YMR- အခန်း ၈၉

အခန်း (၈၉)
“ခေါင်းဆောင် လေ စိတ်မပျက်စေရပါဘူး”

ရှင်းဖုန်း ငြိမ်သက် နေပြီးနောက်မှ တည်ငြိမ်စွာဖြင့် ယုံကြည်ချက်ရှိရှိ စကားစပြောလေသည်။ ရှင်းဖုန်းမှာ လူတစ်ဖက်သားကို ယုံကြည် စိတ်ချအောင် ပြောဆိုတတ်သဖြင့် လေတာ့ရှန် ရယ်မောလိုက်သည်။ ထို့နောက် ဆံပင်ကိုသပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် …

“ခေါင်းဆောင် ရှင်း .. ခေါင်းဆောင် ယွင် ဒီတာဝန်ကိုလုပ်ဖို့ဆိုရင် စီစဉ်နိုင်ဖို့ ကျုပ်အတွက် အချိန်ခဏ လိုမယ်ထင်တယ် .. ပြောရရင် ကျုပ်အဖွဲ့ထဲက ၁၀ ယောက် အယောက် ၂၀ လောက်ပဲ တာဝန်တွေ အတွက် တိုက်ရည် ခိုက်ရည်ရှိတာ ဒါပေမယ့် ကျုပ်တို့ အဖွဲ့ဝင်တွေက ရာကျော်ရှိပြီး ထောက်ပံ့ပေးရမယ့် မိသားစုတွေလည်း ရှိကြတယ် … ဒါက အရေးကြီးတဲ့ အစီအစဉ် တာဝန်ဖြစ်လို့ အရေးပေါ် ကိစ္စအတွက် တစ်ခုခု စီစဉ်ထားမှရမယ် .. အာ ဒါနဲ့ ထုံယန်းမြို့ကိုသွားရင် ဟိုကနေ ပစ္စည်းတွေ စုလာလို့ရလား”

ယွင်ချဲ့လည်း ပွင့်လင်းသမား ဖြစ်သည့် အလျောက် လေတာ့ရှန်လည်း ထိုကဲ့သို့ပင်။ ကြီးမားသော အဖွဲ့ကို တာဝန်ယူ ဉီးဆောင်ရသည်က အလွန် စိတ်ဖိစီးလှသဖြင့် ဘေးကျပ်နံကျပ်ဖြစ်နေသည်ကို မကွယ်ဝှက်ထားပေ။ အဖွဲ့သားများက အစားအသောက်များကို နေ့တိုင်းပင် စောင့်မျှော်နေကြပေသည်။

“ရပါတယ် ကျုပ်တို့လည်း ပြင်ဆင်သင့်တာ ပြင်ရဉီးမယ် .. ရိက္ခာတွေကတော့ ရသေးရင် ကျွန်တော်တို့လည်း နည်းနည်း ယူပါမယ်”

လေတာ့ရှန်မှာ တာဝန်ယူတတ်သူ ဖြစ်သည့်အပြင် သေသပ်သောကြောင့် ရှင်းဖုန်း ခေါင်းညိတ် ပြလိုက်သည်။ သဘောတူ ထားချက်အရ SSS အဆင့်တာဝန်ကို လဝက်အတွင်း ပြီးမြောက်အောင် လုပ်ရမည်ဖြစ်သည်။ ထုံယန်းမြို့မှာ လင်းကျန်းမြို့နှင့် ၁၀၀ ကီလိုမီတာ ကျော်သာ ကွာဝေးသဖြင့် အချိန်က ပို၍ပင် လုံလောက်ပေသည်။

“ကျွန်တော်လည်း အဆင်ပြေပါတယ် အဖွဲ့သားတွေက အသက်ရှင်ဖို့အတွက် ခင်ဗျားအပေါ် မှီခိုနေရတာပဲလေ .. ဆုကြေးက မလုံလောက်နိုင်ဘူး ကျွန်တော်တို့လည်း စုလို့ရရင် စုခဲ့ကြမှာပါပဲ”

ယွင်ချဲ့ ပြုံးပြလိုက်ပြီး လေတာ့ရှန် ရှက်ရွံ့ခြင်း မဖြစ်စေရန် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း ကျုပ်ကို ခွင့်ပြုပါဉီး .. စီစဉ်စရာရှိတာတွေ လုပ်လိုက်ဉီးမယ်”

လေတာ့ရှန်မှာ သူ၏ အမူအကျင့်အတိုင်း ပွင့်လင်းစွာ ပြောဆိုကာ သဘော တူညီချက် ရပြီးနောက် ထွက်လာခဲ့လေသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ဘေးတွင် ထိုင်နေသော ကူးမင်ရွှမ်းက လေတာ့ရှန်ကို ကားမောင်းကာ အဖွဲ့အစည်းသို့ လိုက်ပို့ပေးသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ၂ ယောက်တည်းသာ ကျန်ခဲ့သည်။

“နောက်တစ်ယောက်က ဘယ်သူလဲ .. မင်းအစ်မကို ထည့်မလို့လား”

နှစ်ယောက်တည်းသာ ကျန်ခဲ့သဖြင့် ယွင်ချဲ့ကို ကြည့်ကာ ရှင်းဖုန်း ပြုံးပြလျက် မျက်ခုံးပင့်ကာ မေးလိုက်သည်။ အခြားသူများ မသိနိုင်သော်လည်း ယွင်ချဲ့ အဖွဲ့မှာ ၅ယောက်သာ ရှိသည်ကို ရှင်းဖုန်း သိထားပြီး သူတို့ ၅ ယောက်က အခြားအဖွဲ့၏ ၇ ယောက် ၈ ယောက်နှင့် ညီမျှလေသည်။

“ဒါက … လျှို့ဝှက်ချက်”

ယွင်ချဲ့ မျက်လုံး မှိတ်ပြကာ လက်ထဲတွင် ဆေးလိပ် ကိုင်ထားလျက် အခန်းထဲမှ ထွက်သွားရာ ရှင်းဖုန်းလည်း မျက်မှောင်ကြုတ် ကြည့်လျက် ချက်ချင်း ထမလိုက်သွားပေ။ ယနေ့တွင် ယွင်ချဲ့၏ ပုံစံအမျိးမျိုးကို သူမြင်တွေ့ခဲ့ရသည်။ မကောင်းသော ခံစားချက်မျိုး မရဘဲ သူ့အား ယွင်ချဲ့ လက်ခံလာမည့် နေ့ကိုသာ စောင့်မျှော် နေလေသည်။

“ခင်ဗျားသိလား မော့ဝမ်းယန်ကို ကူညီပေးဖို့ ကျွန်တော့် ခွန်အားကို မချွေတာတဲ့အပြင် နယ်မြေ စွမ်းအားကိုလည်း ထုတ်ပြလိုက်ပြီ မကြာခင်လည်း လေစွမ်းအားကို ထုတ်ပြမိမယ် ထင်တယ် … မော့ဝမ်းယန် ဆီကနေ တစ်ခုခု တောင်းဆိုသင့်လား”

အိမ်ကား မောင်းမပြန်ဘဲ ပခုံးချင်း ယှဉ်ကာ လမ်းလျှောက် ပြန်ကြစဉ် ယွင်ချဲ့ စနောက်ပြောဆိုလိုက်သည်။

“အင်း .. ဒါပေမယ့် သူ့ဆီကရတဲ့ ဆုတဲ့တွေထက် ဒီခရီးစဉ်ကနေ ဘာတွေ ရနိုင်မယ်ဆိုတာပဲ မင်းဂရုစိုက် နေတယ်လို့ ငါထင်တယ်”

အရာရာ ရှင်းလင်းသိမြင်ပြီး ဖြစ်သော ရှင်းဖုန်းက ယွင်ချဲ့၏ အစီအစဉ်ကို တိုက်ရိုက်ပြောချလိုက်သည်။ သူတို့အစီအစဉ်မှာ မော့ဝမ်းယန်အား စွမ်းအားရှင်များ၏ အသိအမှတ်ပြုခြင်းခံစေရပြီး ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့မှာ အကြွင်းမဲ့ အင်အားကြီးကြောင်း သိစေလိုခြင်း ဖြစ်သည်။ ထိုမှသာ သူတို့အန္တရာယ် ကျရောက်သည့် အခါတွင် အကူအညီတောင်းခံနိုင်မည် ဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က သူတို့၏အဖွဲ့ကို စခန်းထဲတွင် မည်သူမှ မလွှမ်းမိုးနိုင်သော ဂိုဏ်းများ ဖြစ်စေချင်သည်။ မော့ဝမ်းယန်က စွမ်းအားရှင် အဖွဲ့အစည်းအား အုပ်ချုပ်လိုက်ပြီး စစ်တပ်နှင့် စွမ်းအားရှင်များကြား ပေါင်းကူးတံတား ဖြစ်လာပြီးလျှင်တောင် စွမ်းအားရှင်များကို သူတို့ ထိန်းချုပ် နိုင်လိမ့်မည်ဖြစ်သည်။

“ဝါး .. ခင်ဗျားက ကျွန်တော့် အတွေးကို သိနေတာပဲ .. ခင်ဗျား သိပါတယ် ကျွန်တော် လက်စားချေရမယ် ဆိုတာ ထိပ်ဉီးအဖွဲ့က ကျွန်တော့်ရဲ့ အားထားရဆုံး အဖွဲ့ဖြစ်ပြီး အနောက်တောင်စခန်းကိုတော့ ကျွန်တော့အတွက် အင်အားတောင့်တဲ့ ကျောထောက် နောက်ခံဖြစ်စေချင်တယ်”

ယွင်ချဲ့ လက်ခုပ်တီးလိုက်ပြီး တည်ငြိမ်နေပုံ ပေါ်သော်လည်း မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေသည်။ စွမ်းအားရှင်များ၏ ထောက်ပံ့မှုက မလုံလောက်သေးသဖြင့် စစ်တပ်မှ ထောက်ပံ့မှုကိုလည်း လိုအပ်ပေသည်။

“ငါမင်းကို ဘာကြောင့် သဘောကျလဲသိလား”

ယွင်ချဲ့ကို လှည့်ကြည့်ကာ ရှင်းဖုန်း မေးလိုက်သည်။

“ဘာကြောင့်လဲ”

ထိုအကြောင်းကို ယွင်ချဲ့ အလွန် သိချင်ခဲ့သည်။ သူသည် အတိတ်ဘဝရော ယခုဘဝတွင်ပါ လူကောင်း တစ်ယောက် မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။ အခုဘဝတွင် အခြားသူများ မကြုံသေးသည့် ဖြစ်ရပ်များကို အတိတ်ဘဝမှ မျက်မြင် တွေ့ခဲ့ရသဖြင့် ယခုအချိန်တွင် အနည်းငယ် ထက်မြက်သည်ဟု ထင်ရသည်။ ရုပ်ရည်သွင်ပြင်ကို ပြောလျှင် အလွန်မဆိုးသည့် အထဲပါသော်လည်း ရှင်းဖုန်းက အသွင်အပြင်ကို အာရုံမထားပေ။ လိုအပ်သည် ဆိုပါက များပြားလှသည့် ခန့်ညားသောယောကျ်ားများနှင့် လှပသော မိန်းကလေးများ ရှင်းဖုန်း အနားသို့ ချဉ်းကပ် လာကြပေလိမ့်မည်။ ယွင်ချဲ့က ကိုယ့်ကိုယ်ကို သာမန်လူ တစ်ယောက် အဖြစ်သာ မြင်သဖြင့် ရှင်းဖုန်းက ဘာကြောင့်များ သူ့အား ကြိုက်နှစ်သက် နေရသည်ကို နားမလည်နိုင်ပေ။

“အစပိုင်းတုန်းမှာ မင်းရဲ့ စေ့စပ်သေချာမှုက ငါ့ကို ဆွဲဆောင်ခဲ့တာပဲ ငါတို့စတွေ့တဲ့ အချိန်တုန်းက မင်းလိမ်ပြောခဲ့ပေမယ့် ဘာကိုမှ ရှိုးတိုးရှန့်တန့် ဖြစ်နေတာမျိုး မရှိဘူး … မင်းလိုလူမျိုးတွေ အများကြီး တွေ့ခဲ့ပါတယ် ဒါပေမယ့် သူတို့က အသက်ပိုကြီးတယ် မင်းကငယ်ရွယ်သေးပေမယ့် အသက်ကြီးတဲ့ သူတွေထက် ပိုပြီးတော့ တည်ငြိမ် ရင့်ကျက်နေတာ … နောက်ပြီးတော့ မင်းငါ့ကိုကြည့်လိုက်တဲ့ အချိန် မင်းရဲ့ပုံစံက ငါ့ကို အရင်ကတည်းက သိထားပြီး ရင်းနှီးနေတဲ့ပုံစံဖြစ်နေတာ အဲဒီတုန်းက မင်းကို စိတ်ဝင်စားတာပဲ ရှိတယ်။ ဒီလိုဖြစ်လာတဲ့ အထိတော့ မဟုတ်သေးဘူး … ဒုတိယတစ်ခေါက် ဟွိုင်မြို့မှာ တွေ့တော့ ငါ့ဆီက မင်းလိုအပ်သမျှ တောင်းဆိုလို့ ရရဲ့သားနဲ့ နေစရာတစ်ခုပဲ တောင်းတယ် မင်းက လောဘမကြီးတဲ့တာကြောင့် အဲဒီအချိန်က စကြိုက်မိတာ ထင်တယ် … ဒါပေမယ့် တတိယအကြိမ် မတွေ့ခင်ထိ မင်းကို လိုချင်တာမျိုး မဖြစ်လာသေးဘူး … မင်းမှာ လိုအပ်တာ ရနိုင်ပေမယ့် မင်းကိုယ်မင်း ဂရုမစိုက်ဘူး။ မင်းအစ်မနဲ့ ဟေးယွီ အတွက် မင်းစိတ်ဓါတ် ကျနေတုန်းက မင်းကို ကြည့်ရင်း ငါနာကျင်ရတယ် … ရိုးရိုးပဲ ပြန်တွေးလိုက်ရင် ငါမင်းကို ချစ်မိနေတာပဲလို့ နားလည်သွားတယ်။ အဲဒါကြောင့် မင်းနိုးလာတဲ့အချိန် ငါနဲ့တွဲဖို့မင်းကိုပြောခဲ့ပေမယ့် မင်းက ငြင်းခဲ့တယ်။ ငါလည်း ဒီလိုဖြစ်မယ် ထင်ခဲ့ပြီးသားပါ။ ဒါပေမယ့် ငါက အလွယ်တကူ လက်လျော့တဲ့သူ မဟုတ်ဘူးလေ … နောက်ပိုင်းကျတော့ မင်းက ထူးခြားရုံတင် မကဘူး။ အလုပ် ကြိုးစားတာကိုလည်း သိလိုက်တယ် … ငါ့နဲ့တွဲရင် မင်းလိုအပ်သမျှ ငါဖြည့်ဆည်းပေးမယ်ဆိုတာကို မင်းလည်းသိတယ်။ မင်းရဲ့အဖွဲ့ကို ချောင်ယန်း အဖွဲ့နီးနီး စွမ်းအားကြီးလုပ်ပြီး ကျိုးမိသားစုကို လက်တုံ့ပြန်လို့ ရတာကို မင်းသိတယ် ဒါပေမယ့် မင်းမလုပ်ခဲ့ဘူး … ငါ့ကိုမှီခိုတာမျိုး မရှိဘဲ မင်းကိုယ်တိုင် ရုန်းကန် ဉီးဆောင်သွားတယ် တစ်ခါတလေ မင်းကို ကူညီခွင့် ပေးထားပေမယ့် မင်းအစား လုပ်ခွင့်မပေးဘူး ရုပ်ရည်ချင်း တူရင်တောင်မှ မင်းစိတ်ထား ကောင်းတယ် .. မင်းက ငါ့အတွက် အဲ့လိုလူပဲ”

ရှင်းဖုန်း လမ်းလျှောက်လျက် ကြင်နာစွာ ရှင်းပြလေသည်။ ကောင်းကင်ကိုကြည့်ကာ ပြောဆိုနေပုံမှာ ရာသီဥတုနှင့် တိမ်တိုက်များ အကြောင်း ပြောဆိုနေသည့် အလားပင်။ ယွင်ချဲ့လည်း နားထောင်နေရာမှ တိတ်ဆိတ် သွားလေသည်။ ပြီးခဲ့သော အချိန်များတွင် ရှင်းဖုန်းက သူ့ကို ကြိုက်နှစ်သက် နေကြောင်းနှင့် သူ၏ခံစားချက်တို့ကိုလည်း သိရှိထားပြီး ဖြစ်သည်။

သို့သော် အတိတ်ဘဝတွင် အချစ်ကြောင့်ပင် ရှုံးနိမ့်ခဲ့ရသဖြင့် လွယ်လွယ်ကူကူနှင့် အခြားတစ်ယောက်ကို မချစ်ရဲပေ။ သူနှင့် ရှင်းဖုန်းတို့ တစ်ယောက်ကို တစ်ယောက် ကြိုက်နှစ်သက်နေကြောင်း သိပါလျက်နှင့် သူ၏စိတ်ကို ချက်ချင်း ဝန်မခံလိုပေ။ သူသည် သာမန်လူ တစ်ယောက်ဖြစ်ပြီး ထူးခြားချက်များလည်း မရှိပေ။ သူ၏နှလုံးသားမှ နက်ရှိုင်းသော တစ်နေရာတွင် အချစ်ကြောင့် နာကျင် ခံရစားရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လိမ့်မည်။ အကယ်၍ သူနာကျင်ရလျှင် ရူးသွပ် သွားပေလိမ့်မည်။ သူ၏ အတွေ့အကြုံကြောင့် အတိတ်ဘဝတွင် ဆုံးရှုံးခဲ့ရသည်တို့ကို ယခုဘဝတွင် ရယူရန် ပြန်လည် ကြိုးစားနေခြင်းဖြစ်ပြီး သူရူးသွပ်မှုကြောင့် ထိုအရာများကို မဆုံးရှုံးချင်တော့ပေ။

သို့သော် ရှင်းဖုန်းက ပွင့်လင်းစွာ တိုက်ရိုက် ပြောလာသဖြင့် ယွင်ချဲ့လည်း လျစ်လျူမရှုနိုင်တော့ပေ။ ရှေ့ဆက် တိုးသင့်ပြီဟု ထင်မိသည်။

“ရှင်းဖုန်း … ခင်ဗျားကို ယုံကြည်လို့ရလား”

မည်မျှ ကြာသွားသည်ပင် မသိလိုက်ဘဲ ယွင်ချဲ့ ရုတ်တရက် ရပ်ကာ အရပ်မြင့်မားသော ရှင်းဖုန်းကို ကြည့်နေပြီး ကျစ်အောင် ဆုပ်ထားသော လက်မှာ အနည်းငယ် တုန်ယင်နေသည်။ တစ်ဖန်ပြန်၍ ချစ်နိုင်ရန် အတွက် စိတ်ကို အားတင်းကာ သတ္တိများကို ပြန်လည် စုထားရသည်။

ရှေ့သို့အနည်းငယ် ရောက်နေသော ရှင်းဖုန်းက ပြန်လှည့်ကာ ယွင်ချဲ့ကို စိုက်ကြည့် လိုက်သည်။ ပုံမှန်အားဖြင့် ဆရာရှင်း ဟုသာ ခေါ်လေ့ရှိသော ယွင်ချဲ့က ရှင်းဖုန်းဟု နာမည် အပြည့်အစုံကို ခေါ်လိုက်သည်။ ယွင်ချဲ့၏ တည်ငြိမ်နေသော မျက်နှာကိုကြည့်ကာ ရှင်းဖုန်းလည်း သဘောပေါက် သွားပြီး ပြုံးပြလျက် ယွင်ချဲ့ကို ကြင်နာစွာ ကြည့်ကာ ပြုံးပြလိုက်ပြီး ….

“အင်း ယုံလို့ရတယ်”

ယွင်ချဲ့ နားလည် လိမ့်မည်ကို သိသောကြောင့် ရှင်းဖုန်း မလိုအပ်သော ကတိစကားများ မပြောတော့ပေ။

တောက်ပသော အပြုံးများဖြင့် ယွင်ချဲ့ လက်ကိုဆန့်ကာ ရှင်းဖုန်း လက်ကို ကိုင်လိုက်ပြီး ….

“ဒီနေ့ ခင်ဗျား ပြောထားတာ မမေ့နဲ့နော် ဆရာရှင်း”

အကယ်၍ ရှင်းဖုန်းက သူ့ကို သစ္စာဖောက်ခဲ့လျှင် သူ့အသက်နှင့်ပင် အလဲအလှယ် လုပ်ကာ ရှင်းဖုန်းကို သတ်မိလိမ့်မည်။

အတိတ်ဘဝတွင် ယွင်ချဲ့ အနား လေးနှစ်ကြာ သစ္စာမဲ့စွာ နေခဲ့သော ဟန်မင်ကျယ် နှင့်ယှဉ်လျှင် ရှင်းဖုန်းက ပို၍ အရေးပါ အရာရောက်ပြီး ရှင်းဖုန်း အတွက် စစ်မှန်သော ချစ်ခြင်းနှင့် ချစ်ကြောင်း ယွင်ချဲ့ နားလည်လိုက်သည်။ အကယ်၍ ရှင်းဖုန်း သစ္စာဖောက်ခဲ့လျှင် အတိတ်ဘဝထက် ပို၍ဆိုးဝါးစွာ ခံစားရနိုင်ပြီး အရူးတစ်ယောက်ကဲ့သို့ လက်စား ချေမိလိမ့်မည်။

