အခန်း (၄၅)
“မဖြစ်ဘူး ! မမ .. မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို ကြည့်ပါဉီး”
ယွင်ယောင် ကိုယ်ကို ယွင်ချဲ့ ထူမထားကာ အရူးတစ်ယောက် ကဲ့သို့ အော်နေမိသည်။ ယွင်ချန် ဖုတ်ကောင် ဖြစ်သွားစဉ်ကပင် သူမ ငိုခဲ့သော်လည်း ယခုမူ ယွင်ချဲ့ စိတ်မတင်း ထားနိုင်တော့ပေ။ သူအချိန်ကြာစွာ ကြိုတင်ပြင်ဆင် ခဲ့သော်လည်း သူ၏ညီ ဖုတ်ကောင် မဖြစ်စေရန်နှင့် အစ်မဖြစ်သူ ထိခိုက်ဒဏ်ရာ မဖြစ်စေရန် သူဘာကြောင့် မတားဆီးနိုင်တာလဲ။
“သေစမ်း”
အဆင့် ၃ ရှိသော ဖုတ်ကောင်က တိုက်ခိုက်ခြင်းကို မရပ်နားဘဲ သူ၏လက်သည်းဖြင့် ယွင်ချဲ့ တို့ကို ကုတ်ခြစ်ရန် ပြင်လိုက်စဉ် ဟေးယွီ ရောက်လာကာ ဖုတ်ကောင်၏လက်ကို တားလိုက်သည်။
“မေမေ … မေမေ…”
“ငါထိန်းထားလိုက်မယ်”
ဖုတ်ကောင်က ပြန်လည် တိုက်ခိုက်ပြန်သဖြင့် ဟေးယွီလည်း ပြင်လိုက်စဉ်တွင် သူ့ထက်ပို၍ လျင်မြန်သော တစ်စုံတစ်ယောက်က ဝင်ရောက် တိုက်ခိုက်လေသည်။ ဟေးယွီ ကျောပေါ်တွင် ထိုင်နေသော ချန်ချန်မှာ ငိုနေပြီး ဟေးယွီ လှည့်ကြည့်လိုက်ရာ ယွင်ယောင် ပါးစပ်ထဲ ရေထည့်ပေးနေသော ယွင်ချဲ့ကို တွေ့လိုက်သည်။
“မမ .. ရေသောက်လိုက်နော် သောက်လိုက်ဉီး .. ဘာမှမဖြစ်ဘူး အရင်သောက်လိုက်နော်…”
ယွင်ချဲ့ စိတ်မထိန်း နိုင်တော့သည်ကို အခြားသူများလည်း ရိပ်မိနေကြသည်။
“သခင်…”
ထိုသို့သော ယွင်ချဲ့ ပုံစံကို ဟေးယွီ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယွင်ချဲ့ ပခုံးပေါ်ကို လက်အသာတင်ကာ နှစ်သိမ့်ပေးရုံက လွဲ၍ ဟေးယွီ မည်သို့ လုပ်ပေးရမည်ကို မသိတော့ပေ။
“ရှောင်ချဲ့ …. မ..မငိုပါနဲ့…”
စမ်းရေကြောင့် ယွင်ယောင် သတိပြန်လည် လာသည်။ သူမကြိုးစား ရုန်းကန် ပါသော်လည်း ရှောင်ချန်ကို သူမ မတွေ့ရသေး၊ ချန်ချန် ကြီးပြင်း လာသည်ကို သူမ မမြင်ရသေး၊ သူမ၏မောင်ဖြစ်သူတို့ မိသားစုကိုယ်စီ ဖြစ်သည်ကို သူမ မတွေ့ရသေးပေ။
ထို့အပြင် ကျိုးကျစ်ကျွင်းကို တွေ့ကာ သူမနှင့် သားလေးကို ဘာကြောင့် ဂရုမစိုက်သည့် အကြောင်း သူမ မေးလိုသေးသည်။ ဘုရားသခင်က သူမကို သနားသော အားဖြင့် အချိန်ထပ်မပေးနိုင်တော့လေသလား။
“မမ”
ယွင်ချဲ့ စိတ်မထိန်းနိုင်ဘဲ ငိုလိုက်မိသော်လည်း မျက်ရည်များကို သုတ်ပေးရန် ယွင်ယောင် အားမရှိတော့ပေ။ ထိုအချိန်တွင် ယွင်ယောင် အသက်ကို တစ်ချက်ရှိုက် လိုက်ကာ …
“ရှောင်ချဲ့ .. ချန်ချန်နဲ့ ရှောင်ချန် ကိုရော ကိုယ့်ကိုယ်ကိုရော ဂရုစိုက်နော်”
သူမ၏လက်ကျန် အားအင်များကို အသုံးပြုလိုက်ရ သကဲ့သို့ သူမမျက်လုံးများကို မထိန်းချုပ် နိုင်တော့ဘဲ မှိတ်ကျ သွားလေသည်။
“ဟင့်အင်း .. သူတို့ကို မမကိုယ်တိုင် ဂရုစိုက်ပေးရမယ် .. မမ ထပါနော် …”
ယွင်ယောင် စကားကြောင့် ယွင်ချဲ့ စမ်းရေဘူးကို ပြန်ယူကာ သူမပါးစပ်ထဲသို့ အနည်းငယ်လောင်းထည့် ပေးလေသည်။
“မမ ဒါသောက်လိုက်ဉီးနော် ..”
ယွင်ချဲ့ စကားကြောင့် ယွင်ယောင်လည်း မသိလိုက်ဘဲနှင့် ပါးစပ်ဟ မိလိုက်သည်။ စမ်းရေသောက်လိုက်ပြီးသည်နှင့် ယွင်ယောင် ပုံမှန်အတိုင်း အသက်ရှူ နိုင်သည်ကို ယွင်ချဲ့ သတိမထားမိလိုက်ပေ။ ထို့အပြင် သူမအနာမှာလည်း သွေးအများအပြား မထွက်တော့ပေ။
“ရပြီ .. ရပြီ …”
ယွင်ယောင် ချောင်းဆိုး လာသဖြင့် ငြင်းလိုက်ရသည်။
“မမ မမ ဘာမှမဖြစ်ရဘူးနော် … အားတင်းထား မမ”
ယွင်ယောင် လက်ကိုကိုင်ကာ ယွင်ချဲ့ ငိုရှိုက်မိပြန်သည်။ အခုတစ်ခေါက်တွင် ဘုရားသခင်နှင့် ယှဉ်တိုက်ရမည် ဆိုလျှင်တောင် သူ၏အစ်မကို ယွင်ချဲ့ ရအောင် ကယ်မည်။
“သခင်ရူးနေပြီလား”
ယွင်ယောင်ကို သူ၏ မှော်နယ်မြေကို ပို့ရန် ကြိုးစားနေသည်ကို ဟေးယွီ ရိပ်မိလိုက်သဖြင့် အမြန်တားဆီး လိုက်သည်။ ယွင်ချန် နှင့်မတူသည်က ယွင်ယောင် သက်ရှိလူသား တစ်ယောက်ပင်။ အကယ်၍ ယွင်ချဲ့ အနေနှင့် ယွင်ယောင်ကို အားကုန်သုံးကာ နယ်မြေသို့ ပို့မည်ဆိုလျှင် ယွင်ချဲ့ သေမည်၊ သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည် ဖြစ်သည်။
“ငါဂရုမစိုက်ဘူး”
ယွင်ချဲ့ ကြိုးစားပြန်သည်။ သူတွေ့ကြုံခဲ့ရသမျှတွင် စမ်းရေကြည်ကို သောက်ပေးလျှင် အားပြန် ပြည့်လာကြောင်း သူသိရှိထားပြီး ဖြစ်သည်။ အကယ်၍ ယွင်ယောင်ကို စမ်းရေထဲတွင် စိမ်ပေးထားလျှင် သူမအနေနှင့် အလျဉ်းသက်သာ လာလိမ့်မည်။
အကယ်၍ သူမကို နယ်မြေထဲသို့ ပို့ထားလိုက်လျှင် သူမကို ကယ်ဆယ်နိုင်မည် ဖြစ်သည်။ သို့သော် ယခုတစ်ခါတွင် သူ၏ကိုယ်တွင်း အသွေးအသားများ ဆူပွက်နေသည်ဟု ခံစားမိနေသည်။ ယွင်ချဲ့ နာကျင်မှုကို ခံစားရသော်လည်း သူလက်မလျော့ချင်ပေ။ ပါးစပ်တွင် စီးကျနေသော သွေးများကို သုတ်ပစ်လိုက်ပြီး နောက်တစ်ကြိမ် ကြိုးစားရန် ပြင်လိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
ရှင်းဖုန်းက သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
“ဖယ်စမ်းပါ”
ယွင်ယောင်ကို ကယ်တင်ရန်သာ အရေးကြီး နေသဖြင့် ရှင်းဖုန်းကို သူအာရုံမစိုက်လိုပေ။ ခဏတာ စောင့်လိုက်ပြီးနောက် ရှင်းဖုန်း ဒူးထောက် ထိုင်ချလိုက်ပြီး ယွင်ယောင် အခြေအနေကိုကြည့်ကာ …
“စခန်းကို ခေါ်သွားရအောင် .. သူ့ကို ဘယ်လို ကယ်ရမလဲဆိုတာ ငါသိတယ်”
ထပ်မံကြိုးစားရန် ပြင်နေသော ယွင်ချဲ့ ရုတ်တရက် ရပ်လိုက်ပြီး ရှင်းဖုန်း ကြည့်လိုက်သောအခါ ယွင်ချဲ့ မျက်ဝန်းများကြောင့် ရှင်းဖုန်း စိတ်မကောင်း ဖြစ်သွားရလေသည်။ အနည်းငယ် ကြာပြီးနောက်တွင် …
“မင်း စွမ်းအားတွေ အကြောင်း အကုန် မသိသေးဘူးမလား .. ရောဂါ မကူးစက်သေး သရွေ့ အလင်းစွမ်းအား ပိုင်ရှင်က ဘယ်စွမ်းအား ပိုင်ရှင်ရဲ့ ဘယ်လို ဒဏ်ရာကိုမဆို ကုသပေးနိုင်တယ် .. ငါ့အဖွဲ့ထဲမှာ တစ်ယောက်ရှိတယ်”
အလင်းစွမ်းအား ပိုင်ရှင်မှာ အလွန်ရှားပါးပြီး လူတစ်သန်းတွင် တစ်ယောက်သာ ဖြစ်နိုင်ချေရှိသည့်အပြင် အဖွဲ့တစ်ဖွဲ့တွင် အလင်းစွမ်းအား ပိုင်ရှင် တစ်ယောက်ရှိလျှင် ထိုအဖွဲ့၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခုပင်။ စခန်း၏ ဗိုလ်ချုပ်ဖြစ်ပြီး ရှင်းဖုန်းနှင့် အရင်းနှီးဆုံး ဖြစ်သည့် အစ်ကိုဝမ်းကွဲ မော့ဝမ်းယန်ပင် ထိုအကြောင်းကို လုံးဝမသိပေ။
“တကယ်လား”
ရှင်းဖုန်း၏ မျက်လုံးများကို ကြည့်ကာ ယွင်ချဲ့ ကွဲအက်နေသော အသံဖြင့် မေးလေသည်။ ယွင်ချဲ့ အတိတ်ဘဝတွင် ၄ နှစ်ကြာအောင် နေခဲ့သော်လည်း တစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ သူတို့မှာ အလွန် ရှားပါးလှသည်။ အကယ်၍ တစ်ယောက် ရှိနေကြောင်း သိသွားခဲ့လျှင် စစ်တပ်က သူ၏လက်အောက်တွင် ထားရန် အစွမ်းကုန် လုပ်လိမ့်မည်။ အကယ်၍ ရှင်းဖုန်း အဖွဲ့တွင် အလင်းစွမ်းအား ပိုင်ရှင် တစ်ယောက်ရှိနေလျှင် သူ၏အစ်မကို ကယ်တင် ပေးနိုင်လိမ့်မည်။
“တကယ်ပေါ့ .. ငါက ရွှေခြေထောက်ပါကွ”
ရှင်းဖုန်း အလွယ်တကူပင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် !”
ရှင်းဖုန်း မလိမ်ကြောင်း အတည်ပြု ပြီးသည်နှင့် အစ်မကို ယွင်ချဲ့ ကိုယ်တိုင် ပွေ့ချီလိုသော်လည်း သူ၏ဒဏ်ရာကို သတိလက်လွတ် ဖြစ်နေမိသည်။ ထိုသို့ ဖြစ်နေသည့်တိုင် သူကြံ့ကြံ့ခံနိုင်သည်က အလွန် ဆန်းကြယ်လှနေပြီ။ ယွင်ယောင်ကို ရှင်းဖုန်း ပွေ့ချီလိုက်သည်။
“သူ့ကို ဟေးယွီ ပေါ်တင်လိုက် .. မငိုနဲ့နော် ချန်ချန် .. မေမေ ဘာမှမဖြစ်ဘူးနော်”
ဟေးယွီကို အားပြုကာ ယိုင်နဲ့စွာ ထရပ်နေသဖြင့် ရှင်းဖုန်း အလွန် စိတ်ပူနေမိပြီး ယွင်ချဲ့ကို ချစ်မိနေပြီ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ရိပ်မိလိုက်သည်။
ချန်ချန်၏ မျက်လုံးများတွင် မျက်ရည် တွဲခိုနေသော်လည်း ပါးစပ်ကို သူ၏လက်သေးသေးလေးများနှင့် အုပ်ထားပြီး အသံမထွက်စေရန် ထိန်းထားလေသည်။
“ဟေးယွီ”
ဟေးယွီ ကို ယွင်ချဲ့ ပုတ်လိုက်ပြီး သူ့ကို ယုံကြည်လိမ့်မည်ကို သိသည်။
“သခင် ကျွန်တော့်ကို ချော့ကလက်တွေ ကျွေးရမှာ မမေ့နဲ့နော် !”
ယွင်ချဲ့ကို နက်နဲစွာ ကြည့်လိုက်ပြီး ဟေးယွီ လျှာထုတ်ကာ ယွင်ချဲ့ မျက်နှာကို လျက်လိုက်သည်။ သူ့အသံမှာ ဝမ်းနည်းမှုများ ပြည့်နေသဖြင့် မကောင်းသော အရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု ယွင်ချဲ့ သတိပြုမိလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ”
ဟေးယွီ တစ်ခုခုမူမမှန် ဖြစ်နေသည်။
“ကျွန်တော်က ဘာလုပ်ရမှာလဲ ဖုတ်ကောင်တွေကို သတ်မလို့ပေါ့ … သခင်က သူတို့ကိုသတ်ဖို့ အားရှိသေးလို့လား”
ယွင်ချဲ့ အကြည့်များကို ရှောင်ကာ ရုတ်တရက် ရှင်းဖုန်း ကိုကြည့်လျက် …
“သူတို့ကို ခေါ်သွားလိုက်ပါ … သူ့ကို ကျုပ်ကိုယ်တိုင် တိုက်မယ် ကျန်တဲ့သူတွေနဲ့ ပြေးတော့”
ပြတ်သားစွာ ဆုံးဖြတ်ထားသကဲ့သို့ ဟေးယွီ ပြောလေသည်။
“အင်း …”
ရှင်းဖုန်း ဂရုတစိုက် ခေါင်းညိတ် ပြလေသည်။
မကြာခင် အားလုံးအတူ စုမိကြပြီးနောက် ဟေးယွီက ချန်ချန်ကို ကျန့်ယာဖေးထံ ကမ်းပေးလိုက်သည်။ အဆင့် ၃ ဖုတ်ကောင်မှ စတင် မတိုက်ခိုက်ချိန်တွင် ဟေးယွီ စူးရဲစွာ ဟိန်းဟောက်လိုက်ပြီး ပါးစပ်ထဲတွင် အမျိုးအမည် မသိသော ဓါတ်ငွေ့များ စုစည်းလာသည်။ ဟေးယွီ အနောက်တွင် ပုန်းကွယ်နေကြသော ရှင်းဖုန်းနှင့် အခြားသူများမှာလည်း နှလုံးခုန်များ မြန်ဆန်လာကြပြီး သူတို့၏အစွမ်းများ ပြန်လည် ပြည့်တင်းလာသည်ဟု ခံစားနေရသည်။
“ဟေးယွီ”
ရှင်းဖုန်းလည်း ယွင်ယောင်ကို လန်ယဲ့ဟန် ထံသို့ ကမ်းပေးလိုက်သည်။ အစတွင် ယွင်ချဲ့ အထိတ်တလန့် ဖြစ်သွားသော်လည်း ဟေးယွီကို စိတ်ပူလာမိသည်။ ထိုခွန်အားမှာ အလွန် ကြီးမားလှသဖြင့် ဟေးယွီ အန္တရာယ် ကင်းပါ့မလား။
သို့သော် ယွင်ချဲ့မှာ ဟေးယွီကို မတားဆီးနိုင်တော့ဘဲ အားအင်များ စုစည်းနေသည်ကိုသာ အတိုင်းသား ကြည့်နေရတော့သည်။
ဝုန်း
ဟေးယွီ ပါးစပ်မှ အလင်းတန်းများ ထွက်လာပြီး လမ်းပေါ်တွင်ရှိသော ဖုတ်ကောင်များမှာလည်း သွေးများ ကိုယ်များပင် မကျန်တော့ဘဲ ပျောက်ကွယ် ကုန်လေသည်။ ထိုအဖြစ်ကို မျက်မြင် မြင်တွေ့ လိုက်သူများမှာလည်း သူတို့တွေ့ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ထိုစွမ်းအားမှာ အလွန် ကြီးမားလှသဖြင့် သူတို့၏ သိမြင်နိုင်စွမ်းထက် ပို၍သာလွန်နေသည်။
ဟေးယွီ တစ်ချက်ဟိန်း လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး သေးငယ်သော ခွေးငယ်တစ်ကောင်အဖြစ် ပြောင်းလဲကာ ပြုတ်ကျလာသည်။
“ဟေးယွီ !”
ရှင်းဖုန်းကို ယွင်ချဲ့ တွန်းထုတ်လိုက်ပြီး အမြန်ပြေးကာ ဟေးယွီ မြေပေါ်မကျခင် အမြန်ဖမ်းယူကာ ထွေးပွေ့ထားလိုက်သည်။
“ဟေးယွီ …”
ယွင်ချဲ့ မျက်ရည်များ ကျလာပြန်ပြီး အားနည်းနေခဲ့သော ကိုယ့်ကိုယ်ကို ပထမဆုံးအကြိမ် မုန်းတီးမိပြီး ပိုမိုသန်မာအောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ် ထားလိုက်သည်။
ဟေးယွီ၏ အစွမ်းကြောင့် အခြားသူများလည်း အံ့အားသင့် ကုန်လေသည်။ ထိုအစွမ်းမှာ အဏုမြူဗုံးကဲ့သို့ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ပြောရန်စကားများပင် ပျောက်ဆုံးနေသည်။ ဟေးယွီ စွမ်းအား မည်မျှကြီးမား သန်မာလှသည်ကို ပထမဉီးစွာ သိလိုက်ရခြင်း ဖြစ်သည်။
“သွားကြစို့ !”
ရှင်းဖုန်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲမှ ကားနှစ်စီး ပေါ်လာပြီး ယွင်ချဲ့ထံ အမြန်ပြေးကာ ပွေ့ချီလျက် ကားပေါ်သို့ အမြန်တက် လိုက်သည်။ အခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ကားပေါ်တက်ကာ ရှင်းလင်းနေသော လမ်းမှဖြတ်၍ အနောက်တောင်စခန်းသို့ ဉီးတည် မောင်းနှင် ကြလေသည်။
အနောက်တောင် လုံခြုံရေးစခန်းမှာ လင်းမြစ်နှင့် လုံမန် တောင်တန်းများကြား တည်ရှိပြီး ကမ္ဘာပျက်ကပ် ဆိုက်သည်နှင့် စစ်သား အများအပြားကို ခေါ်ယူကာ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေတို့ကို ရှာဖွေစုစည်းရန် အမိန့်ထုတ်ခဲ့သည်။
လုံခြုံရေးစခန်း၏ တံတိုင်းကို ၃ ရက်အတွင်း တည်ဆောက်ခဲ့ပြီး စခန်းကိုလည်း အပြင်ဘက်မှ အထဲသို့ စုစည်းသည့် ပုံစံဖြင့် ဆောက်လုပ်ခဲ့သည်။ တစ်ချိန်တည်းတွင်လည်း အသက်ရှင် ကျန်ရစ်သူများကို ခေါ်ယူရန် ခေါင်းဆောင်ပိုင်းရှိ လူများက ဆုံးဖြတ်ခဲ့ကြသည်။
ကမ္ဘာပျက်ကပ် ဆိုက်ပြီးနောက်တွင် လူများစွာ အကြောက်တရားနှင့် နေထိုင်ခဲ့ရသဖြင့် လုံခြုံရေးစခန်းမှာ ဆင်းရဲသူများ အတွက် ချီးမြှောက်ခြင်း ဖြစ်မည်မှာ မလွဲပင်။ ထိုတစ်ခုတည်းသော အသက် လွတ်မြောက်ရာ လမ်းကို မည်သူမဆို ပြင်းထန်စွာ ဆုပ်ကိုင် ထားကြမည် ဖြစ်သည်။
ထိုသို့ ကြေညာပြီးနောက် အသက်ရှင် ကျန်ခဲ့သူများ နေ့စဉ်မပြတ် စခန်း ရောက်လာကြလေသည်။ သို့သော် စခန်း၏ တင်းကျပ်သော စည်းမျဉ်းအရ ရောက်လာသူ မည်သူမဆို အစစ်ဆေးခံရမည် ဖြစ်သည်။ ဒဏ်ရာ အနာတရရှိလျှင် ဖုတ်ကောင် အကိုက်ရခြင်း ဟုတ်သည် မဟုတ်သည်ဟု မခွဲခြားဘဲ ထိုသူတို့သည် ၆ နာရီကြာ ပိတ်လှောင် စောင့်ကြည့် ခံရမည်ဖြစ်ပြီး ပြောင်းလဲခြင်း မရှိသူမှသာ စခန်းထဲသို့ ဝင်ခွင့်ရမည်ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ထိုနေရာတွင်ပင် လက်စဖျောက် ခံရပေမည်။ အကယ်၍ လူတစ်ယောက်က စွမ်းအား ရှိနေသည်ဆိုလျှင် စစ်တပ်က ထိုသူကို အချိုသပ် ထားမည်ဖြစ်ပြီး ထိုသူသည် စစ်တပ် လက်အောက်တွင် အလုပ်လုပ်နိုင်သည် မလုပ်နိုင်သည်ကို ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
***