အခန်း (၅၈)
ချန်ချန်ကို အပြင်ထုတ်ကာ သူ၏လက် သေးသေးလေးကို ယွင်ချဲ့ ဆုပ်ကိုင် ထားလိုက်ပြီး ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းလည်း ဘာမှမပြောဘဲ အနောက်မှ လိုက်လာသည်။ အရောင်စုံ ရေးထားသော လုပ်ငန်းဆောင်တာများ ကပ်ထားသည့် သတိပေး စာတန်းက ဌာနဝင်ပေါက်တွင် ကပ်ထားလေသည်။
ခရမ်းရောင်နှင့် ရေးထားသော စာများမှာ စစ်တပ်မှ အမိန့်များဖြစ်ပြီး များသောအားဖြင့် အလွန်ခက်ခဲသော ကိစ္စများ ဖြစ်သည်။ အနီရောင် စာလုံးများမှာ တရားဝင် စာများဖြစ်ပြီး ခက်ခဲသော တာဝန်များ ဖြစ်သည်။ သာမန် ဖုတ်ကောင်များ၏ အမြုတေများကို စုစည်းရသော ရိုးရှင်းသည့် လုပ်ငန်း တာဝန်များလည်း ရှိပြီး တစ်ဉီးတည်း လုပ်ဆောင်ရသော တာဝန်များကို အနက်ရောင်နှင့် ရေးထားပြီး များသောအားဖြင့် လူရှာခြင်းနှင့် ပစ္စည်းရှာရခြင်းများ ဖြစ်သည်။
သို့သော် ထိုတာဝန်များမှာ ထင်ထားသလောက် မလွယ်ကူပေ။ လူအများက ပေးသော ဆုလာဘ်များမှာ ဌာနများနှင့် စစ်တပ်က ပေးခြင်းထက် နည်းပါးသောကြောင့် လူအများစုမှာ စစ်တပ်နှင့် ဌာနများက ပေးသော တာဝန်ကိုသာ ထမ်းဆောင် လိုကြသည်။
သူတို့ ဝင်သွားချိန်တွင် လူအများ၏ အာရုံစိုက် ခံရသော်လည်း ဂရုမစိုက်ဘဲ ကောင်တာရှေ့သို့သာ တည့်တည့် လျှောက်လာခဲ့သည်။
“တာဝန် လာယူတာလား စာရင်း လာသွင်းတာလား”
ဧည့်ကြိုမလေး၏ စရိုက်မှာ အလွန် ဆိုးလှသည်။ စကားပြောသည့်အခါ သူတို့ကို မော့ပင်မကြည့်၊ ကပ်ဘေးသာ မဖြစ်လာလျှင် သူမ ထိုအချိုးကြောင့်ပင် အလုပ်ထုတ်ခံရလောက်သည်။ သို့သော် ယခု အခြေအနေနှင့် အသက်ရှင်ရန်ပင် အနိုင်နိုင် ရုန်းနေရသဖြင့် ဝန်ဆောင်မှု ကောင်းမကောင်း မည်သူက ထည့်ပြောနေတော့မှာလဲ။ ဂုဏ်သိက္ခာက သူတို့ကိုသာ ဗိုက်ပြည့် စေမည်ဆိုလျှင် ဝါးကာမျိုချ လိမ့်မည်ဟုပင် ထင်ရသည်။ ယခု အခြေအနေမျိုးတွင် လူ့အခွင့်အရေးများ၊ ဂုဏ်သိက္ခာများမှာ အရေးကို မကြီးတော့ပေ။
“အဖွဲ့စာရင်းသွင်းမလို့”
ယွင်ချဲ့ အတိတ်ဘဝ ကတည်းက ထိုအရာများကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် အထူးအဆန်း မဟုတ်။ ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်း သည်လည်း အခြေအနေ အမျိုးမျိုး ကြုံခဲ့ဖူးသဖြင့် မည်သို့မှ မခံစားရပေ။
“စာ…”
ဧည့်ကြိုက ငုံ့လျက်ပင် စာရွက်တစ်ရွက် ယူလိုက်ပြီး စားပွဲပေါ်သို့ ဆောင့်အောင့်လျက် ချပေးလိုက်သည်။ သူမရုပ်ကို ကြည့်သည်နှင့် စိတ်မရှည်သူ တစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ သို့သော် ယွင်ချဲ့တို့၏ သန့်ပြန့်သော ရုပ်ရည်သွင်ပြင်နှင့် အဝတ်အစားတို့ကို မြင်ပြီးနောက် သူမမျက်နှာ ချက်ချင်း ပြောင်းသွားပြီး အချိုသာဆုံး ပြုံးပြကာ ….
“အားနာပါတယ်ရှင် စောနက အဖွဲ့ကြောင့် ဒေါသထွက် နေတာနဲ့ … စာရင်းသွင်းမှာမလား အဖွဲ့နာမည်၊ ခေါင်းဆောင်၊ လူအရေအတွက်နဲ့ ဘယ်လို စွမ်းအားတွေ ရှိလဲဆိုတာ ဖြည့်ပေးနော်”
အသက် သုံးဆယ်ကျော် အရွယ် ထိုအမျိုးသမီးက ရှေ့တိုးလာပြီး အချက်အလက်များကို ပြောပြကာ စာရွက်ကို ကမ်းပေးလေသည်။
“ကျေးဇူးပါ”
ယွင်ချဲ့ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ယွင်ချဲ့ ပေါ်တွင် ရှိနေသော ချန်ချန်လည်း ပြုံးကာ …
“ကျေးဇူးတင်ပါတယ် အန်တီ”
“အန် … အန်တီ….”
ချန်ချန် သုံးနှုန်းလိုက်သော အခေါ်အဝေါ်ကြောင့် ထိုဧည့်ကြို အမျိုးသမီး ဒေါသထွက်ကာ ကိုက်စားမတတ် ကြည့်လိုက်ပြီးနောက် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ကို ကြည့်မိလိုက်သဖြင့် မဝံ့မရဲပြုံးကာ …
“ကလေးလေး မှတ်ထားနော် အန်တီလို့ မခေါ်ရဘူး မမလို့ ခေါ်ရမယ်နော်”
“ဟုတ်ကဲ့”
ချန်ချန် မျက်မှောင်ကြုတ်ကာ သဘောမတူချင် သော်လည်း ပါးနပ်စွာခေါင်းညိတ် လိုက်သည်။ ချန်ချန်ကို ချီလျက် ယွင်ချဲ့ ပြန်လှည့် ထွက်လာခဲ့သည်။ ယွင်ချဲ့ ကလေးချီထားသောကြောင့် မိန်းကလေးများ သူ့အပေါ် အာရုံမရှိကြပေ။
“ဟိုလေ လက်လေး ဖယ်ပေးပါလား”
ထိုအမျိုးသမီး၏ လက်မှာ စာရွက်ပေါ်မှ မဖယ်သဖြင့် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်း တို့လည်း စိတ်မရှည်တော့ပေ။
“အို မသိတာရှိရင် မေးနော်”
ထိုအမျိုးသမီးက မျက်လုံးရွဲများဖြင့် ကြည့်နေသောကြောင့် ကျိုးဇယ်ယွီ ခေါင်းမွေးထောင်သွားရသဖြင့် စာရွက်ကိုယူကာ ချက်ချင်းပင် လှည့်ပြန်သွားသည်။ လုဟိုင်ရွှမ်းလည်း ကြာကြာနေ၍ မဖြစ်သောကြောင့် အမြန်သာ လိုက်သွားတော့သည်။
“ဦးဉီး အဲဒီ အန်တီကြီးက ဘာလို့ သူ့ကို မမလို့ ခေါ်ခိုင်းတာလဲ .. တကယ်ဆို အဒေါ်ကြီးလို့ကို ခေါ်ရမှာကို”
“အင်း … ကြည့်ရတာ သူ့ကိုသူ အစ်မအရွယ်ပဲ ရှိသေးတယ် ထင်လို့နေမှာပေါ့။ ချန်ချန်က ဒါတွေ နားလည်ဖို့ ငယ်ပါသေးတယ် .. မိန်းမတွေက သူတို့ မငယ်တော့တာတောင် အခြားသူတွေ သူတို့ကို အန်တီလို့ ခေါ်တာထက် မမလို့ပဲ ခေါ်စေချင်ကြတာ”
“အာ ဒါဆိုသား တခြား သူတွေကိုလည်း မမလို့ပဲ ခေါ်ရမှာပေါ့နော်”
“အဲ့လို မခေါ်ချင်ဘူးလား”
“ဟုတ် မေမေက လူလိမ္မာဆိုတာ မလိမ်ရဘူးတဲ့ .. ချန်ချန်က လူလိမ္မာလေး ဖြစ်ချင်တာ”
“ဒါပဲလေ ချန်ချန် သူတို့ကို ကြိုက်သလို ခေါ်လို့ရတယ် မလုပ်ချင်တာကို အတင်းလုပ်စရာ မလိုဘူး ဟုတ်ပြီလား”
“ဟုတ်ကဲ့”
သူတို့ ထွက်သွားသော်လည်း စကားပြော နေသံကို တစ်ခန်းလုံး ကြားနေရသည်။ အခြားသူများက ရယ်မော နေကြသော်လည်း ကောင်တာမှ အမျိုးသမီးကြီးမှာ ဒေါသထွက်ကာ ကျန်ခဲ့လေသည်။
စာရင်းသွင်းခြင်း လုပ်ငန်းကို တာဝန်ယူ ထားသော အမျိုးသမီး စွန်းအား ထိုသို့ပြောရဲသော ယွင်ချဲ့ကို ရူးသွားပြီဟုသာ တွေးထင် နေကြလေသည်။
သူတို့၏ အဝတ်အစားများကြောင့် မနာလို ဖြစ်ကြသည်က အားလုံး မဟုတ်ပေ။ အခန်းထဲရှိ အချို့စွမ်းအားရှင် အဖွဲ့များမှာ တည်ငြိမ်စွာ ရှိနေသော်လည်း မနာလိုမဖြစ်ဟု ပြောလျှင် လိမ်ညာရာပင် ဖြစ်ပေမည်။ လူအများ အားလုံး အစပိုင်းတွင် သားနားစွာ ဝတ်ဆင် ကြသော်လည်း အခြေအနေ အချိန်အခါကို ကြည့်ရပေဉီးမည်။ အသက်ရှင် နေရခြင်းသည်ကပင် အလွန် ကံကောင်းနေပြီဖြစ်သည်။ မနာလို ဝန်တိုစိတ်က သူတို့၏ ဝေဖန်ပိုင်းခြား နိုင်စွမ်းကို မဖုံးလွှမ်းသွားပေ။ ရက်နှစ်ဆယ် ကြာလာသော ကပ်ဘေး ကာလထဲတွင် သူများကိစ္စ ဝင်ပါလျှင် ကိုယ့်အတွက် အကျိုးမရှိသည့် အကြောင်း သိရှိနားလည်ခဲ့ကြပြီး ဖြစ်သည်။
ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်နေကြပြီး ယွင်ချဲ့မှာ သူ၏ပင်ကိုအတိုင်း သူ့ကိုသာ မနှောင့်ယှက်လျှင် သာမန် အသေးအဖွဲ ကိစ္စများကို သူအာရုံမစိုက်။ အနောက်မှ အကုန် လိုက်ရှင်းပေးမည့်သူ ရှိနေခြင်းကြောင့်ပင်။
ရှင်းဖုန်းမှာ သူ၏ဘဝ တစ်လျှောက် ယွင်ချဲ့၏ လက်တို လက်တောင်း လုပ်ပေးရသူ ဖြစ်တော့မည့် အလားပင်။
***