“မင်းကြောက်နေတဲ့ အရာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး .. ငါတို့အချစ်မှာ ပျော်ရွှင်တာပဲ ဖြစ်စေချင်တယ်”

ရှင်းဖုန်းလည်း ယွင်ချဲ့နား အနားကပ်ပြောကာ လက်ကို ဆုပ်ကိုင် လိုက်သည်။

“ငါမင်းကို နမ်းလို့ရ …”

“ဟင် ရှောင်ချဲ့ ပြန်လာပြီလား … တာဝန် လုပ်စရာရှိလို့ သွားမှာဆို ?”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အိမ်နား ရောက်လာသည်ကိုပင် သတိမထားမိဘဲ ယွင်ယောင် အသံကို ကြားလိုက်ရတော့မှ ရှင်းဖုန်းကို ဖက်ရန် ပြင်နေသော ယွင်ချဲ့ တုံ့ဆိုင်း သွားရသည်။ ရှင်းဖုန်း ပခုံးကိုကျော်၍ကြည့်ရာ လမ်းလျှောက်လာသော ယွင်ယောင်ကို တွေ့လိုက်ရသည်။ အလွန် ရှက်စရာပင်။ အရေးကြီးသော အပိုင်းကို ယွင်ယောင် ဝင်ရောက် နှောင့်ယှက် သွားသဖြင့် ရှင်းဖုန်း မျက်နှာကို ဆူပုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ မျက်နှာက ဘာလို့ ဆူပုတ်နေတာလဲ … တာဝန်မှာ တစ်ခုခု အဆင်မပြေဖြစ်ခဲ့လို့လား”

သူတို့အနား ရောက်လာသော ယွင်ယောင်က တွေဝေလျက် ရပ်ကြည့် နေလေသည်။ ယွင်ချဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရှင်းဖုန်းကို တွန်းတိုက် လိုက်တော့မှသာ ရှင်းဖုန်းလည်း ပြန်လည် ပြုံးလာလေသည်။

“ဘာမှမဖြစ်ပါဘူး တာဝန်မှာ အဆင်ပြေပါတယ် … မမ စိတ်ချလက်ချ အေးဆေး နားနေနော် .. ကျွန်တော်က အရမ်း တော်တာလေ !”

ရှင်းဖုန်းနှင့် အကြည့်ချင်း ဆုံပြီးနောက် ယွင်ချဲ့က အစ်မဖြစ်သူကို တွန်းထုတ်ကာ ခေါ်သွားပြီး ရှင်းဖုန်းကို လှည့်ကြည့်လျက် မျက်လုံး မှိတ်လိုက်ပြလေသည်။ ယွင်ချဲ့ ပုံစံမှာ အရင်ကထက် ပို၍ဘဝကို ပျော်ရွှင်ခံစား လိုက်ရသကဲ့သို့ပင်။

“ဘယ်သူက ကိုယ့်ငါးချဉ် ကိုယ်ချဉ်လို့လဲ”

ကိုယ့်ကိုယ်ကိုယ် တော်သည်ဟု ပြောသော မောင်ဖြစ်သူကြောင့် ယွင်ယောင် တအံ့တဩနှင့် စောင်းကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ချဉ်တယ်ဗျာ !”

ယွင်ချဲ့သည် လက်တစ်ဖက်က ယွင်ယောင် ပခုံးကို ဖက်ကာ ကျန်တစ်ဖက်က ကိုယ့်ကိုယ်ကို လက်ညှိုးညွှန်လျက် ပြောလိုက်သည်။ ယွင်ချဲ့ စိတ်ကောင်း ဝင်နေပုံပင်။

“ဪ တော်တော် မျက်နှာပြောင်တဲ့ ကောင်လေး !”

ယွင်ချဲ့ကို ယွင်ယောင် ပြောမနိုင်တော့ပေ။ သူတို့စကားကို ရှင်းဖုန်း ကြားနေရပြီး ယွင်ချဲ့တို့ အိမ်ထဲ ဝင်သွားသည်အထိ စောင့်နေလိုက်သည်။ ယခုအချိန်မှစ၍ သူနှင့် ယွင်ချဲ့တို့ အမှန်တကယ် ချစ်သူများ ဖြစ်သွားကြလေပြီ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset