YMR- အခန်း ၉၂

အခန်း (၉၂)

နောက်တစ်နေ့ မနက်တွင် ယွင်ချဲ့ ပြန်မအိပ်သည့် အကြောင်းကို သိနှင့်ပြီးဖြစ်သော ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ လှေကားနားတွင် စောင့်နေကြသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့လည်း ဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် ယွင်ချဲ့အား ဖြေရှင်းခွင့် မပေးတော့ဘဲ လက်ကိုဆွဲကာ အခန်းတွင်းသို့ ခေါ်လာကြသည်။ လန်ယဲ့ဟန်မှာ သူ၏ပုံစံနှင့် မတူဘဲ ဆိုဖာပေါ်တွင် ထိုင်နေပြီး ဘာမှမပြောဘဲ အခန်းထဲသို့ ရောက်လာသော ယွင်ချဲ့ကို အေးစက်စက် ကြည့်နေလေသည်။

“ချဲ့ မင်း ခေါင်းဆောင်ရှင်းနဲ့ အတည်ကြီး တွဲနေတာလား”

ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ တံခါးကို လော့ချကာ အတူလိုက်ဝင် လာကြပြီး ယွင်ချဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင် လိုက်ကြသည်။ ယွင်ချဲ့လည်း ကြိုးစား ပြုံးလိုက်ပြီး ပြန်မဖြေမီ ဆေးလိပ် တစ်လိပ်ကို ယူလိုက်သည်။

“အတည်ကြီးဆိုတာ ဘာကိုပြောတာလဲ … ငါတို့ကို မင်းတို့ တွေ့ပြီးပြီမလား”

သူတို့ကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိဘဲ ယွင်ချဲ့မှာ တည်ငြိမ်နေသည်။ သူတို့မှာ ကပ်ဘေး ကာလတွင်း ရောက်နေကြခြင်းပင်။ ကပ်မဆိုက်မီ ကတည်းက ဆက်သွယ်ရေး ကွန်ရက်များ ကျယ်ပြန့်လာခြင်း အကျိုးဆက် အနေဖြင့် လိင်တူချစ်ကြိုက်မှု ကိစ္စများမှာ နိုင်ငံအတွင်း ပျံ့နှံ့နေပြီး ဖြစ်သည်။ လိင်ကွဲ ချစ်ကြိုက်ခြင်းက တမူထူးခြားမှု မရှိတော့သည်ကို သူကဲ့သို့သော အလုပ်ကိုသာ အာရုံစိုက်သော ကျောင်းသားငယ် တစ်ဉီးပင် ထိုကိစ္စကို သိထားပြီး ဖြစ်သောကြောင့် သူတို့လည်း သိလိမ့်မည်ဟု ယူဆသည်။ ဘာကြောင့်များ သူတို့တွေ ဒီလောက် အံ့ဩနေကြတာလဲ။

“ငါတို့ လက်မခံတာ မဟုတ်ပါဘူး လိင်တူ ချစ်ကြိုက်တာက မထူးဆန်းတော့ဘဲ … ဒီလိုကပ်ဘေးမှာ အားနည်းတဲ့ မိန်းကလေးကို ရှာမယ့်အစား ယောကျ်ား တစ်ယောက်နဲ့ အတူနေတာ ကောင်းပါတယ်။ ဒါပေမယ့် ငါတို့ ခေါင်းဆောင် ရှင်းရဲ့ သရုပ်မှန်ကို မသိရသေးဘူးနော်။ စစ်တပ်က သူ့ကို ကြောက်ရတယ်ဆိုတော့ သူ့မှာ နောက်ခံကောင်းတစ်ခု ရှိကိုရှိရမယ် … သူ့မိသားစုတွေက မင်းတို့ကို ကန့်ကွက်ကြမှာ ရက်ရက်စက်စက် ခွဲမှာမျိုးကို မင်းမကြောက်ဘူးလား”

ကျိုးဇယ်ယွီ ထိုင်ကာရှင်းပြလိုက်သည်။ ယွင်ချဲ့အား မည်သူမှ ထိခိုက်နစ်နာစေရန် မလုပ်နိုင်သည်ကို သိသော်လည်း ယွင်ချဲ့ ထိခိုက်ရမည်ကို စိုးရိမ်နေသည်။ အကယ်၍ တစ်ယောက်ယောက်က နစ်နာစေရန် ကြံစည်ခဲ့မည်ဆိုလျှင် သူဒုက္ခရောက်လိမ့်မည်။ သို့သော် ရှင်းဖုန်းတွင် တောင့်တင်းသော နောက်ခံ ရှိနေသဖြင့် သူ၏ မိသားစုများနှင့် ပြောဆိုဆက်ဆံရန် ခက်ခဲပေလိမ့်မည်။

“အင်းပါ မင်းရုပ်ရှင်တွေ ကြည့်တာ များနေပြီ … တကယ်လို့ သူ့မိသားစုတွေက ကန့်ကွက်ခဲ့ရင်တောင် ငါနဲ့ ဘာဆိုင်လို့လဲ … ငါ့ကို လျှော့မတွက် စမ်းပါနဲ့ ငါ့ကောင်ရာ”

ခေါင်းကို လက်တစ်ဖက်နှင့် ထောက်ထားပြီး ဆိုဖာလက်တင်ပေါ်တွင် တံတောင်နှင့် မှီထားလျက် လှောင်ပြောင်ဟန်နှင့် တုံ့ပြန် လိုက်သည်။ ဘာအတွက် စိုးရိမ် နေကြသည်ကို သိသော်လည်း ရှင်းဖုန်းအား လက်ခံခဲ့သည့် အချိန်မှစ၍ သူဘာကိုမျှ မကြောက်တော့သဖြင့် စိတ်ပူပေးရန် မလိုတော့ပေ။ အကယ်၍ ရှင်းဖုန်း၏ မိသားစုများ ကန့်ကွက်ခဲ့လျှင်တောင် နောင်နှစ်များကြာမှ ဖြစ်လာနိုင်သဖြင့် လက်ရှိအတွက် စိုးရိမ်ရန် မလိုအပ်ပေ။

“ကောင်းပြီလေ မင်းစိတ်က သေချာပြီဆိုရင် ငါတို့ မငြင်းတော့ပါဘူး။ ဒါပေမယ့် မင်းအစ်မကို ဘယ်လို ပြောမလဲဆိုတာ စဉ်းစားပြီးပြီလား .. သူက မင်းကို မိန်းကလေး တစ်ယောက်နဲ့ပဲ လက်ထပ်စေချင်တာ”

ယွင်ချဲ့ ပုံစံမှာ ပြောင်းလဲခြင်း မရှိသဖြင့် ဘာကိုမှ ဂရုမစိုက်ကြောင်းကို ကျိုးဇယ်ယွီ သိလိုက်သည်နှင့် ဆက်၍ မပြောဆိုတော့ပေ။ အကယ်၍ တစ်ခုခု ဖြစ်ပေါ်လာလျှင် ထိုအရာများကို ခုခံရန် ပြင်ဆင်ထားရမည်။ ထိပ်ဉီးအဖွဲ့ဝင်များ အနေဖြင့် မည်သည်ကိုမှ မကြောက်ရွံ့ကြပေ။

“အင်း … ဆရာ ရှင်းက ခန့်ညားတယ် ခန္ဓာကိုယ် တောင့်တင်းတယ်။ ပြီးတော့ ထက်မြက်တယ် … သူ့လိုလူမျိုးကို ငါ့ရဲ့လက်တွဲဖော် အနေနဲ့ ရထားတယ်ဆိုရင် မမလည်း ဝမ်းသာမှာပါ .. ထင်ရတာပဲ”

ရုတ်တရက် ယွင်ချဲ့ မတ်မတ် ထိုင်လိုက်ပြီး ရှင်းဖုန်း၏ အားသာချက်များကို လက်ချိုး ရေတွက် ပြလိုက်သဖြင့် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ ဆွံ့အသွားပြီး နှုတ်ခမ်းကို တွန့်ကာ တွေးလိုက်ကြသည်။

“ကိုယ့်အစ်မ အကြောင်းကိုတောင် သေချာမသိဘူးလား ဘာလို့ ငါတို့ကို လာပြောပြနေတာလဲ’

“ရှင်းဖုန်းက ယောကျ်ား တစ်ယောက်နော် အဲဒီ အချက်ကြောင့်ပဲ မင်းအစ်မပျော်မှာ မဟုတ်ဘူး”

ယွင်ချဲ့ကို လန်ယဲ့ဟန် ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သဖြင့် ယွင်ချဲ့ မျက်မှောင်ကြုတ်ကာ …

“ယုံယုံ မယုံယုံ မင်းကို ယွင်ချန်နဲ့ ထပ်တွေ့ခွင့် မပေးတော့ဘူး”

သေစမ်း! လန်ယဲ့ဟန် ထိုကဲ့သို့ မပြောသင့်ပေ။ ယွင်ချဲ့ ပို၍ စိတ်ရှုပ် သွားလေပြီ။

လန်ယဲ့ဟန်လည်း ဘာမှ မပြောတော့ဘဲ တိတ်ဆိတ်စွာ စိုက်ကြည့် နေလိုက်သည်။

“ထားလိုက်ပါ စိတ်ထဲမထားနဲ့ … ငါ့ဆံပင်တွေတောင် ရှည်လာပြီပဲ”

ယွင်ချဲ့ စိတ်ဆိုး မာန်ဆိုးဖြင့် သူ၏ဆံပင်များကို ကိုင်လိုက်ရာ ကတုံး(ခေါင်းတုံး)ဆံပင်ပေါက် ပုံစံမှ ဆံပင်များ ပို၍ ရှည်လာခဲ့သည်။

“ရှည်တယ် … ငါ့ဆံပင်က ပိုရှည်တယ် သိလား ဒီစခန်းမှာ ဆံသဆိုင် ရှိလားမသိဘူး … ဘာလဲဟ ..”

ကျိုးဇယ်ယွီမှာ သူ၏မျက်လုံးပေါ်တွင် ဖုံးနေသော ဆံမြိတ်ကို ဖယ်လိုက်ပြီး စကားမဆုံးမီ သူ၏ လက်မောင်းကြားသို့ တစ်ခုခု ကျရောက်လာသဖြင့် ထိုအရာကို ကြည့်လိုက်ရာ မဖွင့်ဖောက် ရသေးသော ကပ်ကြေး အသစ်တစ်စုံ ဖြစ်နေသည်။

“ဒါဘာလို့ ငါ့ကို ပေးတာလဲ”

ကျိုးဇယ်ယွီ နားမလည်နိုင် ဖြစ်သွားပြီး ကတ်ကြေးကို ကိုင်မြှောက်ကာ မေးလိုက်သည်။

“ဟာ မင်း စကားများလိုက်တာ ဘာလို့ အူကြောင်ကြောင် လုပ်နေတာလဲ … ကတ်ကြေးက ရှည်လျားပြီး မိန်းမလျာပုံ ပေါက်နေတဲ့ မင်းရဲ့ဆံပင်ကို ရိတ်ပစ်လို့ ရတယ် … မဟုတ်ရင် မင်းရဲ့မုတ်ဆိတ်မွေးကို ရိတ်မလို့လား”

ယွင်ချဲ့ မတ်တပ်ရပ်ကာ မထွက်သွားမီ ကျိုးဇယ်ယွီကို လှောင်ပြောင်ခဲ့သည်။

“သေလေ … ဘယ်သူက ခေါင်းရိတ်မယ် ပြောလို့လဲ ငါက ဘုန်းကြီးမှ မဟုတ်တာ … နေပါဉီး မင်း ဘယ်သူ့ကို မိန်းမလျာနဲ့ တူတယ်လို့ ပြောတာလဲ”

တုံ့ပြန်ရန် နောက်ကျစွာပင် ကျိုးဇယ်ယွီက ကတ်ကြေးကို အဝေးသို့ ပစ်လိုက်ပြီး ယွင်ချဲ့ အနောက်မှ လက်ကို ဝှေ့ယမ်း လိုက်သော်လည်း ယွင်ချဲ့က လျစ်လျူရှုလျက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

“မင်းသိလား ငါကတုံး(ခေါင်းတုံး)နဲ့ နေရတာ ကိစ္စမရှိဘူး အနည်းဆုံးတော့ ဆံပင်တွေ ငါ့မျက်လုံးကိုရှေ့ ကွယ်မနေတော့ဘူးပေါ့ … မင်းမလိုချင်ရင် ငါ့ကိုပေးလိုက် ငါ့ဆံပင်တွေ အရမ်း ရှည်နေတယ်လို့ ခံစားနေရတယ်။ ဖုတ်ကောင်တွေကို သတ်တဲ့အခါ အနှောင့်အယှက် ဖြစ်တယ်”

လုဟိုင်ရွှမ်းလည်း ကျိုးဇယ်ယွီ လွှင့်ပစ်လိုက်သော ကတ်ကြေးကို သဘောကျစွာ ကောက်ယူလိုက်သည်။ ခံစားလွယ်သော ကျိုးဇယ်ယွီနှင့် မတူသည်က လုဟိုင်ရွှမ်းသည် အရပ်ရှည်ကာ မာမာတင်းတင်းရှိပြီး ကတုံး(ခေါင်းတုံး)ဆံပင် ပုံစံဖြင့် နေရသည်က သူ့အတွက် အထူးတလည် ပြဿနာ မရှိပေ။

“အင်း… ”

လန်ယဲ့ဟန်လည်း ထောက်ခံသဖြင့် ကျိုးဇယ်ယွီ သူ၏ဒေါသများကို ထိန်းချုပ်ရန်ပင် ဆွံ့အ သွားရသည်။ အကယ်၍ သူတို့အားလုံး ဆံပင်ရိတ် လိုက်လျှင် သူတစ်ယောက်တည်း သာလျှင် ဆံပင်ရှည်နှင့် ပုံစံကွဲထွက် နေလိမ့်မည်။ ထိပ်ဉီးအဖွဲ့ထဲမှာ ဘာကြောင့် မူမမှန်သည့် သူများ စုနေရတာလဲ။

နာရီဝက်ခန့် ကြာပြီးနောက် ယွင်ချဲ့ အောက်သို့ ဆင်းလာရာ မနက်စာ စားနေကြသူများ ယွင်ချဲ့ကို မြင်လိုက် ရသည်နှင့် ဗြောင်းဆန် သွားကြလေသည်။

“ဖူး…!”

ပဲနို့သောက်နေသော ချူးဟောင်လင်း ပါးစပ်ထဲမှ နို့များ ပြန်ထွက်ကျ လာသည်။

ဘုတ်

ကျန့်ယာဖေး လက်ထဲတွင် ကိုင်ထားသော ပေါင်မုန့်ကြော်မှာလည်း စားပွဲပေါ်သို့ ကျသွားသည်။

ဂလောင်

ရှင်းဖုန်း လက်ထဲမှ ကော်ဖီခွက်သည်လည်း အောက်ခံပြားနှင့် ရိုက်မိ သွားလေသည်။

“အမ် …ဉီးဉီး…”

ချန်ချန်လည်း ပါးစပ် အဟောင်းသားနှင့် ကြည့်လျက် မယုံကြည်နိုင် ဖြစ်နေလေသည်။

“ရှောင်ချဲ့ … နင် …”

ယွင်ယောင် နှုတ်ခမ်းကို အသာဟကာ တုန်ယင်နေသော လက်ဖြင့် ယွင်ချဲ့ကို လက်ညှိုး ထိုးလျက် ရပ်နေမိသည်။

“ဟား … ဟား ..”

“ဟာ ချဲ့ ရာ ဘယ်လိုဖြစ်တာလဲ … ဘာလို့ ဘုန်းကြီး ဝတ်လိုက်ရတာလဲ ဟား ..ဟား …”

“ငါရယ်ရလွန်း သေတော့မယ် .. ချဲ့ နောက်မနေနဲ့တော့ ဟုတ်ပြီလား .. ရယ်တာ ခေါင်းတောင်ကိုက်တယ်”

“ဟား ဟား မင်းဆံပင်တွေ ဘာဖြစ်သွားတာလဲ ဟား .. ဟား..”

“ဟား..ဟား”

နောက်ဆုံးတွင် မည်သူက စလိုက်မှန်းပင် မသိရဘဲ ထမင်းစားခန်းထဲရှိ သူများအားလုံး ပွဲကျ သွားကြလေသည်။ ချူးဟောင်လင်း မှစ၍ အခြားသူများ ယွင်ချဲ့ကို လက်ညှိုးထိုး ရယ်မောနေကြသဖြင့် ချန်ချန်ပင် အလွန်ပျော်ရွှင် သွားလေသည်။ ဆံပင်များကို အပြောင်ရိတ် ထားသော ယွင်ချဲ့၏ပုံစံက ထူးခြားနေသော်လည်း တည်ငြိမ်စွာ လမ်းလျှောက်လာပြီး ချန်ချန်ကို နမ်းကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“တော်ကြတော့ ကတုံး(ခေါင်းတုံး) တုံးတာ ဘာဖြစ်လဲ ငါက နဂိုအတိုင်း ချောမြဲချောဆဲပဲ … ကောင်းပြီလေ မင်းတို့လည်း ဆံပင်ရိတ်ရဲ ရိတ်လိုက် ပြီးရင် ဘယ်သူက ပိုချောတယ်ဆိုတာ ကြည့်ကြသေးတာပေါ့”

ပေါင်မုန့်ကြော်ကို ယူလိုက်ပြီး ယွင်ချဲ့ ယုံကြည်ချက်ရှိရှိနှင့် မာန်ဝင့်ဟန် လုပ်ပြလိုက်သည်။ သေချာကြည့်လျှင် သူက ကတုံး(ခေါင်းတုံး)နှင့်ပင် ပို၍ ခန့်ညားနေသည် မဟုတ်လား။

“ငါအရှုံးပေးပါပြီ … မင်းကတော့ နံပါတ် တစ်ပဲ ဟား … ဟား”

ချူးဟောင်လင်း အရယ် ရပ်လိုက်ပြီး လက်မ ထောင်ပြကာ ချီးကျူးလျက် ထပ်ရယ် လိုက်ပြန်သည်။ ချူးဟောင်လင်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ ယွင်ချဲ့ ဆံပင်ရိတ် ထားသဖြင့် ခေါင်းမှာ ပြောင်နေသောကြောင့် သူတွေ့လိုက်တိုင်း မရယ်မိဘဲ မနေနိုင် ဖြစ်နေရသည်။

“ဒါနဲ့ မင်းဘာလို့ ရုတ်တရက်ကြီး ကတုံး(ခေါင်းတုံး) တုံးလိုက်ရတာလဲ”

ရှင်းဖုန်းလည်း ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး ယွင်ချဲ့ အတွက် ပဲနို့ခွက်ကို ယူပေးလိုက်လျက် လက်ကိုဆန့်ကာ ယွင်ချဲ့ ခေါင်းကို အသာ ထိလိုက်သည်။ အင်း .. ကိုင်လို့တော့ ကောင်းသားပဲ .. ယွင်ချဲ့ ခေါင်းကို ရှင်းဖုန်း ပွတ်သပ် နေသဖြင့် ယွင်ချဲ့ စိတ်ဆိုးတကြီးနှင့် ခေါင်းခါလိုက်ပြီး …

“ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ကို ဆွပြီးရင် တာဝန်ယူမှာလားပြော”

“အင်း ယူမှာပေါ့”

ရှင်းဖုန်း ခေါင်းညိတ်လိုက်ပြီး ယွင်ချဲ့ ခေါင်းကိုသာ ကြည့်နေလေသည်။

“ပါးစပ်ပိတ် … မနေ့ကလည်း ခင်ဗျား စိတ်လွတ်လုနီးပါး ဖြစ်သွားသေးတယ်လေ … ထားပါတော့ ရယ်လို့ဝပြီ မလား အခုက ကျုပ်ကို အနေခက်အောင် မလုပ်နဲ့”

ရှင်းဖုန်းကို ခပ်တိုးတိုး အပြစ်ဆိုလိုက်ပြီး အခြားသူများကို လှည့်ကြည့်လျက် ယွင်ချဲ့ အသံမြင့်လိုက်သည်။ သူဆံပင်ရိတ် လိုက်ရုံလေးကို ဘာကြောင့်များ အံ့အားသင့် နေကြတာလဲ။ သူတို့အားလုံး ဆံပင်ရှည် ထားကြမည်ဟု ယွင်ချဲ့ မယုံနိုင်ပေ။

“အဟမ်း .. အင်း ရှောင်ချဲ့ ကြည့်လို့ ကောင်းပါတယ် ထင်ရတာပဲ”

ယွင်ယောင် ချောင်းဟန့်လိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ သူမ၏သားအား ကိုင်ထားသော လက်ကို ရုပ်လိုက်ပြီး ယွင်ချဲ့ ခေါင်းကို ထိကိုင်လိုက်သည်။

“ဦးဉီး ကိုင်လို့ အရမ်းကောင်းတာပဲ”

ချန်ချန်လည်း သူ၏အမေ လုပ်ပုံကိုကြည့်ကာ သူ၏ ဖောင်းကစ်နေသော လက်သေးသေးလေးများဖြင့် ယွင်ချဲ့ ခေါင်းကို ထပ်ခါထပ်ခါ ရိုက်ကြည့် နေသောကြောင့် အခြားသူများလည်း တစ်ခါလောက် စမ်းကြည့် ချင်ကြလေသည်။ သို့သော် ယွင်ချဲ့၏ စိတ်မာန်နှင့် ဂုဏ်ကြောင့် လူအချို့သာ စမ်းရဲကြခြင်း ဖြစ်သည်။

“မမ !”

သူ၏အစ်မနှင့် တူလေးတို့၏ အပြုအမူကို ယွင်ချဲ့ သည်းမခံနိုင်တော့ဘဲ ချန်ချန်ကိုချီကာ တုပ်ထားလိုက်ပြီး ယွင်ယောင်အား မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်လေသည်။

“အာ ဆောရီး ဆောရီး ကိုင်လို့ ကောင်းလွန်းတော့ မထိန်းနိုင်ဖြစ်သွားတာ”

ကသိကအောင့် ဖြစ်သွားသော အပြုံးဖြင့် ယွင်ယောင် သူမလက်ကို ပြန်ရုပ် လိုက်သည်။

“ဟင်း ..”

ယွင်ချဲ့ သက်ပြင်း ချလိုက်သည်။ သူဆံပင်ရိတ် လိုက်ရုံကို ဘာကြောင့်များ ပြောဆို မပြီးနိုင် ဖြစ်နေကြတာလဲ။

“ငင့် သေလိုက်ပါတော့”

ဘုန်း

ယွင်ချဲ့၏ ပုံစံအသစ်ကို လက်ခံလုနီးပါး ဖြစ်နေသည့် အချိန်တွင် လှေကားကို မျက်နှာမူလျက် ထိုင်နေသော ချူးဟောင်လင်း ရုတ်တရက် ထအော်လိုက်ပြီး ခုံပေါ်မှ ပြုတ်ကျသွားလေသည်။

“ဖူး ..”

လှေကားသို့ လှမ်းကြည့်လိုက်ရာ ဆံပင် အပြောင်ရိတ်ကာ ကတုံး(ခေါင်းတုံး)ပုံစံနှင့် ဆင်းလာကြသော လန်ယဲ့ဟန်၊ လုဟိုင်ရွှမ်းနှင့် ကျိုးဇယ်ယွီ တို့ကို တွေ့လိုက် ရသည့်အခါ အားလုံး ကျယ်လောင်စွာ ရယ်မောကြလေသည်။ ကတုံး(ခေါင်းတုံး) အဖွဲ့များလား၊ ထိပ်ဉီးအဖွဲ့မှာ အခြားကိစ္စများကို ထပ်၍ မရှက်နိုင်တော့ပေ။ သူတို့တွေ ဟာသလုပ်ရန် တိုင်ပင် ထားကြသည်လား။

“ငါရော ဆံပင်ရိတ်သင့်လားပဲ”

ကျန့်ယာဖေး စူပုတ်လိုက်ပြီး သူမ၏ ကျစ်ဆံမြီး ဆံပင်ကို ဆွဲယူကာ ပြောလိုက်သဖြင့် သူမ၏မိဘများ မရယ်နိုင်တော့ဘဲ စိုးထိတ် သွားကြကာ ကျန့်ယာဖေး လက်ကိုဆွဲကာ …

“ရှောင်ဖေး .. သူတို့က ယောက်ျားလေးတွေ သမီးက မိန်းကလေး သူတို့လို လိုက်လုပ်မနေနဲ့”

“ဟုတ်တယ် ရှောင်ဖေး သမီးဆံပင် အရမ်း ရှည်နေတယ် ထင်ရင် အမေတို့ နည်းနည်း ညှပ်ပေးမယ် … ရူးကြောင်ကြောင်တော့ မလုပ်ပါနဲ့”

သူမ၏ ဆံပင်များကို အမှန်တကယ် ရိတ်လိုက်မည် စိုးသောကြောင့် ကျန့်ယာဖေး၏ မိဘများက ချော့ပြော လိုက်ကြလေသည်။

“အဟမ်း ဆရာ … ငါတို့တွေ F ဒေသကို သွားပြီး ဆံပင်ညှပ်ဖို့ ဆံသဆရာ တစ်ယောက်တော့ ရှာသင့်တယ် ထင်တယ်”

ကူးမင်ရွှမ်း တည်ငြိမ်နေသော အသံဖြင့် အကြံပေးလေသည်။ သူတို့၏ ခေါင်းဆောင်မှာ ယွင်ချဲ့၏ အစောင့်အရှောက် ဖြစ်နေသည်ဟု တွေးမိကာ နောက်လိုက်များအား ဆံပင်ရိတ် ခိုင်းမည်ကို ကြောက်ရွံ့ နေသည်။

“ကောင်းပြီလေ အဲဒီအတိုင်း လုပ်လိုက်ပါ”

ကံကောင်းစွာပင် ရှင်းဖုန်း ခေါင်းညိတ် လက်ခံ လိုက်သဖြင့် ကူးမင်ရွှမ်း ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောချင်မိသွားသည်။

“ဟမ် အစ်ကို ကူး .. ဘာလို့ စောစော မပြောတာလဲ … ငါရဲ့နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်လေးတွေ သနားပါတယ်ကွာ ခေါင်းဆောင် ကောင်းမှုနဲ့ ငါ့ရဲ့ဆံပင်လေးတော့ သွားပါပြီ”

သူတို့၏ စကားများကြောင့် ကျိုးဇယ်ယွီ ငိုချင်မိသွားသည်။ သူ၏ဆံပင်ကို မရိတ်ချင်ခဲ့သော်လည်း တစ်ဦးတည်း ပုံစံမတူ ကွဲထွက်နေမည်ကို စိုးသောကြောင့် ဆံပင်များကို ရိတ်ရန် ဆုံးဖြတ်ခဲ့ရသည်။ ယွင်ချဲ့ကို မကျေနပ်စွာ ကျိုးဇယ်ယွီ လှည့်လိုက်သည်။ ယွင်ချဲ့ အပြစ်ပင်၊ သူဘာကြောင့် ကတ်ကြေး ပေးခဲ့ရတာလဲ။

“ဟား .. ဟား ..”

ထိုအကြည့်ကို မြင်လိုက်လို့များ စိတ်လွတ်ကိုယ်လွတ် ရယ်မိ လိုက်ကြလေသည်။ သူတို့မှာ စိတ်ပါလက်ပါ ညှပ်ခဲ့ကြခြင်း မဟုတ်ကြောင်း သိလိုက်ကြရပြီ။ ယခုတစ်ခေါက် ယွင်ချဲ့ လုပ်ခဲ့သည်က အလွန် ဆိုးဝါးလှသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset