YMR- အခန်း ၅၅

အခန်း (၅၅)

ရှင်းဖုန်းသည် ယွင်ချဲ့၏ လက်တိုလက်တောင်း ကောင်လေး ဖြစ်နေသည် ဆိုသော ကူးမင်ရွှမ်း၏ စကားမှာ မှန်ကန်ပေသည်။ ယွင်ချဲ့ ခေါ်လိုက်သည်နှင့် မိုင်ပေါင်း မည်မျှပင် ဝေးကွာနေပါစေ ချက်ချင်း ရောက်လာတတ်သည်။ မည်မျှပင် ခက်ခဲထိခိုက် ဆုံးရှုံးနိုင်သော်လည်း ယွင်ချဲ့ကို ကူညီပေးရန် ရှင်းဖုန်း အသင့် ရှိနေတတ်သည်။ ရှင်းဖုန်းသည် မိမိ၏ ကိုယ်ပိုင် ကိစ္စရပ်များကို ဂရုစိုက် ဦးစားပေးလေ့ မရှိပေ။

ထို့ကြောင့် ရှင်းဖုန်း သေချာပေါက် ကူညီပေးလိမ့်မည်ဟု သူတို့မျှော်မှန်း ထားသည်က မှားယွင်းချက် မရှိနိုင်ပေ။

“မင်းအဲဒီနယ်မြို့ကို သွားမှာလား”

ဖုန်းချလိုက်ပြီးနောက် ကူးမင်ရွှမ်း မကျေနပ်ဟန်ဖြင့် အတွန့်တက် ပြောဆိုရန် မဖြစ်နိုင်‌တော့သောကြောင့် အခြားအကြောင်းရာ တစ်ခုကို မေးမြန်းလိုက်သည်။ မတ်တပ် ရပ်နေစဉ်ပင် သူ၏ဆရာမှာ ယွင်ချဲ့၏ တောက်တိုမယ်ရ ကောင်လေးကဲ့သို့ ဖြစ်နေသဖြင့် သူသာ မကျေနပ်စွာ အပြစ်တင် လိုက်မိလျှင် ကိုယ်တိုင်သာ အရှက်ရမိလိမ့်မည်။

“ဟုတ်တယ် ကျွန်တော်တို့ တစ်ရက်နှစ်ရက် အတွင်း ထွက်မယ် … အိမ်က အခုထိ ပရိဘောဂ တချို့ လိုနေသေးတယ် ပြီးတော့ မြေအောက်မှာ မြှုပ်ဖို့ သံမဏိတွေလည်း လိုနေသေးတယ် … ကျွန်တော် မနေ့ညက အဲဒါကို ယဲ့ဟန်နဲ့ ဆွေးနွေးခဲ့သေးတယ်။ ကျွန်တော်တို့ ဒေသမှာ သံမဏိစက်ရုံ အကြီးကြီး နှစ်ရုံရှိပြီး တစ်ခုက ဝေ့မြို့မှာ အဲဒီရုံက မြို့တော်နဲ့ သိပ်မဝေးဘူး … ဝမ်အန်း ခရိုင်မှာ ပရိဘောဂ ဈေးကြီး တစ်ခုရှိနေတော့ ပရိဘောဂတွေ ဝယ်ရတာ သိပ်မခက်ခဲလောက်ဘူး။ ဒါပေမယ့် ယာဖေးတို့ အိမ်က မြို့တော်ထဲမှာ ဆိုတော့ ထပ်သွားဖို့တော့ မဖြစ်နိုင်ဘူး။ အဲဒီကနေ တချို့ပဲ ရနိုင်လောက်တယ်”

နယ်မြို့အတွင်းရှိ ဈေးကြီးများ အကြောင်းနှင့် သူတို့ တည်ရှိရာ နေရာများကို မနေ့ညက စုံစမ်းစစ်ဆေးခဲ့သည့် အကြောင်းကို ယွင်ချဲ့ ထည့်မပြောခဲ့ပေ။ ဟေးယွီမှာ သူ့ကို မကြာခဏနှောင့်ယှက် နေသော်လည်း ဟေးယွီ အကြိုက် ချော့ကလက် ချောင်းများကို ယွင်ချဲ့ တစ်ခါမှမမေ့လျော့ခဲ့။ ဟေးယွီ ပြန်လည် ကောင်းမွန် လာချိန်မှစ၍ သူတို့ကို စားပစ်မည် စိုးသောကြောင့် ချော့ကလက် တစ်နေ့ ငါးချောင်း စားသုံးခြင်းကို မတားဆီးခဲ့ပေ။

“ငါတို့ သံမဏိတွေလည်း လိုသေးတယ် … ငါတို့ အဖွဲ့ခွဲလုပ်ရင် ဘယ်လိုလဲ”

တစ်စုံတစ်ယောက် ကောင်းမှုကြောင့် သူတို့၏ ဆရာမှာ မြေကြီး အတွင်းတွင် သံမဏိပြားများကို မြှုပ်နှံလိုသောကြောင့် သတ္တုပြား အမြောက်အမြား လိုအပ်နေသည်။ ကူးမင်ရွှမ်း သည်လည်း ဝေ့မြို့တွင်ရှိသော သံနှင့် သံမဏိစက်ရုံသို့ လူများ စေလွှတ်မည့် ကိစ္စကို လက်ခံလိုက်ပြီး ယွင်ချဲ့၏ တိုက်ခိုက်မှု စွမ်းရည်ကို မေးမြန်းခြင်း မပြုတော့ပေ။ ကူးမင်ရွှမ်း မိမိမျက်လုံးများဖြင့် ကိုယ်တိုင် အတည်ပြုနိုင်ခဲ့ခြင်း မဟုတ်သော်လည်း သူ၏အထက်ဆရာ ကိုယ်တိုင် အတည်ပြုထားပြီး သောကြောင့် ခြွင်းချက်မရှိ လက်ခံလိုက်သည်။ အဖွဲ့များဖွဲ့၍ စီစဉ်ညွှန်ကြားခြင်းမှာ သူ့အတွက် အကျိုးရှိလေသည်။

“ကောင်းပြီ …. ဒါပေမယ့် လူအများကြီးတော့ မရှိနိုင်ဘူး … မြို့ပြဒေသက အခြေအနေတွေကို လူတိုင်းလည်း သိနေတာဆိုတော့ ဒီအချိန်မှာ ငါတို့ အနည်းဆုံး မြို့နှစ်မြို့ကိုပဲ သွားသင့်တယ် … ဒါဆို ငါတို့ ကားတစ်စီးတည်းနဲ့ သွားလို့ရတယ်။ လမ်းအခြေအနေ ကောင်းတဲ့အထိ ဖုတ်ကောင်တွေကို အန္တရာယ်ကင်းကင်း ဖြတ်သွားလို့လည်း ရနိုင်တယ်”

အရေးကြီး ကိစ္စရပ်များဖြစ်ပေါ်လာချိန်တွင် ယွင်ချဲ့ လေးနက် တည်ကြည်လာသည်။ ယွင်ချဲ့မှာ စွမ်းအားနှစ်မျိုး ပိုင်ဆိုင်ထားပြီး အတိတ်ဘဝတွင် ရရှိခဲ့သော လျှပ်စီးစွမ်းအားမှာ များစွာ ကြုံတွေ့ခဲ့ ရပြီးနောက် တိုးတက် လာခဲ့သည်။ သို့သော် လေစွမ်းအားမှာ သူနှင့် အသားမကျ သေးသဖြင့် တိုးတက်ရန် လိုအပ်နေသေးသည်။

ထို့ကြောင့် များစွာသော စွမ်းအားကို ပိုင်ဆိုင်ထားသော စွမ်းအားရှင်များသည် စွမ်းရည် တိုးတက်ရန်အတွက် တစ်ချိန်တည်းတွင် အမျိုးမျိုးသော စံနှုန်းများကို တွေ့ကြုံရန် လိုအပ်သည်။ ထို့ကြောင့် လေစွမ်းအားကိုသာ အသုံးပြုနိုင်ရန် ယွင်ချဲ့ ကြိုးစားနေပြီး နယ်မြို့နှင့် ဝေ့မြို့ကို သွားရသည်မှာ သူ့အတွက် စွမ်းအားများကို‌ လေ့ကျင့်ရန် အခွင့်အရေးကောင်း တစ်ခုပင်။

“ဘယ်နှယောက် သွားမှာလဲ မင်းနဲ့အခြားသူ နည်းနည်းပဲလား အားလုံးလား”

ထိုကိစ္စများမှာ ကူးမင်ရွှမ်း စီစဉ်လေ့ရှိပြီး ယေဘုယျအားဖြင့် ရှင်းဖုန်း ဝင်ရောက် စွက်ဖက်လေ့ မရှိပေ။ ယွင်ချဲ့ လေစွမ်းအားအကြောင်း ကြားဖူးသဖြင့် မြို့တော်သို့ သွားမည့် လူအရေအတွက်နှင့် ပတ်သက်၍ ယွင်ချဲ့၏ လိုအပ်ချက် အပေါ်တွင် ဆန့်ကျင်လိုခြင်း မရှိပေ။

“ကျွန်တော့်အစ်မက ချန်ချန်ကို စောင့်ရှောက်ဖို့လိုတော့ သူနေခဲ့မှရမယ် .. ဒီတော့ ကျွန်တော်ရယ် ယဲ့ဟန်၊ ဇယ်ယွီ၊ ဟိုင်ရွှမ်းနဲ့ ယာဖေးတို့ပဲ သွားကြမယ်”

ဟိုင်ရွှမ်း မှလွဲ၍ အခြားသူများမှာ စွမ်းအားအဆင့် ၂ ရှိသူများဖြစ်သည်။

“ငါလည်းမင်းနဲ့လိုက်မယ်”

တိတ်ဆိတ်နေခဲ့သော ရှင်းဖုန်း ရုတ်တရက် ထပြောလိုက်သည်။ အခုတစ်ကြိမ်တွင် ပစ္စည်းများစွာကို ပြန်ယူလာရန် လိုအပ်သဖြင့် နယ်မြေစွမ်းအား ပိုင်ဆိုင်သော စွမ်းအားရှင်များ အတူ လိုက်ပါလာရန် လိုအပ်သည်။ သူ၏စွမ်းရည်မှာ ကျောက်ယန်း အဖွဲ့မှ စွမ်းအားရှင်များ အနက် စွမ်းအား အကြီးဆုံးသော သူတစ်ယောက်လည်း ဖြစ်သည်။ သူ၏တိုက်ရည် ခိုက်ရည်မှာလည်း အလွန် ကောင်းမွန်သဖြင့် သူ့ကို ကာကွယ်ပေးမည့် အစီအစဉ် မလိုအပ်ပေ။

“ခင်ဗျားမှာ ဖြေရှင်း ဆောင်ရွက်စရာတွေ ရှိဦးမယ်လို့ ကျွန်တော် ထင်နေတာ”

ယွင်ချဲ့ မျက်မှောင်ကြုတ် လိုက်သည်။ ဟိုင်ရွှမ်းကို ပြန်လည် ကယ်ယူပြီးသည့် နေ့မှစ၍ အစွန်းရောက် သိပ္ပံပညာရှင်များကို ပြန်လည် တုံ့ပြန်ရန် ကြိုးစားခဲ့သော်လည်း ရှင်းဖုန်းက ထိုကိစ္စကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းမည်ဟု ပြောခဲ့သဖြင့် ရှင်းဖုန်းမှာ ကျေးဇူးကြွေး ရှိနေသူဖြစ်သောကြောင့် ယွင်ချဲ့ လက်ရှောင် ပေးခဲ့သည်။

“ဒီမှာ မင်ရွှမ်း ရှိနေဉီးမှာပဲလေ … ဘာလုပ်ရမလဲဆိုတာ သူသိပါတယ်”

အမှန်မှာ တက္ကသိုလ်တွင်း ဖြစ်ခဲ့သော ပြဿနာများကို ဖြေရှင်းရန် အတွက် မော့ဝမ်းယန်နှင့် ရှင်းဖုန်း ဆွေးနွေးပြီး ဖြစ်သောကြောင့် အခုချိန်သည်သာ အရေးကြီးသော အချိန်ပင်။

“ခင်ဗျား အဆင်ပြေတယ် ဆိုရင် ကျွန်တော်က ကိစ္စမရှိပါဘူး … ကျွန်တော့်ကားရော ဘယ်မှာလဲ”

ရှင်းဖုန်းကို ခဏကြာ စိုက်ကြည့် နေပြီးနောက် ရှင်းဖုန်းနှင့် ကူးမင်ရွှမ်း၏ စွမ်းဆောင်ရည်ကို ယုံကြည်ရန် ယွင်ချဲ့ ဆုံးဖြတ်လိုက်သည်။ ရှင်းဖုန်းလည်း ပြုံးလိုက်ပြီး …

“ကားက တော်တော်ဟောင်းပြီး စုတ်ပြတ်နေပြီ … မင်းဘာလို့ အဲဒီကားကို တွယ်တာနေတာလဲ”

“ခင်ဗျား ဘာသိလို့ … ကားပေါ်မှာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်”

ကပ်ဘေးကြီး မတိုင်ခင်က သူ၏နယ်မြေတွင် လုံလောက်သော နေရာမရှိခဲ့သဖြင့် ယွင်ချဲ့ ပြောဆိုရန် ရှက်ရွံ့နေခဲ့သည်။ စဉ်းစားသုံးသပ် ကြည့်လျှင် ကပ်ဘေး ဖြစ်ပြီးနောက် လမ်းမပေါ်တွင် ကားများစွာ ရှိနေခဲ့ပြီး ဟွိုင်မြို့သို့ သွားသည့် လမ်းတွင် ပျက်နေခဲ့သော ကားတစ်စီးကို သူယူလာခဲ့ပြီး အိမ်စီးကားကြီးကို နောက်ပိုင်းမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏နယ်မြေထဲတွင် ကားတစ်စီးမှ မရှိတော့ဘဲ လျှပ်စစ်မောင်းနှင်ယာဉ် အနည်းငယ်သာရှိတော့သည်။

“အင်းပါ … ကားက ရှိနေသေးတယ် … မင်းအတွက် အားလုံး ထောက်ပံ့ပေးမယ် ဒီကားကို ခဏမေ့ထားလိုက် ငါတို့ တစ်စီး ပေးလိုက်မယ်”

ဖြစ်ပျက်နေသော အကြောင်းရာများကို ရှင်းဖုန်း နားလည်သော်လည်း ဝင်ရောက် ပြောဆိုခြင်း မရှိပေ။ Yun Che သည် မျက်လုံးကို ဝေ့ကြည့်ကာ ဟန်ဆောင်ပြုံးလိုက်ပြီး ….

“ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်”

ယခုတစ်ကြိမ်တွင် သူ၏နယ်မြေထဲတွင် ထားရှိနိုင်မည့် အသုံးဝင်သော ကားအချို့ကို ရှာဖွေရန် လိုအပ်သည်။

“ဒါနဲ့ စွမ်းအားရှင် အဖွဲ့အစည်းမှာ မင်းစာရင်း သွင်းပြီးပြီလား”

အချစ်ငှက် နှစ်ကောင်ကြား ပြဿနာ မီးရှို့ပေးသကဲ့သို့ ဖြစ်မည် စိုးသောကြောင့် သူတို့နှင့်အတူ မည်သူတို့ လိုက်ပါ သွားသင့်သည်ကို စဉ်းစားကာ ကူးမင်ရွှမ်း စကားလမ်းကြောင်း လွှဲလိုက်သည်။ အကယ်၍ သူတို့၏ဆရာက အတူလိုက်ပါချင်သည် ဆိုလျှင် ပါဝင်မည့် သူများနှင့် ပတ်သက်၍ စီစဉ်ညှိနှိုင်းရန် လိုအပ်ပေသည်။ ပစ္စည်းကိရိယာများက အရေးကြီးသည် ဆိုသော်လည်း သူတို့၏ ခေါင်းဆောင်၏ လုံခြုံရေးသည်သာ သူတို့အားလုံး အတွက် ပထမဦးစားပေး ဖြစ်သည်။

“အခုထိတော့ မလုပ်ရသေးပါဘူး … နေ့လယ်မှ ဇယ်ယွီကို ဈေးသွားခိုင်းမလို့ နယ်မြေ C မှာ ကုန်သွယ်ဈေး တစ်ခုရှိတယ်လို့ ကြားတယ် … ချန်ချန်ကို ခေါ်သွားချင်လို့”

ယွင်ချဲ့သည် အဖွဲ့၏နာမည်နှင့် အခြားမသက်ဆိုင်သော အရာများကို ဂရုမစိုက်ပေ။ ခွန်အားသည်သာ အရေးအကြီးဆုံးသော အရာဖြစ်ပြီး လမ်းတစ်လျှောက်တွင် သူတို့ မရပ်မနား တိုက်ခိုက်ခဲ့ကြရသည်။ စခန်းဌာနချုပ်သို့ ရောက်ပြီးနောက် မနှစ်မြို့ဖွယ်သော အကြောင်းအရာများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ အိမ်ကို ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများဖြင့်သာ အချိန်ကုန်လျက် ရှိပြီး ချန်ချန် အတွက် အဖော်မပြု ပေးနိုင်ခဲ့ပေ။ ယခုအချိန်တွင် ပြဿနာများကို ဖြေရှင်းပြီး ဖြစ်သောကြောင့် ချန်ချန်ကို အလည်ခေါ်သွားရန် လိုအပ်သည်။

“ဟား …ဟား … ဒါဆိုရင် မင်းအစားအသောက် များများ ယူသွားမှရမယ် … ကုန်ပစ္စည်း လဲလှယ်ရေးက ကုန်ပစ္စည်းချင်း ဖလှယ်တာကိုပဲ လက်ခံတယ် နယ်မြေစွမ်းအား ပိုင်ရှင်တွေက အခုထိ ရှားပါးနေသေးတော့ အပြင်ကြာကြာ မထွက်တာ ပိုကောင်းမယ်”

ချန်ချန်ကို စဉ်းစားမိသဖြင့် ကူးမင်ရွှမ်း သဘောကျစွာ ရယ်မော လိုက်သည်။ ကလေးများ နှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားပေးရန် အချိန်မရ သော်လည်း ချန်ချန်မှာ စဉ်းစားချင့်ချိန် တတ်ပြီး ဂရုစိုက် ကြင်နာတတ်သော ချစ်စဖွယ် ကလေး တစ်ယောက်ဖြစ်သည်။ သူ၏သားအရင်း အတွက် နောင်တရ နေသော်လည်း ချန်ချန်ကို အလွန် ချစ်ခင်ရှာသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset