အခန်း (၆၅)
“အဟွတ် …”
“စီနီယာ .. စီနီယာ …”
နာမကျန်း ဖြစ်နေသော လူမှာ ချောင်းဆိုးနေပြီး စကားအပြောအဆို မကောင်းသော လူတစ်ယောက်ကလည်း သူ့ကိုမရပ်မနား ခေါ်နေလေသည်။ သူ၏မျက်လုံးများမှာ နီရဲနေကာ လက်ထဲ ပွေ့ထားသော လူက သူ့အတွက် အလွန် အရေးကြီးကြောင်း အထင်အရှားပင်။
“သူ ဘယ်လိုဖြစ်တာလဲ .. နေမကောင်းဘူးလား”
ယွင်ချဲ့ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး လက်ကို ဆန့်လိုက်သည်။
“မထိနဲ့”
ထိုသူ၏ နဖူးကိုပင် မထိလိုက်ရသေးဘဲ တစ်ဖက်လူက ဩရှသော အသံနှင့် အော်လိုက်ပြီး လက်ထဲမှ လူကို တင်းကျပ်စွာ ပွေ့ထားလိုက်သည်။
“ကောင်းပါပြီ .. ဒေါသထွက်စရာ မလိုပါဘူး”
ယွင်ချဲ့ လက်ကို ပြန်ဆုတ်ကာ နှုတ်ခမ်းကို အသာတွန့်လိုက်ပြီး …
“ကပ်မဖြစ်ခင်က ကျုပ်ညီမလေး တစ်ယောက် ဆေးကျောင်းတက်ဖူးတယ် .. ဒီရောဂါကို သူကုပေးနိုင်မယ် ထင်တယ်”
ဒုတိယအဆင့် အမြုတေကြောင့်သာ မဟုတ်လျှင် ယွင်ချဲ့ ကိုယ့်ဒုက္ခကိုယ် ရှာမည်မဟုတ်ပေ။ ယခုအခါတွင် အာနိသင့်မဲ့ အဆင့် ၂ အမြုတေကိုရရန် အလွန် အရေးကြီး နေပေသည်။
“မင်း ဘာလိုချင်လို့လဲ”
ထိုလူက မျက်လုံးနီကြီးများဖြင့် ယွင်ချဲ့ကို စိတ်ကြည့်ပြီးနောက် ခပ်ဩဩ အသံဖြင့် မေးလေသည်။
“ခင်ဗျားရဲ့အမြုတေ”
ယွင်ချဲ့ တုံ့နှေးခြင်း မရှိဘဲ ပြတ်သားစွာ ပြောလေရာ ထိုလူကလည်း တည်ငြိမ်လျက်ပင် ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ သူညှိနှိုင်းခဲ့သော ဆန် ၁၀ ကီလိုမှာ နေမကောင်း ဖြစ်နေသည့် သူ၏ စီနီယာအတွက် အာဟာရ ဖြစ်စေရန် လိုအပ်ခြင်းကြောင့်ပင်။ ယွင်ချဲ့တို့ဘက်မှ ကုသပေးရန် ကမ်းလှမ်း လာသဖြင့် ထိုလူအနေနှင့် အမြုတေကို သိမ်းထားလျှင်လည်း သူ့အတွက် အသုံးမဝင်ပေ။
“သွားရအောင် .. ကျုပ်တို့ကားက အပြင်ဘက်မှာ ရပ်ထားတော့ လမ်းလျှောက် သွားမှရမယ်”
ယွင်ချဲ့ ပြောပြီးသည်နှင့် လှည့်ထွက် လိုက်သည်။
“ကျုပ်ရဲ့စီနီယာ ယဲ့ရှင်းချန် .. ကျုပ်က ကျန်းရှန်”
ထိုလူ၏ စကားများမှာ စကားပြောရန် မတန်ဆိုသော ပုံစံဖြင့် လိုရင်းတိုရှင်းစွာ မိတ်ဆက်လေရာ ယွင်ချဲ့က ကျောပေးလျက်ပင် လက်ကို ဝှေ့ယမ်းပြကာ သူကြားလိုက်ကြောင်း အသိပေးလိုက်သည်။ ယွင်ချဲ့ ကိုယ်ကိုကိုင်းကာ ချန်ချန်ကို ချီလိုက်ပြီး ပြန်လှည့်ကာ ….
“ဒီတစ်နေ့တော့ ပြန်ကြမယ်နော် နောက်ရက်မှ နေရာစုံ ဉီးဉီး လိုက်ပို့ပေးမယ်”
“ဟုတ်ကဲ့”
ချန်ချန် အလိုက်တသိပင် ခေါင်းညိတ် လိုက်သည်။ သူ၏ဉီးလေးမှာ အလုပ်ကိစ္စရှိသေးသည်ကို သိသဖြင့် ဈေးထဲမှ မထွက်လိုသေးသည့် စိတ်ကို ထိန်းလိုက်သော်လည်း သူ၏မျက်ဝန်းတောက်တောက်လေးများက နေချင်သေးကြောင်း ပြနေလေသည်။
“ဒီကလေးတော့ ….”
ချန်ချန် ခေါင်းကို ယွင်ချဲ့ အသာဖွလိုက်ပြီး ခေါင်းခါလိုက်သည်။ အနောက်မှ လူတို့မှာ လှုပ်ရှားခြင်း မရှိသဖြင့် ယွင်ချဲ့ သိလိုစိတ်ဖြင့် လှည့်ကြည့်ကာ …
“မင်းတို့က ဒီနေရာကို သံယောဇဉ် ရှိနေလို့ မထွက်လာချင်တာလား”
“ဘာ”
ကျန်းရှန် အတွေးလွန် နေရာမှ သတိပြန်ကပ် လာပြီးနောက် ဇဝေဇဝါ ဖြစ်လျက် ယွင်ချဲ့ တို့ကို စိုက်ကြည့် နေပြီးနောက် စကားထစ်ကာ …
“မင်း မင်းတို့ .. ငါတို့နာမည် ပြောတာ မကြားလိုက်ဘူးလား”
သူတို့နာမည်ကို လျစ်လျူရှု ထားသော ယွင်ချဲ့ကို သူသည်းမခံနိုင်သဖြင့် မေးလိုက်သည်။ သူက သာမန်ပါမွှားသာ ဖြစ်သော်လည်း သူ၏စီနီယာမှာ နိုင်ငံကျော်စတား တစ်ယောက်ဖြစ်ပြီး သူ၏ အမည်ကိုလည်း လူငယ်တိုင်း သိကြသည်ကို ဒီလူက ဘယ်လိုကြောင့် သူတို့ကို မသိရတာလဲ။
“ငါက မင်းတို့ နာမည်တွေကို သိဖို့လိုလို့လား”
ယွင်ချဲ့လည်း ဇဝေဇဝါဖြစ်ကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လျက် သူ့ကို အပြစ်မတင်သင့် ဟူသော ဟန်နှင့် ပြန်ကြည့်လေသည်။ တစ်ဖက်တွင် ယွင်ချဲ့မှာ သူတို့နှင့်မတူ အလွန် ကွာခြားသည်။ တစ်ဖက်တွင်လည်း အတိတ်တွင် လေးနှစ်ကြာအောင် နေခဲ့ရပြီးနောက် ပြန်လည် မွေးဖွားလာခဲ့သဖြင့် တစ်ခါကြားဖူးသည့် နာမည်ဆိုလျှင်တောင် သူမေ့ပျောက်သွားခြင်း ဖြစ်လိမ့်မည်။
“အဟမ်း .. ငါ့ရဲ့အစ်ကို ချဲ့တော့ .. ဒီလိုအကြောင်းတွေ မသိဘူးဆိုရင် တီဗွီများများ ကြည့်သင့်တယ် သူတို့က ရှုကျဲလို နာမည်ကြီးတဲ့ သူတွေပဲ .. ရှုကျဲ ကတော့ အခုမှ နာမည်ရအောင် ကြိုးစားနေတဲ့ တက်သစ်စ ဆိုပေမယ့် သူတို့က နာမည်ရတာတော့ကြာပြီ … မင်းတောင်ပေါ်ဒေသတွေမှာ နေခဲ့တာလား ယဲ့ရှန်းချန် ကိုတောင် မသိဘူးဆိုတော့”
ယွင်ချဲ့ အနား ကျိုးဇယ်ယွီ အသာစောင်း မှီလိုက်ကာ တီးတိုးပြောဆို လိုက်သည်။ ကျန်းရှန် နာမည် ပြောလိုက်သည်နှင့် သူတို့ကို ကျိုးဇယ်ယွီ တန်းသိလိုက်သည်။ သို့သော် ယွင်ချဲ့က မျက်ခုံးပင့်ပြကာ ….
“အဲဒီတော့ ငါနဲ့ဘာဆိုင်လို့လဲ”
နာမည်ကျော် စတားများက ဘာများ ထူးခြားသွားပါလဲ။ အခုကဲ့သို့ ကပ်ဆိုက်ခေတ်ပျက်ထဲတွင် လူအများမှာ မိမိအသက်ရှင်ရန် အတွက် ကြိုးစား ရုန်းကန်ကြရမည် ဖြစ်သည်။ လှပတောင့်တင်းသော ခန္ဓာကိုယ် ရှိသော်လည်း အစွမ်းမရှိ ခွန်အားမရှိ သူများသည် အခြားသူများ၏ လိင်လုပ်သား ဘဝကိုသာ ရောက်တတ်ကြပြီး သာမန်လူများ ထက်ပင် အဖြစ်ဆိုးလေသည်။ မည်သူကမှ ရှုကျဲကဲ့သို့ ကံကောင်းလိမ့်မည် မဟုတ်ကြောင်း ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့၏ လတ်တလော အခြေအနေကပင် သက်သေပြနေပြီ ဖြစ်သည်။
“အာ .. မင်းက အတော်ဆုံးပဲ”
ယွင်ချဲ့၏ ပွင့်လင်းစွာ ပြောဆိုတတ်မှုကြောင့် ကျိုးဇယ်ယွီလည်း ထပ်မပြောနိုင်တော့ဘဲ လက်မထောင်ပြကာ အရှုံးပေးလိုက်ရသည်။
“အဟွတ် …”
ချောင်းဆိုးသံ ပြန်ကြား လိုက်ရသဖြင့် ကျိုးဇယ်ယွီနှင့် စကားပြောကာ အချိန်ဖြုန်းရန် မသင့်တော့သောကြောင့် ယွင်ချဲ့ ပြန်လှည့်သွားကာ စမ်းရေ ထည့်ထားသော ရေဘူးကို ကျန်းရှန် ထံသို့ ကမ်းပေးလိုက်သည်။
“ဒါတိုက်ထားလိုက် .. နည်းနည်းတော့ သက်သာစေလိမ့်မယ်”
သူတို့ပြန်ရာ လမ်းတွင် မကြာခဏ ချောင်းဆိုးနေခြင်းကို ယွင်ချဲ့ မဖြစ်စေလိုပေ။ ထို့အပြင် ရောဂါပိုးမွှားများမှာ အလွန် ပျံ့နှံ့လွယ်ပြီး လူကြီးများနှင့် ကိစ္စမရှိသော်လည်း ချန်ချန်မှာ မည်သို့ပင် အစွမ်းမြင့်နေပါစေ ကလေး ဖြစ်နေသောကြောင့် အလွန် ဂရုစိုက်ရပေမည်။
ကျန်းရှန်လည်း ရေဘူးကို တိတ်ဆိတ်စွာ ယူလိုက်ပြီး ယခုတစ်ကြိမ်တွင် နာမကျန်း ဖြစ်သော သူ၏စီနီယာ ပါးစပ်နားတေ့ကာ မသောက်စေတော့ဘဲ ဘူးအဖုံးကိုဖွင့်ကာ ရေကိုငုံလိုက်ပြီး သူ၏နှုတ်ခမ်းမှ တစ်ဆင့် ထိုလူ၏ နှုတ်ခမ်းကိုတေ့ကာ ရေတိုက် ပေးလိုက်သည်။ အကြိမ်ပေါင်းများစွာ ရေတိုက်ပြီးနောက် မရပ်မနား ချောင်းဆိုးနေခဲ့သော ယဲ့ရှင်းချန်မှာ သတိမေ့သူ တစ်ယောက်ကဲ့သို့ ငြိမ်သက်သွားပြီး အသက်ကို ခက်ခဲစွာ ရှူနေရသည်။
“ကျေးဇူးတင်ပါတယ် !”
ကျန်းရှန် အနည်းငယ် ရှက်ရွံ့နေပုံနှင့် ရယ်ပြကာ ပြောလိုက်သည်။
“ငါ့ကို ကျေးဇူးမတင်နဲ့ ချန်ချန်ကို ရောဂါမကူးစေချင်ဘူး”
ယွင်ချဲ့ ပြောပြီးသည်နှင့် လှည့်ထွက် သွားလေသည်။ သူ၏တုံ့ပြန် စကားကြောင့် ကျန်းရှန် ဆွံ့အသွားပြန်ကာ စိတ်နှင့်ကိုယ် ပြန်ကပ် သွားလေသည်။ ထို့နောက် ယဲ့ကျန်းချန်ကို ပွေ့ချီကာ လျင်မြန်စွာ လှမ်းလျက် ယွင်ချဲ့တို့ အနောက်သို့ အမီလိုက် သွားပြီးနောက် ခဏအကြာတွင် ယွင်ချဲ့တို့၏ ကားမှာ ကုန်လဲလှယ် ဈေးထဲမှ ထွက်သွားလေသည်။ သူတို့ ထွက်သွား ပြီးသည်နှင့် တံခါးဝတွင် စောင့်ကြပ်နေသော အစောင့်စစ်သား နှစ်ယောက်မှာ စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းရှည်စွာ ချလိုက်သည်ကို ယွင်ချဲ့တို့ မသိလိုက်ရပေ။ ပြဿနာ ဒုက္ခပေးသူများ ထွက်သွားကြသည် ဆိုသောဟန်နှင့် ဝမ်းမြောက် ပျော်ရွှင်နေကြလေသည်။ သူတို့အခက်ကြုံ ရမည်ကို စိုးရိမ်ခြင်းနှင့် အထက်လူကြီးများ၏ အပြစ်တင် ရှုတ်ချခြင်းမှ လွတ်မြောက် သွားပြီဟုတွေးကာ ဝမ်းသာနေကြသည်။
***