YMR- အခန်း ၂၄

အခန်း (၂၄)

ယွင်ချဲ့သည် ဒုတိယထပ်မှ ခုန်ထွက်လာခဲ့ပြီး လက်ထဲရှိ ဓားရှည်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကာ ယွင်ချန်၏ ဘေးပတ်လည်တွင် ရှိနေကြသော လူအုပ်ကြီးသည်လည်း ထိတ်လန့် သွားကြသဖြင့် လမ်းဖယ် ပေးကြသည်။ ဒီ ယွင်ချန်မှာ ကြောက်စရာ ကောင်းသည်ဟု သူတို့၏အာရုံမှ အလိုလို ခံစားနေရသည်။ ယွင်ချဲ့သည် မီးခိုးရောင်သန်း၍ ရဲရဲနီနေသော ညီဖြစ်သူ၏ မျက်လုံးများကို ကြည့်၍ ဆတ်ဆတ်တုန်ကာ မရွေ့လျား နိုင်အောင်ပင် တုန်လှုပ် သွားခဲ့လေသည်။

“အစ်ကို”

ယွင်ချန်သည် ယွင်ချဲ့ ရောက်ရှိလာမှုကို သတိထားမိဟန် တူသည်။ သူ၏ မီးခိုးရောင် မျက်ဝန်းများမှ မျက်ရည်များစွာ စီးကျလာပြီး ထူးဆန်းစွာဖြင့် တရစပ် ငိုလေတော့သည်။

“ရှောင်ချန်…”

မင်းဖုတ်ကောင် ထပ်ဖြစ်ရဉီးမှာလား။

ယွင်ချဲ့ ပင့်သက်တစ်ချက် ရှိုက်လိုက်၍ တုန်ရီနေသော သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်လာစေရန် စိတ်ထိန်း လိုက်သော်လည်း။ သူ၏စိတ်အတွင်းတွင် အရင်ဘဝက ဖုတ်ကောင်အဖြစ် ပြောင်းလဲခဲ့သော ယွင်ချန်၏ ပုံရိပ်နှင့် ယခုအချိန်တွင် ဖုတ်ကောင် အဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲနေသော ယွင်ချန်၏ ပုံရိပ်များသာ ထင်ဟပ်နေသည်။ ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာကာ သူ၏ ဓားရှည်ကို တင်းကျပ်စွာ ကိုင်ဆောင် ထားပြီးလျှင် လက်သွေးကြောများသည်လည်း အားနည်းစွာ ခုန်နေလျက်ပင်။

“ဟင်း..ဟင်း… အစ်ကို ….အစ်ကို …”

ယွင်ချန်မှာ အခုအချိန်ထိ ရုန်းကန် တိုက်ထုတ်နေရဆဲ ဖြစ်သည်ကို သတိထားမိ သွားသည်။ ယွင်ချန်မှာ အရင်းနှီးဆုံး မိသားစုများကို မတွေ့ရသေးသဖြင့် ဖုတ်ကောင် ဖြစ်လာမည်ကို မလိုချင်သော ပြင်းပြစိတ် ရှိနေသည်။

“ရှောင်ချန် ”

ယွင်ချန်ထံသို့ ယွင်ချဲ့ ပြေးသွားလိုက်ပြီး သူနှင့် နီးကပ်စေရန်တွက် ကိုယ်ကို နှိမ့်ချလိုက်သည်။ သို့သော် ယွင်ချန်မှာ ခေါင်းမထောင် နိုင်တော့သည့် အပြင် ဘာကိုမှ မမြင်ရတော့ဘဲ ကြားရုံသာ ကြားနိုင်လေသည်။ သူ၏အစ်ကိုဖြစ်သူ ရောက်လာသည်ကို သူသိသော်လည်း မသိစိတ်က စေ့ဆော်မှုကြောင့် အစ်ကိုဖြစ်သူကို အခြေအနေမျိုးဖြင့် မမြင်တွေ့စေချင်ပေ။ သို့သော် ယွင်ချဲ့က သူ၏ မျက်နှာကိုကိုင်ကာ ခေါင်းမော့ စေလိုက်ပြီး …

“တောင်းပန်ပါတယ်ကွာ ငါအရမ်း နောက်ကျသွားတယ် မကြောက်နဲ့ ငါဒီမှာရှိတယ် မကြောက်နဲ့”

ဖျော့တော့ အားနည်းကာ မှုန်ရီနေသော မျက်ဝန်းများ၏ တစ်ဖက်တွင် ယွင်ချဲ့သည် အံကိုကြိတ်ကာ ညီငယ်အား တင်းကျပ်စွာ ဖက်ထားလေသည်။ ညီလေးမှာ ဖုတ်ကောင် ဖြစ်လာမည်ကို မည်သို့မှ သူလက်မခံနိုင်ပေ။ သေချာပေါက် လက်မခံနိုင်။

“ညီလေး”

ခရမ်းရောင် နှုတ်ခမ်းတစ်စုံသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေပြီး ဦးတည်ရာ မရှိသော မျက်လုံးများက ပုတ်ခတ်နေလျက်။ ယွင်ချန် အရှုံးမပေးလိုပေ။ သို့သော် သူ၏ခန္ဓာကိုယ်မှာ စစ်ပွဲတစ်ခုကို ရင်ဆိုင်ရသကဲ့သို့ တိုက်ခိုက်နေရပြီး နောက်ဆုံး ကျန်ရှိသော အသိစိတ်တို့မှာလည်း ညှဉ်းပန်း နှိပ်စက်ခြင်း ခံနေရကာ စကားလုံးတစ်လုံးမျှ ပြောနိုင်ရုံသာ စွမ်းဆောင် နိုင်တော့သည်။

“ဘာမှမပြောပါနဲ့ ငါ့ကိုယုံပါ”

ယွင်ချန် အသာအယာ မချီလိုက်ပြီး လူအုပ်ထံသို့ စူးရဲစွာ တစ်ချက် ကြည့်လိုက်လေသည်။ အားကစားရုံ တစ်ခုလုံး ရုတ်တရက် ရေခဲများဖြင့် ပြည့်နှက် သွားသကဲ့သို့ အေးစက်ငြိမ်သက် သွားလျက် လူအများစု ဆုတ်ခွာရန် ကြောက်ရွံနေကြကာ သူ၏ဘေးတွင် လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်း တို့သာကျန်ခဲ့သည်။ ယွင်ချန်ကို ချီ၍ ယွင်ချဲ့ ပြင်းထန်စွာဖြင့် ကြမ်းပြင်ပေါ် ခြေလှမ်းလိုက်ပြီး ထိုအရှိန်ဖြင့် ဒုတိယထပ်သို့ ခုန်တက်လိုက်သည်။ လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ နှစ်ယောက်လုံးလည်း သူနှင့်အတူ လိုက်ပါလာသည်။ အခြားသူများ သတိထားမိသော အချိန်တွင် ကြမ်းပြင်ပေါ်၌ တွင်းနက်နက် တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

“ရှောင်ချန်”

ယွင်ချန်ကို ယွင်ချဲ့ မြေပြင်ပေါ် ချပေးလိုက်သည်နှင့် ယွင်ယောင်လည်း သူ့ကိုကြည့်လျက် မျက်ရည်များ ကျလာကာ ပြေးဖက် လေတော့သည်။ ယွင်ချန်မှာ သူမ၏ အတော်ဆုံး မောင်လေး တစ်ယောက်ဖြစ်သည်။ ဘာကြောင့်လဲ .. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

“မမ”

သူမအသံကို ကြားလိုက်ရချိန်တွင် ယွင်ချန် စိတ်လှုပ်ရှား သွားခဲ့သော်လည်း ထူးဆန်းသော ငိုကြွေးသံမှအပ ဘာကိုမျှ မပြောနိုင်တော့ပေ။ ယွင်ယောင်လည်း အလျင်စလိုဖြင့် မောင်လေးဖြစ်သူကို တင်းကျပ်စွာ ဖက်လိုက်ပြီး …

“မမဒီမှာ ရှိတယ် ရှောင်ချန် မမပြောတာ နားထောင်နော် စကားမပြောပါနဲ့တော့ ကျေးဇူးပြုပြီး မပြောပါနဲ့တော့…”

ထူးဆန်းသော ငိုကြွေးသံများက သူတို့ကို နှိပ်စက် နေသကဲ့သို့ပင်။ အခက်အခဲ များစွာတွင် သန်မာစွာ ဖြတ်သန်းလာခဲ့သော ယွင်ယောင် နောက်တစ်ကြိမ် ငိုကြွေးရပြန်လေသည်။

“ယွင်ချဲ့ … ရှောင်ချန် သူ..သူ…”

လန်ယဲ့ဟန် သည်လည်း ယွင်ချန်ကို စိုးရိမ်စွာ ကြည့်နေသည်။ ယွင်ချဲ့ကို တစ်ခါမှမမြင်ဖူးသော်လည်း ယွင်ချန်က သူ၏အမြွှာအစ်ကို အကြောင်း အမြဲပြောပြလေ့ ရှိသည်။

ယွင်ချဲ့ သူ့ကို တစ်ချက် လှည့်ကြည့်လျက် ကျောပိုးအိတ်ကို ယူကာ ရေဘူးကို ထုတ်လိုက်ပြီး ယွင်ချန်၏ မေးကိုထိန်းကိုင်ကာ ပါးစပ်အတွင်းသို့ ရေအနည်းငယ် ထည့်နိုင်ရန် ကြိုးစားလေသည်။ ယွင်ချဲ့သည် ပြီးခဲ့သောဘဝမှ ပျက်သုဉ်းကာလအတွင်း လေးနှစ်ကြာ ရှင်သန်ခဲ့သော်လည်း Zombie Virus ကို ကုသနိုင်သည်ဆိုသော နည်းလမ်းတစ်ခုမှ မကြုံခဲ့ မကြားခဲ့ဖူးပေ။ ထိုအစွမ်းထက်သော စမ်းချောင်းရေသာလျှင် ညီငယ်၏ ကိုယ်ခန္ဓာ အတွင်းရှိသော ပိုးကို ဆေးကြောသန့်စင် စေနိုင်ရန်သာ ယွင်ချဲ့ ဆုတောင်းနေမိသည်။

“ဟင်း..ဟင်း … ဟင်း..ဟင်း”

စမ်းရေသည် လည်ချောင်း အတွင်းသို့ ဝင်ရောက် သွားသည် နှင့်တစ်ပြိုင်နက် ယွင်ချန် သည်လည်း ကျယ်လောင်သော ဟိန်းသံနှင့်အတူ ယွင်ယောင်နှင့် ယွင်ချဲ့တို့ကို အဝေးသို့ တွန်းလွှတ် လိုက်လေသည်။ မျက်နှာမှာလည်း အေးခဲသွားသကဲ့သို့ ဖျော့တော့နေပြီး ဝေဝါးနေသော မျက်ဝန်းများသည်လည်း မကြာလိုက်သည့် အချိန်တွင် တလက်လက် ဖြစ်လာသည်။ ချွန်ထက်နေသော လက်သည်းများသည် ပြောင်းလဲမှုများကြောင့် ပိုမိုချွန်ထက်လာပြီး သွားများသည်လည်း ထိုနည်းတူပင်။ အထူးသဖြင့် သွားစွယ် နှစ်ချောင်းမှာ သွေးစုပ် ဖုတ်ကောင်ကဲ့သို့ တဖြည်းဖြည်း ရှည်လာခဲ့လေသည်။

စမ်းရေမှာ ပိုးကိုမဖယ်ပစ်ဘဲ သန္ဓေပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို လျင်မြန်စေခဲ့ဟန် တူသည်။ ယွင်ချဲ့လည်း ကြံရာမရဖြစ်ကာ သူ၏ ညီလေး အမှန်တကယ် ဖုတ်ကောင် ဖြစ်သွားမည်ကို အလွန်စိုးရိမ် နေလေသည်။

“ရှောင်ချန် ….”

ယွင်ယောင်နှင့် လန်ယဲ့ဟန်တို့ သူ့ထံ ပြေးလာကြသော်လည်း ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်း တို့က သူတို့ကို ဖမ်းကိုင်လိုက်သည်။ ထိုအခြေအနေကြောင့် သူတို့အားလုံး ဝမ်းနည်းကြေကွဲ နေသော်လည်း ထိုဝမ်းနည်းမှုက ဘယ်လိုများ အသုံးဝင်နိုင်မှာလဲ။

“ငါ့ကိုလွှတ် ရှောင်ချန် .. ရှောင်ချန် ….”

မောင်ငယ်ဖြစ်သူက ထိုကဲ့သို့ လျင်မြန်စွာ ပြောင်းလဲ နေသည်ကိုကြည့်ကာ ယွင်ယောင်လည်း ကျိုးဇယ်ယွီ ချုပ်ကိုင်ထားသည့်တိုင် ရုန်းကန်ကာ သူမလက်များဖြင့် ကျိုးဇယ်ယွီ၏ ရင်ကို ထုရိုက်နေလေသည်။ ကျိုးဇယ်ယွီ မှာလည်း ဘာမှမခံစားရသကဲ့သို့ သည်းခံနေကာ ယွင်ယောင်ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး …

“တော်ပါတော့ မမ… စိတ်ထိန်းပါဉီး .. ကျွန်တော်တို့ အားလုံးလည်း ဒီလိုမဖြစ်စေချင် …”

ထိုစကားလုံးများ မှလွဲ၍ သူမကို မည်သို့ နှစ်သိမ့်ပေးရမည်ကို ကျိုးဇယ်ယွီ မစဉ်းစားတတ်တော့ပေ။

“ယဲ့ဟန် ..”

လန်ယဲ့ဟန်မှာ ယွင်ယောင် ကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိသော်လည်း သူသည် တစ်ချိန်လုံး ယွင်ချန်အား စိုက်ကြည့်နေပုံမှာ သူ၏သွား ကျိုးသွားသည်ကိုပင် သတိမထားမိပေ။ ထိုအဖြစ်ကို ကြည့်ကာ လုဟိုင်ရွှမ်း ပို၍ဝမ်းနည်း စိတ်မကောင်း ဖြစ်မိသည်။ သူတို့နှင့် သိခွင့်ရခဲ့သည်မှာ တစ်ရက်ခန့်သာ ရှိသေးသော်လည်း သူတို့နှင့်အတူ အကြောင်းရာများစွာကို ကြုံတွေ့ ခဲ့ရသည်။ ယွင်ချန်သည် မကောင်းဆိုးဝါး တစ်ကောင်အဖြစ်သို့ ပြောင်းလဲနေကာ လန်ယဲ့ဟန် မှာလည်း …. ထိုနှစ်ယောက်ကြောင့် သူ၏နှလုံးသား ဓားနှင့်မွှန်းခံ ထားရသကဲ့သို့ အလွန်နာကျင်စွာ ခံစားနေရသည်။

“ဟင်း..ဟင်း … အစ်ကို .. မမ .. ကျွန်တော် ကိုက်ခဲနေတယ်”

သန္ဓေပြောင်းလဲခြင်း ဖြစ်ပွားနေသော ယွင်ချန်မှာ နာကျင်မှုကြောင့် သူကိုယ်တိုင်ပင် အင်္ကျီကော်လံကို ဆွဲယူလိုက်သည်။ ချွန်ထက်သော လက်သည်းများဖြင့် အရေပြားကို ကုတ်ခြစ်နေပြီး လူးလှိမ့် တွန့်လိမ်နေသော ခန္ဓာကိုယ်မှာ သူ၏ နာကျင်မှုကို ဖော်ပြနေသည်။ ဝေဝါးဖျော့တော့နေသော မီးခိုးရောင် မျက်ဝန်းများမှာ အနီရောင်သို့ ပြောင်းလဲလာပြီး မီးခိုးရောင် အသားရောင်မှာလည်း အရောင်အဆင်း မရှိတော့ဘဲ အားနည်း ဖျော့တော့လျက် ရှိလေသည်။ ခရမ်းရောင် နှုတ်ခမ်းများမှာ တဖြည်းဖြည်း နီမြန်းလာသော်လည်း ပုံမှန်လူ တစ်ယောက်၏ ကျန်းမာသော အနီ‌ရောင် နှုတ်ခမ်းတစ်စုံကဲ့သို့ မဟုတ်ဘဲ အနီရောင်သွေးများ ဖုံးလွှမ်းနေသည့် အလား။ ချွန်ထက်သော အစွယ်များသည်လည်း သိသာထင်ရှား လာသည်။

ဖျော့တော့သော အသားရောင်၊ သွေးလွှမ်းသော နှုတ်ခမ်းများနှင့် ချွန်ထက်နေသော အစွယ်များ…..

အဆင့် ၁ဝ ဖုတ်ကောင် ?

ယွင်ချန်တွင် ဖြစ်ပေါ်လျက် ရှိသည့် အနေအထားကို ကြည့်၍ ယွင်ချဲ့ ရုတ်တရက် စဉ်းစားမိလိုက်သည်။ အတိတ်ဘဝတွင် သူ ရုတ်တရက် သေဆုံးခဲ့စဉ်က မြင်တွေ့ခဲ့ရသော ဖုတ်ကောင်များ၏ အမြင့်ဆုံး အဆင့်သည် အဆင့် ၇ ဖြစ်၍ ထိုဖုတ်ကောင်များ၏ မျက်လုံးများမှာ အပြာရောင်ဖြစ်ပြီး သူတို့၏ ဦးနှောက် ဉာဏ်စွမ်းသည် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် ညီမျှသည့်အပြင် ထူးခြားသော စွမ်းရည်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လေသည်။ သိပ္ပံပညာရှင်များ၏ ခန့်မှန်း တွက်ဆမှုများ အရ ဖုတ်ကောင်များသည် အနည်းဆုံး အဆင့် ၁ဝ အထိရောက်နိုင်သည်။ ယင်းအခြေအနေတွင် သူတို့၏ အသိဉာဏ်နှင့် ပုံပန်းသွင်ပြင်သည် လူသားတစ်ယောက်နှင့် တူညီလုနီးပါး ဖြစ်နိုင်သည်။သဘောတရားဆိုင်ရာ အခြေခံသည့်အချက် မရှိသော်လည်း လူတို့မှာ……

ယွင်ချန်မှာ ဖုတ်ကောင် ဖြစ်လာတော့မည်ဆိုသော အချက်ကို ပြောင်းလဲ မရနိုင်သော်လည်း ဖုတ်ကောင် ဖြစ်လာသည်နှင့် ဘယ်ကြောင့် သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရမှာလဲ။

ထိုသို့ စဉ်းစား လိုက်ပြီးနောက် ယွင်ချဲ့ သာမန်မဟုတ်သော အပြုံးကိုပြုံးကာ အခြားသူများ၏ သံသယများနှင့် သူအပေါ်သို့ ထပ်မံနှိမ့်ချ ဆက်ဆံမှုများကို လျစ်လျူရှု၍ သူ၏ လက်နှစ်ဖက်ကို ယွင်ချဲ့ ပခုံးပေါ်သို့ တင်ထားလိုက်သည်။

“ဟင်း .. ဟင်း …”

ထိုအချိန်တွင် ယွင်ချန်မှာ အသိစိတ် လုံးဝ ပျောက်ဆုံးကာ အနီရောင် မျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်သည့် မာန်အပြည့်နှင့် သူ၏ချွန်ထက်သော အစွယ်များမှ သွားရည်များလည်း ကျဆင်းနေကာ အနီးနားတွင် ရှိနေသော ယွင်ချဲ့ကို လတ်ဆတ်သော အသားတုံးတစ်ခု အဖြစ်သာ ထင်မြင်နေလေသည်။

“ရှောင်..ရှောင်ချန် …”

ယွင်ယောင် ပို၍ဝမ်းနည်းစွာ ငိုကြွေးလာသော်လည်း ယွင်ချဲ့က သူမကို လျစ်လျူရှုကာ ယွင်ချန်၏ လှုပ်ယမ်းနေသော လက်များကို လက်တစ်ဖက်ဖြင့် ချုပ်ကာ ဦးခေါင်းပေါ်သို့ ဖိတင်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲမှ ဖုတ်ကောင် အမြုတေအချို့ကို ယူကာ ယွင်ချန်၏ ပါးစပ်အတွင်းသို့ တွေဝေခြင်းမရှိ ပစ်ထည့် လိုက်လေသည်။

ရက်စက် ကြမ်းကြုတ်ဟန် အပြည့်နှင့် သွေးများ ပြည့်နေသည့် အနီရောင် မျက်လုံးများမှာ တည်ငြိမ်စ ပြုလာသည်။ ယွင်ချဲ့ဘက်သို့ ခန္ဓာကိုယ်ကို အသာစောင်း လိုက်ကာ အနီရောင် နှုတ်ခမ်းတစ်စုံ စတင်လှုပ်ရှားလာပြီး တစ်ခုခုမေးရန် ဟန်ပြင်လိုက်သည်။

ယွင်ချန် မရုန်းကန်တော့သည့် အချိန်ကိုစောင့်ရင်း ယွင်ချဲ့သည် အမြုတေ အချို့ကို လက်တစ်ဆုပ်စာ ယူလိုက်ပြီး ယွင်ချန် လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ယွင်ချန်က ဘယ်လက်ဖြင့် ပုံဆောင်ခဲ တစ်ခုကိုယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ယွင်ချန် အတွက် ခက်ခဲနေဆဲ ဖြစ်သော်လည်း ယွင်ချဲ့ သင်ကြားပေးနေသည့် အရာကို အတုယူနိုင်စွမ်း ရှိသည်။ ယွင်ချန် ပုံဆောင်ခဲတစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ ထည့်ကာ သကြားလုံး ဝါးသကဲ့သို့ ဝါးစားလိုက်သည်။

ထိုအဖြစ်ကို ကြည့်ကာ ယွင်ချဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ယွင်ချဲ့ မရည်ရွယ်ပါဘဲနှင့် သူ၏ လက်ကို ဆန့်ထုတ်ကာ ယွင်ချန် ဆံပင်များကို ပွတ်သပ် ပေးလိုက်သည်။ အခုချိန်တွင် သူလက်မလျော့နိုင်ပေ။ အကယ်၍ ညီဖြစ်သူ၏ ဘဝ အစမှစ၍ ပြန်စရမည်ဆိုလျှင် အန္တရာယ်များသော လောကနှင့် အနာဂတ်ကို ရင်ဆိုင်ရမည် ဆိုလျှင်တောင် ညီငယ်အနားတွင် အဖော်ပြုကာ ကာကွယ်ပေးရမည်။ အစ်ကို တစ်ယောက်၏ တာဝန်ဖြစ်သည့်အပြင် ကပ်ဆိုးကျရောက်ပြီးသည့် အချိန်မှစ၍ သူ့အတွက် တွန်းအားတစ်ခု ဖြစ်လာခဲ့လေသည်။

“ရှောင်ချဲ့ ?”

“ယွင်ချဲ့ ?”

ယွင်ယောင်နှင့် အခြားသူများသည်လည်း မြင်တွေ့နေရသည်တို့ကို မယုံကြည်နိုင် အံ့ဩတကြီး ဖြစ်နေကြသည်။ ယွင်ချဲ့ ဘာများ လုပ်လိုက်လို့ မတည်မငြိမ် ဖြစ်နေသော ယွင်ချန် ရုတ်တရက် ငြိမ်ကျကာ ပဲသကြားစေ့များကို စားနေရတာလဲ။ ဆီလျော်ခြင်း မရှိသော်လည်း ယခုအချိန်တွင် ရှိနေသော ယွင်ချန်မှာ အနည်းငယ် ချစ်စရာ ကောင်းနေသည်ဟု သူတို့တွေးမိလိုက်သည်။

“ဖုတ်ကောင်တွေက ဆင့်ကဲပြောင်းလဲ နိုင်တယ် မတူညီတဲ့ အဆင့်တွေနဲ့ ဖုတ်ကောင်တွေက ပုံစံအားဖြင့်ရော တိုက်ရည် ခိုက်ရည်အားဖြင့်ရော ကွာခြားကြတယ် … တိုးတက်မှုတွေ ဖြစ်လာဖို့ အဓိကအချက်က စွမ်းအင်ဖြစ်ပြီး အဲဒါက အသားတွေ သွေးတွေကနေ ရတယ် .. ဒါမှမဟုတ် ဖုတ်ကောင်တွေရဲ့ ခေါင်းထဲမှာရှိတဲ့ အမြုတေတွေ ကနေလည်း ရနိုင်တယ်”

ယွင်ချဲ့ မတ်တပ်ရပ်ကာ အခြား အမြုတေများကို ယူလျက် စဉ်းစားမရ ဖြစ်နေသော သူတို့၏ မျက်လုံးများကို ကြည့်လိုက်သည်။

“တကယ်လို့ ဖုတ်ကောင် တစ်ကောင်က အဆင့်မြင့်တယ်ဆိုရင် အသိဉာဏ် ရှိနိုင်ပြီး ပုံပန်း သွင်ပြင်ကလည်း လူသားတစ်ယောက်နဲ့ တဖြည်းဖြည်း တူလာနိုင်တယ် … ရှောင်ချန်ကို ကြည့်လိုက် သူ့မျက်နှာက ဖျော့တော့နေတယ် သူ့နှုတ်ခမ်းတွေ ပိုနီလာတယ် သူ့အစွယ်တွေ ပိုချွန်လာတယ် အဲဒါတွေကလွဲလို့ တခြားဘာကများ သူက ဖုတ်ကောင်နဲ့ တူတယ်လို့ ပြောနိုင်လဲ”

အာ…မင်းက အဲဒါနဲ့ပတ်သက်ပြီး တော်တော် သိထားပုံပဲ။

ယွင်ချဲ့ကိုကြည့်ကာ အခြားသူများလည်း အံ့အားသင့် သွားကြသော်လည်း သူနှင့် စနောက် ပြောဆိုနေရန် အချိန်ကောင်း မဟုတ်သောကြောင့် ငြိမ်နေလိုက်ရသည်။ ယွင်ယောင်မှာ သူမကို ချုပ်ကိုင်ထားသော ကျိုးဇယ်ယွီကို အဝေးသို့ တွန်းလွှတ်လိုက်ပြီး တုန်ယင်စွာ အရှေ့သို့ တိုးလာလေသည်။

“ဒါဆိုရင် ရှောင်ချန်က အဆင့်မြင့် ဖုတ်ကောင် ဖြစ်သွားပြီလို့ ဆိုလိုတာလား”

ဆိုလျှင်လည်း ဖုတ်ကောင် ဖြစ်နေသည် မဟုတ်ပေလား။

ဖုတ်ကောင် အမြုတေများကို ငြိမ်သက်စွာ စားသုံးနေသော မောင်ဖြစ်သူကို ကြည့်ကာ ယွင်ယောင် ငိုမိပြန်လေသည်။

“မောင်လေးရယ်…”

သူဘာကြောင့်များ အခုလို ဖြစ်သွားရတာလဲ။

“မဟုတ်ဘူး သူက အဆင့်မြင့်ဖုတ်ကောင် တစ်ကောင်နဲ့ တူရုံပဲ … သူရဲ့ အဆင့်က နိမ့်နေသေးတယ် ဒီထက်ပို တိုးမြင့်ဖို့ သူစွမ်းအင်တွေ အများကြီး လိုအပ်သေးတယ်”

အကယ်၍ သူသာ အဆင့် ၁ဝသို့ ရောက်ရှိသွားပါက ယွင်ချဲ့လည်း အပြည့်အဝ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ဖုတ်ကောင်၏ အဆင့်သည် လူသားများ၏ ထူးခြားသော စွမ်းဆောင်ရည်များနှင့် ဆင်တူသည်။ သူ၏ လက်ရှိ ရောင်ခြည် စွမ်းအားမှာ အဆင့် ၂ သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကာ လေထုစွမ်းအားသည်လည်း အကြိမ်ပေါင်းများစွာ အသုံးပြုပြီးသည့်နောက် အဆင့် ၁ သို့ ရောက်ရှိနေလေသည်။ ထိုအခြေအနေမျိုးတွင် သူသည် အဆင့် ၁ဝ ရှိသော ဖုတ်ကောင်မဆိုထားနှင့်၊ အဆင့် ၃ နှင့် အဆင့် ၄ ရှိသော ဖုတ်ကောင်များ၏ သတ်ဖြတ်မှုကိုပင် ခံရနိုင်သေးသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset