အခန်း (၃၃)
ယွင်ချဲ့မှာ ဆေးလိပ်ဖွာလျက် တံခါး အပြင်ဘက်ရှိ သံဇကာ ခြံစည်းရိုးကို မှီလျက် ရပ်နေကာ ဘေးပတ်လည်တွင်လည်း မီးခိုးများ ဝေ့ဝဲနေသည်ကို ရှင်းဖုန်း တွေ့လိုက်ရသည်။
“မင်းစိတ်တိုနေတာလား”
ရှင်းဖုန်းလည်း လမ်းလျှောက်လာကာ ခြံစည်းရိုး မှီလိုက်ပြီး ယွင်ချဲ့ကို စွေကြည့်လျက်မေးလိုက်သည်။
“ငါက ? ငါ့ဘေးမှာ ကလေး ရှိနေတာကို မင်းမတွေ့ခဲ့ဘူးလား”
ယွင်ချဲ့ အသာရယ်ကာ ဆေးလိပ်ဖွာလျက် တစ်ဖက် လှည့်လိုက်သည်။
“သာမန်လူတွေ အနေနဲ့ဆိုရင် သူတို့လည်း တော်တော် ကြိုးစားရှာပါတယ် .. စာနာသနားတတ်တဲ့ စိတ်ရှိတာကလည်း ပုံမှန်ပဲလေ ငါတို့က လူသားတွေပဲကို”
“ဒါဆိုရင် မင်းက သာမန်လူ မဟုတ်ဘူးလို့ ပြောချင်တာပေါ့”
ယွင်ချဲ့ ပြောသည့် စကားကို ရှင်းဖုန်း အခြားအဓိပ္ပါယ် တစ်မျိုးနှင့် နားလည် လိုက်သဖြင့် ပြန်မေးလေသည်။ ယွင်ချဲ့လည်း ယဉ်ကျေးစွာ ပြုံးလိုက်ပြီး …
“ငါတို့က အတူတူပဲ မဟုတ်လား”
“အင်း… မင်းက အခုထိ ငါ့အတွက် လျို့ဝှက် ဆန်းကြယ်နေတုန်းပဲ .. ငါ့ကို ပိုပြီး စိတ်ဝင်စား လာအောင်လုပ်နေတာလား”
မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်ကာ သူ၏ စိတ်ဝင်စားမှုကို မဖုံးကွယ်ထားဘဲ ရှင်းဖုန်း သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ခဏတာ ဖိထားလိုက်သည်။
“မင်းက စိတ်ဝင်စားတယ် ? ငါဂုဏ်ယူရတော့မှာလား”
သို့သော် ယွင်ချဲ့မှာ အကူအညီမဲ့ နေသေးသဖြင့် စိတ်ဝင်စားခြင်းက ကြာရှည်ရှိမည့် အရာမဟုတ်ပေ။
“အမ် .. ဟို .. မနက်ဖြန် မင်း ငါနဲ့ စခန်းကို လိုက်ခဲ့မလား”
ယွင်ချဲ့ကို နက်နဲစွာ စိုက်ကြည့်လျက် ရှင်းဖုန်း ပြောလိုက်သဖြင့် ယွင်ချဲ့လည်း အနည်းငယ် လန့်သွားကာ ဟာသနှော၍ ပြန်ပြောလိုက်သည်။
“အရမ်းတွေ မကြင်နာပြပါနဲ့ဗျာ .. မသိရင် အရမ်းချစ်ကြတဲ့ ရည်းစားအတွဲတွေ လို့တောင် ထင်မိသွားတယ်”
ထင်ယောင်ထင်မှား ဖြစ်မည် စိုးသောကြောင့် အာရုံကို သေချာစူးစိုက် ထားရလေသည်။
“အချစ်ဆိုတာက မိန်းကလေး အနည်းအကျဉ်း တချို့ ကြိုက်ကြတာလောက်ပဲ … ငါ့ကိုယုံလိုက်ပါ ငါ့ရဲ့ချစ်သူဖြစ်တာထက် တွဲဖက်ဖြစ်တာက ပိုပြီး ပျော်စရာ ကောင်းတယ်”
ရှင်းဖုန်းက မျက်မှောင်ကြုတ်ကာ သူနှင့်အတူလိုက်ရန် လောကွတ် ပြုပြန်သည်။
