YMR- အခန်း ၅၇

အခန်း (၅၇)

အနောက်တောင် ဌာနချုပ် စခန်း၏ အဓိကနေရာ ခြောက်ခုမှာ ဧရိယာ A, B, C, D, E, F တို့ ဖြစ်ကြသည်။ ဧရိယာ A တွင် သိပ္ပံသုတေသီများ၊ နည်းပညာရှင်များ၊ စစ်တပ်အရာရှိ အရာခံများနှင့် သူတို့၏ မိသားစုများ နေထိုင်ကြသည်။ ဧရိယာ B တွင် ဗိုလ်များ၊ စစ်သားများနှင့် သူတို့၏ မိသားစုများ နေထိုင်ကြသည်။ ဧရိယာ C တွင် စစ်တပ်က စုဆောင်းထားသော စွမ်းအားရှိ သူများ၊ သူတို့၏ ဆွေမျိုးများနှင့် ဌာနချုပ်ကို ထောက်ပံ့ ပေးနေရသူများ နေထိုင်ကြသည့် အပြင် အရည်အချင်း ရှိသူများသည်လည်း ဧရိယာ C တွင် နေထိုင်ခွင့် ရလေသည်။

ဧရိယာ D တွင် နေထိုင်သူ အများစုမှာ အုပ်စုဖွဲ့ ချုပ်ချယ်ခံရခြင်းကို မနှစ်သက်သော စွမ်းအားရှိသူများ နေထိုင်ကြသည်။ စခန်းသို့ ဝင်လိုက်သည်နှင့် သူတို့လိုအပ်သော ပစ္စည်းများကို အပ်နှံသူမှန်သမျှ ဧရိယာ E တွင် နေထိုင်နိုင်သည်။ ဧရိယာ F မှာ ပြောစရာ မလိုအောင်ပင် အဆင်းရဲဆုံး သူများသာ နေထိုင်ကြသည်။ ထိုနေရာတွင် နေထိုင်သူများမှာ အထောက်အပံ့မရှိ စွမ်းအားလည်း မရှိသောကြောင့် ဌာနချုပ်၏ အထိန်းအကွပ်မဲ့ဆုံး နေရာလည်း ဖြစ်သည်။ ဓားပြတိုက်ခြင်း၊ ရန်ဖြစ်ခြင်းနှင့် အခြား အဆိုးရွားဆုံး ကိစ္စများမှာ ထိုနေရာတွင် နေ့တိုင်းနီးပါးဖြစ်နေသည်။ လူသေမှု မဖြစ်သေးသရွေ့ အရေးမပါသော ကိစ္စများ ဘေးဖယ်ခံရပြီး အားနည်းကာ မည်သည်ကိုမှ မတတ်နိုင်သော သူများက အနိုင်ကျင့် ခံရသည့်အပြင် လှောင်ပြောင်းခြင်းလည်း ခံရပေသည်။

ထိုနေရာများအနက် ဧရိယာ C မှာ အစည်ကားဆုံး နေရာဖြစ်နေပြီး အရောင်းအဝယ် လုပ်ငန်းကို ဖွင့်လှစ်လိုက်ခြင်းက လူများကို ပို၍ စည်ကားစေသည်။ နေ့လယ်ပိုင်းတွင် ချူးဟောင်လင်း၏ နှောင့်ယှက်မှုများကို ယွင်ယောင် တောင့်ခံကာ ငါးချိုချဉ်ဟင်းနဲ့ ငါးအစပ်ကြော်တို့ကို ချက်လိုက်သည်။ ထို့နောက် ထပ်ပေါင်းဟင်း အနေနှင့် ပုစွန်ပေါင်း၊ မာပိုတို့ဖူး၊ ပုစွန်ကြက်ဥကြော်၊ ဝက်သား အစပ်ကြာဇံကြော်၊ ဟင်းရွက်ကြော်၊ သခွားသီးသုပ်၊ ကြက်ဥမုန်ညှင်း စွပ်ပြုတ်တို့ကိုလည်း မြိန်ယှက်ဖွယ် ချက်ပြုတ် လိုက်သည်။

ထိုဟင်းများမှာ လတ်ဆတ်သော အသီးအရွက်များ မစားရသည်မှာ အလွန် ကြာရှည်ခဲ့သူများ အဖို့ အလွန်ပင် စိတ်ကျေနပ် စေခဲ့သည်။ နေ့လယ်စာ စားပြီးနောက် ယွင်ချဲ့၊ ချန်ချန်၊ ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့နှင့်အတူ ဧရိယာ C သို့ သွားကာ ကိုယ်ပိုင်အဖွဲ့လေး ဖွဲ့ရတော့မှာ ဖြစ်သောကြောင့် ကိုယ်စီ လှုပ်ရှားနေကြသည်။

“အဖွဲ့ အရေအတွက်ရော သူတို့ရဲ့ စွမ်းအားတွေကိုပါ မှတ်ရမှာဆိုတော့ လောလောဆယ်တော့ ဟိုင်ရွှမ်းက ရွှေအစွမ်းဖြစ်ပြီး ငါ့အစွမ်းက လျှပ်စီးဖြစ်တယ်လို့ ပြောရမယ် ကျန်တာတွေ ကတော့ အချက်အလက်အရ ဖြည့်ကြတာပေါ့”

ဧရိယာ C မှာ ကျောက်ယန်း အဖွဲ့နှင့် မနီးမဝေးတွင် ရှိနေသဖြင့် ထွက်မလာခင်တွင် ရှင်းဖုန်း ထံက ယွင်ချဲ့ ကားငှား လာခဲ့သည်။

“အရင်တစ်ခေါက်က ငါတို့ညံ့လို့ လှည့်စား ခံလိုက်ရတာ နောက်တစ်ခေါက်တော့ မရတော့ဘူး ငါဘာလုပ်ရမလဲဆိုတာ သိသွားပြီ … ဒါနဲ့ ငါတို့အဖွဲ့နာမည်ကို ဘာပေးရမလဲ ဒီရက်ပိုင်း ဖုတ်ကောင်တွေကို လိုက်သတ်တော့ အဖွဲ့ တော်တော်များများနဲ့ တွေ့ခဲ့တာ .. နာမည်အစုံ ကြားလာရတယ်။ ငါ့ကို တော်တော်လေး အထင်ကြီးစေခဲ့တဲ့ အဖွဲ့ကတော့ ‘Moo-Cow’ အဖွဲ့ပဲ အဲဒီအဖွဲ့ နာမည်ကြားတော့ ငါဘာပြောရမလဲတောင် မသိဘူး။ ဘယ်သူကများ သူ့အဖွဲ့နာမည်ကို နွားတစ်ကောင် နာမည်ပေးရတာလဲ”

ကျိုးဇယ်ယွီ ကားမောင်းလျက် ပြောနေပုံမှာ သူမည်မျှ စိတ်လှုပ်ရှား နေကြောင်း ခန့်မှန်းရ မခက်သည့်အပြင် တစ်နေ့ သူတို့အဖွဲ့ ကျောက်ယန်း အဖွဲ့၏ စံနှုန်းကို မီနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်နေခြင်းလည်း ဖြစ်နိုင်သည်။

“ငါ့အတွက်တော့ မထူးဆန်းပါဘူး ငါဆိုရင် ‘အရှုံးသမားများ’ ဆိုတဲ့ အဖွဲ့နာမည်တောင် ကြားဖူးတယ်။ ဒါပေမယ့် နာမည်ကတော့ သူတို့ရဲ့ တိုက်ခိုက် စွမ်းရည်နဲ့ တခြားစီပဲ … သူတို့ ခေါင်းဆောင်က အရပ်ရှည်ရှည်နဲ့ အကြင်နာ ကင်းတယ်။ သူ့ရဲ့မီးစွမ်းအားက ယဲ့ဟန် နဲ့တောင် ယှဉ်လို့ရပြီး လူစွမ်းကောင်းလို့တောင် ပြောလို့ရတယ်”

အရှေ့ခုံတွင် ထိုင်နေသော လုဟိုင်ရွှမ်း ဝင်ပြောလေရာ သူ၏အသံ အနေအထားကို နားထောင်ရုံနှင့် ထိုအဖွဲ့ကို အထင်ကြီး နေသည်မှာ အသိသာပင်။ အနောက်ခုံတွင် ချန်ချန်ကို ဖက်လျက် ထိုင်နေသော ယွင်ချဲ့ ပြုံးကြည့်ကာ …

“နာမည်က အရေးမကြီးပါဘူး မင်းတို့ ကြိုက်တာပေး … အထူးဆန်းကြီးသာ မပေးနဲ့ ငါမလိုချင်ဆုံး နာမည်ကတော့ ‘heart attack’ ပဲ”

လုဟိုင်ရွှမ်းကို ယွင်ချဲ့ ယုံသည်။ သူမယုံသည်က ကျိုးဇယ်ယွီပင်။ ထိုကောင်လေးမှာ အလွန် စိတ်လှုပ်ရှား လာလျှင် ပေါက်ကရ လုပ်လွန်းသည်။

“ငါ့ကိုသာယုံစမ်းပါ ငါတို့အဖွဲ့ နာမည်က အမိုက်ဆုံး ဖြစ်စေရမယ်”

“အာ…”

ထိုအချက်ကို သူတို့ စိတ်အပူဆုံးပင်။

ယွင်ချဲ့ သာမက လုဟိုင်ရွှမ်း အပါအဝင် သူတို့စိတ်ထဲတွင် ကျိုးဇယ်ယွီကို ပို၍ စိတ်မချရ သကဲ့သို့ ခံစားလာရသည်။

“အင်း အရမ်းကြီးတော့ မဆန်းနဲ့ပေါ့”

ယွင်ချဲ့လည်း ပြန်မပြောနိုင်တော့ဘဲ တိတ်တိတ်သာ နေလိုက်တော့သည်။ တမူထူး အရူးဖြစ်ဆိုသော စကားလည်း ရှိသေးသည် မဟုတ်လား။

“ပြဿနာမရှိဘူး ငါ့ကိုသာ ယုံထားလိုက်”

ကျိုးဇယ်ယွီ လက်တစ်ဖက်နှင့် သူ၏ရင်ဘတ်ကို ပုတ်လျက် ပြောသဖြင့် ယွင်ချဲ့ နှလုံးခုန်သံပင် မမှန်တော့။ ယွင်ချဲ့ ပုံမှန် အသက်ရှူနေပြီး အရှေ့တွင်ရှိသော လုဟိုင်ရွှမ်း ကျောကို ပုတ်လိုက်ကာ –

“ဟိုင်ရွှမ်း မင်းထပ်ကြိုးစားဖို့ လိုသေးတယ် ထင်တယ်”

မင်းငါတို့နဲ့အတူ စွမ်းအားရှင် အဖွဲ့အစည်းဆီ သွားမလား”

လုဟိုင်ရွှမ်း ငိုချင်လာသော်လည်း မျက်ရည် မကျပေ။ ကျိုးဇယ်ယွီ စိတ်လွတ် သွားလျှင် မတားနိုင်တော့မည်ကို သိသဖြင့် စိတ်ထိန်း လိုက်ရသည်။

“ကောင်းပြီလေ သွားရင်း လမ်းကြုံ ဝင်လည်ကြတာပေါ့”

လတ်တလောတွင် သူတို့နှင့်အတူ သွားရန် ယွင်ချဲ့ ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ထူးဆန်းသော နာမည်များနှင့် သူအပြင် မထွက်လိုပေ။ အမှန်ပြောရလျှင် ကျိုးဇယ်ယွီ ဝေဖန်နေသော ‘Moo-Cow’ ဆိုသော အဖွဲ့နာမည်မှာ အနည်းဆုံးတော့ မှတ်ရလွယ်သဖြင့် တော်သေးသည်။

“ငါအသုံးမကျဘူးလို့ မင်းတွေးနေတာမလား”

တစ်ခုခု မှားနေကြောင်း ခံစားမိသဖြင့် လုဟိုင်ရွှမ်းကို ကျိုးဇယ်ယွီ လှည့်ကြည့် လိုက်သဖြင့် လုဟိုင်ရွှမ်း စိတ်ထဲတွင် အလွန် တော်ကြောင်း မသိမသာ မြှောက်ပင့်ကာ လက်မထောင်ပြ လိုက်ပြီး အနောက်ခုံတွင် ထိုင်နေသော ယွင်ချဲ့လည်း မျက်လုံးပင့်ကာ ကြည့်လိုက်သည်။

“ဂုဏ်ယူပါတယ် နောက်ဆုံးတော့ မင်းဉာဏ်တွေ ပြန်ရပြီပဲ”

“ဟေ့ ငါ့ကိုမလှောင်နဲ့ ငါ ….”

“ဧရိယာ C ကိုရောက်ပြီ”

အထင်သေး ခံရသကဲ့သို့ ခံစားမိသဖြင့် ကျိုးဇယ်ယွီ သည်းမခံနိုင်သော်လည်း ယွင်ချဲ့က ခွန်းတုံ့ပြန်ရန်ပင် အခွင့်မပေးပေ။ ကားပြတင်း မှတစ်ဆင့် အပြင်ဘက်ရှိ ကျောက်တုံးကြီးကို ယွင်ချဲ့ ကြည့်လိုက်ရာ ကျောက်တုံးပေါ်တွင် အနီရောင် စာလုံးဖြင့် ရေးထားသည့် ဧရိယာ C ဆိုသော စာလုံးက ထင်းနေသည်။ စည်းကမ်းချက် အနေနှင့် စံအိမ်ဝင်းမှလွဲ၍ အခြားသော နေရာများသို့ လွတ်လပ်စွာ သွားလာနိုင်ဖြင့် သူတို့၏ ကားအနက်မှာလည်း အတားအဆီးမရှိ ဝင်ရောက်နိုင်သည်။

ထိုအချိန် ထိုနေရာတွင် တစ်ဉီးတစ်ယောက်မှ မရှိသော်လည်း အစည်ကားဆုံး နေရာဖြစ်သောကြောင့် ကားလမ်းမှာ ပိတ်မြဲပိတ်နေပြီး ကားသွားနှုန်းမှာလည်း အလွန် နှေးကွေးလှသည်။

“ဦးဉီး ဒီမှာကြည့်ဉီး … လူတွေ အများကြီးပဲ”

ချန်ချန်မှာ အပြင်ဘက်မှ စည်ကားလှသော မြင်ကွင်းကြောင့် အံ့သြနေပြီး ဖောင်းပြည့်နေသော လက်တုတ်တုတ်လေး များက ကားမှန်ပြတင်း ပေါ်တင်ကာ ပါးအပ်လျက် လိုက်ကြည့်နေသည်။ ထိုကဲ့သို့ လူအများအပြားကို မတွေ့ဖူးသောကြောင့် စိတ်လှုပ်ရှားနေကြောင်း သိသဖြင့် ယွင်ချဲ့လည်း သူ့ကို မတားတော့ဘဲ သူ့ခေါင်းသေးသေးလေးကို ပွတ်ကာ အပြင်ကို ကြည့်လိုက်သည်။

“ချန်ချန်က လူတွေများတဲ့ နေရာကို ကြိုက်တယ်ပေါ့”

အရွယ်နဲ့မလိုက်အောင် ခံစားခဲ့ရသော ကလေးငယ်ကို အရင်ဘဝတွင် မစောင့်ရှောက်ပေးခဲ့ရသဖြင့် ထိုကလေးကို ယခုဘဝတွင် ပြန်ပေးဆပ် ရမည်ဟု အမြဲတွေးနေခဲ့သည်။

“ကြိုက်တာပေါ့”

ချန်ချန် မျက်လုံးများ ပိတ်သည်အထိ နှစ်ခြိုက်စွာပြုံးကာ ခေါင်းညိတ် ပြလေသည်။

“ဦးဉီးအားရင် အပြင်ခေါ်သွား ပေးမယ်နော်”

ချန်ချန် ပိုပျော်နေလေ ယွင်ချဲ့ ပို၍ စိတ်မသက်သာ ဖြစ်နေသည်။ စကားမဆုံးခင်တွင်ပင် စွမ်းအားရှင် ဌာနကို ရောက်ပြီ ဖြစ်သောကြောင့် ကားရပ်သွားသည်။ ကြေးနန်းရုံး နှင့်တူသော အဆောက်အအုံ၏ အရှေ့ဘက် မျက်နှာစာကို ယွင်ချဲ့ ကြည့်ကာ ချန်ချန် အတွက် ကားတံခါးဖွင့် ပေးလိုက်သည်။ ကျိုးဇယ်ယွီလည်း တစ်ဖက်ရှိ နေရာလွတ်တွင် ကားကို ရပ်လိုက်သည်။ သူတို့ရောက်လာခြင်းမှာ လူတွေရဲ့အာရုံကို ဖမ်းစားလိုက်လေသည်။ သူတို့၏ရုပ်ရည်ကြောင့် မဟုတ်ဘဲ အဝတ်အစားများမှာ သူများတွေနဲ့မတူ၊ သစ်လွင် တောက်ပနေသည်။ အဓိက အချက်မှာ သူတို့နှင့်အတူ ကလေးတစ်ယောက် ပါလာခြင်းကြောင့်ပင်။ ယခုကဲ့သို့ ကပ်ဘေး ဆိုက်နေစဉ်တွင် ကလေး တစ်ယောက် အသက်ရှင်နိုင်ရန်မှာ မလွယ်ကူပေ။

သူတို့ကို ကြည့်နေသော အကြည့်များတွင် မနာလိုမှု၊ သဝန်တိုမှု၊ အမုန်းများနှင့် အခြားအရာများလည်း ရောထွေးနေသည်။ လူများ၏ အာရုံစိုက်မှုကို တစ်ခါမှ မကြုံခဲ့ရသော ချန်ချန် မနေတတ် မထိုင်တတ် ဖြစ်နေသဖြင့် ယွင်ချဲ့၏ခြေသလုံးကို ဖက်ကာ ယွင်ချဲ့ အနောက်တွင် ပုန်းနေလိုက်သည်။

“သွားကြမယ်”
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset