YMR- အခန်း ၅၃

အခန်း (၅၃)
“ပစ္စည်းကိရိယာတွေရှာမတွေ့ဘူး”

ရိုးရှင်းသော ဖြေရှင်းချက် တစ်ခုက မည်သူမျှ မယုံကြည်သော အစိုးရ ခေါင်းဆောင်များနှင့် စစ်တပ်မှ လူများကို ထွက်သွား စေလိုက်သည်။ စခန်းဌာနချုပ်သို့ ဝင်လာခဲ့သည့် အချိန်တွင် ယခုတစ်ကြိမ် စုဆောင်းရရှိသော ပစ္စည်းများသည် အရေးကြီးသည်ဟု သူတို့ ပြောခဲ့ကြသဖြင့် ထိုအခြေအနေကို အခြားသော အဖွဲ့များ လက်မခံနိုင်ကြပေ။ မည်သို့ပင် ဆိုစေကာမူ ရှင်းဖုန်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တုံ့ပြန်ခဲ့သဖြင့် နောက်ဆုံးတွင် ထိုသုံးယောက်မှာ လက်ဗလာနှင့် ပြန်သွားခဲ့ရသည်။ ရှင်းဖုန်း ထံမှ ကိရိယာများကို လွှဲပြောင်းရယူနိုင်ရန် မော့ မိသားစု၏ စစ်တပ်ကို ကြားဝင် ညှိနှိုင်းပေးရေး အတွက် အကူအညီ တောင်းခံရန် ပြင်ဆင်ကြလေသည်။

ဒေါက် … ဒေါက်

အိမ်ကြီးမှာ အဆင်သင့် မဖြစ်သေးသဖြင့် ယွင်ချဲ့မှာ ရှင်းဖုန်း အိမ်တွင် ခေတ္တငှားနေလေသည်။ အခန်း အနည်းငယ်သာ ရှိသောကြောင့် ယောကျ်ားလေးများ တစ်ခန်းတည်းတွင် နေကြရပြီး ယွင်ယောင် နှင့် ကျန့်ယာဖေး မှာ ကလေးငယ်နှင့်အတူ တစ်ခန်းနေရသည်။ ယွင်ချဲ့မှာ အမျိုးသမီး နှစ်ယောက်ရှိသည့် အိမ်ကို ရှာဖွေကာ အလုပ်ရှုပ်နေပြီး လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီ နှင့် ရွှေမှော်အစွမ်းရှိသော လုဟိုင်ရွှမ်းတို့မှာ နေ့စဉ် အပြင်ထွက်ကာ ဖုတ်ကောင်များကို သတ်ဖြတ်ရှင်းလင်းလေ့ရှိပြီး အမြုတေများကို စုဆောင်းလျက် သူတို့၏အစွမ်းကို အဆင့်မြင့်တင်ရန် ကြိုးစားကြလေသည်။ အရေးပေါ် ကိစ္စရပ်ကြီး ကြုံတွေ့ရပြီးနောက်တွင် သူတို့၏စွမ်းရည်မှာ အားနည်းနေသေးကြောင်း သိရှိသွားကာ တိုးတက် ကောင်းမွန်လာရန် ပို၍ကြိုးစားကြရမည် ဖြစ်ကြောင်း သိလာကြသည်။

ယွင်ချဲ့လည်း သူတို့၏ စွမ်းရည်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ မကြာခဏ တွေးဆလေ့ ရှိသည်။ လုဟိုင်ရွှမ်းကို ကယ်ဆယ်ပြီး နောက်တွင် ဟေးယွီ၏ အခြေအနေကို စစ်ဆေးရန်အတွက် လေဟာနယ်သို့ ချက်ချင်း ပြန်လာခဲ့သော်လည်း နေရာအနှံ့ ရှာဖွေပြီးသည့်တိုင် ဟေးယွီကို ရှာမတွေ့ခဲ့ပေ။ ဟေးယွီ၏ အသက်ရှူသံကို ခံစားမိနေသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် သူ၏ညီငယ်ကို ဖြီးလိမ်း သန့်စင် ပေးလိုက်ပြီး အမြုတေ အချို့ကိုပေးကာ အတူတကွ ထိုင်နေလျက် သူတို့၏ စွမ်းအား ကောင်းမွန်စေရန် မည်သို့ လုပ်ရမည်ကို စဉ်းစားသုံးသပ် နေလေသည်။

အတိတ်ဘဝမှ သူတွေ့ကြုံခဲ့ ရသမျှနှင့် နားလည် သဘောပေါက်မှုများ အရဆိုလျှင် စိတ်စွမ်းရည် နိယာမ သဘောတရားများသည် သူတို့၏စွမ်းအား တိုးတက်မှု အပေါ်တွင် ဖုတ်ကောင်များ၏ အမြုတေကို စုပ်ယူခြင်းနှင့် တိုက်ခိုက် စွမ်းရည်များကို စုပ်ယူခြင်းဟူသော နည်းလမ်း နှစ်မျိုးဖြင့် တိုက်ရိုက် သက်ရောက် နိုင်သည်။

ထိုနှစ်ချက်မှာ အခြေခံ အကျဆုံးဖြစ်ပြီး‌ သွေဖယ်ထား၍ မရသော အရာများဖြစ်သည်။ နောက်ပိုင်းတွင် သူတို့ စုဆောင်း ရရှိလာသော အမြုတေများ အနက်မှ သူတို့၏စွမ်းရည် အရောင်အဆင့်နှင့် ကိုက်ညီသော အမြုတေများကို သိမ်းဆည်းထားပြီး ကျန်သော အမြုတေများကို ယွင်ချန်အား အစာအဖြစ် ကျွေးရမည်။ လုပ်ငန်းစဉ်တွင် ထည့်သွင်း ထားသင့်သော အခြားတိုးတက်ရေး နည်းလမ်းများလည်း ရှိနေသေးသည်။ ဥပမာဆိုရလျှင် သန္ဓေပြောင်း တောကောင်ကြီးများ၏ အသားများကို စားသုံးခြင်းဖြစ်သည်။

သို့သော် စိတ်စွမ်းရည် နိယာမ သဘောတရား၏ စွမ်းအား အဆင့်သည် ကစားပွဲ၏ အဆင့်တိုးမြှင့်ရန် လိုအပ်သော အတွေ့အကြုံများနှင့် ထပ်တူကျသည်။ အဆင့်တစ်ခုစီတွင် အတွေ့အကြုံ နှစ်ဆရရှိနိုင်ရန် လိုအပ်ကာ အဆင့်မြင့် လာသည် နှင့်အမျှ ပို၍ခက်ခဲ လာပေလိမ့်မည်။ အဆင့် ဝ မှ အဆင့် ၁ သို့ တက်ရန်နှင့် အဆင့် ၁ မှ အဆင့် ၂ သို့ တက်ရန်မှာ မခက်ခဲပေ။

ရွှေအစွမ်း နိုးထကာစ ဖြစ်သော လုဟိုင်ရွှမ်းမှာ ၁ဝ ရက် အတွင်းတွင် အဆင့် ၂ သို့ ရောက်ရှိ သွားလေသည်။ ယွင်ယောင် သတိပြန်လည် လာပြီးနောက်တွင် အခက်ခဲဆုံး ဖြစ်သော ရေအစွမ်းမှာလည်း အဆင့်တက် လာသည်။ သို့သော်လည်း အဆင့် ၃ သို့ရောက်ရန် မလွယ်ကူလှပေ။

လက်ရှိအချိန် လင်းကျန်းမြို့တွင် အဆင့် ၃ သို့ ရောက်နေသော ဖုတ်ကောင်များလည်း ရှိနေပြီး သူတို့ထဲမှ တစ်ကောင်သာလျှင် သူတို့ကို တိုက်ခိုက်နိုင်လု နီးပါးဖြစ်ခဲ့သည်။ အဆင့် ၃ ဟု မဆိုထားနှင့်၊ အဆင့် ၄ ရှိသော ဖုတ်ကောင်များသည်လည်း မြို့အတွင်းတွင် မရှိဟု မပြောနိုင်ပေ။ ယခုတစ်ကြိမ်တွင် ယွင်ယောင် ကံကောင်းသွားခဲ့သည်။

ရှင်းဖုန်း အဖွဲ့တွင်လည်း လျှပ်စီးစွမ်းအား ပိုင်ဆိုင်ထားသူ တစ်ယောက် ရှိနေသော်လည်း ဖြစ်လာမည့် အကြောင်းရာများကို မည်သူမှ မခန့်မှန်းနိုင်ပေ။ တက္ကသိုလ်တွင် ပိတ်လှောင် ထားသော အဆင့် ၂ ဖုတ်ကောင်များကို ယွင်ချဲ့ အနည်းငယ် စိုးရိမ်နေသည်။ အကယ်၍ ထိုဖုတ်ကောင်များ အဆင့် ၃ သို့ ရောက်သွားသည့်အခါ လှောင်ပိတ်ခံထားရသော နေရာမှ ထွက်လာနိုင်မည်ဖြစ်ပြီး ဒဏ်ရာရသူများနှင့် အရေးပေါ် ကိစ္စရပ်များ အတိုင်းအဆမရှိ ဖြစ်ပေါ်လာပေလိမ့်မည်။

အခြားသူများ၏ သေဆုံးခြင်း၊ ရှင်သန်ခြင်းနှင့် ပတ်သက်၍ ယွင်ချဲ့ ကိစ္စအနည်းငယ် ရှိသော်လည်း အနောက်တောင် စခန်းတွင် အချိန်ကြာစွာ နေထိုင်မည့် အကြံကို သူအသုံးချနေသည်။ စခန်းဌာနချုပ်တွင် အရေးပေါ် ကိစ္စရပ်များ အများအပြား ပေါ်ပေါက် လာခြင်းမှာ ကောင်းမွန်သော ကိစ္စမဟုတ်ပေ။ ရှင်းဖုန်းသည်လည်း သုတေသနဆိုင်ရာ ပစ္စည်း ကိရိယာများကို တမင် ထိမ်ချန်ထားပြီး လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့ခြင်းမှာ အကြောင်းပြချက် တစ်ခုသာ
ရှိသည်။ အဆင့် ၃ ကို ချိုးဖောက်နိုင်ရန် အတွက် ထိုအရာသည် အလွန် အရေးပါလှပေသည်။

ခဏတာ စဉ်းစားပြီးနောက် အစိမ်းရောင် ရေညှိများ ပြည့်နေသော ရေကန်အကြောင်း တွေးမိလိုက်သည်။ လေဟာနယ်ထဲတွင် သက်ရှိများ နေထိုင်ရန် မဖြစ်နိုင်သည့်အတွက် ထိုရေကန်ထဲသို့ စမ်းရေ အနည်းငယ်ကိုသာ ထည့်ထားကာ လန်ယဲ့ဟန်ကို အရင်ဉီးစွာ ရေစိမ်စေသည်။ ဝမ်းနည်းဖွယ် ကောင်းသည်က ရေကန်တွင်း ရှိနေသော စမ်းရေသည် အရိုးနှင့် ရိုးတွင်းခြင်ဆီများကို လန်းဆန်း အားပြည့်စေသည့် စွမ်းရည် မရှိတော့ပေ။

လန်ယဲ့ဟန် သာမက ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ စမ်းသပ် ကြည့်သော်လည်း စမ်းရေမှာ အလုပ်မဖြစ်တော့ပေ။ နောက်ဆုံးတွင် သူတို့၏ စွမ်းရည်များကို ဖြတ်လမ်းနည်းနှင့် အဆင့်မြင့်၍ မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ သိပြီးသည်နှင့် ယွင်ချဲ့ လက်လျော့ လိုက်လေသည်။

ယွင်ချဲ့လည်း စမ်းရေကို အားဖြည့်စေရန် အတွက်သာ ပေးနိုင်လေသည်။ စမ်းရေသောက်သုံးခြင်းမှာ အားဖြည့်ရုံသာ တတ်နိုင်သော်လည်း သူတို့ ဒဏ်ရာအနာတရ ဖြစ်သည့်အခါတွင် ရောဂါပိုး မဝင်စေရန် ကာကွယ်ပေးသဖြင့် ဘာမှမထူးသည်ထက် စာရင် တော်သေးသည်ဟု ဆိုရပေမည်။

“ဉီးဦး”

တံခါးခေါက်သံ ကြားလိုက်ရသဖြင့် မြေပုံကို ကြည့်ရှုနေကြ သူများမှာ လက်ထဲရှိ tablet များကို ချထားလိုက်သည်။ တံခါးပွင့် သွားပြီးနောက် ချန်ချန် ပြေးဝင်လာကာ ယွင်ချဲ့၏ လက်မောင်းများကို တွဲခိုလိုက်သည်။

“မမ .. ယာဖေး ဒီကို ဘာလာလုပ်တာလဲ”

သူ့ကို ချွဲနေသော ချန်ချန်ကို ပေါင်ပေါ် ထားလိုက်ပြီး အိပ်ရာပေါ် ခြေချိတ် ထိုင်လိုက်ကာ နာရီကို ကြည့်လိုက်ရာ ည ၁ဝ နာရီပင် ကျော်နေလေသည်။

“ချန်ချန် က သူ့ဦးလေးနဲ့ တွေ့ချင်နေမှတော့ ဘာလုပ်စရာ ရှိသေးလို့လဲ”

ယွင်ချဲ့ကို အလွန် ခင်တွယ်နေသော သားဖြစ်သူကို ကြည့်ကာ ယွင်ယောင် ခေါင်းခါလိုက်ပြီး အိပ်ရာ၏ တစ်ဖက်တွင်ထိုင်ရန် ကျန့်ယာဖေး နှင့်အတူ လျှောက်လာခဲ့လေသည်။

“တကယ်လား .. တူလေး တစ်ယောက်က သူ့ဉီးလေးကိုချစ်တာ ဖြစ်သင့်တာပဲကို ဉီးဉီးတို့နေရမယ့်အိမ်ကို ပြင်ဆင်ပြီးရင် ငါတို့ ပြောင်းနေလို့ရပြီ အဲဒီအခါကျရင် ချန်ချန်လည်း ဉီးဉီးနဲ့အတူ တစ်ညလုံး အိပ်လို့ရပြီ”

ယွင်ချဲ့လည်း ကူရာမဲ့နေသော ယွင်ယောင်ကို ကြည့်ကာ ချန်ချန်၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး မျက်လုံးထဲတွင်လည်း အကြင်နာတရားများ ပြည့်နှက်နေသည်။ ကံကောင်းစွာဖြင့် ချန်ချန်မှာ ထိုနေ့မနက် ရောက်သောအခါ အနည်းငယ်သာ ကြောက်လန့်နေပြီး ကျန်သော အဖွဲ့သားများမှာလည်း ပြန်လည် ကောင်းမွန်လာသည်ကို မြင်ရသောအခါတွင် ယွင်ချဲ့လည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

“ဟုတ်တယ် သားက ဉီးဉီးကို အချစ်ဆုံးပဲ .. ဉီးဉီးက လူစွမ်းကောင်းကြီး !”

ယွင်ချဲ့တို့ ပြောဆိုနေကြသော စကားကိုကြားကာ ချန်ချန်လည်း ယွင်ချဲ့ကို လှမ်းဖက်ကာ တစ်ခုခု စဉ်းစားနေဟန်ဖြင့် ….

“ပြီးတော့ ဉီးဉီးက သူဌေးကြီး !”

“ဟား … ဟား …”

မမျှော်လင့်စွာပင် ပြက်လုံးကို မှတ်မိနေသေးသော ချန်ချန်ကြောင့် ယွင်ချဲ့တို့လည်း ရယ်မောသွားကာ မျက်နှာ အမြဲတည်နေတတ်သော လန်ယဲ့ဟန်ပင် ပြုံးသယောင် ဖြစ်လာလေသည်။ သေရေးရှင်ရေး ဖြစ်ပွားနေသော အချိန်တွင် ကလေးငယ်ကို ခေါ်ဆောင် လာသည်မှာ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နိုင်သော်လည်း ချန်ချန်မှာ အလွန် လိမ္မာလှသည်။ အခက်အခဲများစွာ ရှိနေသည့်အပြင် သေဆုံးခြင်းနှင့် ခွဲခွာရခြင်းတို့ကို ကြုံတွေ့နေရသော်လည်း ချန်ချန် ရှိနေခြင်းက သူတို့၏စိတ်များကို ရွှင်လန်းလာစေသည်။ မည်မျှပင် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါစေ ထိုဝန်ကို သယ်ပိုးရန် ဆန္ဒရှိကြပေသည်။

“ရှောင်ချဲ့ မမဆွေးနွေးစရာ ရှိတယ်”

ခဏတာ ရယ်မောကြပြီးနောက် ယွင်ယောင် ရုတ်တရက် ပြောလိုက်လေသည်။

“မမ ယောင် မပြောတာပဲ ပိုကောင်းမယ် ထင်တယ်”

ယွင်ယောင် စကားကြောင့် ကျန့်ယာဖေး သူမလက်ကို ဆုပ်ကိုင်ကာ တားလိုက်သဖြင့် ယွင်ယောင်လည်း သူမလက်ကို ပြန်ဆုပ်ကိုင် လိုက်သည်။

“ကိစ္စမရှိပါဘူး ဘယ်သူမှလည်း အသေအချာ မသိသေးတော့ ဒါကို တိုင်ပင်ဖို့တော့ လိုအပ်တယ်”

“ဒါပေမယ့် ..”

“ဘာမှမဖြစ်ပါဘူး မမပြောကြည့်မယ်”

အမျိုးသမီးနှစ်ဉီး ရန်စကားများတော့မည့် ဟန်ဖြစ်နေသောကြောင့် ကျန်သော ယောကျ်ားလေးယောက်နှင့် ကလေးငယ်တို့မှာ ထူးဆန်းစွာ ကြည့်နေကြလေသည်။ ယခုတစ်ကြိမ်တွင် လွန်စွာ ပြတ်သားသော ကျန့်ယာဖေးကို တွန့်ဆုတ်စေပြီး နူးညံ့သိမ်မွေ့သော ယွင်ယောင်ကို မာကြောစေခဲ့သည်က ဘယ်လိုအရာများ ဖြစ်နေမလဲ။

“ပြောလေ ငါတို့က တစ်ဖွဲ့တည်းသားတွေပဲ .. ငါတတ်နိုင်ရန် လုပ်ပေးမယ် မလုပ်ပေးနိုင်တာမျိုးဆိုရင် အတူတူ ဖြေရှင်းကြတာပေါ့”

ယွင်ချဲ့ ခေါင်းခါလိုက်ပြီး သူမတို့ နှစ်ယောက်ကြား ခေါင်းကို အသာတင်ကာ မီလိုက်သည်။ ယွင်ချဲ့မှာ ကျန့်ယာဖေးကို သူ၏ညီမလေး တစ်ယောက်ကဲ့သို့ သဘောထားကာ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ မိမိညီမလေး အခက်ကြုံနေပါက အစ်ကိုတစ်ယောက် အနေနှင့် ဖြေရှင်းပေးရမည်မဟုတ်လား။

“ဒါပေမယ့် ….”

“ဒါပေမယ့် မနေနဲ့ မမပြောမယ်”

တွန့်ဆုတ်နေသော ကျန့်ယာဖေးကို ယွင်ယောင် အမြန်တားလိုက်ပြီး ယွင်ချဲ့ကို ပြောလေသည်။

“ရှောင်ချဲ့ ဒီလိုလေ … မမတို့ ဒီမှာ ဘယ်လိုပဲ နေသားကျတယ် ပြောပြော ယာဖေး .. ဟိုင်ရွှမ်းနဲ့ ယဲ့ဟန်တို့မှာက မိသားစုတွေ ရှိသေးတယ်လေ … အဆက်အသွယ် ပြတ်နေတော့ သေလားရှင်လား မသိရဘူး ဆိုပေမယ့် ဘာမှမလုပ်နိုင်တာတော့ မဟုတ်ဘူးလေ … ယာဖေးရဲ့ အိမ်က လင်းကျန်းမြို့နဲ့ သိပ်မဝေးတော့ သူနဲ့အတူ သွားလို့ရနိုင်တယ် သူ့မိသားစုနဲ့ ပြန်တွေ့ရင်လည်း တွေ့ရမှာပေါ့”

ယွင်ယောင် စကားကြောင့် ကျန့်ယာဖေး သာမက လုဟိုင်ရွှမ်းလည်း တိတ်ဆိတ်သွားလေသည်။ သူတို့တွင် မိသားစုဝင်များ ရှိသဖြင့် လျစ်လျူမရှု ထားနိုင်ပေ။ သို့သော် မိသားစုများကို ရှာဖွေရန်အတွက် ဖုတ်ကောင်များစွာ သွားလာနေသော မြို့ကြီးများကို ဖြတ်သွားရန်မှာ မလွယ်ကူနိုင်ကြောင်း သူတို့ သိထားပြီးသားပင်။

သူတို့ပြောလျှင် ယွင်ချဲ့က ဥပေက္ခာပြုမည် မဟုတ်သော်လည်း အခြားသူများ အတွက် စဉ်းစားရပေဉီးမည်။ အဆခြအနေများလည်း တည်ငြိမ်နေသဖြင့် သူတို့ ချစ်ရသူများနှင့် ပတ်သက်သည့် အရာများနှင့် စိုးရိမ်ပူပန်မှုများကို မေ့ပျောက် ထားလိုက်ပြီး ထိုအကြောင်းအရာများကို ထုတ်ဖော် မပြောလိုကြပေ။

“အဲဒါ မသင့်တော်ဘူးလို့ ထင်တယ်နော်”

ယွင်ချဲ့ ဘာမှ မပြောရသေးချိန်တွင် လန်ယဲ့ဟန် စပြောလာသဖြင့် အခန်းထဲရှိ သူများ သူ့ကို တစ်ပြိုင်တည်း လှည့်ကြည့်ကြရာ။ လန်ယဲ့ဟန် မျက်နှာထက် အပြုံးများ ပျောက်ကွယ် သွားပြီး အေးစက်သော အငွေ့အသက်များကို မြင်လိုက်ရသဖြင့် ကျန်သောသူများ ကြက်သီးမွေးညှင်း ထကာ အရိုးထဲထိ အေးစိမ့်သွားလေသည်။

“အင်း … ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ .. ယာဖေး ဟိုင်ရွှမ်း .. မင်းတို့ ဇာတိက ဘယ်မှာလဲ”

လန်ယဲ့ဟန် အကြောင်းကို မေးမြန်းကြမည် စိုးသောကြောင့် ယွင်ချဲ့ စကားဖြတ်ပြောကာ မေးလိုက်သည်။ အတိတ်ဘဝမှ တစ်ဆင့် သိရခဲ့သည်မှာ ကြာနေပြီးဖြစ်သော လန်ယဲ့ဟန် ၏ နောက်ကြောင်းကို လန်ယဲ့ဟန် မပြောသကဲသို့ ယွင်ချဲ့လည်း မမေးခဲ့ပေ။ လန်ယဲ့ဟန်မှာ တစ်ချိန်က မင်းသားတစ်ပါး ဖြစ်ကောင်း ဖြစ်နိုင်ခဲ့သော်လည်း ယွင်ချဲ့ စိတ်ထဲတွင် သူ၏ညီအစ်ကို တစ်ယောက်အဖြစ် မှတ်ယူထားသည်။

“အဲဒါက … ထားလိုက်ပါ .. ဒီလိုဖြစ်ရပ်က ကြာနေပြီဆိုတော့ မိသားစုတွေကလည်း ….”

မိဘတို့ကို စဉ်းစားမိသည်နှင့် သန်မာပါသည်ဆိုသော ကျန့်ယာဖေးပင် ရင်ထဲဆို့နင့် လာရပြီး လုဟိုင်ရွှမ်းလည်း ထိုကဲ့သို့ပင်။

“ယာဖေးရဲ့ မိသားစုက မဝေးဘူးဆိုရင် ငါတို့ခရီးတိုလေး သွားလို့ရတယ် .. တကယ်လို့ သူ့မိဘတွေ ဆုံးသွားကြပြီ ဆိုရင်တောင် ငါတို့အနည်းဆုံးတော့ သူတို့ အသုဘကို သေချာပြင်ဆင် ပေးလို့ရတယ် .. ငါ့အတွက် မတွေးပါနဲ့ ငါ့ဇာတိက အရှေ့မြောက်မှာ အနောက်တောင် စခန်းနဲ့ မိုင်ပေါင်း ထောင်ချီဝေးတယ် .. ဒါကြောင့် ငါ့မိဘတွေကို ထပ်တွေ့နိုင်မလားဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်”

လုဟိုင်ရွှမ်း ကူရာမဲ့ဖြစ်နေပြီး သူ၏မိသားစုကို စိတ်မပူဟု ဆိုလျှင် မုသားဆိုခြင်းသာ ဖြစ်မည်။ သူ၏မိဘနှင့် မိသားစုဝင်များ ဘေးကင်းမကင်းကို သိလိုသော်လည်း လက်တွေ့ အမှန်တရားကို သူ၏ရှေ့ကို ကာဆီးထားသဖြင့် သူမည်သို့ လုပ်ကိုင်ရမည်ကို မသိသော်ငြား သူလက်လျော့မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်၏ ရက်နှစ်ဆယ်ကြာ အတွင်း ရက်စက် ကြမ်းကြုတ်မှုများနှင့် ရွေးချယ်မှုများ၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်ခဲ့ကြသည်။

“အရှေ့မြောက်ဆိုတော့ ဝေးတော့ဝေးတာပေါ့”

ယွင်ချဲ့လည်း တွေးတောရင်း လုဟိုင်ရွှမ်း ပခုံးပေါ် လက်တင်ကာ အားပေးလိုက်ပြီး ကျိုးဇယ်ယွီလည်း အနားလာကာ နှစ်သိမ့်ပေးလေသည်။ သူတို့လည်း မည်သို့လုပ်ရမည်ကို မသိသဖြင့် စကားလုံးများနှင့် မဟုတ်ဘဲ တောင်းပန်နှစ်သိမ့် ပေးဟန်ဖြင့် လုဟိုင်ရွှမ်းကို ဖြေသိမ့်စေလေသည်။

“ရှင်းဖုန်းကို အကူအညီ တောင်းလိုက်လေ”

လန်ယဲ့ဟန် ရုတ်တရက် ပြောသောစကားကြောင့် ယွင်ချဲ့လည်း အံ့အားသင့် သွားရသည်။ သို့သော် သေချာ စဉ်းစားကြည့်လျှင် ရှင်းဖုန်း၏ မိသားစုသည် မြို့တော်နှင့် ရှုပ်ထွေးသော ပတ်သက်မှုများ ရှိနိုင်သဖြင့် ထိုအရာများကို ဖြေရှင်းနိုင်လိမ့်မည်။ မျှော်လင့်ချက် မဲ့နေသော လုဟိုင်ရွှမ်း သည်လည်း ခေါင်းမော့လာပြီး ကူညီပေးစေလိုသော မျက်လုံးဝိုင်းများဖြင့် ကြည့်နေသည်။

ယွင်ချဲ့နှင့် ရှင်းဖုန်းတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သောကြောင့် သူတို့အတွက် စံအိမ်ကို ပေးအပ်ခဲ့ပြီး အကယ်၍ ရှင်းဖုန်းသာ ကူညီပေးမည် ဆိုလျှင် သူ၏မိသားစုနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရနိုင်လိမ့်မည်။ သူတို့နှင့်တွေ့ဆုံရန် မဖြစ်နိုင်သေးသော်လည်း အသက်ရှင်လျက် ရှိမရှိဆိုသည့် သတင်းအချို့ သိရလျှင်ပင် စိတ်သက်သာရာ ရနိုင်သည်။

“ငါမနက်ဖြန် သူ့ကို မေးကြည့်လိုက်မယ်”

အာဏာကိုသုံးကာ တစ်စုံတစ်ယောက်ကို ရှာဖွေပေးရန် ရှင်းဖုန်းကို တောင်းဆိုရခြင်းမှာ သူ့ထံမှ ပစ္စည်းများ ငှားရမ်းခြင်းနှင့်တော့ မတူနိုင်ပေ။ နောက်ဆုံးတွင် ထိုသူအား မရှာနိုင်လျှင် ကိစ္စမရှိသော်လည်း သူတို့အားလုံး ရှင်းဖုန်း အပေါ်တွင် ကျေးဇူးကြွေး တင်သွားပေပြီ။ လုဟိုင်ရွှမ်း၏ မျှော်လင့်ချက်များကို တွေ့လိုက် ရသောအခါ ယွင်ချဲ့လည်း မငြင်းဆိုနိုင်တော့ပေ။ ယွင်ချဲ့သည် အဖွဲ့သားများ၏ ခံစားချက်များကို အမြဲအလေးပေး စဉ်းစားလေ့ ရှိသူတစ်ဦး ဖြစ်သောကြောင့် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ခေါင်းညိတ်၍ ကတိပေးခြင်းသာ ဖြစ်သည်။

“အစ်ကိုချဲ့ ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ် တကယ်ပါ”

ထိုစကားများကို ကြားပြီးသည့်နောက် လုဟိုင်ရွှမ်း စကားမပြောနိုင်အောင်ပင် စိတ်လှုပ်ရှားနေပြီး ရှင်းဖုန်း ကူညီနိုင်သည်ဖြစ်စေ မကူညီနိုင်သည်ဖြစ်စေ အနည်းဆုံး မျှော်လင့်ချက် တစ်ခုရှိလာသည်။

“ယာဖေး မင်းဇာတိက ဘယ်မှာလဲ”

လုဟိုင်ရွှမ်း၏ ပခုံးကိုပုတ်ကာ အခြားတစ်ယောက်ကို ကြည့်လျက် မေးလိုက်သည်။

“ကျွန်မအိမ်က လင်းကျန်းမြို့နဲ့ မဝေးပါဘူး ဒါပေမယ့် ပြည်နယ်မြို့ ဖြစ်နေတော့ …”

ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံများ အရ ကမ္ဘာပျက်ကပ် မဆိုက်စဉ် လူဦးရေ များပြားသော နေရာများတွင် ဖုတ်ကောင်များ ပို၍များပြားစွာ ရှိသည်ကို သူတို့ သိရှိကြသည်။ လင်းကျန်းမြို့သည် တတိယ အကြီးဆုံးမြို့ဖြစ်ပြီး ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကြောင့် သူတို့အားလုံး သေလုနီးပါး ဖြစ်ခဲ့ကြသည်။ အကယ်၍ လင်းကျန်းမြို့၏ ပြည်နယ်မြို့ ဆိုပါက ….. ထို့ကြောင့် သူမ၏အိမ်သည် စခန်းမှ မီတာ တစ်ရာခန့်သာ ဝေးသော်လည်း ယွင်ချဲ့ အရှေ့တွင် ထိုအကြောင်းကို မပြောပြခဲ့ပေ။ အကယ်၍ ယနေ့ညတွင် ကမ္ဘာပျက်ကပ် မတိုင်ခင် သူမဘဝအကြောင်းကို ယွင်ယောင်နှင့် မပြောခဲ့လျှင် ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။

“မြို့ထဲလား ဘယ်မြို့ပတ်လမ်းလဲ”

ယွင်ချဲ့ မျက်မှောင်ကြုတ် လိုက်သည်။ နယ်မြို့ဖြစ်သည် ဆိုပါက အလွန် အန္တရာယ် များလှသည့်သဖြင့် သန်မာရန် လိုအပ်ပြီး သန်မာမှသာလျှင် အကြောက်တရားတို့ ကင်းမဲ့၍ အကူညီကင်းမဲ့စွာ ရပ်တည်နိုင်မည်။

“တတိယပတ်လမ်း”

ကျန့်ယာဖေး လက်မြှောက်လုနီးပါး စိတ်လှုပ်ရှား နေသော်လည်း ရိုးသားစွာပင် ဖြေလိုက်ပြီးနောက် မျှော်လင့်ချက်မဲ့စွာ လက်ကို ချလိုက်သည်။

“ကောင်းပြီ ငါတို့ ကြိုးစားကြည့်တာပေါ့။ ငါအပြင်သွားပြီး ပစ္စည်းတချို့ စုဆောင်းဖို့ စီစဉ်နေတယ်၊ မင်းငါ့ကိုကူပြင်ပေး … ငါမြေပုံကို လေ့လာပြီးရင် ငါတို့နှစ်ရက်အတွင်း ထွက်မယ်”

ခေတ္တငြိမ်သက် နေပြီးနောက် ယွင်ချဲ့ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာ..!”

ကျန့်ယာဖေး မယုံနိုင်စွာ လက်ကို မြှောက်လိုက်မိသည်။ သူမ နားကြား မှန်ပါရဲ့လား။ ဆုံးပါးသွားကြပြီလား မသိနိုင်သော သူမ၏မိသားစုဝင်များကို ရှာဖွေရန်အတွက် ယွင်ချဲ့က သူမကို အဖော်ပြု ပေးမည်တဲ့လား။ သို့သော် အကယ်၍များ ….

“ဟား … ဟား … အသာလုပ်ပါ မင်းက မိန်းမလှလေးကို … ပါးစပ်ကို အဲ့လောက်ကြီး ပြဲနေအောင်ဖွင့်မထားနဲ့”

ယွင်ချဲ့ ခေါင်းကို ခါလိုက်ပြီး tablet ကို ကိုင်လိုက်ကာ လက်မောင်းပေါ်တွင် ရှိနေသော သူ၏တူလေး နှင့်အတူ မြေပုံကို ပြန်စစ်ဆေး နေလိုက်သည်။ ရှင်းဖုန်း၏ အိမ်သည် ရေနှင့်လျှပ်စစ် သာမက အင်တာနက်လိုင်းလည်း ရသည်ဆိုသော်ငြား သူ၏ အိမ်ဘေး ပတ်ဝန်းကျင်သာ ရနိုင်သဖြင့် လွန်စွာ အဆင်ပြေပြီး စခန်းဌာန အတွင်းတွင် သူတို့၏ လက်ကိုင် ဖုန်းများကိုလည်း အသုံးပြုနိုင်သော်လည်း ဌာနချုပ်နှင့် အခြားသူ အနည်းငယ် အတွက်သာ ခွင့်ပြုထားခြင်း ဖြစ်သည်။ ရှင်းဖုန်း၏ အဖွဲ့တွင် ရှင်းဖုန်းနှင့် ကူးမင်ရွှမ်း တို့၏ ဖုန်းများသာ အသုံးပြုရသည်။

ယွင်ချဲ့ စကားကြောင့် ကျန့်ယာဖေး ရှက်ကိုးရှက်ကန်း ဖြစ်ကာ မျက်နှာပင် နီလာသည်။ ကျိုးဇယ်ယွီလည်း ဟန်ဆောင်ကာ ရုပ်တည်တည်ဖြင့် စနောက် လေသည်။

“ယာဖေး .. ရှောင်ချဲ့ကို စိတ်မဆိုးပါနဲ့ သူက တစ်ခါတလေကျ အကျင့်ပုတ်တယ်”

ကျိုးဇယ်ယွီမှာ နာကျင်ရသည်တို့ကို ဖြေဖျောက်ပေးရန် အတွက် အမြဲတွေးဆ နေပုံရသည်။ အခွင့်အရေး ရသည့်အခါတိုင်း မည်သူ့ကို စနောက်ရမည်ကို အမြဲစူးစမ်း နေတတ်သည်။ ယွင်ချဲ့ သူ့ကို စိုက်ကြည့်နေသဖြင့် ကျိုးဇယ်ယွီ ကြောက်လန့်ကာ လက်ကို အမြန်ကာလိုက်ပြီး …

“မဟုတ်ဘူး မင်းက စိတ်မပုတ်ဘူး ငါကပဲ စိတ်ပုတ်တာ ….”

“ဟား…ဟား….”

အနည်းငယ် စိုးရိမ်နေသေးသော ကျန့်ယာဖေးပင် ရယ်မိလေသည်။ ယွင်ယောင်သည်လည်း သူမ၏ လက်ကို ဆုပ်ကိုင်ကာ သဘောကျစွာ ပြုံးနေလေသည်။ Tablet ကို စိတ်ဝင်တစား ကြည့်နေသော ဝတုတ်လေး ချန်ချန်လည်း ခေါင်းမော့ကြည့်ကာ ..

“ဦးလေးကျိုးက စိတ်ပုတ်ကြီး !”

“ဟား … ဟား …”

ကျိုးဇယ်ယွီ သွေးအန်တော့မည့် အဖြစ်ကို ကြည့်ကာ ကျန်သောသူများ ပွဲကျကုန်လေသည်။ ချန်ချန် မှာလည်း ပျော်ရွှင်စွာ ရယ်မောနေသည်။ ချန်ချန်သည် ထိုစကားလုံး၏ အဓိပ္ပါယ်ကို နားမလည် သေးသော်လည်း အကြီးများက ပြောလေသဖြင့် လိုက်ပြောခြင်းဖြစ်သည်။ သနားစရာကောင်းလှသော ကျိုးဇယ်ယွီ။ ယွင်ချဲ့က သူ့ကို အနည်းငယ် စနောက်လိုက်ခြင်းသာ ဖြစ်ပြီး ဝတုတ်လေး ချန်ချန်က မသိနားမလည်စွာ ပြက်ရယ် ပြုလိုက်သည်။ တူဝရီး နှစ်ယောက် အတိုင်ဖောက် ညီစွာဖြင့် ကျိုးဇယ်ယွီကို ရှက်ကိုးရှက်ကန်းဖြစ်စေခဲ့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset