YMR- အခန်း ၆၈

အခန်း (၆၈)

လူပျောက် ရှာဖွေနေသော စာစောင်များ အကြောင်း ယွင်ယောင်ကို ယွင်ချဲ့ မပြောပြဖြစ်ပေ။ ရှင်းဖုန်းလည်း အသိပေးစာ မထုတ်တော့ဘဲ မြို့တော်ထဲရှိသော သူ၏မိတ်ဆွေ သူငယ်ချင်းများထံ ဆက်သွယ်ကာ စာစောင်များကို တတ်နိုင်သမျှ ထိန်းချုပ် ပေးထားရန် အကြောင်းကြားထားလေသည်။ ထိုအကြောင်းကို ယွင်ယောင် ကြားသိထားပြီး ဖြစ်ကြောင်း ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ မသိကြသေးပေ။ နောက်တစ်ရက် ရောက်သည့် အချိန်တွင် ယွင်ယောင်မှာ ဝန်ထုပ်ဝန်ပိုးများကို လွှတ်ချလိုက်သကဲ့သို့ စိတ်ပေါ့ပါး ပျော်ရွှင်နေပုံမှာ သူမကို ပို၍ပင် လှပစေလေသည်။

“ရှောင်ချဲ့ အသီးအရွက် မျိုးစေ့တွေ မရှိဘူးလား … မြေတွေလည်း သေချာလုပ်ပြီးပြီ ဆိုတော့ အလဟဿ ဖြစ်မှာစိုးလို့ .. မောင်လေးတို့ အဝေးသွားနေကြတုန်း တစ်ခုခုစိုက်ထားရင် ကောင်းမလားလို့”

မနက်စာ စားပြီးနောက် ယွင်ချဲ့က နယ်ဒေသသို့ သွားရန် ခရီးစဉ်အကြောင်း တိုင်ပင်ရန် ပြင်ဆင်ချိန်တွင် ယွင်ယောင်က သူ့ကိုခေါ်ထုတ်ကာ မေးမြန်းလေသည်။ အင်အား အနည်းငယ်ဖြင့် သူမ၏ မောင်ဖြစ်သူကို တိုက်ခိုက်ရာတွင် မကူညီနိုင်သည်ကို သူမသိသဖြင့် အိမ်ထဲတွင်သာ နေပြီး သူမ၏သား ဖြစ်သူကို စောင့်ရှောက် ပေးရဉီးမည်။ ထို့ကြောင့် သူမမောင်နှင့် သူ၏သူငယ်ချင်းများ မစိုးရိမ်ကြစေရန် အတွက် မိသားစုရေးရာ ကိစ္စကို တာဝန်ယူရန် စိတ်ပိုင်းဖြတ် ထားလိုက်သည်။

“ရှိတာပေါ့”

သိလိုစိတ်ဖြင့် ယွင်ယောင်ကို စိုက်ကြည့် နေပြီးနောက်တွင် ယွင်ချဲ့ မျိုးစေ့အိတ် အချို့ကို ထုတ်ပေးလိုက်သည်။

“ဂေါ်ဖီထုပ်တွေ များများစိုက်ပေး နောက် ရက်၂၀ ဆိုရင် သိမ်းလို့ရပြီ … ကျန်တာတွေကတော့ မမကြိုက်တာစိုက်”

သူ၏နယ်မြေထဲတွင် ဂေါ်ဖီပင်များကို ၁၀ ရက်အတွင်း ရိတ်သိမ်း၍ပင် ရနိုင်ပြီး အခြားသော အပင်များ နှင့်အတူ ၃ ကျော့ပင် စိုက်ပျိုးပြီးဖြစ်သည်။ အိမ်ပေါ်တွင် ဖန်လုံအိမ် ဆောက်ပြီးသည့်အခါ နယ်မြေထဲမှ မြေလွှာအချို့ကို ယူလာခဲ့ပြီး ထိုမြေများသည် အပြင်တွင်လည်း အပင်များကို လျင်မြန်စွာ ရှင်သန်ကြီးထွား စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အင်း ဟုတ်တယ် အပင်တွေကို မြန်မြန် ကြီးထွားအောင် ပျိုးသင့်တယ် .. ဟောင်လင်းက ပါးစပ် အရမ်းဖွာတာပဲ မနေ့က မမတို့မှာ အသီးအရွက်တွေ အများကြီး ရှိတယ်ဆိုပြီး လျှောက်ပြောနေတာ .. ဒီမနက် ကန်တင်းဘက် ရောက်သွားတော့ စားဖိုမှူးချင်း က မမဆီမှာ အသီးအရွက်တွေတောင်းတယ်လေ။ မမတို့မှာက ဒီရက်ပိုင်း အာလူးနဲ့ အသားတွေပဲရှိတာ … ဂေါ်ဖီတွေ များများ စိုက်ပြီးရင် စားဖိုမှူး ချင်းကို ခွဲပေးပြီး ကျန်တဲ့သူတွေ အတွက် ချက်ခိုင်းလို့ရပြီ”

မျိုးစေ့အိတ်များကို ယွင်ယောင် စုစည်းလျက် စိတ်ပျက်တစ်ဝက် သဘောကျသည်က တစ်ဝက်ဖြင့် ညည်းတွား ပြောဆိုလေသည်။ သူမ၏မောင်က မျိုးစေ့များ သိမ်းဆည်း ထားသည်မှာ ကံကောင်းလှပေသည်။ သို့မဟုတ်ပါက သူတို့ဟင်းသီး ဟင်းရွက်များနှင့် သစ်သီးများကို စားနိုင်မည် မဟုတ်ပေ။

“ဪ…”

ကျောက်ယန်း အဖွဲ့မှလူများမှာ ကောင်းမွန်လှသည်။ ယွင်ချဲ့လည်း ခဏတာ တွေးပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကန့်ပိုင်း အတွင်းတွင် အသီးအရွက်များ ပြည့်နေသော ခြင်းကြီးများပေါ်လာပြီး ခြင်းကြီး ၂ ခြင်းတွင် ဂေါ်ဖီထုပ်များ ပြည့်နှက်နေသည်။ အခြားသော ခြင်းတစ်ခုတွင် သခွားသီးများ ပြည့်နေပြီး နောက်ထပ် ခြင်းတစ်လုံးတွင် ခရမ်းသီးနှင့် ဆလတ်ရွက်များ ပြည့်နေသည်။ နောက်ဆုံးခြင်း တစ်လုံးတွင် လတ်တလောမှ ခူးယူထားသကဲ့သို့ လတ်ဆတ် နီရဲနေသော ခရမ်းချဉ်သီးများ ပြည့်နှက်နေသည်။

“ဝါး … ရှောင်ချဲ့ မင်းကုန်တိုက် တစ်ခုလုံးကို ဓါးပြတိုက်လာတာလား .. ကြည့်ပါဉီး ! အကုန် လတ်လတ်ဆတ်ဆတ်တွေ ချည်းပဲ .. ခရမ်းချဉ်သီးတွေကို ငါတို့အတွက် သိမ်းထားလို့ မရဘူးလား”

မထင်မှတ် ထားလောက်အောင်ပင် လတ်ဆတ် ကောင်းမွန်နေသော အသီးအနှံများကြောင့် ချူးဟောင်လင်း လုံးဝန်း နီရဲနေသော ခရမ်းချဉ်သီး တစ်လုံးကိုယူကာ တစ်ကိုက် ကိုက်စားလိုက်သည်။ မျက်စိတစ်မှိတ် တည်းတွင်ပင် ချူးဟောင်လင်း၏ မျက်လုံးများ စိတ်လှုပ်ရှားမှုတို့ဖြင့် လက်ခနဲ ဖြစ်သွားလေသည်။ ယွင်ချဲ့လည်း လက်ကို ပြန်ဝှေ့လိုက်ရာ ခရမ်းချဉ်သီး တောင်းမှာ ပျောက်ကွယ် သွားသဖြင့် သခွားသီးတောင်းသို့ ချူးဟောင်လင်း လျှောက်သွားပြန်လေသည်။

“အင်း .. သခွားသီးလည်း စားကောင်းတာပဲ”

ချူးဟောင်လင်း ထို့သို ပြောပြီးသည်နှင့် သခွားသီးကို တစ်ကိုက် ကိုက်လိုက်ပြန်ရာ ချိုမွှေးနေသော အနံ့အရသာကြောင့် ပျော်ရွှင်မှုကို ပိုင်ဆိုင် ထားရသကဲ့သို့ ဖြစ်သွားလေသည်။

“မင်းပြောတာ ဟုတ်သားပဲ ငါတို့စားဖူးတဲ့ သခွားသီးတွေနဲ့ မတူဘူး”

ကူးမင်ရွှမ်း မည်သည့် အချိန်က သခွားသီးယူကာ တစ်ကိုက် ကိုက်လိုက်ကြောင်း မည်သူကမှ မသိလိုက်ကြပေ။

“ဒါပေါ့ .. ဒါတွေက သဘာဝပဲလေ .. ဒီလိုရအောင် တော်တော် စိုက်ခဲ့ရတာ”

ကူးမင်ရွှမ်း သံသယ ဝင်လာမည် စိုးသောကြောင့် ယွင်ချဲ့ အမြန်ပြောလိုက်သည်။ သဘာဝ အသီးအနှံဟု ပြောသည်ကလည်း မမှားပေ။ သူ၏နယ်မြေထဲတွင် စိုက်ပျိုးထားသည့် အသီးအနှံများမှာ ရေမြေ ညစ်ညမ်းခြင်း မရှိသော ဒေသတွင် စိုက်ပျိုးထားခြင်း ဖြစ်ပြီး စတင်စိုက်ပျိုးသည့် အချိန်နှင့် မရိတ်သိမ်းမီ အချိန်တွင်သာ ရေလောင်း ပေးခဲ့သည်။

“မင်းရဲ့နယ်မြေမှာ ဘယ်လောက် ကျန်သေးလဲ”

အသီးအရွက်များကို ကြည့်ကာ ရှင်းဖုန်း လမ်းလျှောက် လာလျက် မေးလေသည်။ ရှင်းဖုန်းမှာ လတ်ဆတ် လွန်းသော အသီးအနှံများကို ကြည့်ကာ သံသယ ကင်းကင်းနှင့် ကျေနပ်စွာ ကြည့်နေလေသည်။ ရိက္ခာများကို စုဆောင်းသည့် အချိန်များတွင် အရည်အသွေး ကောင်းကာ ကြာရှည်ခံသည့် အစားအသောက်များကိုသာ ရွေးချယ်လေ့ရှိသည်။

“ဒီစခန်းတစ်ခုလုံးက အသီးအနှံတွေကို ယူလာခဲ့တာ ဆိုရင်ရော ဘယ်လိုထင်လဲ”

အကယ်၍ အသီးအနှံများ ထပ်ထုတ်နေခဲ့လျှင် သူ့ကို သံသယ ဝင်လာကြမည် စိုးသဖြင့် တမင်ချဲ့ကား ပြောဆိုနေခြင်း ဖြစ်သည်။ တစ်ဖက်တွင်ရှိသော ဖန်လုံအိမ်ထဲတွင် အသီးအနှံများ ဖြစ်ထွန်းလာသည့် အခါ သူအစွမ်း ထုတ်သုံးလျှင်တောင် ရိပ်မိကြမည် မဟုတ်ပေ။

“ငါ့အတွက် အသီးအရွက်ခြင်း ၂ တောင်းလောက် ပေးပါလား .. ဝမ်းယန်ကို တောင်းပန်တဲ့အနေနဲ့ ငါ့အဒေါ်ဆီ ပို့ပေးမလို့”

“ဘာကို တောင်းပန်ရမှာလဲ .. သူမှ ဘာမှမပြောတာကို… ပြီးတော့ သူမသွားခင်ကဘဲ သစ်သီးအိတ်ကြီး ထည့်ပေးလိုက်တယ်”

ရှင်းဖုန်း ပြောသည်ကို ယွင်ချဲ့ အတွန့်တက် လိုက်သော်လည်း ဂေါ်ဖီထုပ်ခြင်းနှင့် ခရမ်းချဉ်သီးခြင်း ၂ ခုတို့ကို ယူထုတ် ပေးလိုက်သည်။

ထိုအချိန်အတွင်းတွင် ချူးဟောင်လင်း ဘက်သို့ ယွင်ချဲ့ လှည့်ကြည့်ကာ ခြိမ်းခြောက်လေသည်။

“မင်း အဲဒါတွေကို မင်းရဲ့ နယ်မြေထဲကို သိမ်းရဲရင် သိမ်းကြည့် မင်းဘာမှ မစားရဘဲနေမယ် ”

အစားကျူးသူက အမြဲပင် ပြဿနာ ရှာတတ်သည်။

“အင်းပါ မလုပ်ပါဘူး … ဘာလို့ ငါ့ကိုပဲ ဆူနေရတာလဲ”

ချူးဟောင်လင်း ကြောက်လန့်ဟန် ဆောင်ကာ ယွင်ယောင် ထံသို့ လှည့်ပြေးသွားကာ အဆူခံရသော ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ ယွင်ယောင်ကိုဖက် ချစ်စဖွယ် အမူအရာ လုပ်ကာ နှုတ်ခမ်းဆူလျက် …

“မမ သူ့ကိုကြည့်ဉီး … ဘယ်လောက်ရိုင်းလဲလို့ … ဟွန့် .. မမ ကျွန်တော့်အတွက် နေ့လယ်စာကို များများ ချက်ပေးနော်”

ချူးဟောင်လင်းကို ကြည့်ကာ ယွင်ချဲ့ သွေးကြောစိမ်းများ ထင်းလာပြီး ချူးဟောင်လင်းကို လျှပ်စီးနှင့် မပစ်မိစေရန် ထိန်းချုပ်နေရသည်။ ဘာလဲဟ၊ သူ့လို လူငယ်လူရွယ် တစ်ယောက်က ဘာကြောင့် နန့်တန့်တန့် လုပ်နေရတာလဲ။ အလွန်ရှက်စရာပင်။

ရှင်းဖုန်းလည်း ပြောစရာ စကားတို့ ပျောက်ရှ သွားရလေသည်။ အစားအသောက်နှင့် ပတ်သက်လာလျှင် အရှက်တရားကိုပင် မသိတော့သော ချူးဟောင်လင်းကြောင့် သူတို့ ရှက်ရွံ့ လာသကဲ့သို့ ခံစားနေရသည်။

“အင်းပါ အများကြီး လုပ်ပေးမယ်နော် … လောလောဆယ်တော့ လွှတ်ပေးလို့ ရမလား”

ယွင်ယောင် ပြောနေလျက် မျက်နှာလည်း နီမြန်းလာသည်။ ချူးဟောင်လင်းမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး သူ၏အပြုအမူက မသင့်လျော်ဟု ဆိုသော်လည်း ယွင်ယောင်က သူ့ကို သူမ၏မောင် တစ်ယောက်ကဲ့သို့ သဘောထားကာ စောင့်ရှောက် ပေးလေသည်။

“တော်တော့ ဟောင်လင်း .. မင်းဒီလို ဆက်လုပ်နေရင် မင်းခွင့်မတောင်းဘဲ ယူထားတဲ့ ခရမ်းချဉ်သီးတွေ ပြန်ပေးရမယ်နော်”

ကူးမင်ရွှမ်း ပြောလျက် ချူးဟောင်လင်း၏ လည်ကုတ်မှ အင်္ကျီကိုဆွဲကာ ယွင်ယောင် အနားမှ ဆွဲထုတ်လာခဲ့သည်။

သို့သော် ချူးဟောင်လင်း ရုန်းထွက်ကာ ယွင်ယောင် အနားပြန်ကပ်ကာ အော်ပြောလေသည်။

“မမ ယောင် .. မမကိုချစ်တယ် … မမချက်ကျွေးတာတွေကို ကျွန်တော့် တစ်သက်လုံး အမြဲစားနေချင်တယ် … အာ .. မမ ယောင် .. ကျွန်တော့်ကို လက်ထပ်မလား .. ကျွန်တော့်ကို လက်ထပ်ပါနော် ”

ဘာ …

ယွင်ယောင် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး ယွင်ချဲ့၊ ရှင်းဖုန်း၊ လန်ယဲ့ဟန်နှင့် အခြားသူများလည်း ထိုကဲ့သို့ပင်။ အတော်ကြာသည် အထိ မည်သူမှ လှုပ်ရှားတုံ့ပြန်ခြင်း မရှိကြပေ။ ထိုသို့ အကြောင်းပြချက်နှင့် လက်ထပ်ခွင့် တောင်းသည်ကို ယွင်ယောင်က ဘယ်လိုကြောင့်များ လက်ခံနိုင်ပါ့မလဲ။ ချူးဟောင်လင်းသည် အစားနဲ့ ပတ်သက်လာလျှင် နှစ်ခါ မစဉ်းစားဘဲ သူ၏မင်္ဂလာပွဲကိုပင် စတေးပစ်နိုင်သည်။ အစားကြီး သူများကို အဆင့်အလိုက် ခွဲခြားလိုက်လျှင် ချူးဟောင်လင်းမှာ ထိပ်ဆုံး နေရာတွင် ရှိနေလိမ့်မည်။ သူတို့ တွေ့ဖူးသမျှထဲတွင် အစားအကြီးဆုံး သူပင်။

“မေမေ … ဉီးဉီး .. ဉီးဉီး …”

အသက်မရှူတမ်း ပြေးလာသော ချန်ချန်ကြောင့် အခန်းထဲရှိသူများ သတိပြန်ကပ် လာကြလေသည်။ ချူးဟောင်လင်းက အစားအသောက်ကိုသာ စိတ်ဝင်စားကြောင်း ယွင်ယောင် သိသော်လည်း သူမရှက်စိတ်တို့ဖြင့် မျက်နှာနီရဲ နေလေသည်။

“ဘာဖြစ်လို့လဲ ချန်ချန် … အပြင်မှာ စက်ဘီးစီးနေတာ မဟုတ်ဘူးလား”

ယွင်ချဲ့ မေးကာ ရှင်းဖုန်းကိုလှည့်ကြည့်လိုက်ပြီး ချူးဟောင်လင်းကို ကြည့်ဖြေရှင်းရန် အချက်ပြကာ ချန်ချန်ကို ချီလိုက်သည်။ ချန်ချန်လည်း ယွင်ချဲ့၏လည်ပင်းကို ဖက်ကာ ပါးကိုနမ်းလျက် ချွဲလေသည်။

“ဉီးဉီး .. တခြား ကလေးတွေကိုလည်း တွေ့ခဲ့တယ် .. သားသူတို့နဲ့ ဆော့ချင်တယ်”

ချစ်စဖွယ်ဟန်ပန်နှင့် ပြောနေသော်လည်း အထီးကျန်ကာ အားကျနေသည်မှာ အထင်အရှားပင်။ လူကြီးများမှာ အလုပ်ရှုပ် နေကြသောကြောင့် ချန်ချန်မှာ တစ်နေ့လုံး တစ်ယောက်တည်း နေခဲ့ရသဖြင့် ပျင်းစရာ ကောင်းသည် ဆိုသော်လည်း အတွန့်မတက်ဖူးပေ။

“အာ .. အဲဒါအငယ်တန်း ကျောင်းလို့ ထင်တယ် .. ကျောက်ယန်း အဖွဲ့အစည်းထဲမှာ လူတွေနေတာများတော့ ကလေးငယ်တွေလည်း ရှိလောက်တယ် .. ဝမ်းချင်ရဲ့ ယောက်မက ကလေးတွေကို ပျိုးထောင်ပေးမလို့ ကျောင်းလေး တစ်ကျောင်း ဖွင့်ချင်တယ်တဲ့ .. လူအားလည်း သက်သာတဲ့အပြင် တာဝန်သွားရတဲ့ လူတွေလည်း သူတို့ရဲ့ ကလေးတွေကို စိတ်ပူစရာ မလိုတော့ဘူး။ အဲဒါကိုမေ့နေတာ … တကယ်လို့ ချန်ချန် သွားချင်တယ်ဆိုရင် သူ့ကို ပို့ထားလိုက်ပေါ့။ ယွင်ယောင် အသေးစိတ်တော့ ကျောင်းကိုသွားမေးတာကောင်းမယ်”

ချန်ချန် ပြောသည်ကို ကြားပြီးနောက် ကူးမင်ရွှမ်း ကိုယ့်နဖူးကို ပြန်ရိုက်ကာ ပြောလေသည်။

အားကိုးမရသော သူ၏ညီဖြစ်သူကြောင့် ကူးမင်ရွှမ်း ကိစ္စအရာရာကို ဖြေရှင်းနေရသဖြင့် အလုပ်များနေခဲ့သည်။

“အဆင်ပြေသားပဲ .. မမ ချန်ချန်ကို ခေါ်သွားကြည့်ပါလား”

သူ၏တူလေးဖြစ်သူ ပျင်းနေမည်ကို စိုးရိမ်သဖြင့် မည်သို့ ဖြေရှင်းရမည်ကို ယွင်ချဲ့ အချိန်ကြာအောင် စဉ်းစားနေခဲ့ရပြီး ယခုတော့ နည်းလမ်းကို ရှာတွေ့သွားလေပြီ။

“အင်း .. ချန်ချန်ကို နောက်မှ ခေါ်သွားကြည့် လိုက်မယ်”

သူမ၏သား အလွန် အထီးကျန် နေသည်ကို ယွင်ယောင် သိသဖြင့် တုံ့ဆိုင်းခြင်း မရှိ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ ယွင်ချဲ့လည်း လက်ကို ဝှေ့လိုက်ရာ ခရမ်းချဉ်သီး အသေးများ အပြည့်ရှိသော ခြင်းငယ်တစ်လုံး ပေါ်လာသည်။

“လက်ဗလာနဲ့တော့ မသွားနဲ့ပေါ့ .. ဒါတွေကို ဆရာမတွေနဲ့ ကလေးတွေအတွက် ယူသွားလိုက်ဉီး .. ကျွန်တော် ချန်ချန်ကို အဝတ်လဲ ပေးလိုက်ဉီးမယ်”

ချန်ချန်ကို ပွေ့ထားလျက် အပေါ်ထပ်သို့ တက်လာခဲ့ပြီး သူတို့ ဆွေးနွေးနေသော ခရီးအကြောင်းကို မေ့သွားခဲ့သည်။

“ဉီးဉီးကို အချစ်ဆုံးပဲ”

ချန်ချန် ချွဲလျက် ပြောလေတော့ ယွင်ချဲ့ သဘောကျစွာ ….

“ဒီကလေးတော့ တော်တော်စကားတတ်တယ်”

“ဟီးဟီး …”

အပေါ်ထပ်သို့ တက်သွားသော ယွင်ချဲ့တို့ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်နှင့် ရှင်းဖုန်း လည်း တစ်ဖက်လှည့်ကာ ပြောလေသည်။

“ဟောင်လင်း ဒီအသီးအရွက်တွေကို ကန်တင်းနဲ့ ငါ့အဒေါ်အိမ်ကို ပို့ပေးလိုက် … မင်ရွှမ်း .. ဝမ်းချင်ရဲ့ ယောက်မဆီ ဖုန်းဆက်ပြီး ချန်ချန် အကြောင်း ပြောထားလိုက် .. ငါတို့တွေ စာဖတ်ခန်းထဲမှာ စောင့်နေမယ်”

“အင်း အိုကေ”

မိနစ်အနည်းငယ် အတွင်းတွင် ကိုယ့်တာဝန်အသီးသီးအတွက် ထွက်သွားကြပြီး ချူးဟောင်လင်း အရူးထခဲ့သည်ကို မေ့ထား လိုက်ကြသည်။

ယွင်ချဲ့၏ အိမ်အပေါ်ထပ် အခန်းထဲတွင် ….

“ချန်ချန် ကျောင်းသွား ရတော့မယ် … ဉီးဉီးမှာထားတာ လုံးဝ မမေ့ရဘူးနော် အိမ်အကြီးကြီးမှာ နေနေတာရော သားမှာ အစွမ်းတွေ ရှိနေတာကိုရော ဘယ်သူ့ကိုမှ မပြောပြရဘူးနော်”

ချန်ချန်ကို အဝတ်အစား လဲပေးရန်က အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး ချန်ချန်ကို မှာစရာများ ရှိသဖြင့် ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရွယ်တူ သူငယ်ချင်းများကို သူ၏အစွမ်းများ အကြောင်း ပြောပြမိခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်များမှာ အလွန်ရှုပ်ထွေးသွားလိမ့်မည်။

ကျောက်ယန်း အဖွဲ့အတွင်းရှိ နေသူများမှာ အလွန် သဘောကောင်းကြသူများ ဖြစ်ပြီး အတူတကွ ပူးပေါင်း လုပ်ဆောင် ကြသူများလည်း ဖြစ်သည်။ သို့သော် ချန်ချန်က ထူးခြားသူ တစ်ယောက် ဖြစ်သောကြောင့် ကြိုတင်ကာကွယ် ထားခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။

“ဟုတ် သားသိပါတယ် .. သားပြောလိုက်မိရင် လူဆိုးတွေက သားကို လိုက်ဖမ်းကြမှာ အဲဒီအခါ မေမေနဲ့ ဉီးဉီးတို့နဲ့ အတူနေလို့ မရတော့ဘူး”

ချန်ချန်မှာ ငယ်ရွယ် သေးသော်လည်း မှတ်ဉာဏ် အလွန်ကောင်းသည့်အပြင် ယွင်ချဲ့ ပြောထားသမျှကိုလည်း မှတ်မိနေသည်။ ယွင်ချဲ့လည်း ချန်ချန်၏ ဆံပင်ကို အသာသပ်ကာ ဝက်ရုပ်လေး ပါနေသော ပန်းရောင် ဝတ်စုံလေးကို ဝတ်ဆင် ပေးလိုက်သည်။ ယွင်ချဲ့ ပေးထားခဲ့သော ခါးပတ်အိတ်လေးကို ချန်ချန် ပတ်ရန် ပြင်လိုက်စဉ် ယွင်ချဲ့ တားလိုက်သည်။

“ဒီနေ့ ဒါယူစရာ မလိုတော့ဘူး .. ဒီဝတ်စုံမှာ လွယ်အိတ်ကြီး တစ်လုံးရှိတယ် ကျောင်းသွားတဲ့အခါ အဲဒီအိတ်ကို လွယ်သွားတယ်မလား .. တစ်ခုခု ယူချင်တာရှိရင် အဲဒီအိတ်ထဲကနေ ယူထုတ်လိုက်နော်”

“ဟုတ်”

“ချန်ချန် .. ဉီးဉီး ရက်ပိုင်းလောက် ခရီးသွားရဉီးမယ် .. သကြားလုံးတွေ မုန့်တွေ အရုပ်တွေကို သားရဲ့နယ်မြေထဲ ထည့်ထားနော် .. စားချင်တဲ့အခါ ကစားချင်တဲ့အခါ ယူထုတ်ပေါ့ ဒါပေမယ့် ဘယ်သူမှမရှိတဲ့ အချိန်မှ လုပ်ရမယ်နော်”

ခုတင်ကြီး တစ်လုံးပေါ်တွင် မုန့်မျိုးစုံနှင့် ကစားစရာ အရုပ်များ ရုတ်တရက် တောင်လိုပုံသွားလေသည်။ ယွင်ချဲ့မှာ သူ၏တူလေး အတွက် လိုလေသေးမရှိ အကုန်ပြင်ဆင် ထားပေးသည်။

ချန်ချန်လည်း ချစ်စရာ ကောင်းစွာ ပြုံးလိုက်ပြီး …

“ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဉီးဉီး”

ထိုအရုပ်များထံသို့ ချန်ချန် တွားသွားကာ စက္ကန့်ပိုင်း အတွင်း သူ၏နယ်မြေထဲသို့ သိမ်းလိုက်လေသည်။ ထို့နောက် ယွင်ချဲ့လည်း ချန်ချန်ကိုချီကာ အောက်ထပ်သို့ ဆင်းသွားလေသည်။ ယခုအခါမှသာ ယွင်ချဲ့ စိတ်မချခြင်းမရှိဘဲ ခရီးသွားနိုင်တော့မည် ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset