အခန်း (၂၈)
အားကစားရုံထဲက ထွက်ပြီးနောက် ယွင်ချဲ့သည် ဟေးယွီထံ မသွားခင် ကျန်ရှိနေသူများကို ဒဏ်ရာရနေသော လုဟိုင်ရွှမ်းကို ခေါ်ကာ ကားကို ရှာဖွေရန် ပြောလိုက်သည်။ ဟေးယွီ၏ ကျောပေါ်တွင် အိပ်မောကျနေသော ချန်ချန်ကို ကြည့်ကာ ယွင်ချဲ့ စိတ်အေးသွားကာ ချန်ချန်၏ ပါးဖောင်းဖောင်းလေးကို အသာညှစ်လိုက်ပြီး ဟေးယွီ ကျောပေါ်တွင် ထိုက်လိုက်သည်။
“ငါ့ကိုလိုက်စီးခွင့်ပြုပါ ဟေးယွီ”
သူ၏ပိန်သွယ်သော ခန္ဓာကိုယ်မှာ အလွန် မောပန်းနေသည့် အပြင် သုံးရက်တိုင် မအိပ်ရသေးသဖြင့် ယွင်ချဲ့ စိတ်ရောကိုယ်ပါ အလွန် ပင်ပန်းနေလေပြီ။ သူ့ကိုသံထည်နှင့် ဖွဲ့စည်းထားသည် ဆိုလျှင်တောင် ပျက်စီးနိုင်သည့် အခြေအနေလည်း ရှိနေနိုင်သည် မဟုတ်လား။
“သခင်…”
မောပန်းနွမ်းနွယ်မှုကို ခံစားရသဖြင့် ဟေးယွီလည်း စနောက်ခြင်း မလုပ်တော့ဘဲ အဆောက်အအုံပေါ်မှာ ခုန်ချလိုက်သည်။
သူတို့အချင်းချင်း အနောက်တံခါးတွင် တွေ့ဆုံခဲ့ကြပြီး ယွင်ချဲ့ကိုလည်း မနှောင့်ယှက်ဘဲ အနားယူ စေလိုက်သည်။ ကျိုးဇယ်ယွီက ကားကိုမောင်းနှင်လျက် ဟေးယွီမှာလည်း ယွင်ချဲ့ကို ကျောပေါ်တွင် သယ်ပိုးထားသည်။ ဖုတ်ကောင်နှင့် အနှောင့်အယှက် အတားအဆီးများကို တွေ့လျှင် ဟေးယွီက လမ်းကို ရှင်းလင်းပေးလေသည်။ ကျိုးဇယ်ယွီနှင့် ယွင်ယောင် မှလွဲ၍ ကျန်သော သူများက ဟေးယွီ အစွမ်းကို အံ့ဩနေကြသော်လည်း ကျိုးဇယ်ယွီနှင့် ယွင်ယောင်တို့ သာလျှင် ဟေးယွီ ကျောပေါ်တွင် လဲလျောင်းနေသော ယွင်ချဲ့နှင့် ချန်ချန်တို့ကို စိတ်ပူနေကြသည်။
“လင်းကျန်း မြို့က အနောက်တောင် ဘက်မှာ”
ဟေးယွီ အကူအညီဖြင့် သူတို့ ခရီးလမ်းမှာလည်း လျင်မြန်စွာ ပေါက်ရောက် လာခဲ့သည်။ မြို့ပြင် ရောက်သွားသည့်နှင့် ယွင်ချဲ့က ဟေးယွီ ကျောပေါ်မှနေ၌ ဉီးတည်ရာ ပန်းတိုင်ကို ပြောပြလေသည်။ ယွင်ချဲ့မှာ အိပ်နေခြင်း မဟုတ်ဘဲ ဟေးယွီ ကျောပေါ်တွင် မှေးကာ လိုက်လာခြင်းပင်။
“ငါတို့မောင်းလာခဲ့တဲ့ လမ်းကပဲ သွားမှာမလား”
ကားမောင်းနေသည့် ကျိုးဇယ်ယွီ စတီယာရင်ကို ထိန်းကိုင်ကာ သူတို့မောင်းနှင် လာခဲ့သော လမ်းပေါ်သို့ တက်လာခဲ့သည်။ ယွင်ချဲ့လည်း မျက်လုံးမှိတ်လျက် ဟေးယွီကိုသာ လမ်းမထက် ဉီးတည် သွားစေခဲ့သည်။
ညဘက်တွင် သွားလာရန် အဆင်မပြေသဖြင့် လယ်ယာမြေခြံ တစ်ခုကို ရှာဖွေကာ အနားယူခဲ့ကြသည်။ အချိန်အနည်းငယ်ကြာ အနားယူပြီးနောက် ယွင်ချဲ့မှာ အားအင် ပြန်လည် ပြည့်ဝလာသည်။ သို့သော် အခုတစ်ခေါက်တွင် ဖုတ်ကောင်များကို ကိုယ်တိုင် မရှင်းလင်းတော့ဘဲ ကျိုးဇယ်ယွီကို တာဝန်ပေး လိုက်လေသည်။ သူတို့ လေ့ကျင့်ထားမှရမည်။ ဖုတ်ကောင်များ အားကြီး လာသည့်အခါ သူတို့ကို တိုက်ခိုက်ရန် လွယ်ကူနိုင်မည် မဟုတ်တော့ပေ။
“ဟေးယွီ .. မင်းငါ့ကို တစ်ခုလောက် ကူညီနိုင်မလား”
အခြားသူများ ဖုတ်ကောင်များကို ရှင်းလင်းနေကြစဉ် ဟေးယွီ၏ ကိုယ်ကို အသာပုတ်ကာ ယွင်ချဲ့ မေးလိုက်သည်။
“သခင် ကျွန်တော့်ကို မှော်နယ်မြေထဲ ပြန်မသွားခိုင်းဘူးမလား”
ယွင်ချဲ့ လှည့်ကြည့် လိုက်သည့်အချိန် ဟေးယွီမှာ မျက်ရည်ဝဲ နေလေသည်။ သူသည် မှော်နယ်မြေ၏ အံ့ဖွယ်တောကောင် ဖြစ်သည့်အလျောက် ယွင်ချဲ့ အခြားသူ တစ်ယောက်ကို ဝင်ခွင့်ပေးလိုက်လျှင် ဟေးယွီ အလိုလို သိနှင့်နေပြီးသားပင်။
ယွင်ချဲ့လည်း ခေါင်းညိတ်ကာ လေးနက်စွာ …
“ဟေးယွီ သူက ငါ့ညီလေးလေ .. ငါ့အစား သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးပါဉီး အနောက်တောင်ဘက် စခန်းကိုရောက်ရင် မင်းကို ပြန်ခေါ်လိုက်မယ်နော်”
“သိတယ် သခင်က ညီလေးကို ရှာတွေ့ပြီးတာနဲ့ ကျွန်တော့်ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး”
ယွင်ချဲ့ တောင်းဆိုနေသည်ကို သူဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ။
“ကောင်းပါပြီ မင်းကို ပြန်ခေါ်ပါ့မယ်နော်”
“သိပါတယ်လို့ ဒါပေမယ့် ကျွန်တော့်ကို အကြွေးပြန်ဆပ်ရမှာ … အာ ဟုတ်သား ချော့ကလက် .. အားဖြည့် ချော့ကလက်တွေရော ”
“မင်းအတွက် အများကြီး ယူလာပေးထားတာ မလောက်တော့ဘူးလား”
တောင်လို ပုံနေသော ချော့ကလက်တော့များ မရှိတော့ဘူးတဲ့လား။
“မလောက်ဘူး ကျွန်တော့်ကို ကတိမပေးမချင်း ဟိုဘက်ကို လုံးဝမပြန်ဘူး ”
ချော့ကလက် မပေးမချင်း ဟေးယွီ လက်လျော့မည့်ပုံ မပေါ်ပေ။
ယွင်ချဲ့ မျက်လုံး လှန်ကြည့်ကာ အချိန် အနည်းငယ်ကြာ စဉ်းစား လိုက်ပြီးနောက် …
“ကောင်းပြီလေ လမ်းကြုံလို့ တွေ့ခဲ့ရင် မင်းအတွက် အများကြီး ယူလာခဲ့မယ် .. မင်းဘာကြောင့် ချော့ကလက်ကို ဒီလောက် ကြိုက်နေမှန်း ငါစဉ်းစားလို့ မရဘူး မင်းရဲ့သွားတွေ ကျိုးပဲ့လာဉီးမယ်”
ဟေးယွီ၏ ဆန္ဒကို သူကိုယ်တိုင်လည်း မတားနိုင်တော့ပေ။
“အားဖြည့် ချော့ကလက်ပဲ လိုချင်တယ် ”
ဟေးယွီနှင့် ဆက်၍ မငြင်းခုံလိုသောကြောင့် ယွင်ချဲ့ အိတ်ထဲရှိ ချော့ကလက်ချောင်းကိုယူကာ ဖောက်ပေးလိုက်ပြီး သူ့အပေါ်တွင် ထိုင်နေသော ချန်ချန်ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဉီး….”
“ဟာ ကျွန်တော့် ချော့ကလက် သခင် .. ခင်ဗျားကြီး ”
ချန်ချန် ကျေးဇူးတင်စကား မဆုံးသေးခင်ပင် ဟေးယွီ ပုံကြီးချဲ့ကာ ငိုကြွေးလေသည်။ ချန်ချန်လည်း ယွင်ချဲ့ကို ကြည့်လိုက်ပြီးနောက် ဟေးယွီကို ပြန်လှည့်ကြည့်ကာ ယွင်ချဲ့ ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ဟေးယွီကို ကုတ်တွယ်ကာ ခေါင်းနားထိ ရောက်အောင် တွယ်တက်လိုက်ပြီး ဟေးယွီ ပါးစပ်နားသို့ တေ့ပေးကာ …
“မည်းမည်း ဉီးလေးပဲ စားလိုက်ပါ .. သားက နို့ပဲသောက်လိုက်မယ်”
“အာ…”
ဟေးယွီ အနည်းငယ် ရှက်ရွံ့သွားသဖြင့် ပါးစပ်ကို လုံးဝမဟဘဲ နေသော်လည်း ချန်ချန်က ဟေးယွီ ပါးစပ်ထဲသို့ ထည့်ပေးနေလေသည်။
“ဟား ဟား ဟား”
ချန်ချန်၏ ပါးနပ်မှုက ဟေးယွီ ခေါင်းမာ မနာခံတတ်သော အကျင့်ကို ထိန်းချုပ်ပစ်လိုက်ပေသည်။ ယွင်ချဲ့လည်း ရယ်မောကာ သူ၏တူလေးကို လက်မ ထောင်ပြလိုက်လေသည်။ ဟေးယွီ အနိုင်ပိုင်း ခံလိုက်ရသည်ကို ယွင်ချဲ့ ပထမဆုံး မြင်ရခြင်းပင်။
“မည်းမည်းဦးလေး စားပါ စား….”
ချန်ချန်မှာ ဘာလုပ်နေသည်ကိုပင် မသိဘဲ ဟေးယွီကို စားရန် ဆက်တိုက် တိုက်တွန်းနေသဖြင့် ဟေးယွီလည်း မျက်ရည် စက်လက်နှင့် ငိုမဲ့မဲ့ဖြစ်ကာ ချော့ကလက်ချောင်းကို တစ်ကိုက် ကိုက်လိုက်သည်။
“လိမ္မာလိုက်တာ”
ထိုပုံစံကို ကြည့်ခြင်းဖြင့် ချန်ချန်မှာ လူကြီးတစ်ယောက်ပုံစံကို အတုယူထားကာ ဟေးယွီ ခေါင်းမှ အမွေးမျှင်များကို ပွတ်သပ် ပေးနေသဖြင့် ဟေးယွီလည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ပြိုကျသွားသော တောင်အလား လဲချလိုက်လေသည်။ ယွင်ချဲ့လည်း သဘောကျစွာ ဗိုက်နာသည်အထိ ရယ်မောနေခဲ့ကာ ဟေးယွီကို အနိုင်ယူနိုင်မည့် နည်းကိုလည်း တွေ့သွားခဲ့လေသည်။
***