YMR- အခန်း ၈၀

အခန်း (၈၀)

“ငါစိတ်လှုပ်ရှား လွန်သွားတာ ထင်ပါရဲ့ …”

ယွင်ချဲ့ စိတ်တို့ ပြန်လည် ငြိမ်သက်သွားပြီး စိတ်ဓါတ်ကျ နေသည်ကို အန်တုလျက် အားတင်းကာ ပြုံးလိုက်သည်။ ထို့နောက် ဖုန်ပုလင်းငယ် တစ်ဘူး ယူထုတ်ကာ ပန်းထိုးအပ်နှင့် ယွင်ချန်၏ လက်ချောင်းကို ဖောက်လိုက်သည်။ ယွင်ချန် အသားမှာ ချိုင့်ဝင် သွားသော်လည်း အပ်မှာဖောက်ဝင်သွားခြင်း မရှိသဖြင့် ယွင်ချဲ့လည်း သူ၏လျှပ်စီးစွမ်းအားကို ထည့်လိုက်ရာ အောင်မြင်သွားလေသည်။ သို့သော် ယွင်ချန်မှာ နာကျင်မှုကို မခံစားရသည့်အပြင် အမြုတေများကို မြိန်ရှက်စွာ ဝါးစားနေလေသည်။

“ငါဒီနေ့တော့ သွားရဉီးမယ် နောက်ရက်တွေမှ မင်းကို အဖော်လုပ်ပေးမယ် ကောင်းကောင်းနေနော်” ‘

ညီလေး၏ သွေးတစ်စက်ကို ဖောက်ထုတ်ပြီးနောက် ယွင်ချန် ခေါင်းကို အသာပွတ် လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း ယွင်ချဲ့လည်း ပျောက်ကွယ် သွားပြီးနောက် ခွေးနက်လေးတစ်ကောင်က ပစ္စည်းများ စုပုံထားသော နေရာမှ ခုန်ထွက်လာပြီး ယွင်ချန် အရှေ့သို့ ပျံသန်းလာခဲ့သည်။ ထိုခွေးလေးမှာ ဆိုဖာပေါ်သို့ ခြေလက်ကားယားဖြင့် တက်လာပြီး ပျင်းလေးစွာဖြင့် ….

“မင်းဘယ်လောက် ကံကောင်းလဲကြည့်ဉီး .. သခင်က သူဝင်လာရင် မင်းနဲ့ပဲစကားပြောတယ် .. ငါ့ကိုကြည့်ဉီး ငါဘယ်လိုလုပ်ပြီး သူ့ရှေ့ထွက်လာရဲမှာလဲ မဟုတ်ရင် သူစိတ်မကောင်းဖြစ်လိမ့်မယ် .. သခင့်ပုံစံက သွေးအေးပုံ ပေါ်ပေမယ့် ရင်းနှီးတဲ့လူ တစ်ယောက်ကို စိတ်ပါလက်ပါ ဂရုစိုက်ပေးတယ် သိလား … ငါ့ကိုအမျိုးမျိုး ပြောဆိုတတ်ပေမယ့် ငါကြိုက်တာလေးတွေ အမြဲယူလာ ပေးတတ်တယ် ဒီလိုလူမျိုးက ငါ့ရဲ့သခင် ဖြစ်နေတာကိုက ငါ့အတွက် ကံအကောင်းဆုံးပဲ .. ဒါကြောင့် ငါအားမြန်မြန် ပြည့်အောင် အနားယူ စားသောက်ပြီး နေပြန်ကောင်းသွားရင် သူ့ကိုသွားရှာမယ် … သူငါ့ကိုလွမ်းနေမယ ထင်တယ် ငါလည်း သူ့ကိုလွမ်းတယ် သူနဲ့အတူတူ ရှိနေဖို့ ငါဘယ်လိုများ လုပ်ရမလဲ”

ဟေးယွီသည် ယွင်ချဲ့ အရှေ့သို့ မထွက်လာရဲဘဲ ယွင်ချဲ့ ထွက်သွားတော့မှ ပြန်ထွက်လာပြီး တုံ့ပြန်ပြောဆိုခြင်း မရှိသော ယွင်ချန်ကိုသာ ရောက်တတ်ရာရာ လျှောက်ပြော နေတော့သည်။

ယွင်ချဲ့ နယ်မြေထဲသို့ ရောက်ချိန် တဲအတွင်း ကျန့်ထျန်းလုံ မှလွဲ၍ ရှင်းဖုန်း အပါအဝင် အခြားသူများသည် အပြင်ဘက်တွင် စောင့်နေကြသည်။ ယွင်ချန် သွေးစက်ဘူးကို ကိုင်ထားလျက် ယွင်ချဲ့ လမ်းလျှောက်လာပြီး ကျန့်ထျန်းလုံ အရှေ့တွင် ဒူးထောက်လိုက်သည်။

“ဉီးလေး ကျန့် .. ကျွန်တော်က ယာဖေးရဲ့သူငယ်ချင်း ယွင်ချဲ့ပါ ကျွန်တော် ပြောတာကို ဉီးလေး ကြားနိုင်တာ သိပါတယ် … ဉီးလေး အခုပိုခံစားရမှာ ဆိုပေမယ့် တောင့်ခံထားပါ ဉီးလေးရဲ့ဇနီးနဲ့ သမီးတို့ စောင့်နေတာကို မမေ့ပါနဲ့”

စိတ်ဓါတ် မြင့်တင်ခြင်းကလည်း ကျန့်ထျန်းလုံ ဖုတ်ကောင် ဖြစ်သွားမလား၊ စွမ်းအား နှိုးထလာမလား ဆိုသော အဖြေအတွက် အဓိကအင်အား တစ်ရပ်ပင်။ သမီးဖြစ်သူကို မတွေ့လိုက်ရဘဲ မသေလိုသဖြင့် ကျန့်ထျန်းလုံ ယခုအချိန်ထိ တောင့်ခံထားနိုင်ခြင်း ဖြစ်သောကြောင့် ထိုလူကြီးတွင် ထူးခြားသော စွမ်းအားတစ်မျိုး ရှိလာနိုင်သည်ဟု ယွင်ချဲ့ ယုံကြည်ထားသည်။ သို့သော် သမီးဖြစ်သူကို တွေ့လိုက်ရစဉ်တွင် စိတ်လျော့ ချလိုက်သည့် အရိပ်အယောင်များကို ယွင်ချဲ့ သတိထားမိခြင်းကြောင့် ဆက်လက် အသက်ရှင်သန် လိုစိတ်ဖြစ်စေရန် ယွင်ချဲ့ အားပေးလိုက်ခြင်း ဖြစ်သည်။

ကျန့်ထျန်းလုံသည် ယွင်ချဲ့ စကားများကို သေချာပြတ်သားစွာ ကြားရသည်။ အားအင်မပြည့် လာသော်လည်း မှုန်သုန်နေသော မျက်လုံးများမှာ ရုတ်တရက် လင်းလက် လာသည့်အပြင် ဆက်၍ ရှင်သန်လိုစိတ် ဆန္ဒလည်း နိုးထလာလေသည်။

ထိုအချင်းအရာကို မြင်လိုက်သဖြင့် ယွင်ချဲ့လည်း အချိန်မဆွဲတော့ဘဲ ကျန့်ထျန်းလုံ လက်မောင်းကို ဓါးနှင့်အသာ ခြစ်လိုက်သည်။ ထို့နောက် ယွင်ချန် သွေးစက်ထည့်ထားသော ဘူးကို ဖွင့်ကာ ဓါးရာပေါ်တွင် ထိုသွေးစက်ကို လောင်းချလိုက်ရာ နီရဲသော သွေးတို့မှာ ချက်ချင်း မည်းနက် သွားလေသည်။ ဗိုင်းရပ်စ်ပိုးများသည် ထိုဓါးပြတ်ရာ မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပျံ့သွားလေသည်။

“အင်း ဟင်း …”

ညည်းတွားသံပင် မထွက်နိုင်ခဲ့သော ကျန့်ထျန်းလုံမှာ ရုတ်တရက် နာကျင်စွာ ညည်းညူ လာပြီး ခန္ဓာကိုယ်မှာလည်း တစ်ချက် တစ်ချက် လှုပ်ရှားလာသည်။

ရုန်းကန်နေသည်ကို တွေ့လိုက်သဖြင့် ယွင်ချဲ့လည်း ထိုလူကြီး၏ ခေါင်းကို အနောက်မှ ထိန်းကိုင်လျက် အသင့်ပြင်ထားသော စမ်းရေကို တိုက်လေသည်။ ရေအများအပြား ဖိတ်ကျကုန်သော်လည်း အနည်းငယ်ကို ကျန့်ထျန်းလုံ သောက်လိုက်နိုင်သဖြင့် ယွင်ချဲ့လည်း ရပ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်လေသည်။

စောင့်ဆိုင်းခြင်းက ယွင်ချဲ့ အတွက်သာမက အပြင်ဘက်မှစောင့်နေသူများအတွက် ညှဉ်းပန်း နှိပ်စက် ခံရသကဲ့သို့ပင်။ အဖေဖြစ်သူ၏ နာကျင်သည့် ညည်းညူသံများကြောင့် ကျန့်ယာဖေး ပြေးဝင်ချင်သော်လည်း သူမ မတတ်နိုင်ပေ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲသောကြောင့် ကျန့်ယာဖေး သူမအမေကိုသာ ဖက်ထားလျက် စိတ်တည်ငြိမ်စေရန် ကြိုးပမ်းလေသည်။

“အဲဒီလူက ဉီးလေးကျန့်ကို တကယ်ပဲ ကယ်နေတာလား သူက သေတော့မှာ…”

ကျန့်ယာဖေးနှင့် အသက်အရွယ် တူသော မိန်းကလေး တစ်ယောက်က သက်လတ်ပိုင်း မိန်းမတစ်ယောက်၏ လက်ကို ကြောက်လန့်စွာ ဖက်ကာ တဲကို စိုးရိမ်စွာကြည့်လျက် တီးတိုးပြောလိုက်သည်။ သို့သော် သူမ စကားမဆုံးခင်မှာပင် အားလုံးက သူမကို စိုက်ကြည့်ကြသဖြင့် သူမစကားဆက် မပြောနိုင်တော့ဘဲ အမျိုးသမီး အနောက်တွင် ကြောက်ရွံ့ဟန်နှင့်ကွယ်နေလိုက်သည်။ သူမသည် မတရားမှုကို ခံထားရသကဲ့သို့ မျက်လုံးများ နီသည်အထိ ငိုထားပုံရသည်။

“မပြောတတ်ရင်လည်း ပါးစပ်ပိတ်နေ”

ထိုအမျိုးသမီးကြီးလည်း သူမကို တွန်းထုတ်ကာ ရွံရှာစက်ဆုပ်နေသည့် လေသံနှင့် ပြောလေသည်။ ထို့နောက် ကျန့်ယာဖေးတို့ သားအမိထံသို့ သွားလိုက်ပြီး ….

“ဝမ်အာ ရှောင်ဖေး … စိတ်မပူပါနဲ့ .. အစ်ကို ကျန့်က ကံကောင်းတဲ့သူပါ သူအဆင်ပြေသွားလိမ့်မယ် .. ဒီလောက် အခက်ကြုံပြီးမှ မိသားစုတွေ ပြန်ဆုံခဲ့ကြတာ သူစိတ်ပျက်စေမှာမဟုတ်ပါဘူး”

လက်ခံနိုင်ဖွယ် ကောင်းသော စကားလုံးတို့ကို သူမ မပြောဆိုတတ် သော်လည်း ယခုအချိန်တွင် နှစ်သိမ့်ပေးရုံမှအပ သူမဘာလုပ် ပေးနိုင်မှာလဲ။

“ကျေးဇူးတင်ပါတယ် အန်တီ ဝမ် … သမီးတို့ အဆင်ပြေပါတယ် ဖေဖေလည်း သက်သာသွားမှာပါ .. အစ်ကိုချဲ့က လူတော်တစ်ယောက်ပဲ သူဖေဖေ့ကို ကယ်ပေးနိုင်လိမ့်မယ်”

အမေကို ဖက်ထားလျက် ကျန့်ယာဖေး စိတ်ကို တည်ငြိမ်နိုင်သမျှ ငြိမ်အောင်ထားကာ ကြိုးစားပြောဆို လေသည်။ ထိုအဖြေမှာ အခြားသူများ အတွက်ရော သူမအတွက်ပါ ဖြေလိုက်ခြင်းပင်။ သူတို့မှာ မည်သည်ကိုဖြစ်ဖြစ် မေးမြန်းခြင်းမရှိဘဲ လှည့်လည်သွားလာခြင်း မှတစ်ဆင့် သိရှိလာခဲ့ကြသည့် အရာများလည်း ရှိသည့်အပြင် ယွင်ချဲ့ သည်လည်း လျှို့ဝှက်ချက်များစွာ ပြည့်နှက်နေသည်။ ကျန့်ယာဖေး တည်ငြိမ် သွားပြီးနောက် တစ်ခုခုကို သတိရသွားလေသည်။ ယွင်ချဲ့သည် သူမ၏အဖေကို ပိုးအကူးခံစေခြင်းဖြင့် စွမ်းအားနိုးထစေပြီး အသက်ရှင်စေမည်ကို ယွင်ချဲ့ သေချာသိထားပုံရသဖြင့် ထိုသို့ စွန့်စားရဲခြင်း ဖြစ်လိမ့်မည်။ ဖြစ်နိုင်ချေမှာလည်း ၅၀ရာခိုင်နှုန်းထက် ကျော်သွားနိုင်သဖြင့် သူမအဖေအတွက် အခွင့်အရေး ရှိသေးသည်။

“ရှောင်ဖေး .. ဒါသမီးရဲ့ သူငယ်ချင်းတွေလား”

ကျန့်ယာဖေးမှာ သူမထင်ထားသည်ထက် ပို၍သန်မာနေသဖြင့် နှစ်သိမ့်ပေးလျှင် ပိုနာကျင်ရမည် စိုးသောကြောင့် အမျိုးသမီးက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဟုတ် .. ဖေဖေ့ကို ကယ်ပေးနေတဲ့ သူက အဖွဲ့ခေါင်းဆောင် ယွင်ချဲ့တဲ့ ဒီလိုကပ်ဘေးမှာ သူကူညီပေးတာကြောင့်ပဲ အနေသားကျပြီး အသက်ရှင်အောင် ရုန်းကန်နိုင်ခဲ့တာ … အခုက ဖေဖေတို့ကိုရှာဖို့ အတူလိုက်လာပေးကြတာ ဖေဖေချန်ထားတဲ့ စာကို တွေ့မှပဲ အန်တီတို့နဲ့ ဒီကိုရောက်နေကြတာကို သိခဲ့တာ”

ထိုသက်လတ်ပိုင်း အမျိုးသမီး ဝမ်ရှန်းဖန်နှင့် သူမ၏ခင်ပွန်း ဉီးလေး လင်းကွော်သုန်းတို့မှာ ကျန့်ယာဖေး မိဘတို့၏ သူငယ်ချင်းများ ဖြစ်သောကြောင့် အမှန်တိုင်း ပြောပြလိုက်သည်။ သူမရိုးရှင်းစွာ ရှင်းပြခဲ့ခြင်းမှာ သူတို့မယုံကြည်၍ မဟုတ်ဘဲ တစ်ဖက်တွင် ရှိနေသော မိန်းကလေးကြောင့်ဖြစ်သည်။ သူမသည် ကျန်းချီ ဖြစ်ပြီး ဉီးလေးလင်း၏သား လင်းယင်၏ ချစ်သူဖြစ်သည်။ သူမမှတ်မိသလောက်တွင် ကျန်းချီသည် ဥစ္စာမက်သူဖြစ်ပြီး လင်းယင်ကို အမှန်တကယ် မချစ်ဘဲ လင်း မိသားစု၏ စည်းစိမ်များကို မက်မောခြင်းကြောင့် ဖြစ်သည်ဟု ကျန့်ယာဖေး တွေးဆထားသည်။ ကျန်းချီ ကဲ့သို့ မိန်းမတစ်ယောက်ကို မယုံကြည်သင့်ပေ။

ဥစ္စာမက်သူ တစ်ယောက် အနေနှင့် ပို၍ချမ်းသာသော လူတစ်ယောက်ကို တွေ့ခဲ့ပါက လင်းယင်ကို သူမ စွန့်ပစ်လိမ့်မည်ဖြစ်ပြီး ပိုချမ်းသာသည့် လူကို မတွေ့သေးသဖြင့် လင်းယင် အနားတွင် ကပ်နေခြင်းဖြစ်သည်။ သူမ၏သန့်ရှင်း သပ်ရပ်နေသော အဝတ်အစားကို ကြည့်ခြင်းဖြင့် လင်းယင်က သူမကို မည်မျှတန်ဖိုးထား ဂရုစိုက်ကြောင်း သိနိုင်သည်။

“သမီး ပြန်ရောက်လာတာပဲ အန်တီဝမ်းသာပါတယ် …”

ကျန့်ယာဖေး လက်ကို ဆုပ်ကိုင်လျက် ဝမ်ရှန်းဖန်က မျက်ရည်များ ဝဲလျက် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလေသည်။ သူမတွင် သမီးမရှိသဖြင့် ကျန့်ယာဖေးကို သူမ၏သမီးအရင်း တစ်ယောက်ကဲ့သို့ သတ်မှတ်ထားသည့် အပြင် သူမကို လင်းယင်၏ ချစ်သူလည်း ဖြစ်စေချင်ခဲ့သည်။ သို့သော် လင်းယင်သည် ထိုသို့မိန်းကလေးနှင့် ချစ်သူဖြစ်ခဲ့သည်က အလွန်ကြာခဲ့ပေသည်။

“မြန်မြန်သွား ”

ရုတ်တရက် ကြိမ်းမောင်းသံ ထွက်လာခဲ့ပြီး လက်နောက်ပြန် ကြိုးတုပ် ခံထားရသော လူလေးယောက် ရောက်လာပြီး အနောက်မှ ချူးဟောင်လင်း လမ်းလျှောက်လာကာ ပါးစပ်မှလည်း အော်ဟစ် ကြိမ်းမောင်းနေသည်။

“ခွေးကောင်တွေ မင်းတို့ကများ ငါ့ကိုပြန်တိုက်ခိုက်ရဲတယ် ”

“အား မလုပ်ပါနဲ ….”

ချူးဟောင်လင်း အော်ဟစ်လျက် လူတစ်ယောက်ကို ကန်ကျောက်နေသဖြင့် အကန်ခံရသူက သနားစဖွယ် တောင်းပန်နေလေသည်။ အခြားသူများလည်း မျက်နှာပျက် ကုန်ကြပြီး ကျန့်ယာဖေး တစ်ယောက်တည်းသာ ဒေါသများ တောက်လောင်လာသည်။

“ယာဖေး ဒီမှာ .. သူတို့က မင်းအဖေကို ထိုးကြိတ်ခဲ့တဲ့ သူတွေပဲ”

ချူးဟောင်လင်း လက်မြှောက်လျက် ကျန့်ယာဖေးကို နှုတ်ဆက် ပြောဆိုလိုက်ပြီး စိတ်ဆိုးနေသော မျက်နှာဖြင့် ရှင်းဖုန်းတို့ အနားသို့ သွားလိုက်သည်။ ရှင်းဖုန်းလည်း အမဲသားခြောက်အထုပ်ကို ယူထုတ်ကာ သူ၏အိမ်မွေး သတ္တဝါလေး တစ်ကောင်ကို ချော့မြူသကဲ့သို့ ချူးဟောင်လင်းကို ပေးလိုက်သည်။ ချူးဟောင်လင်းလည်း ကျေနပ်စွာပင် ထိုအမဲခြောက် အိတ်ကိုဖောက်ကာ စားနေလိုက်သည်။ အခြေအနေမှာ ယခုကဲ့သို့ ဖြစ်နေခြင်းကြောင့် ချူးဟောင်လင်းကို မည်သူမှ မစနောက်ကြတော့ပေ။

“အန်တီ ဝမ် .. မေမေ့ကို ခဏကြည့်ထားပေးပါ”

ထိုလူတို့ကို မုန်းတီးစွာကြည့်လျက် ကျန့်ယာဖေးလည်း ငိုနေသော သူမအမေကို ဝမ်ရှန်းဖန် ထံသို့ အပ်ထားခဲ့လိုက်သည်။

“ရှောင်ဖေး …”

ဝုန်း

“အား ”

ဝမ်စူးဟွာ စကားပင် မပြောလိုက်ရဘဲ ကျန့်ယာဖေးက ထိုလူ ၄ ယောက်ကို လွှင့်သွားသည်အထိ ကန်လိုက်သည်ကို ကျန့်ယာဖေး၏ အဖွဲ့သားများမှလွဲ၍ အခြားသူများမှာ အံ့ဩမှင်သက် ကုန်သည်။ ယခုအချိန် မတိုင်မီအထိ သူမကဲ့သို့ လှပသော မိန်းကလေး တစ်ယောက်က ဒီလောက် ရက်စက်လိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ။

အထူးသဖြင့် ဝမ်စူးဟွာနှင့် လင်း မိသားစုတို့လည်း အံ့ဩတကြီး ဖြစ်သွားကြသည်။ သူတို့ သိထားသလောက် ကျန့်ယာဖေးမှာ ထိုသို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိခဲ့ပေ။

“အား ”

“အား သူလူသတ်လိုက်ပြီ ”

လူအများ၏အကြည့်ကို လျစ်လျူရှုလျက် ကျန့်ယာဖေး ဓါးကိုဆွဲထုတ်ကာ ထိုလူ ၄ယောက်ထံ ပြေးသွားလိုက်ပြီး ဓါးကိုဝှေ့ယမ်းလျက် လူတစ်ယောက်ကို ခေါင်းဖြတ် ပစ်လိုက်ရာ သွေးများစွာလည်း ပြန့်ကျဲကုန်လေသည်။ ထိုအခါ ပတ်ဝန်းကျင်မှ ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာသည်။

“မလုပ် .. ကျွန်တော်တို့ကိုမသတ်ပါနဲ့ ကျွန်တော်တို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး .. ခွင့်လွှတ်ပေးပါ …”

သွေးစွန်းနေသော ဓါးကိုကိုင်ထားလျက် နောက်တစ်ယောက် အနားသို့ သွားလေသည်။ ယွင်ချဲ့ လမ်းညွှန်ပေးမှုကြောင့် ကျန့်ယာဖေး ဘာကိုမှ မတွေးတော့ဘဲ သူမအဖေအတွက် လက်စားချေလိုစိတ်များ ပြည့်နှက်နေသည့် အပြင် သူမတွင် ကြောက်လန့်စိတ်လည်း မရှိတော့ပေ။ အလွန်အမင်း ဝနေသော လူတစ်ယောက်က ကြောက်လန့်နေသဖြင့် ကိုယ်ပင် တုန်လှုပ်လျက် အသနားခံ တောင်းပန်နေလေသည်။

“ကျွန်မအဖေကို အနိုင်ကျင့်ခဲ့တုန်းက သနားစိတ်ထားခဲ့လား”

“မဟုတ် … အ …”

စကားပင် မဆုံးလိုက်ဘဲ ရင်ဘတ်ထဲသို့ ဓါးစိုက်ဝင် သွားသဖြင့် ထိုလူလည်း အသံတိုးကျသွားလေသည်။ ကြည့်နေသူများ၏ မျက်နှာပေါ်တွင် ကြောက်လန့်ခြင်းများ ပြည့်နေပြီး ကျန်းချီ သည်လည်း ကြောက်ရွံ့စွာ လင်းယင် ရင်ခွင်ထဲတွင် တုန်ယင် နေလေသည်။ သို့သော် သွေးမြင်ရသဖြင့် ကြောက်နေခြင်းလား၊ သူမအလိမ်အညာတို့ ပေါ်သွားမည်ကို စိုးရိမ်နေခြင်းလား မည်သူမှမသိနိုင်ပေ။

“မဟုတ် .. မဟုတ်ပါဘူး မိန်းကလေး ကျွန်တော်တို့ တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး အဲဒီမိန်းကလေး … သူကျွန်တော်တို့ကို ဖြားယောင်ခဲ့တာ ဒါပေမယ့် မိန်းကလေးရဲ့အဖေကမြင်သွားတော့ ကျွန်တော်တို့က သူ့ကို အဓမ္မကျင့်တယ်ဆိုပြီး အထင်မှားသွားတာ … မိန်းကလေးရဲ့အဖေက စတိုက်ခဲ့တာပါ”

“ဟုတ်ပါတယ် ကျွန်တော်တို့ကို ယုံပါ ကျွန်တော်တို့ ရှင်းပြပါသေးတယ်။ ဒါပေမယ့် အဲဒီမိန်းကလေးက ငိုပဲငိုနေပြီး ဘာမှပြန်မပြောတော့ ကျွန်တော်တို့လည်း ပြန်တိုက်ခိုက်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့တာပါ”

ကျန်နေသော လူနှစ်ယောက်ကလည်း လင်းယင် ရင်ခွင်ထဲတွင် တိုးဝှေ့ ပုန်းကွယ်နေသော ကျန်းချီကို စိုက်ကြည့်လျက် အလျင်စလို ရှင်းပြလေသည်။ သူတို့လည်း ကြောက်လန့်တကြားဖြစ်နေပြီး ကျန့်ထျန်းလုံ၏ သမီးက အလွန် ရက်စက်တတ်ကြောင်း သိခဲ့လျှင် ထိုသို့လုပ်ခဲ့ကြမည် မဟုတ်သော်လည်း သူတို့ကျူးလွန်ခဲ့ကြပြီ။ မဟုတ်ဘူး သူတို့ ထိုမိန်းကလေး၏ ဖြားယောင်းခြင်း မခံခဲ့ရလျှင် ထိုသို့ ပြဿနာ ဖြစ်လာမည် မဟုတ်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset