အခန်း (၅)
“ဟေ့ကောင် .. ငါ့ဘောင်းဘီကို မကိုက်နဲ့လေ မင်းက ခွေးပဲဖြစ်မယ်”
ယွင်ချဲ့ မြေပြင်တွင် အချိန်အတော်ကြာ လူးလှိမ့်နေခဲ့ရသည်။ ဟေးယွီက သူ့အတွက် ချောကလက်ချောင်း ယူလာပေးမည်ဟု ကတိမပြုမချင်း ယွင်ချဲ့၏ ဘောင်းဘီကို ဆွဲကိုက်ထားပြီး လုံးဝ အလွှတ်မပေးပေ။ ယွင်ချဲ့ ဘောင်းဘီကို ချွတ်ကြည့်လိုက်သည့်အခါ တစ်လက်မ အရွယ်အပေါက်များ ဖြစ်နေကုန်သည်။
ဟေးယွီက မသဲကွဲသော အသံဖြင့် …
“ဒီလိုနေရာက လူတိုင်း မရောက်နိုင်ဘူး ထူးခြားတဲ့ သူတွေပဲ ဒီလို အခွင့်အရေးရတာ .. တခြားသူတွေ မကြုံတွေ့နိုင်တာတွေကို ကြုံဖူးအောင် လုပ်ထားသင့်တယ်”
ဟမ် ? ထပ်ပြီး မွေးဖွားခဲ့လို့များလား ? ထိုစကားကြားပြီးနောက် ယွင်ချဲ့ မော့ကြည့်လိုက်ပြီး သူဘာကြောင့် ဒီကို ရောက်လာခဲ့တယ်၊ ဒီနေရာရဲ့ ပိုင်ရှင် ဖြစ်လာရတယ် ဆိုသော အမေးများကို ဟေးယွီ ဖြေပေးနိုင်လိမ့်မည်။
“ဒါဆိုရင် ဒီကို အဝင်အထွက်က ဘယ်လိုလုပ်ရမှာလဲ”
“ထွက်ချင်တဲ့ အခါထွက် ဝင်ချင်တဲ့အခါ ဝင်လို့ရတယ် .. ဒါနဲ့ မထွက်ခင် ပိထန် ရေကန်ဆီသွားပြီး ညစ်ပတ်နေတာတွေ ဆေးကြောလိုက်ဉီး .. သခင်က အားနည်းနေသေးတယ်”
ပြောနေရင်းဖြင့် ဟေးယွီက စမ်းချောင်းလေး အဆုံးတွင် ရှိနေသော ရေကန်ငယ်လေး ဆီကို လမ်းပြခေါ်လာခဲ့သည်။ အကြောင်းရင်းကို ယွင်ချဲ့ မမေးတော့ပေ။ ရေကန်ရှေ့တွင် ရပ်လျက် အဝတ်အစားများကို ချွတ်ကာ ရေကန်ထဲ ဝင်ထိုင်လိုက်ပြီး လက်တစ်ခုပ်စာ ခပ်ယူ၍ မော့သောက်လိုက်သည်။
စမ်းချောင်းရေက လည်ချောင်း တစ်လျှောက် စီးဆင်းသွားပြီး တစ်ကိုယ်လုံးရှိ နာကျင်မှုများကို ရှင်းထုတ် လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ နာကျင်မှုကို ကုစားနေစဉ် ဟေးယွီက ရေကန်ထောင့်နားတွင် ထိုင်လျက် စောင့်ကြည့်နေသည်။
“သခင်က ဘယ်လောက်ထိ သန်မာလာနိုင်မလဲ”
ရေကန်အစွန်းနားတွင် လဲနေသော ဟေးယွီက လှမ်းကြည့်ကာ ယူဆမေးလိုက်မိသည်။ အခုချိန်တွင် နာကျင်မှုကို ရင်ဆိုင်နိုင်မှသာ နောင်တစ်ချိန်တွင် သန်မာလာနိုင်မည် ဖြစ်သည်။
နာရီ အနည်းငယ် ကြာပြီးနောက် သွေးရောင် လွှမ်းနေသော ရေကန်ငယ်မှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာပြီး ရေကန်ထဲတွင် ထိုင်နေသည့် ယွင်ချဲ့ မှာလည်း နာကျင်မှုများပျောက်ကင်းသွားပြီး ကြွက်သားနှင့် အရိုးအဆစ်များမှာလည်း သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နာရီဝက်ကျော် ကြာပြီးနောက် ယွင်ချဲ့ မျက်လုံးများကို ပြန်ဖွင့်ကြည့် လိုက်သည်။ ရုပ်ရည်မှာ အလွန် ချောမောသွားသည့် အပြင် ခန္ဓာကိုယ်မှာလည်း ပိန်သွယ်ကာ အသားအရေမှာလည်း စိုပြည်သွားလေသည်။ စမ်းချောင်းရေဖြင့် ပြန်လည် သန့်စင်ပြီး နောက်တွင် သူ၏မျက်နှာ အချိုးအစားမှာလည်း ပြောင်းလဲလာပြီး သူ၏ကြွက်သားများမှာလည်း အရင်ထက်ပို၍ သန်မာလာကာ ပိုမိုလျင်မြန် ဖျတ်လတ် လာသည်။
“ဒါက လေစွမ်းအားလား”
ယွင်ချဲ့က သူ၏ကိုယ်ထဲတွင် တစ်ခုခု ရှိနေသေးသကဲ့သို့ ခံစားလိုက်ရသဖြင့် လက်ကိုကြည့်လေရာ လက်ချောင်းများတွင် လေထု အနည်းငယ် ဝေ့ဝဲနေသည်ကို တွေ့လိုက်ရသည်။
“မဟုတ်ဘူး ဒါလေစွမ်းအား မဟုတ်ဘူး လေထုစွမ်းအားပဲ”
သေချာ စစ်ဆေးပြီးနောက် သူ့တွင် ထပ်မံရရှိခဲ့သည့် အစွမ်းမှာ လေထုစွမ်းအား ဖြစ်ကြောင်း သိလိုက်ရသည်။
“တခြား မဖြစ်ရင်တောင် ငါ့ဘေးနား ဖုတ်ကောင်တွေ ဝိုင်းလာတဲ့အခါ ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် အသုံးဝင်နိုင်တယ်”
လေထုစွမ်းအားမှာ ကနဉီးစတွင် အသုံးပြုရန် မလွယ်ကူနိုင်သဖြင့် ယွင်ချဲ့ စိတ်မသာမယာ ဖြစ်မိသည်။ စွမ်းအားရကာစ ဖြစ်နေလျှင် ဖုတ်ကောင်များ ဝိုင်းလာချိန်တွင် သူ၏အနံ့ကို မရအောင် လုပ်ခြင်းသာ တတ်နိုင်လိမ့်မည်။ ထို့အပြင် သူ့တွင်လည်း လျှပ်စီးစွမ်းအား ရှိပြီးသား ဖြစ်သည့်အတွက် လေထုစွမ်းအားမှာ သူ့အတွက် အလွန် နည်းပါးသည်။
“သခင်က အရမ်းလှတာပဲ”
ရေကန်အစွန်းတွင် ထိုင်နေသော သားရဲကို ယွင်ချဲ့ အလိုမကျစွာ စိုက်ကြည့်လိုက်ပြီး ရေကန်ထဲသို့ ပြန်ငုပ်ဝင် သွားလေသည်။ ရေကန်မှာ အလွန် မနက်သော်လည်း ရေကန်အောက်ခြေကိုရောက်ခဲ့သည့် အချိန်မှာပင် ကန်အောက်တွင် နက်နဲစွာ စိုက်ဝင်နေသော ဓါးတစ်ချောင်းကို တွေ့ခဲ့သည်။ ထိုဓါးမှာ အနည်းငယ် တိုသော်လည်း ဓါးပြားကြီးသည်။ ဓါးအိမ်မှာ နက်မှောင်တောက်ပနေပြီး ရှုပ်ထွေးသော ကနုတ်များ ရေးဆွဲထားသည်။ ယွင်ချဲ့သည် ဓါးကိုသေချာကြည့်ကာ မဝံ့မရဲနှင့် လက်ကို လှမ်းလျက် ဆွဲထုတ်လေသည်။
ဝုန်း …
“သခင် .. သခင် ဘာဖြစ်တာလဲ ? သခင် ?”
ရေကန် မျက်နှာပြင်ထက်တွင် ရေဝဲပေါ်လာပြီး လှိုင်းများမှာ မြင့်တက်လာသဖြင့် ဟေးယွီလည်း စိတ်ပူကာ ရေကန်ထဲ ခုန်မည့်ဟန် ပြင်လိုက်စဉ်ပင် ယွင်ချဲ့ ရေမျက်နှာပြင်ပေါ်တက်လာပြီး လက်ထဲတွင်လည်း ၁ မီတာကျော် ရှည်သော ဓါးတစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ဓါးအိမ်ထဲမှ ဆွဲထုတ် လိုက်သည့်အခါ ချွန်ထက်နေသည့် ဓါးဉီး၊ နက်မှောင်သည့် ဓါးကိုယ်နှင့် ထက်ရှလှသော အသွားတို့က သာမန်ဓါး မဟုတ်သည့် လက္ခဏာများဖြင့် ပြည့်နေသည်။ ဓါးထက်မထက် သိလိုသဖြင့် ယွင်ချဲ့က လက်ဖြင့် အသာထိကိုင်ရုံနှင့် လက်ချောင်းမှာ စူးခနဲဖြစ်သွားပြီး သွေးများ စီးကျလာလေသည်။
“ဒီလိုဓါးမျိုး ဖုတ်ကောင်တွေကို ရှင်းတဲ့အခါ မသုံးသင့်ဘူး”
အကယ်၍ အခြားလူ တစ်ယောက် ရှိနေလျှင် ယွင်ချဲ့ သူ၏အတွေးကို ပြန်လည် ငြင်းခုံမိလိမ့်မည်။ သူ၏လက်ထဲ ဓါးရောက်ပြီးသည့် အချိန်ကစ၍ ထိုအဖိုးတန်သော ဓါးနှင့် ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းရန်သာ တွေးနေမိသည်။
သွေးစိမ့်နေသော လက်ချောင်းစုပ်လျက် သွေးတိတ်အောင် လုပ်နေစဉ် ဓါးကိုကြည့်လိုက်သည့်အခါ ဓါးသွားပေါ်တွင် ပေနေသော သွေးစများ မရှိတော့သည်ကို ယွင်ချဲ့ တွေ့လိုက်ရသည်။ အမြင်မှားသည်ဟု ထင်မိသောကြောင့် နောက်တစ်ကြိမ် ပြန်ကြည့်သည့်အခါ ဉီးခေါင်းမှာ ပေါက်ကွဲမတတ် နာကျင်လာသဖြင့် ဓါးကိုလွှတ်ချကာ ခေါင်းကို ကုတ်ကိုင် ထားလိုက်ရသည်။ ထူးဆန်းသည်က ဓါးမှာ မြေပြင်ပေါ် မကျသွားဘဲ လေထဲတန့်နေကာ ဓါးဉီးချွန်မှာ ယွင်ချဲ့ကို ဉီးတည်ထားလေသည်။
ဝှီး ..
“အား ”
ဓါးရှည်မှာ လေထုဖြတ်လျက် ယွင်ချဲ့၏ ကိုယ်ထဲသို့ ဝင်ရောက် သွားလေရာ ယွင်ချဲ့မှာ ဘာဖြစ်သွားသည်ကိုပင် မမြင်လိုက်ရဘဲ လဲကျသွားလေသည်။
“သခင် ဝိညာဉ်အချိတ်အဆက်ပဲ .. ဒီဓါးက ဘယ်က မြစ်ဖျားခံလာတာလဲ”
သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီးမှ သခင်တစ်ယောက်ကို ဝမ်းမြောက်စွာ ကြိုဆိုနိုင်ခဲ့သည်။ ထိုသခင်သာ သေဆုံးသွားခဲ့လျှင် သူလည်း သေသူ တစ်ယောက်ကဲ့သို့ စိတ်ဖိစီး နာကျင်ရဉီးမည် စိုးသောကြောင့် ဟေးယွီ မျက်လုံးများ စိုးရိမ်ပူပန်မှုများနှင့် သံသယစိတ်များ ပြည့်နှက်လာသည်။
“ဟင်း ..”
မေ့မြောနေသော ယွင်ချဲ့သည်လည်း သက်သက်သာသာ မရှိပေ။ ဖြောင့်တန်းနေသော မျက်ခုံးတန်း နှစ်ခုကလည်း မကြာခဏ တွန့်ချိုးနေလျက် နာကျင်မှုကြောင့် ကြိမ်ဖန်များစွာ ညည်းညူ နေလေသည်။ ဟေးယွီ မှာလည်း သူ၏လျှာဖြင့် ယွင်ချဲ့ နဖူးနှင့် မျက်နှာတို့ကို ပွတ်သပ်လျက်ပေးကာ နာကျင်မှုကို လျော့ချပေးနိုင်သမျှ အစွမ်းကုန် ကြိုးစားပေးနေသည်။
နာရီအချို့ ကြာမြင့်ပြီး နောက်မှသာ ယွင်ချဲ့ နိုးထလာခဲ့သည်။ ယွင်ချဲ့က ဓါးဝိညာဉ်ကို လက်ခံလိုက်ပြီ ဖြစ်သောကြောင့် ထိုဓါးရှည်မှာ သူ၏ခန္ဓာကိုယ်တွင်းတွင် တည်ရှိနေမည်ဖြစ်ပြီး အကယ်၍ ယွင်ချဲ့ အသုံးလိုသည်ဆိုပါက တွေးလိုက်ရုံနှင့် သူ၏လက်ထဲတွင် အလိုအလျောက်ပေါ်လာမည်ဖြစ်သည်။
“ကျေးဇူးပဲ ဟေးယွီ”
လက်ကို ဆန့်ထုတ်ကာ ဟေးယွီ ကျောပေါ်မှာ အမွေးပွများကို ပွတ်သပ် ပေးပြီးနောက် ယွင်ချဲ့ ထရပ်ကာ အဝတ်များကို ပြန်လည် ကောက်ယူ ဝတ်ဆင်လိုက်သည်။ သူထွက်သွားသင့်ပြီ၊ ပျက်သုဉ်းကာလ ရောက်ရန် ၁ဝ ရက်ကျော်သာ ကျန်ပြီး သူ့အတွက် ပြင်ဆင်ရန် အများအပြားကျန်နေသေးသည်။ မနေ့က ပင်ပန်းခဲ့သမျှနှင့် ရှေ့တစ်ရက်ညက မအိပ်ခဲ့ရသည်တို့မှာ စမ်းချောင်းရေကြောင့် အကုန်ကင်းစင်ကာ အလွန် တက်ကြွနေသကဲ့သို့ ခံစားနေရသည်။
“သခင် မသွားပါနဲ့ … ကျွန်တော်နဲ့ အတူနေပေးပါ”
ယွင်ချဲ့ ထွက်သွားတော့မည်ကို သိလိုက်သဖြင့် ဟေးယွီက သူ၏ညာလက်ကို မြောက်လျက် ယွင်ချဲ့ ပခုံးပေါ်တင်ကာ ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ ပြည့်နေသော တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် သနားစဖွယ် ကြည့်လေသည်။ ထိုအကြည့်မျိုးက အရင်ဘဝမှ သူ၏တူလေးဖြစ်သူ ကျိုးဇီချန်ကို သတိရမိစေသည်။ သူတာဝန်ရ၍ အပြင်ထွက်ရသည့် အချိန်တိုင်း ချန်ချန်က သနားစဖွယ် အကြည့်များနှင့် ကြည့်လေသည်။ ထိုအချိန်တိုင်းတွင် ယွင်ချဲ့ မှာ ချန်ချန်ကို ထောက်ပံ့ပေးနိုင်ရန် အတွက် အလုပ်များများ လုပ်ကာ ငွေများများ ရှာမည်ဟုစိတ်ပိုင်းဖြတ်ထားသဖြင့် ချန်ချန်၏ အထီးကျန် အကြည့်များကြောင့်လည်း သူ၏အလုပ်ကို မရပ်တန့်ခဲ့ပေ။
လူတိုင်း အမြဲထိုသို့ပင်။ လက်ဝယ်တွင်း ရှိခဲ့သော အဖိုးတန် အရာများကို ဆုံးရှုံးရတော့မှသာ တန်ဖိုးသိလာခဲ့ကြသည်။
“ငါမင်းကို နေ့တိုင်း လာတွေ့ပါ့မယ်”
ယွင်ချဲ့ လက်ကိုဆန့်ကာ သားရဲ၏ အမွေးပွပွလက်ကို ဆုပ်ကိုင် ပွတ်သပ်ပေးရင်း ပြောလေသည်။ ဟေးယွီမှာ အနည်းငယ် ဆိုးသွမ်းကာ ရူးကြောင်ကြောင် နိုင်သော်လည်း သူ့ကြောင့်ပင် အခုကဲ့သို့ မှော်လောကတွင် ယွင်ချဲ့ လမ်းမပျောက်ခဲ့သည်ကိုတော့ သူဝန်ခံပါသည်။
“ဒါဆို ကျွန်တော့်အတွက် အားဖြည့် ချော့ကလက်ချောင်းတွေ ယူလာပေးရမယ်နော်”
ဟေးယွီမှာ လက်လျော့ပေးမည်ပုံ မပေါ်သည့်အပြင် အခြားနည်းလမ်း မရှိသည်ကို သူလည်း သိသဖြင့် အလျော်ပေးရန်သာ လက်ခံလိုက်သည်။
“အေးပါ အေးပါ … မင်းက အစားကြူးလေးပဲ .. ငါသွားလိုက်ဉီးမယ်”
ထိုနယ်မြေတွင် ယွင်ချဲ့ ပျောက်သွားပြီး တစ်ချိန်တည်းတွင်ပင် လူမရှိသော အဆောင်ထဲရှိ ခုတင်ပေါ်တွင် ပေါ်လာလေသည်။ အခြားသူများမှာ စာသင်ခန်းများသို့ သွားကြပြီ ဖြစ်သောကြောင့် ယွင်ချဲ့လည်း အဝတ်အစား အသစ်လဲကာ ထွက်သွားလေသည်။
***