အခန်း (၇)
မြို့၏မြောက်ဘက်ရှိ ကုန်ပစ္စည်း ဖြန့်ချိရေး စင်တာမှာ ချွမ်းမြို့တွင် အချေစိုက်ထားသော အကြီးဆုံး ကမ္ပဏီလည်း ဖြစ်သည်။ ကုန်တိုက်ကြီးများ အမျိုးအစားများစွာ စုံလင်လှသဖြင့် ပိုင်ရှင်မှာ တစ်ယောက်တည်း ဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို စီမံခန့်ခွဲရန် လွယ်ကူမည် မဟုတ်ပေ။
ညသန်းခေါင် ၁ နာရီခန့် အချိန်တွင် ယွင်ချဲ့မှာ ဂိုထောင်အနီး ရောက်လာခဲ့ပြီး အနက်ရောင် အားကစား ဝတ်စုံဝတ်ကာ မျက်နှာဖုံး တပ်ထားလျက် လက်စွဲကွန်ပျူတာ ထည့်ထားသော ကျောပိုးအိတ် အနက်ရောင်ကို လွယ်ထားသည်။ ထိုသို့ အလွန်ကြီးမားသော ကုန်တိုက်ထဲတွင် ကင်မရာများစွာ ရှိနေနိုင်ပြီး ပျက်သုဉ်းကာလ မတိုင်မီတွင် နိုင်ငံက အလိုရှိနေသော ရာဇဝတ်ကောင်မဖြစ်လိုပေ။
ဂိုထောင်နားရှိ လိုဏ်ခေါင်းထဲမှ ဖြတ်ပြီးနောက် ဉီးထုပ်ကို ငိုက်ငိုက် ဆောင်းကာ လက်အိတ် စွပ်လိုက်သည်။ ဂိုထောင် ပတ်လည် တစ်လျှောက် ယွင်ချဲ့ အလင်းကဲ့သို့ အမြန်ပြေးကာ ကင်မရာမှ မမြင်နိုင်သော နေရာသို့ ဝင်သွားလေသည်။ သူ၏ကွန်ပျူတာကို ယူထုတ်ကာ USB drive ကို ထည့်လိုက်ပြီး ဂိုထောင်၏ အဓိက ကွန်ပျူတာကို ချိတ်ဆက် ဖောက်ထွင်းလေသည်။ ကွန်ပျူတာ လက်ကွက်ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်နေပြီး သူကြိုတင် ယူလာခဲ့သော ဗွီဒီယိုကို ထပ်တလဲလဲ ပြထားလိုက်သည်။
နာရီဝက်ကျော် ကြာပြီးနောက် ယွင်ချဲ့ စီစဉ်ပြီးသွားသည့်အခါ ဂိုထောင်ထောင့် တစ်နေရာမှ ပြန်ထွက်လာပြီး လုံခြုံရေး အစောင့်များကို ကျော်လျက် ဂိုထောင်တံခါး တစ်ခုကိုဖွင့်ကာ ဝင်သွားလေသည်။ ဝင်သွားသည့် အချိန်တွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လေအေးပေး စက်စသည့် အိမ်သုံး လျှပ်စစ်ပစ္စည်း များစွာကို တွေ့လိုက်ရသည်။ ယွင်ချဲ့မှာ လောဘကြီးသူ မဟုတ်သဖြင့် ပစ္စည်း ၃ မျိုးကိုသာ ယူရန် စီစဉ်ထားသည်။
ဒုတိယဂိုထောင်မှာ နေ့စဉ်အသုံးလိုသည့် ပစ္စည်းများကို သိုလှောင်ထားသည်။ ယွင်ချဲ့ တစ်ခုစီကို ရွေးချယ်ရန် အချိန်မရှိသဖြင့် အနည်း အကျဉ်းကိုသာ ယူခဲ့ပြီး သူ၏အစ်မ မဖြစ်မနေ အသုံးလိုသည့် အမျိုးသမီးသုံး ပစ္စည်းများကိုလည်း မမေ့မလျော့ ယူလာခဲ့သည်။ သူ၏တူ နှစ်သက်နိုင်သည့် မုန့်နှင့် နို့မှုန့်များကိုလည်း ယူလာခဲ့သည်။ အခြားသော ဂိုထောင်များတွင် အရက်၊ ဆေးဝါး၊ လက်ဖက်၊ အစားအစာ၊ အချိုရည်ဘူးများနှင့် သောက်ရေဘူးများ ရှိနေသည်။ သူ့အတွက် အသုံးလိုသည့် ပမာဏသာ ယူလာခဲ့ပြီး ကျန်သော လူများအတွက် ချန်ထား ပေးခဲ့သည်။
ထို့နောက် ကြက်၊ ဘဲ၊ ငါးနှင့် ပင်လယ်စာများကို ရေခဲရိုက် သိုလှောင်ထားသော အအေးခန်း များကို တွေ့လိုက်ရသည်။ ထိုအအေးခန်းများမှာ အသားငါးများကို လတ်ဆတ်အောင် သိုလှောင် သိမ်းဆည်း ထားနိုင်သည်။ ယွင်ချဲ့လည်း အမျိုးအစား စုံလင်အောင် သိမ်းဆည်း ယူလာခဲ့သည်။ ပျက်သုဉ်း ကာလတွင် လတ်ဆတ်သော အသားများကို စားနိုင်ရန် မလွယ်ကူ လှတော့ပေ။
သို့သော် တစ်ဖက် နယ်မြေတွင် စိုက်ပျိုးခဲ့သော ဆန်စပါးတို့မှာ အောင်မြင်စွာ ပေါက်ရောက်နေသဖြင့် ဆန်စပါးနှင့် ဂျုံများကို ယွင်ချဲ့ များများစားစား မယူလာခဲ့ပေ။ အဝတ်အစား၊ ဖိနပ်၊ အိပ်ရာလွှမ်း၊ ရွက်ဖျင်တဲ၊ အိတ်များနှင့် အခြား လိုအပ်သည်တို့ကို များစွာ ယူလာခဲ့သည်။ ကလေး အဝတ်အစားများကိုလည်း အငယ်ဆုံးဆိုဒ်မှ အကြီးဆုံးဆိုဒ်အထိ အမျိုးအစား မတူအောင် များစွာရွေးယူလာခဲ့သည်။
ထို့နောက် ကားဂိုထောင်သို့ သွားခဲ့ပြီး တူတစ်ချောင်းကိုသာ ယူခဲ့သည်။ အခြားသော အရာများကို သူမလိုအပ်ပေ။ ပျက်သုဉ်း ကာလတွင် ကားများစွာ ကျန်ခဲ့မည် ဖြစ်သောကြောင့် အခုကတည်းက ကားကိုယူရန် မလိုအပ်ပေ။ မော်တော် ဆိုင်ကယ်သည်လည်း အလွန် ဆူညံသဖြင့် ဖုတ်ကောင်များ အလွယ်တကူ လိုက်လာနိုင်သောကြောင့် သူမလိုအပ်ပေ။ ထို့ကြောင့် လျှပ်စစ်ကားငယ်နှင့် ရေပေါ်တွင် အသုံးပြုရနိုင်သော ပစ္စည်းများကိုသာ ယူလာခဲ့သည်။
ယွင်ချဲ့ ပြင်ဆင် ပြီးစီးချိန်မှာ ည ၂ နာရီပင် ကျော်သွားပြီ ဖြစ်သည်။ ယွင်ချဲ့ သူပုန်းခဲ့သော လိုဏ်ခေါင်းသို့ ပြန်လာခဲ့ပြီး ကွန်ပျူတာကို ယူကာ စနစ်ကို ပိတ်ချလိုက်သည်။ သက်ပြင်းချလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကာ လူရှင်းကြောင်း သေချာသည်နှင့် ကုန်တင် ကားငယ်လေးကိုမောင်းကာ ထွက်သွားတော့သည်။
လွန်ခဲ့သောရက် အချို့က ဂိုထောင်နှင့် မကမ်းမလှမ်း တစ်နေရာတွင် အခန်းငယ်တစ်ခန်း ငှားထားသဖြင့် ထိုနေရာသို့ ရောက်သွားကာ အိပ်ရာထက် လဲလျောင်း နေလိုက်သည်။ ယနေ့တွင် သူအင်တာနက်မှ မှာယူခဲ့သော စစ်သုံးလက်နက်များ လာပို့ပေးမည် ဖြစ်သောကြောင့် အိမ်ထဲမှစောင့်နေခြင်း ဖြစ်သည်။ အကယ်၍သူသာ လက်နက်တိုက်ကို ဖောက်ထွင်းပြီး အမှန်တကယ် အသုံးဝင်သော ပစ္စည်းများကို မမှာယူခဲ့လျှင် လက်နက်၊ ခဲယမ်းကျည်တို့ကို ရနိုင်ရန် မလွယ်ကူပေ။ ဆိုးသည်က ထိုလက်နက်တို့မှာ ဖုတ်ကောင်များကို သေကြေပျက်စီး စေနိုင်သည်အထိ မပြင်းထန်ပေ။
နောက်၂ ရက်မြောက် နေ့တွင် ယွင်ချဲ့မှာ ဆေးပစ္စည်း သိုလှောင်ရုံသို့ လာခဲ့သည်။ အစတွင် ဆီသိုလှောင်ရာသို့ သွားရန် စီစဉ်ထားသော်လည်း ဆီအပြည့် သိုလှောင်ထားသော ကားတစ်စီး လေထဲ ပျောက်ကွယ် သွားသည်ဟု သတင်းပျံ့ကုန်လျှင် လူအများ ကြောက်လန့် ကြကုန်လိမ့်မည်။ သူရှာဖွေ စုဆောင်း ထားခြင်းကြောင့် ဂိုထောင်များမှ ပစ္စည်းများ အခိုးခံရကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အချိန်တစ်ခုထိ ခဏရပ်ထားရန် စဉ်းစားလိုက်ပြီး ပျက်သုဉ်း ကာလသို့ရောက်သည်နှင့် ဆီသိုလှောင်ကားကို ယူရန် ဆုံးဖြတ်လိုက်သည်။
ပျက်သုဉ်းကာလ ရောက်ရန် ၂ ရက် လိုသေးသော်လည်း ယွင်ချဲ့မှာ လိုအပ်သည်ထက် များစွာကို စုဆောင်းထားမိပြီ ဖြစ်သောကြောင့် နောက်ဆုံးမှသာ အစ်မဖြစ်သူထံ ဖုန်းဆက်လေသည်။
“ချဲ့ လား .. မမဆီ ဖုန်းမဆက်တာ ကြာနေပြီ .. မနေ့တနေ့ကတင် ရှောင်ချန်နဲ့ ပြောနေတာ မောင်လေးတော့ ရည်းစား ရသွားပြီလားလို့”
ဖုန်းရရချင်းပင် ယွင်ယောင်၏ နူးညံ့တက်ကြွသော အသံကို ရှင်းလင်းစွာပင် ကြားလိုက်ရသဖြင့် ယွင်ချဲ့ မျက်ရည်များစွာ ကျဆင်း လာတော့သည်။ အစ်မ၏ အသံကို မကြားရသည်မှာ မည်မျှ ကြာမြင့်ခဲ့သည်ကို ဘုရားသာ သိတော့မည်။ သူတို့၏ မိဘများ ဆုံးပါးသွားစဉ်က သူနှင့် ရှောင်ချန် မှာ ၂ နှစ် အရွယ်သာ ရှိသေးပြီး အစ်မမှာ သူတို့ထက် ၆ နှစ်ပိုကြီးသည်။ သူတို့၏ မိဘများမှာ အနည်းငယ် စုဆောင်းထားသည် တို့အပြင် မြို့ထဲတွင် အိမ်ပိုင် မရှိခြင်းတို့ကြောင့် မြို့အစွန်တွင် အိမ်ငယ်လေး တစ်လုံး ဆောက်ကာ နေကြရသည်။ ဆွေမျိုးသားချင်းတို့ကလည်း ဂရုမစိုက် ကြသည့်အပြင် အဘိုးဖြစ်သူ ကလည်း သူတို့ကို လျစ်လျူရှု ထားခဲ့သည်။ ထိုအချိန် ၁၆ နှစ် အရွယ် အစ်မဖြစ်သူက ကျောင်းမှထွက်ကာ နေထိုင်သည့် အိမ်ငယ်လေးကို ရောင်းချကာ မြို့ပေါ်သို့ တက်လာခဲ့သည်။ မိဘတို့၏ စုဆောင်းငွေများမှာ မလုံလောက်သဖြင့် သူတို့၏ အစ်မက အလုပ်လုပ်ကာ ဝင်ငွေရှာရင်း သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ယွင်ချဲ့ အတွက် အစ်မသည် အဖေဖြစ်သလို အမေလည်း ဖြစ်သည်။ ညီအစ်ကို ၂ယောက်လုံး အထက်တန်း မရောက်မချင်း အစ်မမှာ အိမ်ထောင် မပြုခဲ့ပေ။ အိမ်ထောင်ပြုပြီးသော်လည်း သူတို့အတွက် စာသင်စရိတ်များကို ဆက်လက် ထောက်ပံ့ပေးခဲ့သည်။
“မမ”
စကားတစ်လုံးသာ ပြောလိုက်ရပြီး ရင်ထဲမှ ဆို့နစ်လာသဖြင့် ယွင်ချဲ့ စကားတို့ ပြောမထွက်တော့ပေ။ တစ်ဖက်ရှိ နားထောင်နေသော ယွင်ယောင်က စိတ်ပူသွားကာ အလျင်အမြန်ပင် …
“ဘာဖြစ်လို့လဲ နေမကောင်းဘူးလား .. ဘာလို့ စောစော မဆက်ရတာလဲ အဖျားကြီးနေရင် ဘယ်လိုလုပ်မလဲ .. စိတ်မပူနဲ့နော် ချဲ့ .. မမ အခုချက်ချင်း ထွက်လာခဲ့မယ်”
မောင်လေး နှစ်ယောက်သာလျှင် သူမအတွက် မျှော်လင့်ချက် အားကိုးရာ ဖြစ်သည်။ သူမတွင် မိသားစုရှိပြီ ဖြစ်သော်လည်း ယွင်ချဲ့ အသံတစ်ချက် ပျက်သည်နှင့် ယွင်ယောင် အမြဲစိုးရိမ်ပူပန်လျက်ပင်။
“မမ .. ကျွန်တော် ဘာမှမဖြစ်ပါဘူး နည်းနည်း အအေးမိရုံပါ .. မနက်ဖြန် ချန်ချန်ကို ခေါ်လာပြီး ကျွန်တော့်ကို ၂ ရက်လောက် ဂရုစိုက်ပေးလို့ ရမလား”
ညဘက် ကားမောင်းရန် အန္တရာယ်များသဖြင့် ယွင်ချဲ့ အမြန်တားလိုက်ရသည်။
“နည်းနည်း အအေးမိရုံနဲ့ မမကို မခေါ်လောက်ဘူးဆိုတာ သိပါတယ် .. ကောင်းပြီလေ မနက်ဖြန် ချန်ချန်ကို ခေါ်လာခဲ့မယ် .. ဒီလိုဆိုရင်ရော တူလေးကို video call နဲ့ ပြောမလား”
ယွင်ယောင် သူမ၏ မောင်ဖြစ်သူကို နားမလည်နိုင်ပေ။ ကြီးကြီးမားမား မဟုတ်ပါဘဲနှင့် ထိုသို့တောင်းဆိုရန် မဖြစ်နိုင်ဟု တွေးလိုက်ပြီး ချက်ချင်း လက်ခံလိုက်သည်။
အစ်မက သူ့ကို စစ်ဆေးကြည့်ရန် သွယ်ဝိုက် ပြောလိုက်သည်ကို ယွင်ချဲ့ ရိပ်မိလိုက်သည်။
“ဟုတ်”
ထို့နောက် မောင်နှမ နှစ်ယောက်လုံး ဖုန်းချကာ ယွင်ချဲ့က မျက်နှာကို ပုံမှန်ဖြစ်စေရန် အနည်းငယ် ပြင်ယူလိုက်ပြီး ကွန်ပျူတာကို ဖွင့်ကာ video call ဖြင့် ခေါ်လိုက်သည်။
“မျက်နှာကို ကြည့်ပါဉီး သရဲကြီးကျနေတာပဲ”
Video ဖွင့်လိုက်ပြီးသည်နှင့် ယွင်ယောင်က စစ်ဆေးလေတော့သည်။ ကောက်လိမ်ထားသော ဆံနွယ်များနှင့် လှပနေသော အစ်မဖြစ်သူ မြင်လိုက်ရသဖြင့် ယွင်ချဲ့ အလွန်ပျော်ရွှင်စိတ်လှုပ်ရှား လာသည်။ သူတို့မောင်နှမ ၃ ယောက်သည် ရုပ်ရည်ချောမော လှပကြပြီး အထူးသဖြင့် အစ်မဖြစ်သူက ပိုလှပပေသည်။ ထို့ကြောင့် ကျိုးမျိုးနွယ်က သူ၏မိသားစုကို အမှုမထားဘဲ ယွင်ယောင်ကို ချက်ချင်း လက်ထပ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
“မမ လွမ်းတယ်”
လွန်ခဲ့သော လေးနှစ်အကျော် ပျက်သုဉ်းကာလ ဖြစ်ပြီးနောက်တွင် အစ်မအိမ်သို့ ယွင်ချဲ့ ထွက်လာခဲ့သော်လည်း အဆောက်အအုံတွင် လူတစ်ဉီးတစ်ယောက်ပင် မတွေ့ရဘဲ သွေးကွက်များနှင့် ပျက်စီးနေသော အသက်မဲ့ခန္ဓာကိုယ် အပိုင်းအစများကိုသာ တွေ့ခဲ့ရသည်။ ထိုသူမှာ သူ၏အစ်မဟု ယွင်ချဲ့ လက်မခံခဲ့သော်လည်း တူလေးဖြစ်သူ ကိုယ်တိုင် ပြောမှသာ အစ်မမှာ ဖုတ်ကောင် ကိုက်သတ်ခြင်း ခံရသည်ကို သိခဲ့ရသည်။ ထို့ကြောင့် သူ၏အစ်မသည် ဖုတ်ကောင် ကိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး အလောင်းပင် မကျန်ရစ်ခဲ့တော့ပေ။
***