“မင်းအတွက် တွဲဖက်ဆိုတာက တစ်ဘဝလုံး တစ်ယောက်အတွက် တစ်ယောက် ကာကွယ် တိုက်ခိုက်ပေးကြပြီး ချစ်သူရည်းစား ဆိုတာက အချိန်မရွေး အစားထိုးလို့ရတယ် ဟုတ်တယ်မလား”
အကြောင်းပြချက်မရှိ ယွင်ချဲ့ ကိုယ့်ကိုယ်ကို အနည်းငယ် ပျောက်ဆုံး သွားသည်ဟု ခံစားလိုက်ရသော်လည်း ချက်ချင်း လျစ်လျူရှုကာ …
“ဘာဖြစ်ဖြစ် ငါ့ရဲ့အဖွဲ့ဖွဲ့မှာမလို့ ငါအခြားအဖွဲ့တွေထဲဝင်ဖို့ ဆန္ဒမရှိဘူး”
အတိတ်ဘဝတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာမှာ ကိုယ်ကိုယ်တိုင်ကပင် အခြားသူများထက် ပိုသာလွန်သည်ကို ယွင်ချဲ့ သိခဲ့ရသည်။ ရှင်းဖုန်းကို သူ၏အစ်မနဲ့ တူလေး ဖြစ်သူအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခု ထောက်ပံ့ ပေးစေလိုပြီး အခြားသော အရာများကို သူကိုယ်တိုင် ရှာဖွေစုဆောင်းမည် ဖြစ်သည်။
“အနောက်တောင် လုံခြုံရေး စခန်းမှာလား”
ထူးဆန်းစွာပင် ရှင်းဖုန်း အံ့ဩသွားခြင်း မရှိပေ။ စသိခဲ့သည့် အချိန်ကစ၍ ယခုထိတိုင် ယွင်ချဲ့က အခြားသူများကို မမှီခိုလိုသူဟု ခံစားသိရှိစေခဲ့ပြီး ယွင်ချဲ့ ကလည်း ကိုယ့်အားကိုယ် ကိုးနိုင်သူဖြစ်သည်။
“အင်း… အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူကမှ မပြောနိုင်တာ”
ရှင်းဖုန်း၏ အမေးကို တိုက်ရိုက် မဖြေဘဲ ယွင်ချဲ့ ဆေးလိပ် ထပ်ထုတ်ကာ မီးညှိလျက် ညကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ အနောက်တောင် လုံခြုံရေးစခန်းမှာ တည်ငြိမ်ကာ လွတ်လပ်မည်ဟု သူယူဆသော်လည်း သူပြောသည့် အကြောင်းပြချက်က မဖြစ်နိုင်ပေ။ အတိတ်ဘဝတွင် သူသိခဲ့ရသလောက်မှာ စစ်တပ် လက်အောက်ရှိ လုံခြုံရေး စခန်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြပြီး စင်စစ် ပင်မဗဟို စခန်းမှာ မြို့တော် လုံခြုံရေးစခန်း ဖြစ်သည်။
ထိုစခန်းထဲတွင် ကျိုး မိသားစုအားလုံး ရှိနေပြီး ကျိုးကျစ်ကျွင်း သည်လည်း စစ်တပ်၏ ရာထူးမြင့် အရာရှိ တစ်ယောက်လည်း ဖြစ်နေသည်။ တစ်နေ့ သူ ကျိုး မိသားစုနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည်ဆိုလျှင် အနောက်တောင် စခန်း၏ ခေါင်းဆောင်များက သူ့ကို အရင်ဉီးစွာ တွန်းထုတ်ကြမည် ဖြစ်သည်။ အကယ်၍ သူ၏အစွမ်းနှင့် စံနှုန်းက စခန်းနှစ်ခု၏ ဆက်နွှယ်မှုထက် ပို၍သာလွန်နေမည်ဆိုလျှင် တစ်မျိုး ပြောင်းလဲ သွားနိုင်သည်။
ထို့အပြင် ယွင်ချဲ့တွင် ဖော်ပြ၍ မရနိုင်သော လျှို့ဝှက်ချက် တစ်ခု ရှိလာပြန်သည်။ ထိုလျှို့ဝှက်ချက်မှာ ယွင်ချန်ပင်။ ရှောင်ချန် တည်ရှိမှုကို လူအများ သိရှိကုန်ကြလျှင် လူသားများ၏ အဓိကရန်သူ ဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်သည်။ လူသားတို့၏ ဒေါသ၊ လောဘနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကို အတိတ်ဘဝမှ ယွင်ချဲ့ နားလည်ခဲ့ရသည်။
ယွင်ချဲ့၏ မျက်နှာကို ဘေးမှစိုက်ကြည့်ရင်း ရှင်းဖုန်း အာရုံတို့ ပျံ့လွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သတိပြန်ကပ်သည့် အချိန်တွင် သူ၏လက်မှာ ယွင်ချဲ့ ထံသို့ ဆန့်တန်းထားနှင့် နေလေသည်။
“ဟင် ?”
သူ၏မျက်နှာမှာလည်း ပူထူလာကာ ယွင်ချဲ့ ကလည်း သူ့ကို ထူးဆန်းသော ပုံစံနှင့် ကြည့်နေလေသည်။ ယွင်ချဲ့ကို ကြိုက်နှစ်သက် နေသည့်ပုံစံဖြင့် အမျိုးမျိုး ကျီစယ် တတ်သော်လည်း အမှန်တကယ် စနောက်လိုခြင်း မရှိပေ။
“အဲဒီလူတွေက မင်းကို ရိသဲ့သဲ့ လုပ်ချင်တာ မဆန်းပါဘူး .. မင်းမျက်နှာက မိန်းကလေးတွေထက်တောင် ပိုနူးညံ့နေသေးတယ်”
ရှင်းဖုန်း စိတ်ထဲ ရှက်ရွံ့မိသော်လည်း အချို့ကိစ္စများတွင် စိတ်ခိုင်မာသူ ဖြစ်သောကြောင့် ရှက်ရွံ့စိတ်ကို မဖော်ပြတော့ပေ။
ယွင်ချဲ့ မျက်နှာကို ထိကိုင်ထားသော ရှင်းဖုန်း လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ယွင်ချဲ့ တုံ့ပြန်ပုံလည်း နှေးကျသွားသည်။ သူစနောက်နေတာ များလား။ သူဘာကြောင့် အရှက်နည်းရတာလဲ။
“အဟမ်း .. ဒီညက အေးချမ်းလိုက်တာ”
မည်မျှပင် ခေါင်းမာသူ ဖြစ်ပါစေ ယွင်ချဲ့၏ အံ့ဩသော အကြည့်ကို သူလုံးဝ လျစ်လျူမရှုနိုင်ပေ။ ရှင်းဖုန်းလည်း ချောင်းဟန့်ကာ လကိုပင် မမြင်ရသည်အထိ မှောင်မိုက်နေသော ညကောင်းကင်ကို ကြည့်လိုက်သည်။
“ဒါဆို မင်းက ဒီကိုဘာလာလုပ်တာလဲ”
ယွင်ချဲ့ တစ်ဖန် ပြန်မေးလိုက်ရာ ရှင်းဖုန်းလည်း ယွင်ချဲ့ သူ့ကို မစိုက်ကြည့်တော့သည်ကို မြင်လိုက်သဖြင့် သက်ပြင်းချကာ ….
“ငါနဲ့အတူ စခန်းကို ပြန်လိုက်ပြီး ငါ့အဖွဲ့ထဲဝင်ဖို့ ဖိတ်နေတာလေ … ရှင်းတယ်မလား”
“ငါ့ကိုများ အီစီကလီ လုပ်ဖို့ ရောက်လာတာလားလို့”
ယွင်ချဲ့ တစ်ဖက်လှည့်ကာ သူ၏နူးညံ့သော မျက်နှာကို ပြန်စမ်းကိုင် လိုက်သည်။
“ငါတို့က ယောက်ျားလေးတွေပဲလေ ဒီတိုင်း ထိကိုင်တာပဲကို .. ငါ့မျက်နှာကို မင်းကိုင်ချင်ရင်လည်း ရတာပဲ”
ထိုအချက်မှာ အတိတ်ဘဝမှ သူ၏ အမည်းစက် တစ်ခုပင်။
“မင်းပြောပုံအရ ဆိုရင် ငါတို့က ယောက်ျားတွေဆိုတော့ ငါမင်းနဲ့ တစ်ရက်လောက် အိပ်လိုက်ရင်တောင် ဘာမှမဖြစ်ဘူးမလား”
ယွင်ချဲ့ စကားကို ရှင်းဖုန်း တိတ်လန့်ကာ မျက်နှာမှာလည်း ငုံ့ကျသွားလေသည်။ ခဏအကြာ သူ၏မေးကိုကိုင်ကာ မော့ကြည့်စေလိုက်ပြီး ….
“မင်းဆိုရင်တော့ ကိစ္စမရှိဘူး .. အချိန်မရွေး ငါ့ဆီလာလို့ ရတယ်”
စနောက်နေသည့် စကားမှာ ပို၍ထူးဆန်းလာပြီး စကားလမ်းကြောင်း ဉီးတည်ရာပြောင်းသွားသည်ကို သူတို့ သတိမမူမိ လိုက်ကြတော့ပေ။
“တကယ်လား”
ရှင်းဖုန်း၏ အင်္ကျီကော်လာကို ယွင်ချဲ့ ဆုပ်ကိုင်ကာ ကိုယ်ကို အနည်းငယ် ကိုင်းလျက် သူ၏ချယ်ရီရောင် နှုတ်ခမ်းများက ရှင်းဖုန်း၏ ဆွဲဆောင်မှု ရှိလှသော နှုတ်ခမ်းသားတို့ကို ထိကပ်လိုက်ပြီး တုံ့ပြန်ခွင့်ပင် မပေးဘဲ နှုတ်ခမ်းသားကို ကိုက်ကာ သူ၏လျှာကို ဝင်ရောက် ကျူးကျော်စေလိုက်သည်။
“ဟမ် ?”
ထိုရုတ်တရက် ဆန်သော အနမ်းကို မမျှော်လင့် ထားသဖြင့် ရှင်းဖုန်း အံ့အားသင့်ကာ မျက်လုံးများမှာလည်း တုန်ယင်နေသည်။ ယွင်ချဲ့လည်း တိုတောင်းသော အနမ်းကို ရပ်တန့်လိုက်ပြီး …
“မင်းက အရသာရှိသားပဲ .. ငါတို့က ယောက်ျားလေးတွေပဲ ဆိုတော့ မင်းဘာမှ မဖြစ်ဘူးမလား”
ယွင်ချဲ့၏ ပါးမို့နှစ်ဖက်မှာ နီမြန်းနေပြီး သူ၏စိုစွတ်နေသော နှုတ်ခမ်းကို လက်ချောင်းများဖြင့် ပွတ်သပ် လိုက်ပုံမှာ ယွင်ချဲ့ကို ပို၍ဆွဲဆောင်မှု ရှိသွားစေသည်။
“မဖြစ်ဘူး .. အခုငါ့အလှည့်ပဲ”
ရှင်းဖုန်း စိတ်လွတ်သွားပြီး အရှေ့ကို ကိုင်းလိုက်ကာ ယွင်ချဲ့၏ နီရဲနေသော နှုတ်ခမ်းသားတို့ကို နမ်းရှိုက်လေသည်။ ယွင်ချဲ့၏ အချောမကျသော အနမ်းနှင့်ယှဉ်လျှင် ရှင်းဖုန်း၏ အနမ်းက စိတ်ထက်သန်ကာ ပြင်းပြလှသည်။ သူ၏အနမ်းကြောင့် ယွင်ချဲ့ နာကျင်နေပုံ ရသော်လည်း ရှင်းဖုန်း အလျော့မပေးဘဲ နှုတ်ခမ်း အတွင်းသားများ၏ ချိုမြမှုကို ထောင့်ပေါင်းစုံမှ ရှာဖွေသုံးဆောင်လျက်ပင်။
“အင်း …”
စိတ်ခံစားချက် အချို့ ရောထွေးနေသော ညည်းညူသံ ထွက်ပေါ်လာသည်။ ယွင်ချဲ့၏ အတိတ်ဘဝတွင် ယောက်ျားလေး ချစ်သူ ရှိခဲ့သော်လည်း ထိုသူက မိန်းကလေးများကိုသာ စိတ်ဝင်စားပြီး သူ့ကို အနည်းငယ်ပင် မထိကိုင်ခဲ့ပေ။ ယွင်ချဲ့၏ ခြေထောက်မှာလည်း ခွေကျလုမတတ် အားအင်ချိနဲ့ လာသကဲ့သို့ ခံစားလာရသော်လည်း ရှင်းဖုန်းက ကျောကို ဖက်ထားပေးသဖြင့် သူမယိုင်လဲ သွားခြင်းပင်။
“အဟမ်း ….”
အလိုက်ကမ်းဆိုး မသိသော ချောင်းဟန့်သံက ရုတ်တရက် ပေါ်လာသဖြင့် မွတ်သိပ်စွာ နမ်းရှိုက်နေကြသူတို့မှာ တုန်လှုပ် သွားလေသည်။ ခွာလိုက်သော နှုတ်ခမ်းတို့ကြား ငွေရောင် အမျှင်တန်းရှိနေသည့်ပုံက ရမ္မက် နိုးကြွနေသော အခြေအနေကို မြင်သာစေသည်။ ယွင်ချဲ့ကို ရှင်းဖုန်း မလွတ်ပေးလိုဟန်ဖြင့် ဖက်ထားပြီး အသံပေးသူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ယွင်ချဲ့ သည်လည်း ရှင်းဖုန်း၏ ပုံစံကို အာရုံမစိုက်နိုင်ဘဲ ရှင်းဖုန်း၏ လက်မောင်းကြားထဲ လဲနေကာ လေကိုသာ ရှူရှိုက်နေလေသည်။
ရှင်းဖုန်းကို လန်ယဲ့ဟန် မနှစ်မြို့ဟန်ဖြင့် လျစ်လျူရှု လိုက်သော်လည်း စကားပြောရန် အခွင့်ကောင်းမယူပေ။
ရှင်းဖုန်းကို ယွင်ချဲ့ တွန်းထုတ် လိုက်သော်လည်း မလွှတ်ပေးသဖြင့် ယွင်ချဲ့ မျက်လုံး လှန်ကြည့်ကာ ခေါင်းမော့လျက် ….
“မင်းငါ့ကို ဖက်ရတာ သဘောခွေ့နေလား”
“အင်း .. နည်းနည်း …”
ယွင်ချဲ့၏ မေးကိုကိုင်ကာ ရှင်းဖုန်း ကိုယ်ကို ကိုင်းချလိုက်ပြီး နားနားကပ်ကာ တီးတိုးပြောဆိုလေသည်။
“ငါပြောခဲ့တာကို ပြန်ပြင်ပြောမယ် .. တကယ်လို့ မင်းက ငါ့ရဲ့တွဲဖက်ပဲဖြစ်ဖြစ် ချစ်သူပဲဖြစ်ဖြစ် အတူတူပဲ”
နိုင်ငံရေးတွင် ပါဝင်သော စစ်တပ်မိသားစုမှ မွေးဖွားလာသည့် ရှင်းဖုန်းသည် ငယ်စဉ် ကတည်းက စစ်တပ်ထဲတွင်သာ ကြီးပြင်းခဲ့ပြီး လိင်တူ ချစ်ကြိုက်သူများမှာ သူမလိုချင်ဆုံးသော အရာပင်။ ရှင်းဖုန်း အသက် ၂၀ အရွယ် ရောက်သည့်အခါ တစ်စုံတစ်ခုက မိသားစု၏ နေရာကို အာခံလှုပ်ကိုင်လာသဖြင့် ရှုပ်ထွေးကာ မတည်ငြိမ်တတ်သော စီးပွားရေး လောကသို့ ဝင်ရောက် လာခဲ့သည်။
လိင်တူချစ်ခြင်း အပေါ် သဘောထားကွဲလွဲခြင်းများ မရှိသည့်အပြင် မိမိကိုယ်ကို ရိုးသားစိတ် ထားသူလည်း ဖြစ်သည်။ ရှင်းဖုန်းသည် ယွင်ချဲ့နှင့် သူတို့ အချင်းချင်း ချစ်ကြိုက်နေကြသည်ဟု မထင်သော်လည်း စွမ်းဆောင်ရည်ကြောင့် မဟုတ်လျှင် ယွင်ချဲ့၏ ကိုယ်ခန္ဓာကို စိတ်ဝင်စားခြင်း ဖြစ်မည်ဟု ရှင်းဖုန်း တွေးလိုက်သည်။
“တွဲဖက်တွေ ချစ်သူတွေကို ငါစိတ်မဝင်စားဘူး အိပ်ဖော်အိပ်ဖက် လိုချင်တယ်ဆိုရင် စမ်းကြည့်ပေါ့ … ကမ္ဘာပျက် ကပ်ကြီးမှာ အထီးကျန် အဖော်မဲ့ပြီး ငြီးငွေ့စရာ ကောင်းတယ်”
ကံဆိုးစွာပင် ယွင်ချဲ့က တွဲဖက်အဖြစ်ရော ချစ်သူအဖြစ်ကိုပါ စိတ်မဝင်စားပေ။ အလိမ်အညာနှင့် ပျက်စီးခြင်းတို့ ပြည့်နေသော အချစ်ကို အတိတ်ဘဝတွင် ယွင်ချဲ့ ကြုံတွေ့ခဲ့ရသဖြင့် သူ၏ ခံစားချက်တို့ကို အခြားသူများအား ပြောပြဝေမျှလိုစိတ် မရှိတော့ပေ။ အိပ်ရာထက် ကိုယ်လက်နှီးနှောခြင်းက သာလျှင် ခံစားချက် မပါသည့် ရိုးရှင်းသော သာမန် ထိတွေ့ဆက်ဆံရေးဟု ယွင်ချဲ့ လက်ခံထားသည်။
“ငါမှတ်မိတာ မှန်မယ်ဆိုရင် မင်းက အခုမှ အသက် ၂၀ ပဲ ရှိသေးတာမလား … ဘာလို့လက်တွေ့ ဆန်နေရတာလဲ”
ထူးဆန်းစွာပင် ယွင်ချဲ့၏ ငြင်းဆန်မှုကြောင့် ရှင်းဖုန်း ရှက်ရွံ့ခြင်း မရှိသော်လည်း စိတ်ဝင်စားစွာ ကြည့်နေလေသည်။ ထိုအနမ်းမှာ မဖြစ်ခဲ့သည့်အလား ယောကျ်ားသား နှစ်ဉီးကို ရှက်ရွံ့စေခြင်း မဖြစ်ခဲ့ပေ။
***