အခန်း (၂၁)
ဟွိုင် တက္ကသိုလ်မှာ ဆေးကျောင်း တစ်မျိုး မဟုတ်ဘဲ အခြားတက္ကသိုလ်များနှင့် ယှဉ်လျှင် ဟွိုင်တက္ကသိုလ်၏ ဆေးဌာနက ပိုကြီးကာ သူတို့နှင့်တွဲဖက် ဆေးရုံများလည်း ရှိသောကြောင့် သူတို့၏ ဆေးဌာနက ပို၍ နာမည် ကျော်ကြားသည်။ ဟွိုင်က္ကသိုလ်ထက် ပိုမိုကြီးကျယ်သော ဘေကျင်း တက္ကသိုလ်၊ နန်ကျင်း တက္ကသိုလ်များကို ယွင်ချန် ရွေးရန် အခွင့်အရေး ရှိသော်လည်း ဟွိုင်တက္ကသိုလ်က ယွင်ချဲ့ ယွင်ယောင်တို့ ရှိရာနှင့် ပိုနီးသောကြောင့် ထိုတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်။
မနေ့ညနေ မတိုင်ခင် ဖုန်းချပြီးသည်နှင့် ယွင်ချန် တွန့်ဆုတ်ခြင်းမရှိ ပစ္စည်းများ သိမ်းဆည်းကာ ထွက်လာခဲ့သည်။ ကျောင်းထဲတွင် ရှိသော စတိုးဆိုင်ရှေ့မှ ဖြတ်သွားစဉ် ရက်မည်မျှ ကြာသည်အထိ ပုန်းနေရမည်နှင့် အစားအသောက်၊ အဝတ်အစားများက ကြာကြာ မခံနိုင်ကြောင်း သူတွေးမိသည်။ ထို့ကြောင့် တုံ့ဆိုင်း မနေတော့ဘဲ ဂျူတီကျနေသည့် စာရေး သတိမထား မမိချိန်တွင် စတိုးဆိုင် အနောက်ရှိ ကုန်လှောင်ရုံကြီးထဲ သူဝင်ပုန်း လိုက်သည်။ သူအဖမ်း မခံနိုင်ရကြောင်း သေချာသွားသည့်အခါ ယွင်ချဲ့ထံ ချက်ချင်းပင် တည်နေရာကို ပို့လိုက်သည်။
အစပိုင်းတွင် ကုန်လှောင်ရုံက တိတ်ဆိတ် နေခဲ့သော်လည်း မနက် နေထွက်ကာ ကောင်းကင်ကြီး လင်းလာသော အခါတွင် အပြင်ဘက်မှ အော်သံ၊ ညည်းသံများကို စတင် ကြားလာရသည်။ လူများမှာ အကိုက်ခံရပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားကြပြီးနောက် အခြားသူများကို ရုတ်တရက် တိုက်ခိုက် လာကြသည်။ ရောဂါပိုး ကူးခံရသူ ပိုမိုများပြား လာပြီးနောက် သူတို့၏ အော်သံများက အခြားနေရာမှာ ဖုတ်ကောင်များကိုလည်း ဆွဲဆောင်နေသကဲ့သို့ ဖြစ်သွားလေသည်။
ဖုန်းလိုင်းများလည်း အဆက်အသွယ် ပြတ်တောက်ကုန်ကာ ကျောင်းကြီးမှာလည်း တဖြည်းဖြည်း ရုန်းရင်းဆန်ခတ် ဖြစ်လာသည်ကို ကျောင်းသားများလည်း သတိထားမိ လာကြသည်၊ သူတို့အချင်းချင်း ရိုင်းပင်း ကူညီသည်က လွဲ၍ အခြားနည်းလမ်း မရှိတော့သဖြင့် အရင်ဉီးစွာ အစားအစာများကို ရှာဖွေကြသည်။ အချို့ ကျောင်းသားများမှာ အုပ်စုကိုယ်စီနှင့် စတိုးဆိုင်ထဲ ဝင်၍ ပစ္စည်းများကို ယူပါ ထွက်သွားကြပြီး အချို့မှာ စတိုးဆိုင်ထဲတွင် ဆက်နေကြကာ သက်ဆိုင်ရာ လူများ လာကယ်ကြမည်ကို စောင့်နေကြလေသည်။
ညနေစောင်းအချိန် ရောက်သောအခါ ဂိုထောင်ထဲတွင် ပုန်းနေသော ယွင်ချန် တစ်ခုခု စားသောက်ရန်အတွက် ထွက်လာခဲ့သည်။ ထိုနေ့ အဖြစ်အပျက်များကို ဂိုထောင်အပေါ်ရှိ အပေါက်ငယ်လေး မှတစ်ဆင့် သူအားလုံးကို မြင်ခဲ့ရပြီး သူ၏စိတ် အခုကဲ့သို့ ပြန်လည် တည်ငြိမ်ရန် အတော် ကြိုးစားခဲ့ရသည်။ မည်မျှပင် တည်ငြိမ် ရင့်ကျက်သူဖြစ်ပါစေ အသက် ၂ဝ သာ ရှိသေးပြီး ယခုကဲ့သို့ ဆိုးဝါးသော အခြေအနေကို တစ်ခါမှ မကြုံဖူးရသောကြောင့် အကုန်လုံးကို လက်ခံပြီး အချိန်တိုအတွင်း လွတ်မြောက်နိုင်ရန် ဆိုသည်က မလွယ်ကူလှပေ။ ထို့ကြောင့် သူ၏အစ်ကို လာကယ်မည်ဟု ယုံကြည်လျက် စောင့်မျှော်နေရုံသာ တတ်နိုင်တော့သည်။
သို့သော် ရုတ်တရက် အခြေအနေများကြောင့် အစီအစဉ်လည်း ပြောင်းလဲ သွားရသည်။ နောက်ဆုံးတွင် ယွင်ချန်ကို လူမိသွားလေသည်။ သူ့ကို ရှာတွေ့သွားသူမှာ မနေ့ည ကတည်းက စတိုးဆိုင်တွင် အလှည့်ကျနေသော တတိယနှစ် ကျောင်းသား လုဟိုင်ရွှမ်းပင်။ သူ့ကို တွေ့သွားသဖြင့် နှစ်ယောက်လုံး လန့်သွားကာ လုဟိုင်ရွှမ်း မအော်မိစဉ်တွင် ယွင်ချန် သူ့ပါးစပ်ကို လက်နဲ့ပိတ်လိုက်သည်။
သို့သော် အခြားသူများ ဂိုထောင်ကို ရှာတွေ့သွားကြသဖြင့် ယွင်ချန်နှင့် လုဟိုင်ရွှမ်းလည်း ထွက်သွား ရလေသည်။ အပြင်ရောက်သောအခါ သူ့ကို ကူညီစောင့်ရှောက် လာခဲ့သော စီနီယာအစ်ကို လန်ယဲ့ဟန်နှင့် ဆုံခဲ့ကြပြီး သုံးယောက်အတူ အချိန်အတိုင်းတာ တစ်ခုအထိ စတိုးဆိုင်ထဲတွင်သာ ပုန်းခိုနေရန် သဘောတူ ဆုံးဖြတ် လိုက်ကြသည်။ သို့သော်လည်း လူအများအပြားမှာ အစားအသောက် ရှာဖွေရန် စတိုးဆိုင်ထဲ ဝင်လာကြသဖြင့် ဖုတ်ကောင်များကို ဆွဲဆောင် သကဲ့သို့ ဖြစ်သွားပြီး ခိုင်ခံ့မှုနည်းသော တံခါးမှာလည်း ပျက်စီး သွားလေသည်။ စတိုးဆိုင်ထဲတွင် ပုန်းနေသူများကလည်း သတ္တိမွေးကာ ဖုတ်ကောင်များကို တိုက်ခိုက်ပြီး အပြင်ထွက်နိုင်ရန် ကြိုးစားကြသည်။
“ဟာကွာ …ရှောင်ချန် ”
လန်ယဲ့ဟန်တွင် မီးတောက်စွမ်းအား ရှိနေပြီး သူ၏ဉီးဆောင်မှု နောက်လိုက်ကာ သုံးယောက်အတူ လွတ်မြောက်ရန် တိုက်ခိုက် ကြလေသည်။ ထိုအချိန်အနောက်မှ ပြေးလိုက်လာသောလူအုပ်ကြီးကြောင့် ယွင်ချန်မှာ အနောက်တွင် ကျန်ခဲ့ပြီး ဖုတ်ကောင်များ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။ ဖုတ်ကောင်များ ကြားထဲ ယွင်ချန် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် လန်ယဲ့ဟန် တွေဝေခြင်း မရှိဘဲ သူ့ဆီ ပြေးသွားကာ မီးလုံးများကို တတ်နိုင်သလောက် ပစ်နေလေသည်။
“သေစမ်း ကောင်းကျိုးမပေးတဲ့ ခွေးကောင်တွေ”
ထိုအချိန်တွင် လုဟိုင်ရွှမ်းလည်း ပြန်လှည့်လာကာ သူ့တွင် စွမ်းအား မရှိသော်လည်း ငယ်စဉ်ကတည်းက နယ်မြို့တွင် နေခဲ့ရပြီး မိဘတို့၏ လယ်ယာ အလုပ်ကို ကူညီပေးလေ့ ရှိသဖြင့် သန်မာကာပြီး တိုက်ခိုက်ရည်ကလည်း အလွန် ကောင်းလှသည်။
“ရှောင်ချန် ..”
လုဟိုင်ရွှမ်း၏ အကူကညီဖြင့် ယွင်ချန်ကို လန်ယဲ့ဟန် ကယ်ယူ လိုက်နိုင်ပြီး လက်တစ်ဖက်က သူ့ကိုတွဲထားကာ ကျန်တစ်ဖက်မှာ မီးများကို ဆက်တိုက် ပစ်နေလေသည်။
“မင်း … မင်းတို့ နှစ်ယောက် သွားတော့ ငါ မ မရ….”
ကျောပေါ်မှ ဒဏ်ရာက အလွန် နာကျင်လှသဖြင့် ယွင်ချန် မျက်ရည် ကျလာကာ မျက်နှာလည်း စာရွက်ဖြူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်လာသည်။ တဖြည်းဖြည်းနှင့် သူသေရတော့မည်ဟု တွေးမိသောကြောင့် ယွင်ချန် ဝမ်းနည်းမိသည်။ သူမသေချင်သေး၊ အခုထိ အစ်ကို၊ အစ်မနှင့် တူလေးကို မတွေ့ရသေးပေ။ အနည်းဆုံးတော့ သူတို့ကို တွေ့သွားပြီးမှ သူသေချင်သည်။
“ငါမင်းကို မထားခဲ့နိုင်ဘူး”
ယွင်ချန်ကို လန်ယဲ့ဟန် အားကုန် ပြေးလေသည်။ လုဟိုင်ရွှမ်း စကားပင် မပြောသော်လည်း သူ၏သဘောထားကို လုပ်ရပ်နှင့် သက်သေပြလေသည်။
လေဟာနယ် အကာအကွယ်ဖြင့် ယွင်ချဲ့နှင့် အခြားသူများလည်း ဖုတ်ကောင်များ ရန်မှ ကပ်သီ လွတ်လာကြသည်။ လူသုံးယောက်နှင့် ခွေးတစ်ကောင် ဘလောက်နှစ်ခု အကွာက လမ်းမပေါ်တွင် ဆုံကြပြီး မဝေးတော့သော ဟွိုင်တက္ကသိုလ်သို့ ဉီးတည် သွားလိုက်ကြသည်။ တက္ကသိုလ်ရှေ့မှ လမ်းမပေါ် ရောက်လာကြသည့်အခါ ကျောင်းတံခါး ပိတ်ထားပြီး ကျောင်းဝင်းကြီးမှာလည်း ဖုတ်ကောင်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“ရှောင်ချန် …”
ထိုအခြေအနေကြောင့် ယွင်ယောင်မှာ သူမမောင်လေး တစ်ခုခု ဖြစ်နေမလား ဆိုသော ကြောက်စိတ်ဖြင့် မျက်ရည်ကျ လာမိသည်။
“မမ ဟေးယွီ ကျောပေါ်တက်လိုက် .. ဟေးယွီ မင်းမမနဲ့ ချန်ချန်ကိုခေါ်ပြီး ကျော်တက်သွား … အထဲရောက်ရင် ပုန်းလို့ရမယ့် နေရာရှာလိုက် ငါတို့ ရှောင်ချန်ကို ရှာတွေ့တာနဲ့ အတူတူ ထွက်သွားကြမယ် … ပြီးတော့ ဖုတ်ကောင်တွေကို ရှင်းထားဦး”
ယွင်ယောင် စိုးရိမ်ပူပန် နေသော်လည်း ယွင်ချဲ့မှာ အေးဆေး တည်ငြိမ်လျက်ပင်။
“ဟမ် ကျွန်တော်ပဲလား ?”
“ဟေးယွီ အခုက အပြောင်အပြက် လုပ်နေရမယ့် အချိန်မဟုတ်ဘူး”
ယွင်ချဲ့ သူ့ကို စနောက်ခွင့်ပင် မပေးတော့။ သူစိတ်ပူ နေမိသော်လည်း အခြေအနေက သူ့ကိုစိတ်ပူရန် ဟန့်တားနေသည်။ ကျောင်းတွင် ဖုတ်ကောင်များစွာ ရှိနေနိုင်ပြီး ရှောင်ချန် အပြင်ဘက်တွင် ပုန်းခိုရန် နေရာရှာထား သင့်သည်ကို သူသတိပေးရန် လိုခဲ့သည်။
ယွင်ချဲ့ ဒေါသထွက်ပုံ မပေါ်သော်လည်း သူဒေါသ ထွက်နေကြောင်း ဟေးယွီ ရိပ်မိသည်။
“ဟေးယွီကို ချန်ချန်ကို ခေါ်ပြီးပဲ သွားခိုင်းလိုက် .. မမ နင်နဲ့လိုက်မယ်”
လမ်းတစ်လျှောက် တိုက်ခိုက် လာပြီးနောက် ယွင်ယောင် ပိုမိုသန်မာကာ သတ္တိရှိလာသည်။ ဓားကိုင်ထားသော သူမလက်ကို ကြည့်ကာ ယွင်ချဲ့ ခေါင်းခါလေသည်။
“မမ ကျွန်တော်လုပ်ပါ့မယ် .. ကျွန်တော်ပဲ ရှောင်ချန်ကို ရှာလိုက်မယ်”
စွမ်းအားပိုထက်ကာ တိုက်ခိုက်ရည် မြင့်လာသော်လည်း ဓားကိုင်ထားသော သူမလက်များက မထိန်းနိုင်အောင်ပင် တုန်ယင်နေသည်။
“ရတယ် ရှောင်ချဲ့ .. မမက အစ်မကြီးပါ နင့်ထက်တောင် ရှောင်ချန် ကိုစိတ်ပူသေးတယ် .. နည်းနည်း တုန်နေရုံပဲ ဘာမှမဖြစ်ဘူး နင့်နောက်မှာပဲ အမြဲပုန်း မနေနိုင်ဘူး”
ယွင်ယောင် အလျော့မပေးပေ။ အစတွင် သူမ နားမလည် မသိရသဖြင့် ကြောက်နေခဲ့သော်လည် အခုချိန်တွင် အခြေအနေတို့ကို လက်ခံနိုင်ခဲ့ပြီး သူမ၏မောင်လေး နှစ်ယောက်နှင့် သားအတွက် သူမ လုပ်နိုင်သည်ထက် ကျော်လွန်ကာ ပိုမိုသန်မာလာရန် လိုအပ်သည်။
မလျှော့သော ဇွဲတို့ပြည့်နေသော မျက်ဝန်းများကို ယွင်ချဲ့ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လေဟာနယ်ထဲမှ အိတ်အသေးလေး တစ်လုံး ယူထုတ်ကာ တူလေး၏ ခါးတွင် ချည်ပေးလိုက်သည်။
“ဒီထဲမှာ သကြားလုံးတွေနဲ့ ချောကလက်တွေ ရှိတယ် လိမ္မာတယ်နော် ချန်ချန် .. ဟေးယွီ နဲ့အတူ လုံခြုံတဲ့နေရာကို အရင်သွားလိုက် ဦးငယ်ကို ကယ်ပြီးရင် ဦးဦးတို့ လာခေါ်မယ် ဟုတ်ပြီလား”
ချန်ချန်မှာ အမေကိုတစ်လှည့် ဉီးလေးကို တစ်လှည့်ကြည့်ကာ မျက်ရည်များ ဝဲလာပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းညိတ်လေသည်။
“ဟုတ် ချန်ချန် စကား ားထောင်ပါ့မယ် မေမေနဲ့ ဦးဦးတို့ကို စောင့်နေမယ်”
ယွင်ယောင်နှင့် ယွင်ချဲ့ သာမက ကျိုးဇယ်ယွီလည်း ဒီမြင်ကွင်းကို ကြည့်ကာ ဝမ်းနည်းလာရသည်။
“ပြောတာနားထောင် ဟေးယွီ”
“ဟုတ်ကဲ့ သခင် ကျွန်တော်တို့ဆီ မြန်မြန် လာရမယ်နော်”
တူလေး၏ နဖူးကို အသာထိပြီးနောက် သူတို့ကို ယွင်ချဲ့ အတင်းသွားခိုင်း လိုက်သည်။ ဟေးယွီ ခုန်ကာ သံတံခါးကို ကျော်သွားသည်။ အကြိမ်ပေါင်းများစွာ ခုန်ပြီးနောက်တွင် မြင်ကွင်းထဲမှ ပျောက်ကွယ် သွားတော့သည်။ ဟေးယွီ ထွက်သွားစဉ် အနောက်မှ ဖုတ်ကောင်များစွာ လိုက်သွားကြသည်။ ယွင်ချဲ့ အစ်မနှင့် ကျိုးဇယ်ယွီကို ကြည့်ကာ ..
“သွားကြစို့”
သူတို့ နှစ်ယောက်လုံး ဓားကို ဆုပ်ကိုင် လိုက်ကြပြီးနောက် ယွင်ချဲ့ အရင်ပြေးသွားကာ ဖုတ်ကောင်များကို ရှင်းပစ်လိုက်သည်။ သုံးယောက်လုံး သံတံခါးဘေးရှိ လုံခြုံရေး အခန်းသို့ ဦးတည် လိုက်ကြပြီး ယွင်ချဲ့က တံခါးသော့ကို ဖျက်လိုက်သည်။ ယွင်ယောင်နှင့် ကျိုးဇယ်ယွီတို့မှာ အခန်းထဲ ပြေးဝင်ကာ ဖုတ်ကောင် ဖြစ်နေသော လုံခြုံရေး နှစ်ယောက်ကို သတ်ပစ်လိုက်သည်။
“သွားမယ် အရင်ဆုံး .. ရှောင်ချန် ပို့ပေးထားတဲ့ နေရာကို အရင်သွားမယ်”
ကျောင်းထဲတွင် ရှိနေသော ဖုတ်ကောင်များက အနံ့ခံမိပြီး သူတို့ရှိရာသို့ ပြေးလာကြသည်။ အရင် တစ်ခေါက်ကဲ့သို့ ယွင်ချဲ့ လေအလွှာ ဖန်တီးကာ ဖုတ်ကောင်များထံမှ အမြန်ပြေး လာလိုက်သည်။ ဖုန်းကို ထုတ်ကာ နေရာကိုစစ်လိုက်ပြီး ကျောင်းစတိုးဆိုင်သို့ ဦးတည်လိုက်သည်။
တစ်ဖက်တွင်လည်း လန်ယဲ့ဟန်မှာ ဒဏ်ရာရနေသော ယွင်ချန်ကို ထိန်းလျက် ဖုတ်ကောင်များ လက်ထဲမှ လွတ်မြောက်အောင် ပြေးလာကာ ကျောင်းအားကစားရုံသို့ ရောက်သွားသည်။ တစ်ချိန်တည်းတွင် သူတို့နောက်က လိုက်လာခဲ့သော ဆရာမများ၊ ကျောင်းသားများလည်း ရောက်လာကြလေသည်။ လန်ယဲ့ဟန် သည်လည်း ဖုတ်ကောင်များကို ရှင်းပစ်ချင်သော လုဟိုင်ရွှမ်းကို ဖျောင်းဖျကာ ထောင့်တစ်နေရာတွင် သုံးယောက်လုံး အတူ ဝင်ထိုင်လိုက်ကြသည်။
သူတို့က ပြဿနာ မဖြစ်သော်လည်း အခြားသူများက ယွင်ချန် ဒဏ်ရာ ရထားသည်ကို သူတို့ တွေ့နေရသဖြင့် –
“အားလုံး ကျွန်တော်ပြောတာ နားထောင်ပေးပါ”
ထို့နောက် ရုံထဲ တိုးဝင်လာကြသည့် လူများမှာ အားလုံးလိုလို သွေးများ စွန်းနေကြတာသဖြင့် အခန်းထဲမှ အခြေအနေမှာ တင်းမာလာသည်။ လူအုပ်ထဲမှနေ၍ ဆရာဖြစ်ဟန် တူသော အသက် ၄ဝ အရွယ် လူတစ်ယောက် အရှေ့သို့ ထွက်လာသဖြင့် အားလုံး၏ အာရုံမှာ ထိုလူထံ ကျရောက် သွားသည်။ ထိုသူက ထောင့်တွင် ထိုင်နေသော သူတို့သုံးယောက်ကို ကြည့်ကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး …
“အပြင်မှာ ဖြစ်နေတာတွေကို အားလုံးလည်း ရိပ်မိလောက်ကြပြီ ထင်ပါတယ် .. အဲဒီ မကောင်းဆိုးဝါးတွေက တီဗွီထဲက ဇွန်ဘီတွေလိုပဲ တွေ့သမျှ လူကိုကိုက်ပြီး အခြစ်ခံ အကိုက်ခံရတဲ့ သူတိုင်းကလည်း ဖုတ်ကောင်တွေ ဖြစ်လာကြမှာ … ငါတို့အားလုံး ဟွိုင်က သူတွေပဲ အခုချိန်မှာ စည်းလုံးနေရမှာ စည်းလုံးနေမှ အစိုးရက လာကယ်တာကို စောင့်နိုင်မှာ .. အဲဒီမတိုင်ခင် အားလုံးကူညီပြီး အကိုက်ခံရတဲ့ သူရှိမရှိ စစ်ကြ ရှိနေရင်တော့….”
ထိုလူက စကားကို ဆုံးအောင် မပြောပေ။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေသည့်အပြင် အနာဂတ်တွင် မည်သို့ ဆက်ဖြစ်မည်ကို ဘယ်သူမှ မသိကြ။ ထိုလူသည်လည်း ဆရာတစ်ယောက်လည်း ဖြစ်နေသောကြောင့် သူ့ပါးစပ်မှ သတ်ဆိုသော စကားလုံးကို ပြောမထွက် နိုင်သော်လည်း အားလုံးက သူ၏ဆိုလိုရင်းကို နားလည်သည်။ ရုံတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အကိုက်ခံ အခြစ်ခံထားရတဲ့ သူများမှာလည်း တိတ်တဆိတ် အနောက်ကို ဆုတ်ကုန်ကြသည်။
လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ် လိုက်ကြသည်။ သူတို့ဝင်လာသည့် အချိန်ကတည်းက အခြားသူ အားလုံး သူတို့ကို မသင်္ကာစွာ ကြည့်နေကြပြီး အကြည့်လည်း မခွာကြသဖြင့် သူတို့အကြောင်း ပြောနေကြမည်မှာ သိသာနေသည်။ သို့သော် သူတို့နှစ်ယောက်လုံး တုန်ရီနေသော ယွင်ချန်ကို ငုံ့ကြည့်လိုက်ကြသည်။ သူတကယ်ပဲ ဖုတ်ကောင် ဖြစ်တော့မှာလား ဒီမှာရှိနေတဲ့ လူရာချီကို သူတို့ဘယ်လို ခံပြောနိုင်ပါ့မလဲ….။
***