အခန်း (၂၉)
လင်းကျန်း မြို့သည် ဟွိုင်မြို့နှင့် ကီလိုမီတာ ရာချီသာ ကွာဝေးပြီး အရင်အချိန်တွင် ထိုအကွာအဝေးကို တစ်ရက်သာ မောင်းနှင် ရသော်လည်း ကမ္ဘာပျက်ပြီး နောက်တွင် အလွယ်တကူ သွားနိုင်သည့် အကွာအဝေး မဟုတ်တော့ပေ။ ဖုတ်ကောင်များ အပြင် ဥပဒေ အထိန်းအကွပ် မဲ့နေသည့် လောကကြီးမှာ လူသားများအတွက် လွန်စွာ အန္တရာယ် များလှသည်။ မိမိအသက်ရှင်သန်ရေး အတွက် ကိုယ်ကျင့်တရားနှင့် တရားဥပဒေများကိုလည်း အချိန်မရွေး ချိုးဖျက် နိုင်ကြသည်။
သနားညှာတာ တတ်သော ယွင်ယောင် အပါအဝင် အခြား သူများသည်လည်း အသက်ရှင်ချင်လျှင် ရက်စက်တတ်ရမည် ဟူသော သဘောတရားကို ရက်အနည်းငယ် အတွင်း နားလည်ခဲ့ကြလေသည်။
တစ်ပတ် ကြာပြီးနောက် လင်းကျန်းမြို့ နယ်စပ်သို့ ရောက်လာခဲ့ကြသည်။ ရုတ်တရက် ဟေးယွီ ဘယ်ကို သွားသည့် အကြောင်းနှင့် လင်းကျန်း မြို့သို့ ဘာကြောင့် လာရသည့် အကြောင်းကို ယွင်ချဲ့အား မည်သူမှ မမေးကြပေ။ လမ်းတစ်လျှောက်တွင်လည်း ဖုတ်ကောင်များကို သတ်ကာ အမြုတေများကိုလည်း ရှာဖွေစုဆောင်း ခဲ့ကြသည်။ အစပိုင်းတွင် ဖုတ်ကောင်များကို ခေါင်းဖြတ်သည့်အခါ ယွင်ချဲ့ မှအပ အခြားလူများ အကုန် မူးဝေအော့အန် ကြသော်လည်း ယခုအခါတွင် နေသားကျ လာကြလေသည်။ လူသားမျိုးနွယ် ဆိုသည်မှာ ဇွဲကြီးကာ အထိုက်အလျောက် ပြောင်းလဲ နေထိုင်နိုင်သော သူများဖြစ်ပေသည်။
လိုအပ်သော ပစ္စည်းများကိုလည်း လမ်းတစ်လျှောက် ရှာဖွေကာ စုဆောင်းခဲ့ကြသည်။ ယွင်ချဲ့သည်လည်း သူ့တွင် မှော်နယ်မြေ စကြဝဠာရှိသည့် အကြောင်းကို မဖုံးကွယ် ထားခဲ့ပေ။ ပထမအချက် သူသည် ပစ္စည်းများကို လေထုထဲမှနေ၍ အချိန်မရွေး အထုတ်အသွင်း လုပ်နိုင်သည်။ ဒုတိယအချက် ယွင်ချန်၏ တည်နေရာကို ဖုံးကွယ်၍ မရနိုင်ပေ။ သို့သော် သူ၏ မှော်နယ်မြေသည် ပစ္စည်းများ သိမ်းဆည်း ထားနိုင်ရုံသာမက အခြားသော မှော်စွမ်းအင်များ ရှိသည်ကို သူကလွဲ၍ မည်သူမှ မသိပေ။ လူတစ်ယောက်ကို သူယုံကြည်စိတ်ချခြင်း မရှိသရွေ့ မဟုတ်ပေ။
“အရှေ့က ဆီဆိုင်ကို ကျော်ပြီးရင် ငါတို့ လင်းကျန်းမြို့ထဲကို ရောက်ပြီ .. ရေဒီယိုက အသံလွှင့်တာတော့ လုံခြုံရေး စခန်းက လင်းကျန်း မြစ်နဲ့ဆန့်ကျင်ဘက် မြစ်ဟိုဘက်ကမ်းတဲ့ .. အဲဒီတော့ ငါတို့ လင်းကျန်းမြို့ တစ်ဝက်လောက်ကို ဖြတ်ရလိမ့်မယ် ငါတို့ ဒီနေ့အတွင်း မရောက်မှာကို စိတ်ပူတယ်”
အိမ်စီးကားပေါ်တွင် မြေပုံကိုကြည့်လျက် ကျန့်ယာဖေး ပြောလိုက်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ခဲ့သည်မှာလည်း ၁ဝ ရက် ကြာရှိပြီးနောက် ရေနှင့် လျှပ်စစ်မီးတို့လည်း ပြတ်တောက်ကုန်လေသည်။ ၅ ရက် မြောက်နေ့တွင် လုံခြုံရေး စခန်းများကို နေရာအနှံ့ ဖွဲ့စည်းထူထောင် လာခဲ့သည်။ ရုပ်မြင်သံကြား လိုင်းများလည်း ပြတ်တောက် သွားသဖြင့် ရေဒီယို မှတစ်ဆင့် လုံခြုံရေးစခန်းများ၏ တည်နေရာကို ကြေညာခဲ့ရသည်။ သူတို့ထံ အကြောင်းကြားချက် များစွာ ရောက်ရှိ ခဲ့သော်လည်း ယွင်ချဲ့က လင်းကျန်းမြို့ကိုသာ သွားမည် ဆိုသောကြောင့် လုံခြုံရေး စခန်းများသို့ မဝင်ခဲ့ကြပေ။
“ဒီညအတွက် နေရာတစ်နေရာ ရှာပြီး မနက်လင်းမှမြို့ထဲ သွားကြရအောင်”
ကျိုးဇယ်ယွီ မြေပုံကို ကြည့်ပြီးနောက် အပြင်ဘက်မှ မှောင်မည်းနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ မကြာသေးခင်ကပင် ဖုတ်ကောင်များသည် ပိုသန်မာလာပြီး ညဘက် ရောက်လျှင် လူသားများထက် ပိုကြမ်းတမ်း လာကြသည်ကို သူတို့ရိပ်မိ လာခဲ့ကြသည်။ အရှေ့ဉီးတည်ရာရှိ မြို့မှာ လူဦးရေ ထူထပ်နေခဲ့ပြီး ထိုမြို့သို့ ညအချိန်တွင်း ဆက်သွားနေလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင်။
“အရှေ့က ဆီဆိုင်မှာနေပြီး ဆီဖြည့်လို့ ရမရကြည့်ရအောင်”
ယနေ့ည နားရမည့် နေရာကို ယွင်ချဲ့ တွေးတော ချင့်ချိန်လျက် ရှိသည်။
“ယဲ့ဟန် .. ဆီဆိုင်ထဲကို ဝင်လိုက်”
ကျိုးဇယ်ယွီ အကြောလျှော့ရင်း လန်ယဲ့ဟန်ကို လက်တို့လိုက်သည်။
လန်ယဲ့ဟန်သည် ပင်ကိုဗီဇအရ စကားများများစားစား ပြောလေ့ မရှိသည့်အပြင် ယွင်ချန် ဖုတ်ကောင် ဖြစ်သွားသည့် နောက်တွင် ရံဖန်ရံခါမှသာ ပြုံးရယ် စကားပြောတော့သည်။ သူသည် ဖုတ်ကောင်များကို နေ့တိုင်းသတ်ပြီး ရရှိလာသမျှ အမြုတေများကို ယွင်ချဲ့ ထံပေးသည်။ အခုအချိန်တွင် သူ၏မျက်လုံးထဲ မျှော်လင့်ချက် ရောင်ခြည်များ သန်းလာပြီဖြစ်သည်။ ယွင်ချန်အား သူတွေ့ချင်နေသည်ကို အားလုံး သိကြသော်လည်း ယွင်ချန် မကြာခဏ အဝင်အထွက် လုပ်လျှင် သူ၏စွမ်းအားများ ကုန်ခန်းမည်ကိုသိ၍ ယွင်ချဲ့လည်း ခွင့်မပြုပေ။ အနောက်တောင်ရှိ လုံခြုံရေး စခန်းသို့ ရောက်မှသာ သူ့ကို ထွက်ခွင့်ပြုမည် ဖြစ်သည်။
ဆီဆိုင်မှာ ကြီးကြီးမားမား မဟုတ်ဘဲ နှစ်ထပ်လုံးချင်းတိုက် ဖြစ်နေလေသည်။ ထူးဆန်းစွာပင် အခန်းမှာ မှောင်မည်းနေပြီး အပြင်ဘက်တွင်လည်း ဖုတ်ကောင်များ မရှိသည့်အပြင် တိတ်ဆိတ်နေလျက် ရှိသည်။
“ဒီအခြေအနေက ပုံမှန်မဟုတ်ဘူး .. အားလုံး သတိထားကြ”
ယွင်ချဲ့ သတိပေး ပြီးသည်နှင့် ချက်ချင်း ချန်ချန်ကို ကိုယ်ပေါ်တွင် တွဲချည် ထားလိုက်သည်။ ကလေးကလည်း ပါးနပ်စွာပင် အသံမထွက်ရ ဆိုသော ပုံစံဖြင့် သူ၏လက်ညှိုးလေးကို နှုတ်ခမ်းပေါ်တင်ထားကာ မျက်လုံးများလည်း ဘယ်ညာကြည့်ကာ စူးစမ်းနေလေသည်။
“အင်း ..”
ကျိုးဇယ်ယွီနှင့် အခြားလူများလည်း ခေါင်းညိတ်လိုက်ကြပြီး ဓားများကိုလည်း မြဲမြံစွာ ကိုင်ထားကြသည်။ ကားမောင်း လာခဲ့သည့် လန်ယဲ့ဟန်က တံခါးကို အရင်ဖွင့်ကာ ဆင်းသွားပြီး အိမ်အနားသို့ တိုးကပ် သွားလေသည်။ ယွင်ချဲ့နှင့် လုဟိုင်ရွှမ်း တို့လည်း အနောက်မှ လိုက်လာကြပြီး လုဟိုင်ရွှမ်းသည် စွမ်းအား မရှိသော်လည်း ယောက်ျားတစ်ယောက် ဖြစ်နေပါလျက်နှင့် မိန်းကလေး နှစ်ယောက် သူ့ကို အနောက်မှနေ၍ မကာကွယ် စေလိုသဖြင့် အရှေ့က သွားနေခြင်းပင်။
“ဟေး ဒီမှာ မိန်းမချောလေး နှစ်ယောက်နဲ့ ခပ်ချောချော ကောင်လေးတွေကွ ”
သို့သော် သူတို့၏ စိုးရိမ်မှုများမှာ အသုံးမဝင်သည့်ဟန်ပင်။ တံခါးဖွင့် လိုက်သည့်အခါ အိမ်မှာ လင်းထိန်လာပြီး များစွာသော ဖယောင်းတိုင် များတွင်လည်း မီးထွန်းညှိထားသည်။ အိမ်ထဲတွင် တုတ်ခိုင် သန်မာသော ယောက်ျား ၁၂ ယောက်ကျော် ရှိနေပြီး သူတို့ကို တဏှာရမ္မက် ပြည့်နေသော အကြည့်များဖြင့် ကြည့်နေလေသည်။ ကြမ်းပြင်ပေါ်တွင်လည်း အဝတ်အစား ကင်းမဲ့ကာ အမျိုးသမီးနှစ်ဉီး ရှိနေပြီး ကိုယ်ပေါ်တွင်လည်း ဒဏ်ရာ အနာတရများ ပြည့်နှက်ကာ အထူးသဖြင့် ခြေထောက်တွင် သွေးများ ပေကျံကာ အစက်အပြောက်များ ရှိနေသောကြောင့် မည်သို့သော အဖြစ်မျိုး ကြုံခဲ့ရကြောင်း သိသာနေလေသည်။
***