YMR- အခန်း ၇၇

အခန်း (၇၇)

နောက်တစ်နေ့ မနက်စာ စားပြီးနောက်တွင် မနေ့က လာခဲ့ရာလမ်း အတိုင်း ကျန့်ယာဖေး အိမ်မှ ပြန်သွားကြလေသည်။ သူတို့ မထွက်သွားမီ ယွင်ချဲ့သည် ကျန့်ယာဖေး အိမ်မှ ပြောင်းရွှေ့ရန် လွယ်ကူသည့် ပရိဘောဂများကို တိတ်တဆိတ် သိမ်းဆည်း လာခဲ့သည်။ မနေ့က တွေ့ကြုံခဲ့ခြင်းတို့ကြောင့် ယနေ့တွင် ပို၍ လျင်မြန်စွာ သွားလာနိုင်ပြီး ၄ နာရီပင် မကြာလိုက်ဘဲ ပဉ္စမပတ်လမ်းမှ ထွက်သွားနိုင်ခဲ့သည်။

လုံယန်တောင်သည် ပဉ္စမပတ်လမ်း၏ အနောက်ဘက်တွင် ရှိပြီး အချိန်ကုန် သက်သာစေရန် ရှီချန်းပြည်နယ်မှ တိုက်ရိုက် ဖြတ်သွားလိုက်သည်။ စခန်းမှာ မိုင်အနည်းငယ် ကွာဝေးပြီး လမ်းကြောင်းတွင်လည်း ဖုတ်ကောင်များ အနည်းအကျဉ်းသာ ရှိသဖြင့် ချူးဟောင်လင်းမှာ ခရူဇာကားကြီးကို သူ၏နယ်မြေမှ ယူထုတ်ကာ လုံယန်စခန်းသို့ မသွားကြမီ ကားပေါ်တွင်ပင် နေ့လယ်စာ စားသောက်လိုက်ကြသည်။

စခန်းကို တောင်စွန်းဘေးတွင် တည်ဆောက်ထားပြီး တောင်ခြေရှိ ကွင်းပြင်တွင်လည်း အိမ်များစွာ ရှိနေသည်။ သို့သော် သာမန်လူများ မနေနိုင်ပေ။ စခန်း၏ခေါင်းဆောင်များနှင့် အတွင်းရေးမှူးများသာ ထိုနေရာတွင် အခြေချနိုင်သည်။ ခြားနားသည်က အနောက်တောင် စခန်းတွင် မြေထုစွမ်းအားနှင့် ရွှေသတ္တုစွမ်းအား ရှိသူတို့ကို အိမ်ဆောက်ရန် ခိုင်းစေကြပြီး လုံယန်စခန်းတွင် မူလကတည်းက ရှိထားပြီးဖြစ်သည့် အိမ်များကိုသာ အသုံးပြု နေထိုင်ကြသည်။ အခြားသူများမှာ အသင့်ဆောက်သည့် အိမ်များ သို့မဟုတ် ရွက်ဖျင်တဲများတွင် နေထိုင်ကြရသည်။ စွမ်းအားရှင်များနှင့် စခန်းအတွက် ကူညီထောက်ပံ့ ပေးသူများမှာ အသင့်ဆောက်သည့် အိမ်များတွင် နေထိုင်ခွင့်ရကြသည်။ အခြားသူများမှာ ကပ်ဘေး မဖြစ်ခင်က မည်သို့သူမျိုး ဖြစ်လင့်ကစား ရွက်ဖျင်တဲများတွင်သာ နေထိုင်ရကြသည်။

စခန်းထဲတွင် တံတိုင်း၂ ခု ဆောက်ထားပြီး အတွင်းဘက် တံတိုင်းတွင် ရွက်ဖျင်တဲ၌နေခွင့်ရသူများ နေထိုင်ကြပြီး အပြင်တံတိုင်းမှာ ဖုတ်ကောင်များ၏ ရန်မှ ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ ဖုတ်ကောင် တစ်ကောင်ကို မသတ်ဖြတ်ခဲ့ပါက ထိုသူသည် စခန်းထဲသို့ ဝင်ခွင့်မရသည့် အပြင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အစောင့်များကလည်း တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ အလွန်ပင် ရက်စက်လှသည်။

“ယောက်ျား အားတင်းထားဉီးနော် … ရှောင်ဖေးကို အတူတူရှာမယ်လို့ ပြောထားတယ်မလား .. ကျွန်မကို မထားခဲ့ပါနဲ့ …”

တဲတစ်လုံးထဲတွင် ဆံပင်များ ဖွာကြဲနေသော မိန်းမတစ်ယောက်က ဒူးထောက်ကာ ယောကျ်ား တစ်ယောက်၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ ထိုယောကျ်ားမှာ မျက်နှာချောင်ကျနေသဖြင့် သူ၏ အသက်အရွယ်ကို မှန်းဆရန် ခက်လှသည်။ ထို့အပြင် အသက်ရှူကျပ်နေပုံရသောကြောင့် ပါးစပ်ကိုဟကာ ခက်ခဲစွာ အသက်ရှူ နေရသည်။ သူတို့ဘေးတွင် သက်လတ်ပိုင်း အရွယ် လင်မယားနှင့် ၂၀ ကျော်အရွယ် ယောကျ်ားလေးနှင့် မိန်းကလေးတို့ တစ်ယောက်နှင့် တစ်ယောက်ဖက်ကာ ငိုကြွေးနေကြသည်။

“ရှောင်ဖေး .. ငါ့သမီးလေး ရှောင်ဖေး ….”

အသက်ရှူ ခက်နေသော်လည်း ထိုလူမှာ ညည်းတွားနေပြီး မျက်ရည်များလည်း အထိန်းအချုပ်မဲ့ ကျဆင်းနေသည်။ ထိုလူ၏အမျိုးသမီးသည်လည်း ငိုကြွေးလျက် …

“ယောကျ်ား .. ကျွန်မနဲ့ ကျွန်မတို့ သမီးလေးကို မထားခဲ့ပါနဲ့ …”

ထိုလူမှာ စကားများကို ကြည့်ရပြီး နှစ်သိမ့်ပေးရန် စကားမပြော နိုင်သဖြင့် ပို၍သာ မျက်ရည် ကျလာရသည်။

“ဝမ်ရယ် ဒီလိုမလုပ်ပါနဲ့ .. သူအေးဆေး အနားယူပါစေတော့ .. ဒီလိုလုပ်နေရင် သူ့အတွက် ပိုခက်ခဲလိမ့်မယ်”

ထိုလူမှာ အသက်ဆက်ရှင် နိုင်ရန် အားယူ နေသည်ကို တွေ့ရသဖြင့် သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်က ထိုလူ၏ဇနီးကို ပွေ့ဖက်ကာ နှစ်သိမ့် ပေးလေသည်။ သူမတို့သည် အလွန်ခင်ကြသော သူငယ်ချင်းများ ဖြစ်သည့်အပြင် မိသားစု အချင်းချင်းလည်း ကူညီဖေးမပေးကြသည်။ ကပ်ဘေး ဆိုက်ပြီးနောက် သူတို့အတူတကွ ထွက်ပြေးခဲ့ကြပြီး တစ်လပင် မပြည့်သေးသောအချိန်တွင် ထိုလူမှာ … ထိုအကြောင်းတို့ကို ပြန်တွေးမိသည့်အခါ သူမ၏ မျက်ရည်များ ကျလာရပြန်သည်။

“ဟင့်အင်း မရဘူး သူမရှိဘဲ ငါမနေနိုင်ဘူး .. ငါတို့ကို သမီးလေး စောင့်နေသေးတယ် သူငါတို့ကို ထားခဲ့လို့မရဘူး …”

ထိုအမျိုးသမီးမှား မရပ်မနား ငိုကြွေးမြည်တမ်း နေသည်။ ရုတ်တရက် ကပ်ဘေးကျရောက်လာရာ ဟွိုင်မြို့တွင် ပညာသင်ကြား နေသော သူမ၏သမီးနှင့် အဆက်အသွယ် ပြတ်သွားခဲ့ရသည်။ ထိုအခါ သူမ၏ တစ်ဉီးတည်းသော အားကိုးရာ ဖြစ်သည့် သူမ၏ခင်ပွန်း သေဆုံးသွားခဲ့လျှင် သူမဘယ်လို ဆက်လက် ရှင်သန်နိုင်မှာလဲ။

“ဝမ် …”

ထိုသက်လတ်ပိုင်း အမျိုးသမီးမှာ သူမမည်သူ ခံစားနေရသည်ကို နားလည်သည်။ အကယ်၍ သူမသာဆိုလျှင် ရူးသွပ် သွားလိမ့်မည်။ သူမကို နှစ်သိမ့်ပေးရန် မဖြစ်နိုင်တော့သဖြင့် ဖက်ထားကာ တိတ်တဆိတ် ငိုနေလေသည်။

“မဟုတ်ဘူး ဒါကျွန်မ အပြစ်တွေပဲ … ကျွန်မသာ အပြင်မထွက်ခဲ့မိရင် အဲဒီလူတွေနဲ့ တွေ့ရမှာမဟုတ်ဘူး … ဉီးလေးကျန့်လည်း …. အို ကျွန်မကြောင့်ပဲ …”

အသက် ၂၀ကျော်အရွယ် မိန်းကလေးက သူမဘေးတွင် ထိုင်နေသော ယောကျ်ားလေး၏ လက်မောင်းထဲသို့ မှီလဲချလိုက်သည်။ တဲအတွင်းရှိ သူများသည် ညစ်ပေကာ မသပ်မရပ် ဖြစ်နေကြသော်လည်း ထိုမိန်းကလေးမှာ ဆံပင်များ ရှုပ်ပွကာ အနည်းငယ် ရှက်ရွံ့နေပုံရှိသည်မှ လွဲ၍ သန့်ရှင်းသပ်ရပ် နေသည်။

ထိုအချိန် လဲလျောင်းနေသော လူကြီးက ရုတ်တရက် စိတ်လှုပ်ရှားကာ သူ၏မျက်လုံးမှ စကားများစွာ ထွက်ကျနေသည့် အလား ထိုမိန်းကလေးကို စူးစိုက်ကြည့် နေလေသည်။ လူငယ်တစ်ယောက် တည်းကသာ သူမကို ဖက်ကာ နှစ်သိမ့်ပေး နေသည်ကိုတွေ့သဖြင့် ကျန်သော သူတို့လည်း သူမကို စူးစိုက်ကြည့် နေကြသည်။ သူတို့မှာ တုံးအသူများ မဟုတ်ပေ။ လဲနေသော လူကြီးက ဘာမှပြန်မပြော နိုင်သော်လည်း သူ၏အပြုအမူ အနေအထားကို ကြည့်ခြင်းအားဖြင့် ထိုမိန်းကလေးမှာ အမှန်ကို ပြောဆိုနေခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်။

အပြင်ဘက် တံတိုင်းသို့ ရောက်သည်နှင့် ယွင်ချဲ့လည်း ကားကို ပတ်ထားသော လေထုအလွှာကို သိမ်းဆည်းလိုက်ပြီး တံတိုင်း၏ တံခါးဝအနားသို့ မောင်းသွားကြသည်။ အနောက်တောင်စခန်းတွင် လူထူထပ် နေသော်လည်း ယခုစခန်းမှာ ကန္တာရသဖွယ် ခြောက်ကပ်နေသည်။ တံခါးတွင် သေနတ်ကိုယ်စီ ကိုင်ကာ စောင့်ကြပ်နေသော ရဲ ၂ ယောက်၏ ပုံစံမှာ ကြမ်းတမ်းရမ်းကားပုံ ပေါက်သဖြင့် ယွင်ချဲ့ မျက်မှောင်ကြုတ် လိုက်သည်။ ထိုသို့သော ရဲများက အသက်ရှင် ကျန်သူများအတွက် မျှော်လင့်ချက်များ ဘယ်လို ယူပေးနိုင်မှာလဲ။

“တံခါးဖွင့်ပေးပါ ကျွန်တော်တို့က အသက်ရှင်ကျန်ခဲ့လို့ ရေဒီယိုက လမ်းညွှန်ချက်အတိုင်း ရောက်လာကြတာပါ”

ရဲတို့က အတော်ကြာသည်အထိ တံခါးမဖွင့် ပေးကြသောကြောင့် ယန်းဟွိုင်အန်း ကားထဲမှ ထွက်လာကာ ပြောလိုက်သည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ကားထဲမှ ထွက်လာကြသည်။ ယွင်ချဲ့ မထွက်လာခင် ပစ္စည်းအချို့ကို ကားထဲတွင် မြဲမြံအောင် ထားလိုက်သည်။ အလွန်စိတ်ပျက်စရာ ကောင်းသော စခန်းပင်၊ ထိုသို့သော နေရာတွင်လည်း ယွင်ချဲ့ ကြာကြာနေမည် မဟုတ်ပေ။

“ဖုတ်ကောင်တွေကို မသတ်ပစ်နိုင်ရင် တံခါးဖွင့်ပေးခွင့် မရှိဘူး ဒါစည်းမျဉ်းပဲ”

အထဲတွင် ရပ်နေသော ရဲတစ်ယောက်က ယွင်ချဲ့တို့ အနောက်ဘက်ရှိ မီတာ ၂၀ – ၃၀ အကွာအဝေးရှိသော ဖုတ်ကောင်များ စုအုံလျက် အော်ဟစ်နေသော နေရာသို့ကြည့်ကာ အေးစက်စက် တုံ့ပြန်လေသည်။ အကယ်၍ သူတို့ကို ဝင်ခွင့်ပေးလျှင် ဖုတ်ကောင်များက သူတို့ကို လိုက်မီတော့မည် မဟုတ်ပေ။ သူတို့ ဘာကြောင့်များ မဆိုင်သလို နေနိုင်ရတာလဲ။

ဝုန်း

ယွင်ချဲ့ စိတ်တိုစွာ လှည့်ထွက် သွားလိုက်ပြီး ထိုအချိန်တွင်ပင် ငွေပြာရောင် လျှပ်စီးလိုင်းများ စွမ်းအားပြည့် ပေါ်လာကာ စက္ကန့်ပိုင်းအတွင်း ဖုတ်ကောင်များ မြေပြင်ပေါ်သို့ လဲကျကုန်သည်။ ယွင်ချဲ့လည်း ပြန်လှည့်ကြည့်ကာ ရဲတို့ကို မေးလိုက်သည်။

“အခုရော ဝင်လို့ရပြီလား”

လူတို့မှာ ကပ်ဘေးမဖြစ်ခင်က မည်မျှပင် သဘောထားကောင်း ကြင်နာခဲ့ပါစေ ကပ်ဆိုက်ပြီးနောက်တွင် ရိုးသားစိတ်နှင့် သနားကြင်နာစိတ်တို့ ပျောက်ကွယ် သွားကြသည်ကို ယွင်ချဲ့ ကောင်းမွန်စွာ သိထားသည်။ အတိတ်ဘဝတွင် ထိုအချက်ကို ကျင့်သားရန် အတွက် ယွင်ချဲ့ ၄ နှစ်ကြာ အချိန်ယူခဲ့ရသည်။ သို့သော် မည်မျှပင် တွေ့ကြုံခဲ့ရသော်ငြား ထိုအခြေအနေကို သူလုံးဝ မနှစ်မြို့ပေ။

ကျန်သော အဖွဲ့သားများသည်လည်း စိတ်ပျက် နေကြမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူတို့၏ ရင်ထဲတွင်လည်း ဒေါသမီးများ တောက်လောင် နေကြပြီး ထိုရဲတို့ကို အပြေး ထိုးချင်စိတ်များ ဖြစ်နေသည်။ ရှင်းဖုန်း တစ်ယောက်တည်းက စိတ်ငြိမ်ရန် ထိန်းနေသဖြင့် သူ၏အေးစက်စက် အကြည့်များကို မည်သူမှ သတိမထား မိလိုက်ကြပေ။

“တံခါးဖွင့်လိုက် ”

ထိုသို့သော ထေ့ငေါ့မှုကို ရဲ၂ယောက်က သဘောပေါက် လိုက်သဖြင့် တံခါးကိုဖွင့်ပေးလိုက်ကြရာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က လမ်းလျှောက် ဝင်သွားကြပြီး ကျိုးဇယ်ယွီက ကားကိုမောင်းလာခဲ့သည်။ ရဲက ယောကျ်ား တစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ ထိုင်နေသည့် နေရာသို့ ခေါ်လာခဲ့သည်။ ယွင်ချဲ့တို့ အဖွဲ့၏ အသွင်အပြင်နှင့် ဟန်ပန်တို့က သူတို့ကို စိတ်ဆိုး သွားစေသည်။ ယောကျ်ား တစ်ယောက်က ရိုင်းပျစွာပင် ….

“မင်းတို့တစ်ယောက်ကို ဆန် ၅ ကီလိုစီ ပေးရမယ် ဒါမှမဟုတ် မင်းတို့ရဲ့ ပစ္စည်းတစ်မျိုးမျိုးပေးရမယ် ဒါမှ စခန်းထဲဝင်လို့ ရမယ် စခန်းထဲမှာ နေရာက အကန့်အသတ် ရှိတာမလို့ မင်းတို့ရဲ့ကားကိုလည်း ငါတို့ကိုပေးထားခဲ့ … တကယ်လို့ မင်းတို့မှာ စွမ်းအားရှိရင် အသင့်ဆောက်အိမ်မှာ နေလို့ရတယ် နေ့တိုင်း အပြင်ထွက် ဖုတ်ကောင်တွေကို ရှင်းလင်းပြီး စခန်းအတွက် လိုအပ်တာတွေ ရှာဖွေထောက်ပံ့ရမယ် … အစွမ်းမရှိဘူးဆိုရင် ရွက်ဖျင်တဲမှာ နေရပြီး လုပ်ငန်းတာဝန်တွေ ခွဲပေးမယ် မင်းတို့အလုပ်လုပ်ရင် တစ်ရက်ကို ၂ နပ်စာစားရမယ်”

“ခင်ဗျားတို့က အသက်ရှင်ကျန်တဲ့ ဒုက္ခသည်တွေကို ကူညီပေးတာလား ကျွန်တွေရွေးနေတာလား၊ အကုန်လုံး လုပ်ပေးနေရမှတော့ ကျွန်တွေနဲ့ ဘာကွာတော့မှာလဲ … တစ်နေ့လုံးမှ ၂ နပ်ပဲစားရမှာ လူတစ်ယောက်က ဒီလောက်လေးနဲ့ အသက်ရှင်မှာလား”

ထိုလူ၏စကား တစ်ဝက်တွင်ပင် သူတို့မျက်နှာ ပျက်ကာ ချူးဟောင်လင်း ကစ၍ ကြိမ်းဝါးလေသည်။ အကယ်၍ သူသာ အတွေ့အကြုံ မရှိထားလျှင် အစိုးရမှ တည်ဆောက်ထားခြင်း ဖြစ်လျက်နှင့် ထိုသို့ဆိုးဝါးသော စခန်းရှိသည်ကို ယုံကြည်နိုင်မည် မဟုတ်ပေ။ ယှဉ်ကြည့်လျှင် အနောက်တောင် စခန်းကမှ နတ်ပြည်ကဲ့သို့ စံစားရပေဉီးမည်။

“ဝင်ချင်ဝင် မဝင်ချင်နေ ငါနဲ့မဆိုင်ဘူး ”

အတူထိုင်နေသော အမျိုးသမီး တစ်ယောက်က စိတ်မရှည်စွာ ဝင်ပြောလေသည်။

“ခင်ဗျားတို့…”

“ဒါဆိုလည်း ငါတို့ မဝင်တော့ဘူး … မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ချင်တယ်”

ရှင်းဖုန်းလည်း လက်ကိုမြှောက်ကာ ချူးဟောင်လင်းကို တားလိုက်ပြီး အရှေ့သို့လျှောက်လာကာ ထိုယောကျ်ားနှင့် မိန်းမကို စိုက်ကြည့် လိုက်သည်။ ရှင်းဖုန်း၏ တည်ငြိမ်ခန့်ညားသော အရှိန်အဝါကြောင့် သူတို့ကြောင်အမ်းအမ်း ဖြစ်သွားသဖြင့် ရှင်းဖုန်းတို့ကိုခေါ်လာခဲ့သော ရဲက ရုတ်တရက် ပြောလေသည်။

“မင်းတို့မဝင်ဘူးဆိုရင် သွားကြတော့ … ခေါင်းဆောင်မှာ မင်းတို့နဲ့စကားပြောဖို့ အချိန်မရှိဘူး”

လတ်တလောတွင် စခန်းသို့ လူမျိုးအစုံ အကြောင်းပြချက် အမျိုးမျိုးနှင့် လာခဲ့ပြီး နောက်ဆုံးတွင် လက်လျော့ သွားကြသည်ကို သူတို့ကြုံတွေ့ ရပြီးဖြစ်သည်။

“မင်းတို့ရဲ့ ခေါင်းဆောင်ကို အလုပ်ကိစ္စ ဆွေးနွေးစရာ ရှိတယ် လိုချင်ရင် အခုချက်ချင်း ထွက်လာခဲ့ … လွတ်သွားရင်တော့ နောင်တ ရလိမ့်မယ်လို့ သတင်းပို့လိုက်”

ယွင်ချဲ့လည်း ရှေ့တက်လာကာ ရှင်းဖုန်းနှင့် ယှဉ်ရပ်လိုက်သည်။ ထိုသို့သော သူများနှင့် စည်းမျဉ်းတို့ကို သူတို့လုံးဝ မလိုက်နာနိုင်ပေ။ သို့သော်လည်း ကျန့်ယာဖေး၏ မိဘတို့ကို ရှာဖွေရပေဉီးမည်။

“ဒီလို ကပ်ပျက်ကြီးမှာ ဘယ်သူက အလုပ်ကိစ္စ ပြောမှာလဲ အဓိပ္ပါယ်မရှိတာ … အ အ ငါ့လက်ကျိုးတော့မယ် ငါ့ကိုလွှတ် …”

ထိုရဲက စိတ်မရှည်စွာ လက်ကို ယမ်းလိုက်ပြီး ယွင်ချဲ့တို့ကို တွန်းထုတ်ရန် ပြင်လိုက်စဉ် ယွင်ချဲ့ကို မထိလိုက် ရသေးသည့် အချိန်တွင် လန်ယဲ့ဟန်က ရဲ၏လက်ကို ဖမ်းဆုပ်လျက် ကျောသို့ ကပ်ကာ လိမ်ထား လိုက်သည်။ အခြားသူများလည်း ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ကို ကာကွယ်ရန် အနားသို့ ကပ်လာကြသည်။ ဖုတ်ကောင်များကိုပင် မကြောက်လန့်သဖြင့် သာမည လူများကိုတော့ မပြောပလောက်ပေ။ ဒေါသထွက်စေသည့်တိုင် တစ်ဖက်လူက ပို၍ကျူးလွန် လာသည်ဆိုလျှင် သူတို့လည်း ထိုသို့ တန်ပြန် တုံ့ပြန်ကြမည်ဖြစ်သည်။

“မင်းတို့ရဲ့ ခေါင်းဆောင်ကို ဒီကိုလာခဲ့လို့ပြောလိုက် ”

ရှင်းဖုန်း အငြင်းမပွား လိုတော့သဖြင့် လက်ကို ဝှေ့လိုက်ရာ နှစ်ယောက် ဆိုဖာတစ်လုံးပေါ်လာခဲ့ရာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ထိုင်လိုက်ကြသည်။ ထို့နောက် ဆေးလိပ်တို့ကို ထုတ်ကာ နောက်မှီထိုင်လျက် ခေါင်းဆောင်ဖြစ်သူ အလာကို စောင့်နေကြလေသည်။

“သေစမ်း ”

လန်ယဲ့ဟန်လည်း ရဲလက်ကို လွှတ်ပေးလိုက်ပြီး ချူးဟောင်လင်း သူ၏နယ်မြေမှ ထုတ်ထားပေးသော ခုံပေါ်တွင် ထိုင်လိုက်သည်။ အဖွဲ့သား ၁၀ ယောက်တို့သည် တံခါးဝနားတွင် အတန်းလိုက်ထိုင်ကာ မျက်နှာတို့မှာလည်း ခက်ထန် နေကြလေသည်။ တံခါးမှတစ်ဆင့် ဝင်ထွက်သွားလာ နေကြသူများက သိချင်လိုစိတ်များဖြင့် ကြည့်သွားကြလေသည်။ ထို့နောက် မာစီဒီးကားတစ်စီး ထွက်လာကာ သူတို့အရှေ့တွင် ရပ်လိုက်သည်။ ကားထဲမှ လူလေးယောက် ဆင်းလာပြီးနောက် ထိုလေးယောက်၏ ခေါင်းဆောင်ဟု ယူဆရသော လူတစ်ယောက်မှာ ဘီယာဗိုက်နှင့် အသက် ၄၀ အရွယ်ရှိနေပြီး ကျန်သော ၃ ယောက်သည်လည်း ထိုလူနှင့် အသက်အရွယ် တူမည်ဟု ခန့်မှန်းရသည်။

ထိုသူတို့၏ အသွင်အပြင်ကို ကြည့်ခြင်းဖြင့် အသက်ရှင်ကျန်သည့် ဒုက္ခသည်များကို ကျွန်အဖြစ် ခိုင်းစားနေခြင်းမှာ မှန်ကန်နေသည်ကို ရှင်းဖုန်းနှင့် သူ၏နောက်လိုက်တို့ နားလည် လိုက်ကြသည်။ ထိုသူတို့သည် ကပ်ဘေးကို ဂရုမစိုက်ဘဲ ကောင်းမွန်စွာ နေထိုင်နေကြပြီး လုံယန်တောင်နားတွင် နေထိုင်ကြသရွေ့ သက်သောင့်သက်သာ နေနိုင်ကြမည်ဟု တွေးနေကြပုံပင်။ ယခုနေရာတွင် အထက်အမိန့် အာဏာများကို မကြောက်ရွံ့ကြတော့ပေ။

“မင်းက ပြဿနာ ရှာနေတာလား”

ထိုသူက အထက်စီးဆန်စွာ မာန်တက်ဟန်နှင့် မေးလေသည်။ သူ၏ပြောဆိုပုံမှာ မင်းမျိုးနွယ် တစ်ယောက်က မာန်ပါပါ ပြောဆိုဟန်နှင့် တူနေသည်။

“ပြဿနာရှာတယ်? ဒါဆိုရင် ဘာလို့ လူကိုယ်တိုင် လာတွေ့တာလဲ … ကျုပ်က ခင်ဗျားတို့ထင်သလို စိတ်ရှည်သည်းခံတဲ့ သူမဟုတ်ဘူး ပုံစံကိုပြင်လိုက် ”

ရှင်းဖုန်း မတ်တပ် ရပ်လိုက်ပြီး အထက်စီးဆန်ဆန် စူးရှာစိုက်ကြည့်လျက် ပြောလိုက်သည်။ ရှင်းဖုန်း ခပ်တန်းတန်းပင် ပြောလိမ့်မည်ဟု မထင်ထားသောကြောင့် ထိုလူတို့ မျက်နှာရှုံ့မဲ့ကာ ဖြူလျော့ သွားကြလေသည်။ အသစ်ရောက်လာ သူများတွင် နယ်မြေစွမ်းအားရှိပြီး သူတို့ကို လွှမ်းမိုးရန် စီစဉ်နေသည်ဟု ကြားခဲ့ရသဖြင့် ထိုလူတို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ မမျှော်လင့်စွာပင် တိုတောင်းသော စကားသာ ရှိသေးသော်လည်း သူတို့ကိုပင် လွှမ်းမိုးနေလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset