အခန်း (၂၀)
“ရှောင်ချဲ့ …”
ကျိုးဇယ်ယွီနှင့် ယွင်ယောင် သူတို့ဘေးတွင် မတ်တပ် ရပ်လိုက်ကြသည်။ ဟေးယွီ ကျောပေါ်ရှိ ချန်ချန်မှာ ပျော်ရွှင်စွာ လက်ကို မြှောက်လျက် …
“မေမေ ”
လမ်းတစ်လျှောက် အေးဆေးအဖြစ်ဆုံး သူကို ရွေးပါဆိုလျှင် ချန်ချန်ပင် ဖြစ်လိမ့်မည်။ ဟေးယွီက ကြမ်းကြုတ်သော်လည်း ထိုကလေးကို စောင့်ရှောက်ရန် ဘယ်သော အခါမှမမေ့။ ချန်ချန် သူ့အမွေးများကို လက်နဲ့ သေချာ ဆုပ်မကိုင် ထားလျှင်တောင်မှ သူ့၏ရှည်လျား နက်မှောင်သော အမွေးမျှင်များ ချန်ချန်ကို ပြုတ်မကျစေရန် သေချာမြဲမြံစွာ ချုပ်ကိုင်ထားသည်။
“ကြည့်လို့ဝပြီ ဆိုရင်လည်း လာကူဦး”
ကားခေါင်မိုးပေါ်က ယွင်ချဲ့ကိုကြည့်ကာ ရှင်းဖုန်း အော်ပြောသည်။
“ငါကူညီချင်တယ် ပြောမိလို့လား”
ကားအမိုးပေါ် ထိုင်ချပြီး ခြေတစ်ဖက်ကို မြှောက်လျက် ဒူးပေါ်လက်တင် မေးထောက်ကာ ယွင်ချဲ့ လှမ်းပြောလိုက်သည်။ သူ့မျက်ဝန်းတွေက ရွှန်းစိုလျက်။ ကျိုးဇယ်ယွီ သူ့ကိုထူးဆန်းစွာ ကြည့်လျက် –
“မင်းသူ့ကိုသိတယ်ပေါ့”
“သိပ်မရင်းနှီးပါဘူး”
ခေါင်းပင် မမော့ကြည့်ဘဲ ရှင်းဖုန်းကိုသာ စိုက်ကြည့်လျက် ယွင်ချဲ့ ပြောလေသည်။
“သြော်”
ကျိုးဇယ်ယွီ သဘောပေါက် သွားပြီး ပါးစပ်ပိတ်ကာ နောက်ကို ဆုတ်သွားသည်။ အစောပိုင်းက ယွင်ချဲ့ ပြောသည်ကို သူမှတ်မိသည်။
“မင်းလာမကူဘူးဆိုရင် ငါဖုတ်ကောင် ဖြစ်သွားတဲ့အခါ မင်းနောင်တ ရသွားမယ်နော်”
ရှင်းဖုန်းမှာ အရင်တိုင်း ယုံကြည်မှု အပြည့်ပင်။ နှစ်ယောက်သား အခုမှ ပထမဆုံး တွေ့ကြခြင်း ဖြစ်သော်လည်း အကြောင်းရာ အများစုကို သိနေကြပြီသား ဖြစ်သည်၊ ယွင်ချဲ့က သူတစ်ပါးကိစ္စကို ဝင်မစွက်ဖက်တတ်သည့် ပုံစံရှိသည်။ ကလေး တစ်ယောက်ကိုပင် ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်ပုံကြောင့် အလွန် အင်အားကြီးကြောင်း သိသာသည်။ သူတို့ကို မသိချင်ယောင် ဆောင်သွားရန် အလွယ်လေးပင်။ ဘာကြောင့်များ သူမရှောင်ဖယ် သွားတာလဲ။
“မင်း ဖုတ်ကောင် ဖြစ်ချင်တယ် ဆိုရင်တောင် ဖုတ်ကောင် အုပ်ကြီးက ခင်ဗျားကို လက်ခံချင်ပါ့မလား ရှိသေးတယ်နော်”
ရှင်းဖုန်း၏ ဒဏ်ရာရနေသော ရင်ဘတ်ကိုကြည့်ကာ ယွင်ချဲ့ ပြောလေသည်။ ထိုသူမှာ အစွမ်းရပြီးသား ဖြစ်နိုင်သဖြင့် ထိုဒဏ်ရာ သေးသေးလေးက သူ့ကိုဖုတ်ကောင် ဖြစ်စေမည်မဟုတ်ပေ။
“မင်းသိတာတွေ များတဲ့ပုံပဲ”
လွန်ခဲ့သော နှစ်ရက် ကားမတော်တဆ ဖြစ်ခဲ့စဉ်ကလည်း ထိုကောင်လေးကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ခဲ့ပြီး အခုမှာပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည်။
“ငါကူညီဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး .. ဒီလိုအိမ်တွေပဲ လိုအပ်တယ်”
သူအဖြေ မပေးနိုင်သောကြောင့် သူ၏အခြေအနေကိုသာ ပြလိုက်သည်။ ကပ်ကြီး မတိုင်ခင်နှင့် အခုဖြစ်ပျက်ပြီး နောက်တွင် လူချမ်းသာများနှင့် ဆင်းရဲသားများ ကြားက ကွာခြားမှုမှာ အလွန် ကြီးမားလှသည်။ လုံခြုံရေး စခန်းများကလည်း ထောက်ပံ့ပေးမှုများ ကြောင့်သာ တောင့်ခံနိုင်ခြင်းပင်။ တစ်ခုခုမှ ပြောင်းလဲခြင်း မရှိလျှင် အနောက်တောင် လုံခြုံရေး စခန်းလည်း နယ်ပယ် အများအပြား ကွဲထွက် သွားနိုင်သည်။ ထိုနေရာများသည်လည်း ကပ်ကြီး မတိုင်ခင် ကတည်းက ရှင်းဖုန်း ပိုင်သော နယ်မြေများပင်။ သာမန်လူများ ဝင်နိုင်ရန် မလွယ်ကူသဖြင့် ရှင်းဖုန်း လက်အောက်တွင်သာ မှီခိုရန် ဆုံးဖြတ်လိုက်သည်။ တိုက်ခိုက်ခြင်းကိုလည်း လိုအပ်သကဲ့သို့ လုံခြုံမှုပေးနိုင်သည့် ပတ်ဝန်းကျင်ကိုလည်း လိုအပ်သည်။ ရှင်းဖုန်းသာ သူ့ကို ခွင့်ပြုပေးနိုင်သဖြင့် အခုချိန်မှာ အကျပ်ကိုင်ရန် အကောင်းဆုံး အခိုက်အတန့်ပင်။
“အိမ်တွေကလည်း အသုံးမဝင်တော့ဘူး .. ဒါနဲ့မင်းငါ့ကားကို အရင် လျော်ပေးသင့်တယ်နော်”
ယွင်ချဲ့ကို မျက်တောင်တစ်ချက် မခတ်ဘဲကြည့်ကာ ရှင်းဖုန်း ပြောလေသည်။ ယွင်ချဲ့ မျက်နှာပျက် သွားမည်ကို မျှော်လင့်နေပုံပင်။ ကံမကောင်းစွာ ယွင်ချဲ့က အရင်ကဲ့သို့ မျက်နှာ ခပ်တင်းတင်းဖြင့် –
“အသုံးဝင်မဝင် ငါခွဲတတ်တယ် .. မင်းရဲ့ကား အတွက်ကတော့ မင်းလိုချင်ရင် အခုချက်ချင်း အသစ်တစ်စီး ဝယ်ပေးမယ်လေ .. ဟွိုင်မြို့ကြီးထဲမှာ ကားဆိုင်တွေ အများကြီး ရှိမှာပါ”
ယခုကာလကြီးတွင် အိမ်များ သာမက ကားများမှာလည်း တန်ဖိုးမရှိတော့ပေ။
“ဟား..ဟား.. ကောင်လေး မင်းတော်တော် လည်တာပဲ .. ကောင်းပြီလေ မင်းနာမည်နဲ့ နေရာ တစ်နေရာပေးမယ် အခုလာကူတော့”
ရှင်းဖုန်း သူ့ကို သဘောကျသွားပြီး ဒဏ်ရာရနေသော လူတစ်ယောက်နှင့်ပင် မတူတော့ပေ။
“သဘောတူလိုက်ပြီနော်”
နောင်တရမရ မစိုးရိမ်တော့ဘဲ ယွင်ယောင်နှင့် ကျိုးဇယ်ယွီကို ခေါင်းညိတ် ပြလိုက်သည်။ သူ၏ရှည်သွယ်သွယ် ခန္ဓာကိုယ်က ဖုတ်ကောင်များထံ ပြေးဝင် သွားလေသည်။
“ဖယ်ကြစမ်း”
ရှည်လျားကာ တလက်လက် တောက်နေသော ဓားသွားအောက်တွင် ဖုတ်ကောင်များ ရှင်းလင်း သွားပုံမှာ ရှင်းဖုန်း အနားရှိ သူများကို အံ့သြမှင်သက် သွားစေသည်။
“ဝိုး.. ဝိုး .. သခင်က မိုက်လိုက်တာ ငါလည်း လုပ်ချင်တယ်”
အထီးမကျန်ချင်လိုသော သားရဲကောင်ကြီး ခုန်ကာ ရောက်လာသည်။ သူ၏ရှည်လျား ချွန်ထက်သော လက်သည်းများကြောင့် ဖုတ်ကောင်များ သေကြေကုန်လေသည်။ ယောက်ျားသား တစ်ယောက်နှင့် ခွေးတစ်ကောင် အချင်းချင်း ကူညီလျက် ဖုတ်ကောင် အုပ်စုထဲ ပြေးဝင်သွားကြပြီး သူတို့အနားမှ ဖုတ်ကောင်များကို အလွယ်တကူ သတ်ပစ်နိုင်သည် အထိ အင်အား ကြီးမားကြပေသည်။ စကားထပ် မပြောတော့ဘဲ ယွင်ယောင်နှင့် ကျိုးဇယ်ယွီ တို့လည်း သူတို့ကို ဝင်ကူကြသည်။ သို့သော် သူတို့မှာ ဖရဲသီးဖြတ်သော ဓါးများကိုသာ ကိုင်ထားကြသည်။
“လာကူကြဉီး”
ယွင်ချဲ့ထံ ရှင်းဖုန်း အရင်ဆုံး ရောက်လာလေသည်။
“လာပြီ”
အခြားသူများလည်း တဖြည်းဖြည်း သူတို့ကို လာကူကြသည်။ သူတို့ အားလုံးမှာ စစ်သားများဖြစ်ပြီး စွမ်းအားများကိုလည်း ပိုင်ဆိုင် ထားသောကြောင့် ရာချီနေသော ဖုတ်ကောင်များကို မကြာမီပင် ရှင်းလင်း လိုက်နိုင်ကြသည်။ သို့သော် ဖုတ်ကောင်များမှာ နေရာအနှံ့မှ သူတို့ထံ ဉီးတည် လာလျက်ပင်။
“မင်းအရင်သွား ကတိပေးထားတာကိုသာ မမေ့နဲ့”
ထိုပုံစံအတိုင်း ဆက်သွားလျှင် ပင်ပန်းလာနိုင်ပြီး သူတို့ အနှေးနဲ့အမြန် ဖုတ်ကောင်များ၏ အစာ ဖြစ်သွားနိုင်သည်။
ရှေ့တန်းက လူများမှာ ဖုတ်ကောင်များကို ရှင်းလင်းနေစဉ် ရှင်းဖုန်း အနားသို့ ယွင်ချဲ့ ဆုတ်သွားလေသည်။
“ဒါဆို မင်းငါနဲ့ လိုက်ခဲ့မလား”
သူ၏ ဒဏ်ရာက မသေနိုင်သကဲ့သို့ ဖုတ်ကောင် မဖြစ်လာနိုင်သာ်လည်း သွေးအလွန်ထွက်နေပြီဖြစ်သည်။
“ငါလူတစ်ယောက်နဲ့ တွေ့ရဖို့ ရှိသေးတယ်”
ယွင်ချဲ့ ပြောပြီးနောက် ရှင်းဖုန်းကို လှည့်ကြည့်လေရာ ဒဏ်ရာကို တွေ့သလိုက်သဖြင့် မျက်မှောင်ကြုတ်ကာ …
“ဒီဒဏ်ရာနဲ့တော့ မသေနိုင်ပါဘူး”
“ဟားဟား မင်းငါ့ကို တော်တော် ယုံကြည်တာပဲ မင်းငါ့ကို သိလို့လား”
ရှင်းဖုန်း မှတ်မိရသလောက် သူ့နာမည်ကို မမိတ်ဆက်ခဲ့ပေ။
“ချောင်ယန်း ကုမ္ပဏီရဲ့ ဥက္ကဌကို မသိတဲ့သူ ရှိပါ့မလား”
“သြော် ဟုတ်လား .. ငါမင်းပြောတာတွေကို မယုံသေးဘူး ဒါပေမယ့်လည်း ငါက တခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို မဖော်ချင်ပါဘူး .. ယွင်ချဲ့ ငါမင်းကို လူတွေ ကူစုပေးမယ် ငါ့နောက်လိုက်ခဲ့”
ယွင်ချဲ့ကို မျက်နှာချို သွေးခြင်းက သူ၏တပ်အင်အား ပိုတိုးစေမည်ကို သူအလိုလို သိနေသည်။
“ဘာလို့လဲ မင်းက ငါ့ကို ကျိတ်ကြိုက် နေလို့လား”
ယွင်ချဲ့ သာမန်ကာလျှံကာ မေးလိုက်သည်။
“အင်း ငါမင်းရဲ့ တိုက်ရည် ခိုက်ရည်ကိုတော့ သဘောကျတယ်”
“ဟားဟား နှမြောစရာပဲ .. ငါ့ကို သဘောကျနေတယ် ဆိုတော့ လက်ခံပေး လိုက်ဉီးမယ် .. ပြီးတော့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ဆို အသက်ရှင်နိုင်အောင် တခြားသူကို လိုပါ့မလား”
ယွင်ချဲ့ မနေနိုင်စွာ ပြုံးလိုက်ပြီးမှ ပြန်တည်လိုက်သည်။ ကမ္ဘာပျက် ကပ်ကြီးက တခြား သူများအတွက် ပျက်စီးမှုကြီး ဆိုသော်လည်း သူ့အတွက် အသစ် စတင်ခြင်းပင်။ ထိုသူက ရှင်းဖုန်း ဆိုလျှင်တောင် သူမမှီခိုချင်။ အတွေ့အကြုံများက သူ့ကို ကိုယ့်ကိုယ်ကိုယ် အားကိုးမှသာ ပိုကောင်းမွန်ကြောင်း သိစေခဲ့သောကြောင့် သူသန်မာမှသာ သူအသက်ရှင် နိုင်မည်ဖြစ်သည်။
“ဟား..ဟား .. ဒီတိုင်းဆို ငါမင်းကို ကြိုက်မိတော့မှာပဲ ထားပါတော့ ဒီအကြောင်း နောက်မှ ပြောတာပေါ့”
ရှင်းဖုန်းက စစ်အနွယ်ဖွား ဖြစ်သောကြောင့် ထူးချွန်သော လူတစ်ယောက်လည်း ဖြစ်သည်။ ကပ်ကြီး မတိုင်ခင်နှင့် အခုတွင်လည်း သူသာ လက်ဖျောက် တစ်ချက် တီးလိုက်ရုံနှင့် သူနှင့် ပရောပရည် လုပ်မည့်သူ အလွန် များပြားလှသည်။ သို့သော် ယွင်ချဲ့ တစ်ယောက်တည်းသာ အများနှင့်မတူ ထူးခြားနေသည်။
“ဝမ်းသာကြောင်းပါ .. တော်ပြီ အပြောင်အပြက်တွေ မပြောတော့ဘူး မင်းအရင်သွား”
ထိုစကားတို့ကို သူတို့ နှစ်ယောက်လုံး အတည်မယူကြပေ။ အထူးသဖြင့် သူတို့မှာ ယောကျ်ားလေးများပင်။
“အနောက်တောင်ဘက်က လင်းကျန်းမြို့မှာ မင်းအတွက် နေရာရှိတယ်”
ယွင်ချဲ့ကို လှမ်းပြောရင်း ရှင်းဖုန်း အနောက်လှည့်ကာ သူ၏နောက်လိုက်များ အဆင်သင့် ဖွင့်ပေးထားသော ကားထဲသို့ ဝင်သွားလေသည်။
“ပျော်ရွှင်စရာခရီးဖြစ်ပါစေ”
သူတို့နှစ်ယောက် ပုံစံမှာ အချိန်အတော်ကြာအောင် မတွေ့ခဲ့ရသော သူငယ်ချင်း ဟောင်းများနှင့် တူနေသည်။ အဆက်အသွယ် မရှိကြသော်လည်း တစ်ယောက်ကို တစ်ယောက်တော့ သိကျွမ်းနားလည် နေကြပုံပင်။ ရှင်းဖုန်း ကားထဲ ဝင်သွားပြီးနောက် ယွင်ချဲ့လည်း အနောက်ပြန်လှည့်ကာ တိုက်ပွဲမြေဆီ အပြေးသွားသည်။
“နောက်ဆုတ်ကြ ငါရှင်းလိုက်မယ်”
တိုက်ခိုက်နေကြသူများ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမြန်ဆုတ် သွားကြသည်။
“ဟေးယွီ ချန်ချန်ကိုခေါ်ပြီး သွားတော့”
“ဟုတ်ကဲ့ သခင်”
ရှင်းဖုန်း ထွက်သွားပြီးနောက် အသံကိုမြှင့်ကာ အော်ပြော လိုက်သဖြင့် ဟေးယွီလည်း ဆုတ်ခွာသွားရာ သူ၏ခန္ဓာ ကိုယ်ကြီးမှာလည်း မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ယွင်ချဲ့ တိုက်ခိုက်နေသည်ကို ရပ်လိုက်ပြီး လက်တစ်ဖက်နှင့် ယွင်ယောင်ကို ဖက်ကာ နောက်တစ်ဖက်နှင့် ကျိုးဇယ်ယွီ အပေါ် လေဟာနယ်တစ်ခု ဖန်တီးလိုက်သည်။
“ဒါတစ်မိနစ်လောက်ပဲ ခံမှာ သွားစို့”
သူတို့သုံးယောက် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ် အကာအကွယ်ဖြင့် ဖုတ်ကောင်များ လက်မှ ရှောင်ပြေး သွားကြလေသည်။