အခန်း (၃၁)
ဖြစ်ရပ်အစအဆုံး တိုင်အောင် ယွင်ချဲ့မှာ အေးဆေး တည်ငြိမ်လျက်ပင်။ ယောက်ျား နှစ်ယောက်၏ အင်္ဂါကို ဖြတ်ခဲ့သော်လည်း သူ၏မျက်နှာမှာ ပြုံးမြဲပြုံးနေလျက်။ ထိုအခြေအနေမျိုးတွင် တည်ငြိမ်စွာ နေနိုင်သည်မှာ မာန်မာနကြီး နေသောကြောင့်လား၊ အလွန် သန်မာလှသဖြင့် အကြောက်တရား ကင်းမဲ့သွားခြင်းလားပင်။
သူ၏နူးညံ့သော မျက်နှာနှင့် ပိန်သွယ်သော ခန္ဓာကိုယ်ကြောင့် မာနကြီးခြင်းသာ ဖြစ်မည်ဟု ယူဆကြပေလိမ့်မည်။
“သူတို့ကို ဘေးအခန်း ရွှေ့လိုက်”
ယွင်ချဲ့ ဘေးတွင် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောဆိုနေသော သူတို့ကို ကြည့်ကာပြောလိုက်သဖြင့်ထိုသူတို့က ကြမ်းပြင်ပေါ် လဲနေသူ နှစ်ယောက်ကို ဘေးအခန်းသို့ ဆွဲခေါ်သွားကြသည်။
“ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ .. ဒဏ်ရာရော ပျောက်သွားပြီလား”
သူတို့လူ အချင်းချင်းဖြစ်သည့် ဒဏ်ရာရ လူနှစ်ယောက်ကို ဆက်ဆံပုံမှာ ကြမ်းတမ်း လှသည်ကို ယွင်ချဲ့ သတိထားမိ လိုက်သော်လည်း ခဏကြည့်ပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။ သူတို့၏ ဆက်ဆံရေးကို ယွင်ချဲ့ စိတ်မဝင်စား မစွက်ဖက်လို သကဲ့သို့ ကျန့်ယာဖေးနှင့် ရှင်းဖုန်း တို့လည်း ထိုနည်းတူပင်။
ထိုလူတစ်စုတို့ အကြောင်းကို မေ့ထားလိုက်ကြသည်။
ကျိုးဇယ်ယွီ သယ်လာသော အိတ်ထဲမှ ဓာတ်ဘူးနှင့် နို့မှုန့်ဘူးကို ယွင်ချဲ့ ရှာတွေ့ သွားသည်နှင့် ချန်ချန်လည်း အလိုက်သိစွာ သူ့အိတ်ထဲမှ နို့ဘူးကို ယူထုတ်လိုက်သည်။
“ဦးဦးရေ သားဗိုက်ဆာနေပြီ နို့သောက်ချင်တယ်”
လက်တစ်ဖက်တွင် နို့ဘူးကိုင်ကာ ကျန်တစ်ဖက်တွင် ကျောပိုးအိတ်ကို ကိုင်ထားပြီး ချန်ချန် ခုန်ဆွခုန်ဆွနှင့် ယွင်ချဲ့ အနားသို့ လာခဲ့သည်။ အခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှနှင့် ထူးဆန်းသော အခြေအနေကို ချန်ချန် လျစ်လျူရှု ထားပြီး သု့အတွက် ယွက်ချဲ့ သာလျှင် တရားမျှတမှု အတွက် တိုက်ခိုက်တတ်သော လူစွမ်းကောင်း တစ်ယောက်ပမာ။ သူ့ကို ဆန့်ကျင် တိုက်ခိုက်သူ မှန်သမျှ လူကောင်း မဟုတ်နိုင်သဖြင့် ထိုသူတို့ကို အပြစ်ဒဏ် ပေးသင့်သည်ဟု မှတ်ယူထားသည်။
“ဦးဦး နို့ဘူးဖျော်ပေး နေတယ်နော် .. မမ ကျွန်တော့်ကို ရေအေးလေး နည်းနည်းလောက် ပေးပါဦး”
ယွင်ချဲ့ ဘူးကိုယူကာ ချန်ချန်ကို ချစ်စဖွယ်ကြည့်ရင်း ယွင်ယောင်ကို လှမ်းပြောလိုက်သည်။ ရေညစ်ညမ်းနေပြီ ဖြစ်သောကြောင့် လမ်းတစ်လျှောက် သောက်သုံးရေ အတွက် ယွင်ယောင်ထံမှ ရထားခြင်း ဖြစ်သည်။ မရပ်မနား ကြိုးစား လေ့ကျင့်ခဲ့သောကြောင့် သူမ၏ ရေအစွမ်းမှာ အဆင့် ၁ သို့ပင် ရောက်ရှိလာခဲ့ပြီး သူတို့၏ ရေလိုအပ်မှု ပမာဏကို လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်သည်။
“အိုး ကောင်းပြီ”
ယွင်ယောင်က သူမ၏ အခြေအနေကို အခုထိ ယောင်ချာချာ ဖြစ်နေသောကြောင့် ရှက်ကိုးရှက်ကန့်ဖြင့် ရှင်းဖုန်းနှင့် အခြားသူများကို ပြုံးပြကာ လက်ဆွဲပုံးကို အမြန်ရှာလိုက်ပြီး ရေအပြည့် ဖြည့်ပေးလိုက်သည်။
“ရော့ ဒါသောက်လောက်ဉီး … ပြီးမှ တစ်ခုခု စားကြတာပေါ့”
“အင်း… သား အသားစားချင်တယ်”
လက်ထဲတွင်လည်း နို့ဘူး ကိုင်ထားလျက် ချန်ချန် ပြောပြီးနောက် နို့ဆက်သောက် နေလေသည်။ ယွင်ယောင်လည်း စိတ်မကောင်းစွာဖြင့် …
“ဦးဉီးကို မပူဆာရဘူးလေ … မေမေမှာ အသားမရှိဘူး၊ ဒီည အသီးအရွက်ပဲ စားရမယ်”
ပစ္စည်းအချို့ကို အပြင်ဘက်တွင် ထားရခြင်း အကြောင်းရင်းမှာ ယွင်ချဲ့တွင် လေဟာပြင် မှော်နယ်မြေ ရှိနေသည်ကို အခြားသူများအား မသိစေလိုသောကြောင့် ဖြစ်သည်။ အကယ်၍ လေဟာနယ်ထဲတွင် သိမ်းဆည်းထားသော အသားကို အပြင်ထုတ် လိုက်သည်နှင့် လျှို့ဝှက်ချက် လည်း ပေါ်သွားမည် ဖြစ်သည်။ ချန်ချန်မှာ ကိစ္စအဖြာဖြာကို သိရန် အလွန် ငယ်ရွယ်သေးသည်။ ချစ်ရသော တူလေးအတွက် လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ဝန်မလေးသည့် ယွင်ချဲ့ အကြောင်းကို သိသော ယွင်ယောင်မှာ ချန်ချန်ကို တားဆီးခဲ့သည်။ မည်သူပင် ဖြစ်ပါစေ ယုံကြည်၍ မရနိုင်ပေ။
“အာ ဦးဦး…?”
ယွင်ယောင် စကားကြောင့် ချန်ချန် ဝမ်းနည်းသွားကာ ယွင်ချဲ့ကို ကူပြော စေလိုသည့် ပုံနှင့် ကြည့်လိုက်ချိန် ယွင်ယောင်သည်လည်း သတိပေးနေသော အကြည့်ဖြင့် ကြည့်နေပြန်သည်။ တူလေး၏ တောင်းပန်သည့် အကြည့်နှင့် အစ်မ၏ သတိပေးနေသည့် အကြည့်တို့အကြား ယွင်ချဲ့ မည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။
သို့သော် ခဏလေးအတွင်း အေးခဲထားသော အကောင်းစား ဝက်သားဘူးများ ပေါ်ထွက်လာသဖြင့် ကျန်သုံးယောက်ကလည်း မထင်မှတ်စွာ လှည့်လာကြသည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ ဘေးတွင် အသာဝင်ထိုင်ကာ …
“မင်းတို့မှာ အစားကောင်း အသောက်ကောင်းတွေ ရှိနေတာပဲ … ငါရော စားလို့ရမလား”
ရှင်းဖုန်းမှာ အသင့်စား အစားအသောက်များကို စားနေရသည်မှာ နှစ်ရက်ကြာပြီ ဖြစ်သောကြောင့် ယွင်ချဲ့တို့၏ မီးဖို၊ အိုးခွက် ပန်းကန်များက ရှင်းဖုန်းကို ဆွဲဆောင်နေသည်။
“မကျွေးဘူးဆိုရင် မင်းထွက်သွား ပေးမလား”
ယွင်ချဲ့မှာ အကူအညီလို၍ ရောက်လာကြသော ကျန့်ယာဖေးနှင့် အခြားသူများကို အသားများ ခွဲဝေပေးထားပြီး ဖြစ်သောကြောင့် အခုချိန်တွင် အသားကို ဘယ်သူကများ ငြင်းဆန် နိုင်မှာလဲ။
“မသွားဘူး”
ရှင်းဖုန်းသည် သူ့လက်အောက် ငယ်သားများကဲ့သို့ ယဉ်ကျေးပျူငှာခြင်း မရှိပေ။ သူ၏ငယ်သား အချို့သည် ဆန်နှင့် အသီးအရွက်များ ဆေးကြောနေသော ကျိုးဇယ်ယွီကို ကူညီပေးနေပြီး အပြင်ဘက် တံခါးဝတွင် အစောင့်အနေဖြင့် တစ်ယောက်တည်းသာ ရပ်စောင့် ပေးနေခဲ့သည်။
ချန်ချန်မှာ အသားကို မြင်လိုက်ရသဖြင့် စိတ်ကျေနပ်သွားပြီး နို့ဘူးကို ကိုင်လျက် ယွင်ချဲ့ထံသို့ လမ်းလျှောက်ကာ ပေါင်ပေါ်တွင် ထိုင်လိုက်ပြီး ယွင်ချဲ့ကိုမှီကာ နို့ကိုဇိမ်ကျစွာ သောက်နေလိုက်သည်။
ယွင်ချဲ့ သည်လည်း ချန်ချန်၏ ဆံပင်များကို ပွတ်သပ်လျက် ရှင်းဖုန်းကိုကြည့်ကာ …
“လေဟာနယ် စွမ်းအားရှိနေတဲ့ လူတစ်ယောက်က ဘာလို့ လုံခြုံရေးစခန်းမှာ မနေဘဲ လျှောက်သွား နေရတာလဲ”
ရှင်းဖုန်း ကဲ့သို့ သန်မာသော သူအား ဘာကြောင့်များ အပျော့ညံ့ဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ် ထားကြသည်ကို ယွင်ချဲ့ စဉ်းစား၍ မရပေ။ ရက်စက် ကြမ်းကြုတ်သည့် ဖုတ်ကောင်များ တိုးပွားလာခြင်း၊ နည်းပါးလာသည့် အစားအသောက်၊ တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ရန် မဖြစ်နိုင်သည့်အပြင် တစ်ယောက်နှင့် တစ်ယောက် ကာကွယ်ပေးရန် လိုအပ်သည့် အခြေအနေတွင် ထူးခြားစွမ်းအားရှိ သူများသည် အသန်မာဆုံး သူများဖြစ်၍ အားနည်းသူဟု သတ်မှတ်ရန် အလွန်စောသေးသည်။
“စစ်တပ်အတွက် သုတေတန ပစ္စည်းတွေ ကူရှာပေးနေလို့ ရောက်လာတာ”
ရှင်းဖုန်းသည် သူ့ထံတွင် လေဟာနယ် စွမ်းအား ရှိသည်ကို မငြင်းသည့်အပြင် ပေးအပ်ခံထားရသော တာဝန်ကိုလည်း မဖုံးကွယ်ထားဘဲ တည်ငြိမ်စွာ ပြောလေသည်။ ရှင်းဖုန်း ထံတွင်ရှိသော စွမ်းအားကြောင့်သာ ယွင်ချဲ့ အတွက် သူသည် အားထား ဂုဏ်ယူစရာ လူတစ်ယောက် ဖြစ်ခဲ့သည်။
“သုတေသန ?”
ထိုစကားကို ကြားပြီးနောက် ယွင်ချဲ့ အလိုလို မျက်မှောင်ကြုတ်ကာ အတိတ်ဘဝမှ သူမသေခင် ဖြစ်ပျက်ခဲ့သော မှတ်ဉာဏ်ဆိုးများကို ပြန်လည် မြင်ယောင် လာသည်။ ခဏကြာပြီးနောက် ယွင်ချဲ့ စိတ်ကိုငြိမ်အောင် ထိန်းကာ …
“မင်းက အလုပ်ကောင်းကို လုပ်နေတာပဲ”
ယွင်ချဲ့၏လေသံ ပြောင်းသွားသည်မှာ သိသာလွန်းသဖြင့် အနီးရှိလူများ အထူးသဖြင့် ရှင်းဖုန်းလည်း သိချင်စိတ်တို့ဖြင့် ကြည့်နေသည်ကို ယွင်ချဲ့ သတိမထားမိပေ။ အတိတ်ဘဝ အဖြစ်အပျက်များကြောင့် သုတေသနနှင့် ပတ်သက်သည့် အရာအားလုံးကို ယွင်ချဲ့ မုန်းတီးလျက် ရှိသည်။
ကမ္ဘာပျက်သည့် နေ့ကတည်းကပင် လူသားများသည် အစာကွင်းဆက်၏ အဓိက ဖန်တီးသူ အဖြစ်ထက် သာလွန်၍ အဆင့်တိုးလာမည်ကို သူသိသည်။ အနာဂတ်တွင် လူသားများသည် ဖုတ်ကောင်များ၊ သန္ဓေပြောင်း မျိုးစိတ်များနှင့် မျိုးကွဲ အသစ်များကို ဖယ်ထုတ် ရှင်းလင်းလိုလျှင် သုတေသန လုပ်ရမည်က မလွဲမသွေ လိုအပ် လာလိမ့်မည်။
“ရှောင်ချဲ့ … အဆင်ပြေရဲ့လား”
ယွင်ယောင်လည်း စိုးရိမ်ပူပန်စွာဖြင့် ယွင်ချဲ့၏ လက်ကို ဆုပ်ကိုင် ထားလိုက်သည်။ ယွင်ချဲ့ ရုတ်တရက် ပြောင်းလဲသွားသည့် ပုံစံကြောင့် သူမလည်း ဇဝေဇဝါ ဖြစ်နေမိသည်။
“ဘာမှမဖြစ်ပါဘူး .. ဝမ်းနည်းစရာ ကိစ္စတချို့ စဉ်းစားမိသွားလို့ပါ”
ယွင်ချဲ့ ခေါင်းမော့ကာ အခြားသူများ စိတ်သက်သာရာ ရသွားစေရန် ပြုံးပြလိုက်သည်။ အတိတ်ဘဝတွက် ပြီးခဲ့သည်က အတိတ်၊ ယခုဘဝသည် လက်ရှိ ပစ္စုပ္ပန်ပင်။ ညီလေးမှာ ဖုတ်ကောင် ဖြစ်လာခဲ့သော်လည်း အနည်းဆုံးတော့ အစ်မ၊ ညီလေးနှင့် တူလေးတို့မှာ သူ့အနားတွင် ရှိနေသေးသည် မဟုတ်လား။
***