏နယ်မြေထဲသို့ ထည့်သွင်း သိမ်းဆည်း ထားလိုက်သည်။

“ဖုတ်ကောင်တွေ လာနေပြီ … အသင့်ပြင်ထားကြ ငါတို့မြို့ထဲကို သွားမယ်”

၁၀ နာရီ ဝန်းကျင်ဖြစ်နေပြီး ဆင်ခြေဖုံးတွင် စူပါမားကတ်များနှင့် စတိုးဆိုင်များ သိပ်မရှိပေ။ တွေ့ရသော ဆိုင်များမှာ ဖောက်ထွင်း စီးနင်းခြင်း ခံထားရသော်လည်း သူတို့အားလုံး လိုအပ်သော ပစ္စည်းများ အများအပြားကို စုဆောင်း ထားမိပြီးဖြစ်သည်။ ယွင်ချဲ့လည်း သူ၏တည်နေရာ ပြဇယားကို ကြည့်လိုက်သည့် အခါ သူတို့အနားသို့ ဖုတ်ကောင်များ စုဝေး ရောက်လာသည်ကို တွေ့လိုက်ရသည်။

“နည်းအဟောင်းပဲ သုံးကြမှာလား”

ရှင်းဖုန်း လှည့်ကာ ယွင်ချဲ့ကို ကြည့်လိုက်သည်။ မြို့ပြင်တွင် ဖုတ်ကောင်များစွာ ရှိနေသဖြင့် မြို့ထဲတွင် ပိုများမည်ဟု ထင်ရသည်။ မြို့ထဲသို့ဝင်၍ တရစပ် တိုက်ခိုက်မည် ဆိုပါကလည်း ထင်သလောက် မလွယ်ကူပေ။ မည်သည့် အကြောင်း ပြောဆို နေကြသည်ကို မသိသဖြင့် လေတာ့ရှန် နားထောင်လျက်သာ ကြည့်နေလေသည်။ နာရီ အနည်းငယ် ကြာပြီးနောက် ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့ မည်မျှ သန်မာကြောင်း သူသိလာသဖြင့် အမိန့်နာခံရန် အသင့်ဖြစ်နေသည်။ လူတစ်ယောက်သည် အသန်မာဆုံး ဖြစ်ရန် မလိုအပ်သော်လည်း သူ၏အားသာချက်ကို နားလည် သဘောပေါက် ထားရမည်။ တစ်ဇွတ်ထိုး လုပ်ပါက ကိုယ့်သေတွင်း ကိုယ်တိုင် တူးခြင်းပင်ဖြစ်တော့မည်”

“အင်း .. ရှန်း .. ဟိုင်ရွှမ်း မင်းတို့က အတွေ့ကြုံ ရှိတယ်ဆိုတော့ အရင်လုပ်လိုက် .. ကျန်းရှန် ယိုသုန်း သူတို့ ဘာလုပ်မလဲဆိုတာ သေချာကြည့်ထား နောက်မိနစ် နှစ်ဆယ်နေရင် သူတို့နေရာကို အစားဝင်လိုက် … ရှန်း .. ဟိုင်ရွှမ်း အလှည့်ပြောင်းတဲ့ အချိန်ကြရင် အရင်မနားဘဲ သူတို့ ဘာလုပ်ရမလဲဆိုတာ သေချာသိတဲ့အထိ ကူပေးလိုက်”

ယွင်ချဲ့ မေးကိုပွတ်၍ သေချာစဉ်းစားပြီး အမိန့်ပေး လိုက်သည်။ အရှုံးသမားအဖွဲ့မှ ယိုသုန်းသည် ရွှေသတ္တုစွမ်းအားရှင် တစ်ယောက်ဖြစ်သည်။ ထုံယန်းမြို့သို့ သွားသည့် လမ်းတွင် အခုတာဝန်အတွက် ပါဝင်ကြသည့် အဖွဲ့ဝင်များ၏ စွမ်းအားများကို သိရှိခဲ့ရသည်။

“အင်း ..”

ရှန်းရွေ၊ လုဟိုင်ရွှမ်း၊ ကျန်းရှန်နှင့် ယိုသုန်းတို့ အားလုံး သဘောတူ ခေါင်းညိတ် လိုက်သည်။ ထို့နောက် ရှင်းဖုန်း မှ…

“ကျောက်ကောင်း .. ရှုကျဲကို ကာကွယ်ထား .. ဖုန်းရွေက ငါ့ကိုကာကွယ်ပေး .. ခေါင်းဆောင် လေ မင်းမှာ နယ်မြေ စွမ်းအားရှင်တွေ ပါရင် သူတို့ကို ကာကွယ်ထားဉီး”

ရှင်းဖုန်းက သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေး‌ စွမ်းရည်များကို ဖုံးကွယ် ထားလိုသောကြောင့် သူ၏လက်ထဲတွင် သေနတ်တစ်လက် ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဟန်ဆောင်လိုက်သည်။

“အင်း ကောင်းပြီ”

ယခုတာဝန်တွင် ချူးဟောင်လင်း မလိုက်ခဲ့ပေ။ ကျောက်ကောင်းနှင့် ဖုန်းရွေ တို့မှာ စကားနည်းသူ ဖြစ်ကြသည်။ မြို့ထဲသို့ ဝင်ရောက် လာသည့်အခါ လေတာ့ရှန်နှင့် သူ၏အဖွဲ့သားများ တကျည်ကျည် မလုပ်ကြတော့ပေ။ မြို့တစ်မြို့သို့ သွားသည့်အခါ အသက်ရှင်လျက် သွားနိုင်ပြန်လာနိုင်ခဲ့သော အဖွဲ့ ရှိကြောင်း မကြားဖူးကြသဖြင့် သတိကြီးစွာ ထားလျက် စောင့်ကြည့်နေကြသည်။ ရှင်းဖုန်းနှင့် သူ၏အဖွဲ့ဝင်များ နယ်စပ်မြို့တော်သို့ သွားခဲ့ကြသည်ကို လူအနည်းငယ်သာ သိသည်။ မဟုတ်လျှင် ထိုအကြောင်းသည် စခန်းထဲတွင် ဆူပူလာနိုင်ပြီး စွမ်းအားရှင် အဖွဲ့အစည်းတွင် အဖွဲ့ဖွဲ့ရန် Yun Che ပြောကြားသည့်အခါ လှောင်ပြောင်ခံရမည် မဟုတ်ပေ။

“စကြရအောင် .. သတိကြီးကြီး ထားကြ”

ထုံယန်းမြို့တွင် မည်သို့ ဖြစ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ကြသဖြင့် သူတို့အားလုံး ပူးပေါင်း ဖြေရှင်းကြရန် လိုအပ်သည်။ ယွင်ချဲ့နှင့် ရှင်းဖုန်း တို့သည် ရာနှုန်းပြည့် မသေချာသော်လည်း ယခုခရီးသည် နယ်မြို့သို့ သွားခဲ့သည့်အတိုင်း ချောမွေ့လိမ့်မည်ဟု ယုံကြည်နေသည်။

ကျွိ

ယွင်ချဲ့ ပြောပြီး သွားသည်နှင့် ဘတ်စ်ကားမှာ တဖြည်းဖြည်း နှေးလာကာ ရုတ်တရက် ရပ်သွားသည်။ လုဟိုင်ရွှမ်း ပထမဆုံး ဆင်းလိုက်ပြီး တံခါးတွင် သတ္တုလက်ရန်း တစ်ခု ဖန်တီးလိုက်သည်။ ယိုသုန်းသည် တက်ကြွစွာဖြင့် အနောက်မှ လိုက်သွားပြီး သတ္တုစင်္ကြံလမ်း ပုံစံရလာသည့်အခါ ယွင်ချဲ့က လေတာ့ရှန်နှင့် သူ၏အဖွဲ့သားများကို အရင်သွားစေသည်။ လူတိုင်း သတ္တုစင်္ကြံ လမ်းပေါ်သို့ ရောက်ရှိသည့်အခါ နောက်ဆုံး အဆုံးသတ်ရန် တာဝန်ရှိသော ရှန်းရွေက သတ္တုစင်္ကြံလမ်းကို ချက်ချင်း သိမ်းလိုက်သည်။ ယွင်ချဲ့က သူ၏နယ်ပယ် အတွင်းသို့ သတ္တုများ ပြန်လည် သိမ်းဆည်းသည့် အခါ သတ္တုစင်္ကြံလမ်းကို လေထုဖြင့် ဖုံးအုပ်ကာ သိမ်းဆည်း လိုက်သည်။ ကျန်းရှန်မှာ မတိုက်ခိုက်သည့် အချိန်တွင် ပို၍ချစ်စရာ ကောင်းပြီး ဆိတ်ဆိတ်နေခြင်းက သူ၏အမိန့်နာခံခြင်း ဖြစ်သည်။ ရှန်းရွေ၏ လှုပ်ရှားမှုများကို သူ၏ ချစ်စဖွယ် ကောင်းသည့် တည်ငြိမ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် မြင်ခဲ့သည်များကို မှတ်သား ထားလိုက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset