အခန်း (၁၄)
အထုပ်အပိုး ပြင်ကြသည်မှာ နာရီဝက်နီးပါး ကြာမြင့်သွားပြီး အဝတ်အစား အိတ်များကို ယွင်ချဲ့ လေဟာပြင်ထဲသို့ ပို့လိုက်ပြီး အစ်မ၊ တူလေးတို့နှင့် ထွက်လာခဲ့သည်။ ဧည့်ခန်းကိုဖြတ်လာသောအခါ ဧည့်ခန်းထဲရှိ နေသူများကို စိုက်ကြည့်လိုက်သည်။ ကမ္ဘာပျက်ကပ် အတွင်း သူတို့နှင့် ရင်ဆိုင်တွေ့နိုင်ရန် အချိန်များစွာ ကျန်နေသေးသည်။ နောက်တစ်ချိန် သူတို့ကို ပြန်တွေ့ခဲ့လျှင် ယွင်ချဲ့ သေချာပေါက် သူတို့ကို သတ်ပစ်မည် ဖြစ်သည်။
“သွားကြမယ်”
ယွင်ယောင် ကိုင်ထားသောကြိုးကို ယွင်ချဲ့ လှမ်းယူကာ တူလေးကို ရင်ဘတ်တွင် ချည်နှောင်လိုက်ပြီး ယွင်ယောင် လက်တစ်ဖက်ကို ဆွဲကိုင်ကာ တစ်ဖက်ကလည်း ဓါးရှည်ကို ကိုင်ထားလေသည်။
“အင်း”
ယွင်ယောင် ခေါင်းညိတ်ပြကာ ကျိုးမိသားစုကို တစ်ချက်ပင် လှည့်မကြည့်ပေ။
“နေဉီး ”
သူတို့တံခါးဖွင့်ရန် ပြင်လိုက်စဉ် ကျိုးမိသားစုက အော်ပြော ပြန်လေသည်။ ယွင်ချဲ့ လှည့်ကြည့်လိုက်ရာ လင်းရှောင်ဟန်မှာ ကြောက်လန့်သွားပြီး ခြေလှမ်းတို့ နောက်ဆုတ်ကာ တံခါးမဖွင့်စေရန် ပြောလိုသည့် စကားကို ပြန်ရုတ်လိုက်ရသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြကာ …
“ဘယ်သွားမလို့လဲ ရှောင်ချဲ့ .. အစ်မတို့နဲ့ ပေကျင်းကို မလိုက်တော့ဘူးလား ..အစ်မရဲ့ယောက္ခမနဲ့ မောင်လေးက ပေကျင်းမှာ ရှိနေတယ်လေ ပြီးတော့ အစ်မရဲ့အဖေကလည်း ဒုမြို့တော်ဝန်ပဲ .. အခုအပြင်မှာ ဝရုန်းသုန်းကား ဖြစ်နေတာ မောင်လေးတို့ နှစ်ယောက်တည်း ကလေးကိုခေါ်သွားလို့ အဆင်မပြေဘူးလေ ဟုတ်တယ်မလား .. အခုအစ်မတို့မှာ ကိုယ်ရံတော်တွေလည်း ရှိတယ် အောက်မှာ ကားနှစ်စီး ရပ်ထားခဲ့သေးတယ် .. မြို့တော်ကို ရောက်သွားခဲ့ရင် အစ်မရဲ့ အဖေနဲ့ မောင်လေးတို့လည်း ရှိနေတော့ အဆင်ပြေသွားမှာပါ”
ယွင်ချဲ့၏ သတ္တိနှင့် စွမ်းအားတို့ကို မြင်လိုက်ရပြီးနောက် လင်းရှောင်ဟန်က သူ့ကို မျက်နှာချိုသွေးကာ စကားချော့ပြောရန် ဆုံးဖြတ်လိုက်သည်။ မြို့တော်သို့ ရောက်လျှင် ယွင်ချဲ့မှာ အသုံးမဝင်တော့မည့်သူ ဖြစ်သွားပြီး ထိုအခါတွင် သူ့ကို နည်းလမ်းအစုံဖြင့် အပြစ်ပေးနိုင်လိမ့်မည်။
“အစ်မ လင်း .. ခင်ဗျားကလွဲလို့ ကျန်တဲ့သူတွေကို ဉာဏ်မရှိဘူးလို့ ထင်နေတာလား .. စောနလေးတင် ခင်ဗျားရဲ့ ယောက္ခမကို ကျုပ်ရိုက်ထားတာလေ .. ခင်ဗျားတို့နဲ့ ပေကျင်းကို လိုက်လာရင် ကျုပ်ကို လုပ်ကြံကြမှာ မဟုတ်ဘူးလား .. ပြီးတော့ နောက်တစ်မြို့ဆီကို အထိအခိုက်မရှိဘဲ သွားလာနိုင် ကတည်းက ကျုပ်ရဲ့အစ်မနဲ့ တူလေးကို ကျုပ်ကိုယ်တိုင် ကာကွယ် ပေးနိုင်မှတော့ ခင်ဗျားတို့နဲ့ လိုက်မယ်လို့ ထင်နေတာလား”
လင်းရှောင်ဟန်၏ ကမ်းလှမ်းခြင်းကို ယွင်ချဲ့ လှောင်ရယ် ပြောဆိုလိုက်သည်။ ကျိုးမိသားစုမှာ အလွန်ပင် သူကောင်းယောင် ဆောင်တတ်သည်။
“နင် …”
မြို့တော်ဝန်သမီး တစ်ယောက် အနေနှင့် ယခုကဲ့သို့ တစ်ခါမှပင် နှိမ်ချဆက်ဆံခြင်း မခံခဲ့ရဖူးပေ။ လင်းရှောင်ဟန် ဒေါသကြောင့် တုန်ယင်ကာ ယွင်ချဲ့ကို လက်ညှိုးငေါက်ငေါက်ထိုးလျက်…
“ယွင်ချဲ့ .. နင်မလွန်လာနဲ့ ”
ဝုန်း
“အား ”
ကျိုးထင် စကားမဆုံးခင်တွင် ယွင်ချဲ့ ဓါးကို ဝှေ့ယမ်းလိုက်ရာ ဧည့်ခန်းတွင်းရှိ ဆိုဖာခုံမှာ ထက်ခြမ်း ကွဲသွားလေသည်။ မိန်းမများနှင့် ကလေးတို့မှာလည်း ကြောက်ရွံ့သွားပြီး ကိုယ်ရံတော်များမှာလည်း တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ယွင်ချဲ့ ဓါးကို တကယ် သုံးလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“အားလုံးပဲ တာ့တာ .. ကျုပ်ပြန်လာတဲ့ နေ့အထိ အကုန် အသက်ရှင် နေလိမ့်မယ်လို့ မျှော်လင့်တယ်”
တံခါးရှေ့တွင် ဖုတ်ကောင်များ ပိတ်နေကြပြီး အထဲသို့ဝင်ရန် တိုးဝှေ့နေကြသဖြင့် ယွင်ယောင် လက်ကိုဆွဲကာ ယွင်ချဲ့ သူ၏အနောက်သို့ ပို့လိုက်ပြီး အရှေ့တွင်ရှိသော ဖုတ်ကောင်များကို ကန်ထုတ်ကာ ဓါးကိုဝှေ့လျက် ဖုတ်ကောင်တို့၏ လည်ပင်းများကို ပိုင်းဖြတ် ပစ်လိုက်သည်။ တစ်ဒါဇင်ကျော်သော ဖုတ်ကောင်များ ယွင်ချဲ့ ဓါးချက်အောက်တွင် ခေါင်းပြတ် သွားကြပြီး ယွင်ချဲ့ ခြေထောက်အောက်တွင် ဖုတ်ကောင်များ၏ ခန္ဓာကိုယ်များက တစ်ပုံ၊ ခေါင်းများက တစ်ပုံစီ ရှိနေသည်မှာ အတိတ်ဘဝတွင် ဖုတ်ကောင်များကို ရှင်းလင်းခဲ့စဉ်က ဖြစ်လာခဲ့သည့် သူ၏အကျင့်တစ်ခုပင်။ ထိုမှသာ ဖုတ်ကောင်များ၏ ခေါင်းထဲမှ ပင်မအမြုတေကို ထုတ်ယူနိုင်မည် ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ယွင်ယောင် မေ့လဲလုမတတ် ဖြစ်သွားပြီး ကျိုး မိသားစုနှင့် ကိုယ်ရံတော်များ အော့အန်ချင် လာလေသည်။ ယွင်ချဲ့မှာ အလွန်ပင် ရက်စက်တတ်သူ ဖြစ်သည်။
ဖုတ်ကောင်များမှာ အစပျိုးကာစ ဖြစ်သည့်အလျောက် ဖုတ်ကောင် အနည်းစုတွင်သာ အမြုတေရှိတတ်ပြီး အစပျိုးကာစ ဖုတ်ကောင်များ၏ အမြုတေမှာ အရောင်မရှိ ကြည်လင်ကာ စွမ်းအင် ဂုဏ်သတ္တိလည်း မရှိပေ။ ထိုအမြုတေများကို မည်သည့် စွမ်းအား ရှိသူမဆို စုပ်ယူစုဆောင်းနိုင်သည်။ ယွင်ချဲ့မှာ ပဲပုပ်စေ့အရွယ် ရှိသော အမြုတေကျောက် ၃ ခုရရှိပြီးသော်လည်း ကိုယ်တွင်းသို့ မစုပ်ယူဘဲ ရေဘူးထုတ်ယူကာ ကျောက်များကို ဆေးကြောသန့်စင်လိုက်ပြီး လေဟာနယ်ထဲသို့ ထည့်ကာ သိမ်းဆည်း ထားလိုက်သည်။
“ကြောက်လို့လား”
တူလေးဖြစ်သူက မျက်တောင်တစ်ချက် မခတ်ဘဲ သူ့ကို စိုက်ကြည့်နေသဖြင့် ဖောင်းနေသော ပါးလေးကို အသာဆွဲကာ ယွင်ချဲ့ မေးလိုက်သည်။
“ဉီးဉီးက လူဆိုးတွေကိုတိုက်ပြီး သားနဲ့မေမေကို ကာကွယ်ပေးတာမလို့ မကြောက်ဘူး”
ချန်ချန် ခေါင်းခါကာ ရိုးသားစွာ ပြုံးပြလေသည်။ အလွန် ငယ်ရွယ်သောကြောင့် လူကောင်းနှင့် လူဆိုးကိုသာ ချန်ချန် သေချာခွဲခြား တတ်သေးသည်။ သူ့အနေနှင့် ကြည့်လျှင် ဉီးလေးဖြစ်သူက လူစွမ်းကောင်း၊ အပြင်တွင် လူများကို လိုက်လံကိုက်ဖြတ် နေသည်ကာ မကောင်းဆိုးဝါးများ၊ ထို့ကြောင့် ဉီးလေးက သူတို့ကို တိုက်ခိုက် ရှင်းလင်းသင့်ပေသည်။
ယွင်ချဲ့ ကျေနပ်အားရစွာ ကြည့်လိုက်ပြီး …
“ဒါမှ ဉီးဉီးရဲ့တူလေး .. ချန်ချန် ကြီးလာတဲ့အခါ အဲဒီလူဆိုးတွေကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ သင်ပေးမယ်နော်”
“ဟုတ် ”
မကောင်းဆိုးဝါးများကို နှိမ်နင်းရမည်ဟု ကြားလိုက်သဖြင့် ချန်ချန် ပျော်ရွှင်စွာ ခေါင်းညိတ် လိုက်သည်။ သူလည်း ဉီးလေးကဲ့သို့ လူစွမ်းကောင်း ဖြစ်ချင်သည်။
တူလေးဖြစ်သူ၏ အကြံဉာဏ်ကိုမသိဘဲ လေဟာပြင်ထဲမှ မိုးကာနှစ်ထည်ကို ယူထုတ်လိုက်ပြီး တစ်ထည်ကို အစ်မအား ကမ်းပေးလျက် ကျန်တစ်ထည်ကို ကိုယ်တွင် ဝတ်ဆင်လိုက်သည်။ ချန်ချန်မှာလည်း သူ၏မိုးကာအောက်တွင် ပွေ့ခံထားရကာ မျက်နှာလေးကိုသာ ဖော်ထားလေသည်။
“ဝတ်ထားလိုက် .. နောက်ထပ် ဖုတ်ကောင်တွေ အများကြီး တွေ့ရဉီးမှာ ကျွန်တော်တို့လည်း ရေချိုးအဝတ်လဲဖို့ အချိန်မရလောက်ဘူး .. သွေးတွေ မပေအောင် မညစ်ပတ်အောင် မိုးကာ ဝတ်ထားရင်တော့ အကောင်းဆုံးပဲ”
ယွင်ချဲ့ လှည့်ကြည့်လေရာ သတိလက်လွတ် ဖြစ်နေသော အစ်မပုံစံကို တွေ့လိုက်ရသဖြင့် သက်ပြင်း အသာချကာ မိုးကာကို ဝတ်ဆင်ပေးလိုက်ပြီး တိုက်ခိုက်ရေး တစ်ချောင်းကို ထုတ်ပေးလိုက်သည်။
“မမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ထားရမယ် .. တကယ်လို့ ဖုတ်ကောင်တစ်ကောင်နဲ့ ရင်ဆိုင်ရရင် မကြောက်မိစေနဲ့ ခေါင်းကိုသာ ဖြတ်ပစ်လိုက် .. ဖုတ်ကောင်ရဲ့ အားနည်းချက်က ဉီးနှောက် အာရုံကြောပဲ .. ခေါင်းကို ဖြတ်ရင်ဖြတ် ခေါင်းကို တစ်စစီဖြစ်အောင် လုပ်မှ အဲဒီဖုတ်ကောင်သေမှာ”
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် သူမတို့ တတ်မြောက် ထားမှရမည်။ ယွင်ချဲ့လည်း သူမတို့အနား အမြဲမရှိ နေနိုင်သဖြင့် အစ်မကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းက သူ၏အစွမ်း မဟုတ်ဘဲ အစ်မဖြစ်သူ သန်မာကြံ့ခိုင်ရန်သာ လိုအပ်သည်။
“ဟင့်အင်း မမ မလုပ်နိုင်ဘူး .. ရှောင်ချဲ့ …”
ယွင်ယောင် ခေါင်းခါကာ ယွင်ချဲ့ ပြောသည်ကို ငြင်းဆန်လေသည်။ ဓါးကိုင်ထားသော သူမလက်ကလည်း ပို၍တုန်ယင် လာသဖြင့် ယွင်ချဲ့ သူမပခုံးကို ကိုင်ကာ ကိုယ်ကို ကိုင်းချလျက် သူမမျက်ဝန်းကို စိုက်ကြည့်ကာ …
“မမ .. မမလုပ်နိုင်တယ် အခုကမ္ဘာကြီးက ငရဲလိုဖြစ်နေပြီ .. တကယ်လို့ မမတိုက်ခိုက်ဖို့ မသင်ထားရင် ချန်ချန်ကို ဘယ်သူ ကာကွယ်မှာလဲ .. သဘာဝကြီးရဲ့ ရွေးချယ် သန့်စင်မှုထဲမှာ စိတ်ဓါတ် ခိုင်မာကြံ့ခိုင်တဲ့ပဲ အသက်ရှင်ကျန်ခဲ့မှာ .. မမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ .. မမသေချာပေါက်လုပ်နိုင်လိမ့်မယ်”
“မမ … မမကြိုးစားပါ့မယ်”
ယွင်ချဲ့ မျက်ဝန်းများမှာ အေးဆေး တည်ငြိမ်နေသည်။ ယွင်ယောင်လည်း စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ ခေါင်းညိတ် လိုက်သဖြင့် ယွင်ချဲ့ ပြုံးကာ သူမလက်ကို ပြန်ဆွဲလိုက်သည်။
“သွားကြစို့”
သူတို့ ထွက်သွားပြီးနောက် အိမ်တံခါးမှာ ပြန်လည် ပိတ်ကျသွားသည်ကို ယွင်ချဲ့ ယူကျုံးမရစွာ ကြည့်လိုက်မိသည်။ အကယ်၍ ချန်ချန်သာ တံခါးကို မဖွင်ခဲ့လျှင် သူတံခါးကို ချိုးဖျက်ဝင်ရန် ပြင်ဆင်နေခဲ့သည်။ သူဝင်လာပြီးသည်နှင့် ကျိုး မိသားစုကို သူ လွှတ်ပေးမည် မဟုတ်ပေ။ နှမြောစရာပင်၊ သို့သော် တံခါးရှေ့တွင် ပုံလျက်ရှိသော ဖုတ်ကောင် အလောင်းများနှင့် ပေပွနေသော သွေးများကြောင့် ယွင်ချဲ့ ထူးဆန်းစွာ ပြုံးလိုက်သည်။ ကြည့်ရသည်က ထင်သလောက် နှမြောစရာ မကောင်းသကဲ့သို့ပင်။
***