အခန်း (၆၂)
အစည်းအရုံး ခန်းမထဲတွင် ယွင်ချဲ့ စိတ်လွတ်ကိုယ်လွတ် လူသတ်ခဲ့သည့် အကြောင်းကို ရှင်းဖုန်း အမြန် ကြားလိုက်ရသည့် အပြင် ပြင်ပတွင်လည်း လျင်မြန်စွာ သတင်းပြန့် သွားကာ အိမ်ပြန်ရန် ခွင့်ယူထားသော ချူးဟောင်လင်း ပင်လျှင် အံ့အားသင့်ခဲ့ရသည်။ ယွင်ချဲ့ မှတစ်ပါး မည်သူက ကုန်လဲလှယ် ဈေးတွင် မထင်မှတ်ထားသော ကိစ္စများ ပြုလုပ်နိုင်ပါ့မလဲ။
သို့သော် ယွင်ချဲ့၏ လူသတ်မှု အပြုအမူကို အပြစ်မတင်လိုဟု မည်သူကမှ မတွေးခဲ့ကြပေ။ ရှင်းဖုန်းက ထူးထူးခြားခြား မရှိဆိုသော အနေအထား ရှိနေပြီး ချူးဟောင်လင်းမှာ လေးစားနှစ်သက်မှု အပြည့်နှင့် ပြောဆိုနေချိန် ကူးမင်ရွှမ်းမှာ သူ၏အလုပ်များကို တည်ငြိမ်စွာ လုပ်မြဲလုပ်နေလေသည်။ သူတို့၏တုံ့ပြန်ချက်မှာ အကျိုးအကြောင်း သင့်ပေသည်။ တစ်ဖက်တွင် အခြားသူ၏ အပြစ်ကို ဖုံးကွယ် ပေးခြင်းမှာ သူတို့၏ နည်းလမ်းဟောင်းဖြစ်ပြီး ယွင်ချဲ့မှာ ကျောက်ယန်း အဖွဲ့ဝင် မဖြစ်သေးသော်လည်း အဖွဲ့သားများက သူ့ကို လက်ခံထားကြပြီး ဖြစ်သည်။ သူတို့သည် ယွင်ချဲ့ အကြောင်းကို သေချာ သိထားကြသည့်အပြင် သူ၏အားနည်းချက် ဖြစ်သော ချန်ချန် သူနှင့်အတူ ရှိနေလျှင် တစ်ဖက်လူကို ယွင်ချဲ့ လုံးဝ ရန်စမည် မဟုတ်ပေ။ အသတ်ခံခဲ့ရသူများ သာလျှင် ကိုယ့်ဒုက္ခကိုယ် ရှာခဲ့ကြခြင်း ဖြစ်လိမ့်မည်။
“ဒီအတိုင်းသာ ဆိုရင် သူတော့ တခြား အဖွဲ့တွေရဲ့ ပစ်မှတ် ဖြစ်လာတော့မှာပဲ … ထူးခြားဖြစ်စဉ် နှစ်ခုဖြစ်ထားတော့ သုတေသန အစည်းအရုံးလည်း တော်တော်ခေါင်းခြောက်ကုန်လိမ့်မယ်”
ကူးမင်ရွှမ်း စာအုပ်ဖတ် နေရာမှ ခေါင်းမော့လျက် သက်ပြင်း ချလိုက်သည်။ ယွင်ချဲ့ အကျိုးအကြောင်း မစဉ်းစားဘဲ တစ်ဇွတ်ထိုး ပြုမူလျှင် သားရဲတစ်ကောင် အဖြစ် ပြောင်းတတ်သည်ကို ကူးမင်ရွှမ်း သိထားသော်လည်း အခြားသူများကို သတ်ရဲသည့် အပြင် စစ်တပ် အဖွဲ့ကိုလည်း လှည့်ကွက်များနှင့် ပြောဆိုခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏စကား အချို့မှာ စစ်တပ်ထဲတွင် အနည်းငယ် ကြာအောင် မအေးမချမ်း ရှိနေလိမ့်မည်။
“ဟင်း …. ယွင်ချဲ့က ငါ့ငယ်သားဖြစ်တဲ့ အကြောင်း သူတို့ကို ဖုန်းဆက် ပြောပြထားလိုက် .. သူတို့ပြန်မေးရင် ငါဖြေမယ်”
ရှင်းဖုန်းက ဝင်ပြော လေသဖြင့် ယွင်ချဲ့၏ လက်တိုလက်တောင်း ကောင်လေးဆိုသော နာမည်ပြောင်နှင့် အလွန် လိုက်ဖက်လှသည့် အပြင် ယွင်ချဲ့၏ အရေးပေါ် ကိစ္စရပ်များကို တုံ့ဆိုင်းခြင်းမရှိ ဖြေရှင်းရန် အမြဲတစေ အသင့်ရှိနေသည်။
‘ကျွန်တော်တို့လို တစ်ကိုယ်တည်း သမားတွေကို အဖက်လုပ်ပါဉီး ဆရာရယ် .. ကျွန်တော်တို့လည်း နာကျင်မှုအစား အချစ်ခံရတာပဲပိုလိုချင်ပါတယ်လို့ !’
ထိုစကားကို ချူးဟောင်လင်း စိတ်ထဲမှ ပြောဆိုနေမိသည်။
“သေစမ်း .. သူကတော့ သူရဲ့အချစ်တွေကို အမြဲဖော်ပြ နေတော့တာပဲ .. ကျွန်တော်တို့ အတွက်လည်း နေရာပေးပါဉီး”
“မင်းဈေးကို သွားချင်တဲ့အချိန် သွားလို့ရတယ် .. ပြီးတော့ မင်းသိထားဖို့က ငါက single ပဲရှိသေးတယ်”
“ဟမ် .. ဆရာနောက်နေတာလား .. အခုထိ အစ်ကိုချဲ့နဲ့ မတွဲရသေးဘူးလား”
ချူးဟောင်လင်း အံ့အားတကြီး ပြောမိလေသည်။ သူ၏စိတ်ထဲတွင် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အတူအိပ်စက် ပြီးကြပြီဟု ထင်ထားခဲ့သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါမှမဟုတ် ရှင်းဖုန်းက တစ်ခုခု ဆုံးရှုံးထားလို့များလား။ ချူးဟောင်လင်း တွေးတောကာ သူ၏အကြည့်မှာ ရှင်းဖုန်း၏ ပေါင်ခြံကြားသို့ ရောက်သွားလေသည်။ ချူးဟောင်လင်း၏ မှတ်ဉာဏ်အရ ရှင်းဖုန်းသည် ထိုနေရာတွင် ပြဿနာ မရှိသည်မှာ သေချာပါသည်။ သို့သော် ဘာကြောင့်များလဲ။
အတွေးကမ္ဘာမှာ အမှန်တကယ် အဆုံးမဲ့လှသည်။ ချူးဟောင်လင်း၏ မျက်လုံးထဲတွင် သနားသော အရိပ်အယောင် အနည်းငယ် ဖြစ်ပေါ်လာသည်။ ရှင်းဖုန်း၊ သနားစရာ ကောင်းသောဆရာ၊ အသက် ၂၄ နှစ်သာ ရှိသေးသော်လည်း လိင်ခံစားမှုကို ငယ်ရွယ်စဉ်ကပင် ဆုံးရှုံးခဲ့ရပြီ။ ကျန်သော နှစ်များစွာကို ဘယ်လိုများ တောင့်ခံနိုင်ပါမလဲ။ ယောက်ျားများကိုပင် မဆိုထားနှင့်၊ မိန်းကလေးများကိုပင် ရှင်းဖုန်း စိတ်မဝင်စားခဲ့သည်မှာ မထူးဆန်းတော့ပေ။ သူ ဘယ်လောက်များ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရမလဲ။
“မင်းအသက် မပျောက်ချင်ရင် အဲဒီကြောင်တောင်တောင် အတွေးတွေ မစဉ်းစားနဲ့”
ရှင်းဖုန်း တစ်ချက် ကြည့်ရုံနှင့် ချူးဟောင်လင်း၏ အတွေးများကို ရိပ်မိလိုက်သဖြင့် လက်ဖက်ရည်ခွက်နှင့် ပစ်ကာ ပြောလိုက်သည်။ ချူးဟောင်လင်း အမြန်ရှောင်တိမ်း နိုင်လိုက်သဖြင့် အသက်ဘေးမှ လွတ်မြောက် လာသကဲ့သို့ ရင်ကိုလက်နှင့် အသာပုတ် နေလေသည်။
“အမလေး .. အမြန်ရှောင် လိုက်နိုင်လို့ မဟုတ်ရင် ခေါင်းကွဲတော့မှာပဲ .. ကျွန်တော်တွေးသလို မဟုတ်ရင် ဘာလို့ အတူမနေကြသေးတာလဲ။ အတူတွဲ လိုက်ကြပါတော့ ကျွန်တော်တောင်းဆိုပါတယ်နော် … ယွင်ချဲ့ရဲ့ အစ်မက စားဖိုမှူးချင်း ထက်တောင် အချက်အပြုတ်တော်တော့ ကျွန်တော်လည်း အလကား များများစားချင်တယ်”
ပြောသမျှ လုပ်သမျှမှာ အစားအသောက် အကြောင်း မပါလျှင် မပြီးပေ။ အစားကျူးသူ တစ်ယောက်၏ စိတ်သည် အခြားသူများ၏ စိတ်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
“ယွင် မိသားစုဝင် တစ်ယောက်ယောက်နဲ့ လက်ထပ်ပေးရင်ရော ဘယ်လိုလဲ”
ချူးဟောင်လင်း ထပ်မေးလေသဖြင့် ရှင်းဖုန်းလည်း စိတ်မရှည်ဟန် စူးစိုက်ကြည့်လိုက်ပြီး ….
“ဖုန်းဆက်စရာရှိတာ အမြန်ဆက်ပြီးပြော .. အချိန်ခဏလေးပဲ သူလွတ်မြောက် နိုင်လိမ့်မယ် စစ်တပ်အဖွဲ့က အသင့်ဖြစ်ပြီ ဆိုတာနဲ့ သူ့ကို အပြစ်ရှာပြီး ဖမ်းဆီးကြလိမ့်မယ်”
“ဟုတ်တယ်”
ရှင်းဖုန်း တည်ကြည်စွာ ကြည့်လျက် ကူးမင်ရွှမ်းလည်း မစတော့သဖြင့် ချူးဟောင်လင်း ရုတ်တရက် မေးလေသည်။
“သူအဲဒါကို ဘယ်လိုလုပ် လိုက်တာလဲ .. အစည်းအရုံးက လူတွေ တစ်ခုခု ပြောပြီးတာနဲ့ ထူးထူးဆန်းဆန်း ဖြစ်ကုန်ပြီး ယွင်ချဲ့ကို ရန်စတဲ့သူတွေ လဲကျကုန်တာလေ”
“သူ့မှာ လေထုစွမ်းအား ရှိတယ်လေ”
ကူးမင်ရွှမ်းနှင့် ရှင်းဖုန်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်လေသံတည်းပြောလိုက်ကြသည်။ ထူးခြားသည့် လေ့ကျင့်မှု အကြောင်းကို သူတို့သေချာ မသိသေးသော်လည်း ထိုထူးဆန်းသည့် ဖြစ်စဉ်မှာ ယွင်ချဲ့၏ လေအစွမ်းနှင့် သက်ဆိုင် လိမ့်မည်ဟု သူတို့ မှတ်ယူထားသည်။
ဧရိယာ C မှ ကုန်လဲလှယ် ဈေးထွက်ပေါက်တွင် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ ယွင်ချဲ့အား မေးခွန်း တစ်ခုတည်းကိုသာ ထပ်တလဲလဲ မေးနေလေသည်။ ယွင်ချဲ့လည်း စနောက်စွာဖြင့် ခေါင်းတယမ်းယမ်း ဖြစ်နေသော်လည်း သူတို့၏ မယုံကြည်နိုင်သော အကြည့်များကြောင့် ယွင်ချဲ့ လက်လျော့ကာ ရှင်းပြလေသည်။
“လေအစွမ်းက ဒီလောက် မရိုးရှင်းဘူး .. အဆင့်မြင့်ပြီး ထိပ်တန်းအဆင့် ရောက်ထားတဲ့ လေစွမ်းအားက လျှပ်စီး အစွမ်းထက် ပိုအားကြီးပြီး အန္တရာယ်များတယ် … အခု သုံးလိုက်တာက သူတို့နားမှာ ရှိတဲ့လေပို ဖယ်ပစ်လိုက်တာ ဒီလို အနေအထားက အစွမ်းနိုးထကာစ အဆင့်ပဲရှိသေးတယ်။ ဖုတ်ကောင်တွေ အပေါ် သုံးလို့ မရပေမယ့်လည်း လေထုကို မှီခို အသက်ရှင်နေရတဲ့ လူတွေအတွက်တော့ သုံးလို့ရတယ် … ဒါပေမယ့် အချိန်ကြာကြာ မသုံးနိုင်တော့ အသက်ပျောက်တဲ့ အထိတော့ လုပ်လို့မရသေးဘူး။ ဒီနေ့လို ခြောက်လန့်တဲ့ အဆင့်ထိပဲ ရသေးတယ်”
လေထုက ပို၍ အရေးကြီးလာလေ လေထုစွမ်းအားလည်း အင်အား ကြီးလာလေပင်။ ယွင်ချဲ့က ထိုအစွမ်းကို စူးစမ်းလေ့လာ စမ်းသပ်နေဆဲ ရှိသည့်အကြောင်း သူတို့ချက်ချင်း နားလည် သဘောပေါက်ကြသည်။
“မင်းပြောတာကြားပြီး ငါ့အစွမ်းက မဖြစ်စလောက်လေးပဲ အဖိုးတန်တယ်လို့ တွေးမိသွားပြီ”
သေလိုက်ပါတော့။ သူက လူသား တစ်ယောက်ဆိုတာ သေချာပါရဲ့လား။ အလွန် အစွမ်းထက် အန္တရာယ်ကြီးသော လျှပ်စီးစွမ်းအားကို ရရှိထားသည့်အပြင် မယုံနိုင်ဖွယ်ရာ လေထုစွမ်းအားကိုလည်း ပိုင်ဆိုင် ထားပြန်သည်။ ယှဉ်ကြည့်လျှင် ကျိုးဇယ်ယွီ၏ လေအစွမ်းမှာ ပို၍ အားနည်းသည်ဟု မှတ်ယူနိုင်သည်။
“ငါ့အယူအဆတော့ ကမ္ဘာက ဘယ်လောက်ပဲ ကြီးမားနေပါစေ မင်းစိတ်ထဲက အကြောင်းတွေ ထက်တော့ ဘယ်ကြီးမလဲနော်”
ယွင်ချဲ့ ပြောပြီးသည်နှင့် ချန်ချန်ကိုချီကာ ဈေးထဲသို့ ဝင်သွားလေသည်။
“အမ် သေလေ … မင်းကမှ ငါ့ထက်ပိုပြီး ဆင်ခြေ အကြောင်းတရားတွေ များနေတာ”
ကျိုးဇယ်ယွီ ဒေါသတကြီး အော်ပြောလေသည်။ တစ်ဖက်တွင် လုဟိုင်ရွှမ်းမှာ မျက်နှာတည်နှင့် တစ်ဖက်သို့ လှည့်လိုက်ပြီး ဟန်ဆောင်ခြင်း မရှိ တောက်ပစွာ ပြုံးလိုက်ပုံမှာ အလွန်နှစ်လိုဖွယ် ချစ်စဖွယ် ကောင်းလှသည်။ ထိုသို့သောအပြုံးကို ကျိုးဇယ်ယွီ မမြင်လိုက်ရသည်မှာ နှမြောစရာပင်။
***