အခန်း (၄၉)
ညဘက်တွင် အိမ်ရာက ပို၍ လင်းထိန်နေသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အောက်ထပ် ဆင်းလာသည့်အခါ ကြောင်တောင်တောင် ဖြစ်သွားရသည်။ ယွင်ချဲ့လည်း နှုတ်ဆက်ကာ ယွင်ယောင် ရှိသော ဒုတိယထပ်သို့ တက်သွားလေသည်။ အလင်းစွမ်းအင်နဲ့ ကုသပေးပြီးနောက် ယွင်ယောင်၏ ဒဏ်ရာမှာ ပျောက်ကင်းသွားပြီး အမာရွတ်ပင် မကျန်တော့သော်လည်း အနားယူရန် လိုအပ်ပေသည်။ အနားယူခြင်းက သူတို့အတွက် ကောင်းမွန်သော အားဆေးပင်။
အခန်းထဲတွင် ကျန့်ယာဖေးမှာ ခုတင်ဘေးတွင် မီလျက် ငိုက်နေပြီး ယွင်ချဲ့ ဝင်လာသည်ကိုပင် သတိမထားမိပေ၊ ချန်ချန်မှာ ချိုလိမ်ကို စုပ်လျက် အမေဖြစ်သူ၏ ဘေးတွင် အိပ်နေသည်။
“ငါဂရုစိုက်လိုက်မယ်”
“ဟင် !”
ထိုအသံက ကျန့်ယာဖေး ကိုနိုးစေသည်။
“ဒီနေ့ခင်း ကတည်းက ငါနားပြီးသွားပြီ မအိပ်ငိုက်တော့ဘူး ရှင်ရော”
ကျန့်ယာဖေး မတ်တပ်ရပ်ကာ သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သဖြင့် တစ်ခုခုမှားနေသည်ဟု တွေးလိုက်သည်။ ယွင်ယောင် အခြေအနေကို ကြည့်လျက် သူမ အဆင်ပြေကြောင်း သေချာတော့မှ ယွင်ချဲ့ ခုံပေါ်တွင် ထိုင်လိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ ပြောပြ”
သူတို့မှာ သက်တူရွယ်တူတွေ ဖြစ်ကြပြီး ကျန့်ယာဖေးက မိန်းကလေး ဆိုသော်လည်း အလွယ်တကူ မကြောက်တတ်ပေ။ သို့သော် တစ်ခုခုဖြစ်ခဲ့ပုံပင်။
“လုဟိုင်ရွှမ်းလေ သူတို့ ပြောတာတော့ သူပြောင်းလဲသွားပြီး အဲဒီနေရာမှာပဲ အသတ်ခံ လိုက်ရတယ်တဲ့”
သူမမျက်လုံးများ နီရဲလာပြီး ငိုလေသည်။ သူတို့ အချင်းချင်း သိကြသည်မှာ မကြာသေးသော်လည်း ခရီးလမ်း တစ်လျှောက် အတူတူ တိုက်ခိုက်ခဲ့ကြသဖြင့် ရင်းနှီးသည်ထက် ပို၍ ခင်မင်လာကြသည်။ ထိုသတင်းဆိုးကို ကြားခဲ့စဉ်က ကျန့်ယာဖေး အငိုမရပ် သကဲ့သို့ အခုလည်း ငိုနေမိပြန်သည်။
“ဘာ ?”
ယွင်ချဲ့ မတ်တပ် ထရပ်လိုက်သည်။ လုဟိုင်ရွှမ်းမှာ စွမ်းအား မရှိသော်လည်း တစ်ရက်ထက် တစ်ရက် ပို၍ သန်မာလာခဲ့သည်။ ဟွိုင်မြို့မှ ထွက်လာပြီး ပထမဆုံးနေ့တွင် လုဟိုင်ရွှမ်း၏ ဒဏ်ရာများမှာ သူ့ထက်ပင် ပို၍လျင်မြန်စွာ ပျောက်ကင်း လာသည်ကို ယွင်ချဲ့ သတိထားမိသည်။ လုဟိုင်ရွှမ်းမှာ စွမ်းအားပင် ပိုင်ဆိုင် လာနိုင်သည်။ အထူးသဖြင့် အလင်းစွမ်းအား နိုးထကာစ အချိန် ဖြစ်နိုင်သည်။
“ဘာတွေဖြစ်နေတာလဲ”
သူ၏အဖွဲ့သားများကို အနာတရ ဖြစ်စေသူ မည်သူ့ကိုမဆို သူသတ်ပစ် နိုင်သည်အထိ ဒေါသထွက် သွားရလေသည်။
ကျန့်ယာဖေး မှာလည်း မျက်ရည်များကို အမြန် သုတ်ပစ်နေပြီး ချက်ချင်း ပြန်မဖြေနိုင်သဖြင့် ယွင်ချဲ့လည်း ဖိအား မပေးတော့ပေ။ အချိန်အတော်ကြာမှ ကျန့်ယာဖေး မျက်ရည်များ တိတ်သွားလေသည်။
“အဲဒီနေ့မနက်က ငါတို့အားလုံး အခန်းသေးလေးတွေထဲမှာ ကိုယ်စီ အပိတ်ခံထားရတာ … ငါတို့လည်း အပြင်ထွက်လာရော လုဟိုင်ရွှမ်းက သေနတ်နဲ့ ပစ်သတ် ခံလိုက်ရပြီလို့ စစ်သားတွေပြောပြတယ်”
“သူ့ခန္ဓာကိုယ်ကရော”
“သူတို့ပြောတာတော့ သင်္ဂြိုလ်လိုက်ပြီတဲ့”
“သင်္ဂြိုလ်လိုက်ပြီ ?”
သူတို့စကားကို ယွင်ချဲ့ မယုံပေ။ သူတို့သ င်္ဂြိုလ်မည်ဆိုလျှင် အလောင်းများ အကုန်လုံးကို တစ်ချိန်တည်းတွင် သင်္ဂြိုလ်ကြမည် ဖြစ်သည်။
“မင်းတို့ အစစ်ဆေးခံတော့ ဟိုင်ရွှမ်းမှာ စွမ်းအားမရှိဘူး ဆိုတာ ပြောလိုက်သေးလား”
“ပြောလိုက်တယ် ငါတို့ရဲ့စွမ်းအားတွေ အကြောင်း သူတို့ကို အသိပေးရမယ်လို့ နင်ပြောတယ်လေ သူတို့လည်း ငါတို့ရဲ့စွမ်းအားတွေကို မှတ်သွားကြတယ်”
ကျန့်ယာဖေး အမှန်တိုင်း ပြောပြလေသည်။
“ဟိုင်ရွှမ်း မပြောင်းသွားဘူးဆိုတာ သေချာလား .. သူတို့က စစ်သားတွေ ဟိုင်ရွှမ်း က သာမန်လူပဲလေ .. သူ့ကို ဘာလုပ်ပစ်ကြမလို့လဲ”
ကျန့်ယာဖေးမှာ ခေသူ မဟုတ်သော်လည်း တကယ့် ကမ္ဘာကြီးမှာ မည်သို့ဖြစ်ပျက်နိုင်ကြောင်း သူမ မသိ။ ကပ်ဘေးကြီး မတိုင်ခင် သူမမှာ သာမန်ကောလိပ် ကျောင်းသူတစ်ဦး ဖြစ်သည်။ ပိုဆိုးသည်မှာ သာမန်လူများသည် စစ်သားများ အပေါ် လွန်စွာပင် ယုံကြည် အားကိုးကြပြီး သာမန်ဆိုလျှင်လည်း သူတို့ပြောသည်ကို သူမသံသယဝင်မည် မဟုတ်ပေ။
“ယာဖေး လောကကြီးက မင်းထင်တာထက်ပိုပြီး ရက်စက်တယ် … ကပ်ကြီး မတိုင်ခင်မှာ စစ်သားတွေ ငါတို့နိုင်ငံကို ကာကွယ်ကောင်း ကာကွယ်နိုင်တယ် … ဒါပေမယ့် အခုတော့ သူတို့က အထက်ကပြောတာကို နာခံတဲ့ စက်ရုပ်သာသာပဲ သူတို့က မကောင်းတာ အကုန်လုပ်နိုင်တယ် … အရင်က စခန်းတွေကို ဖြတ်သွားတော့ ဖုတ်ကောင်တွေ တိုက်ခိုက်တာ ခံရတဲ့ စစ်တပ်တစ်ခု တွေ့ခဲ့ဖူးတယ် အဲဒီတုန်းကတော့ စစ်တပ်က သူတို့စခန်းကို ကာကွယ်မယ်လို့ ကတိပေးပြီး တကယ်တော့ သူတို့တိတ်တိတ်လေး တပ်ဆုတ်သွားကြတာ … ယာဖေး ကပ်ကြီးဖြစ်ပြီး စစ်သားတွေက မယုံရတော့ဘူး .. ပြောရရင် ဒီလိုကပ်ဘေးဖြစ်ပြီး ကတည်းက လူတိုင်းက မယုံရတော့ဘူး”
“ဒါ ဒါပေမယ့် …”
ထိုအချက်ကို ကျန့်ယာဖေး ချက်ချင်း လက်မခံနိုင်သော်လည်း ယွင်ချဲ့ ပြောသော စကားမှာ မှန်သည့်အကြောင်း သူမ တွေးမိလိုက်သည်။ စင်စစ်တွင်လည်း သူတို့အားလုံး လုဟိုင်ရွှမ်း၏ အလောင်းကိုမှ မတွေ့ကြသေးပေ။
“ဒီမှာနားနေလေ ငါ့အစ်မကိုပဲ အမြဲတမ်း ကြည့်ပေးနေစရာ မလိုပါဘူး ..ပြီးတော့ မင်းတယောက်တည်း မဟုတ်ဘူး ဆိုတာကို မမေ့ပါနဲ့”
ကျန့်ယာဖေးကို ယွင်ချဲ့ နားလည်သည်။ စခန်းထိတိုင် သူနဲ့အတူ ပါအောင် လိုက်လာနိုင် ကတည်းက သူမ အလွန် သန်မာကြောင်း သိသာသည်။ အခုချိန် သူမ လိုနေသည်က အချိန်ပင်။
“အင်း”
ဟုတ်ပါသည်။ သူမ တစ်ယောက်တည်း မဟုတ်ပေ။ သူမ၏ဆွေမျိုးများ အသက်ရှိသေးလား၊ သူတို့ကို ပြန်တွေ့နိုင်ပါ့မလား မသေချာသော်လည်း ယခု သူမတွင် သူငယ်ချင်း အပေါင်းအဖော်များရှိနေသည်။ သူမတို့ အနာဂတ်တွင် မည်သည့် အခက်အခဲဖြစ်ဖြစ် ကြုံရပါစေ သူမကို မပစ်ထားဘဲ အခက်အခဲများကို အတူတကွ ရင်ဆိုင်ကြမယ်ဟု သူမယုံကြည်သည်။
ယွင်ချဲ့ ပြုံးကာ အစ်မနှင့် တူလေးတို့ကို ကြည့်ပြီးနောက် လှည့်ထွက် သွားလေရာ ကျန့်ယာဖေးက ရုတ်တရက် ခေါ်လိုက်သည်။
“ယွင်ချဲ့”
“ဟင် ?”
ယွင်ချဲ့လည်း သူမကို လှည့်ကြည့်လိုက်ပြီး ….
“ငါနင့်ကို ယုံတယ် .. ဟိုင်ရွှမ်းကို ပြန်ခေါ်လာပေးပါ ငါတို့က မိသားစုတွေပဲ မလား”
ကျန့်ယာဖေး ဉီးညွှတ်ကာ ပြောလေသည်။ သူမတို့က မိသားစုကဲ့သို့ ဖြစ်နေကြပြီ မဟုတ်လား။
“ငါတို့က မိသားစုတွေဆိုရင် ခေါင်းညွှတ်စရာ မလိုပါဘူး .. ငါ ဟိုင်ရွှမ်းကို အန္တရာယ် ကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မယ်”
မိသားစု ဆိုသော စကားလုံးကို ယွင်ချဲ့ အလွန် နှစ်သက်သည်။ ကျိုးဇယ်ယွီ၊ လန်ယဲ့ဟန်၊ လုဟိုင်ရွှမ်းနှင့် ကျန့်ယာဖေး တို့မှာ ယုံကြည်စိတ်ချ ရကြောင်း ယွင်ချဲ့ ယုံကြည်လိုက်လေသည်။
“အွန်း”
ကျန့်ယာဖေး ခေါင်းကို မနားတမ်း ညိတ်ပြသဖြင့် ယွင်ချဲ့လည်း ဘာမှထပ်မပြောတော့ပေ။ လုဟိုင်ရွှမ်း သေသည်ဟု ကြားပြီးနောက် မည်သူလုပ်ခဲ့ကြောင်း သိလိုက်ပြီး လုဟိုင်ရွှမ်းကို ရှာတွေ့ရန် ၈ဝရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိသည်ကို သိလိုက်သည်။
အိမ်ရာ၏ခန်းမထဲတွင် ရှင်းဖုန်းလည်း ထိုအကြောင်းကို ကူးမင်ရွှမ်း မှတစ်ဆင့် ကြားသိရပြီး ဖြစ်သည်။ ထိုကိစ္စကြောင့်ပင် ညနက်သန်းခေါင် လူစုလိုက်ရခြင်း ဖြစ်သည်။ ထိုအကြောင်း ကြားပြီးသည်နှင့်ပင် ကူးမင်ရွှမ်းနှင့် အခြားသူများလည်း သံသယ ဝင်နေကြလေသည်။ ထို့အပြင် လုဟိုင်ရွှမ်းကို ရှင်းဖုန်း ခေါ်လာသည်ကို စစ်တပ်က သိလျက်နှင့် ထိုသို့ လုပ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့တုံ့ပြန်လိုက်ရင် သူတို့မိတ်ဆွေ သေသည်ကို ဟားတိုက်ကြလိမ့်မည်။
“ဝမ်းယန် ကရော ဘာပြောလဲ”
အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ ရှင်းဖုန်း မေးလိုက်သည်။ ယွင်ချဲ့ သူ့ကို ယုံကြည်ခဲ့သဖြင့် သူ၏အဖွဲ့သားများကို အပ်နှံခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုအဖြစ်ကို ယွင်ချဲ့ကို သူဘယ်လို ရှင်းပြရတော့မလဲ။ စစ်တပ်က သူ၏အဖွဲ့သားများကို ထိခိုက်အောင် လုပ်လာခဲ့သဖြင့် သူသည် မည်သူမည်ဝါ ဖြစ်ကြောင်း ယွင်ချဲ့တို့ကို ရှင်းပြရတော့မည်။
ထိုကိစ္စကို သူစုံစမ်းနှင့် ပြီးဖြစ်သည်။ မော့ မိသားစု၊ ဝမ် မိသားစု၊ ဝေ့မိသားစုနှင့် အစိုးရရဲဌာန သူတို့ထဲမှ မည်သူမဆို ထိုကိစ္စကို လုပ်ဆောင်နိုင်သဖြင့် တရားခံကို ချက်ချင်း ရှာဖွေရန် အလွန်ခက်ခဲလှသည်။
ကူးမင်ရွှမ်း မျက်မှန် ချွတ်လိုက်ပြီး စိတ်ပင်ပန်းဟန်ဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။ ထိုသတင်း ကြားပြီးသည်နှင့် ချက်ချင်း ရှင်းဖုန်း ဝမ်းကွဲ အစ်ကိုဖြစ်သူ မော့ဝမ်းယန်ကို ဆက်သွယ်ခဲ့သည်။ တစ်ဖက်တွင် သူတို့ကိုယ်တိုင် စုံစမ်းနေကြသော်လည်း တိကျသေချာသော အဖြေမရပေ။
“ဒီခွေးကောင်တွေ .. လုဟိုင်ရွှမ်းက သာမန်လူပဲကို သူတို့က ဘာလုပ်ချင်ကြတာလဲ”
ချူးဟောင်လင်းမှာ ရှင်းဖုန်းတို့ အဖွဲ့ထဲတွင် ဒေါသအကြီးဆုံးသူ ဖြစ်ပြီး မတ်တပ်ရပ်ကာ အော်ဟစ်လိုက်ပြီး ထိုအပြစ် လုပ်သူများကို သတ်ပစ်တော့မည့်ဟန် ရှိနေသကဲ့သို့ အခြားကျန်သော သူများလည်း ဒေါသထွက် နေကြလေသည်။
“လုဟိုင်ရွှမ်းမှာ စွမ်းအားမရှိတာ သေချာလား”
လန်ယဲ့ဟန်နှင့် ကျိုးဇယ်ယွီတို့ကို ရှင်းဖုန်း ကြည့်လိုက်သည်။ ထိုကိစ္စကြောင့် သူတို့နားရန်ပင် အချိန်မရှိသော်လည်း ရှင်းဖုန်း အဖွဲ့သား၏ စွမ်းအားများကြောင့်သာ သူတို့ပြန်သက်သာ လာရသည်။
“မင်းလည်း ငါတို့နဲ့တိုက်ခဲ့တာပဲ .. သူ့မှာသာ အစွမ်းရှိရင် ဖရဲသီးခွဲတဲ့ ဓားနဲ့ တိုက်စရာ မလိုဘူးလေ”
ကျိုးဇယ်ယွီ မချေမငံ ပြန်ပြောလိုက်ပြီး လန်ယဲ့ဟန် ဘာမှမပြောသော်လည်း သူ၏ပုံစံမှာ တဖြည်းဖြည်းနှင့် ကြောက်စရာ ကောင်းလာသည်။
***