အခန်း (၄)
“သခင်က အခုမှ ရောက်ကာစဖြစ်လို့ ငယ်နေသေးတာပါ ကြာရင် အင်အားရလာတာ နဲ့အမျှ မြူတွေလည်း တဖြည်းဖြည်း ပျောက်သွားမှာပါ … သခင် မြူနောက်ကွယ်က လောကက အရမ်းကြီးတာ … မြစ်တွေ၊ ရေကန်တွေနဲ့ တခြား သတ္တဝါ မျိုးနွယ်တွေတောင် ရှိသေးတယ် .. ဘယ်လိုဖြစ်ဖြစ်ပါ သခင်က အားနည်းနေသေးတော့ အကုန်လုံးကို မြင်ရအောင် လုပ်ဖို့က နည်းနည်း ခက်ဉီးမယ်”
ဘာမှန်းမသိရသော သားရဲတစ်ကောင်မှ နှိမ်ချပြောဆိုခြင်းကြောင့် ယွင်ချဲ့ အောင့်သက်သက်နှင့် ခံလိုက်ရသည်။ ယခင်ဘဝနှင့် ယှဉ်လျှင် အခုဘဝတွင် သူအားနည်းနေသေးသည်။ အရင်ဘဝတွင် သူ၏လျှပ်စီး စွမ်းအားမှာ အဆင့် ၆ ထိ ရောက်ခဲ့သော်လည်း ယခုဘဝတွင် အဆင့် ၂ သာ ရှိသေးသည်။
“မင်းက ဘယ်လိုသားရဲ သတ္တဝါမျိုးလဲ”
သတ္တဝါ တစ်ကောင်၏ နှိမ့်ချခြင်းကို မခံလိုသဖြင့် ယွင်ချဲ့ စကားလမ်းကြောင်းပြောင်းလိုက်သည်။ ထိုကောင်မှာ မည်းနက်သော အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး ခြင်္သေ့ယောင်ယောင် ခွေးယောင်ယောင် ဖြစ်နေသည်။ ထိုသတ္တဝါကို တိဗက်ဒေသမှ အစောင့်ခွေးကြီးဟု ထင်လိုက်သော်လည်း သားရဲကြီးမှာ အစောင့်ခွေးဟု ခေါ်ရလောက်သည်ထက် ပို၍ ထူးဆန်းသားနားနေသည်။
“ဘယ်လို သတ္တဝါမျိုးလဲ ကျွန်တော်က ဒီနေရာကို စောင့်ရှောက်နေတဲ့ အံ့ဖွယ်တောကောင်ပဲ ရှင်းလား ”
မထင်မှတ်စွာ သားရဲကြီးက စိတ်မရှည်ဟန် ဖြစ်သွားပြီး သူ၏အမွေးနက်များကို ခါယမ်းကာ ယွင်ချဲ့ကို ဒေါသတကြီး စိုက်ကြည့်လေသည်။ သူ၏သခင် ဆိုသော်လည်း ခွင့်လွှတ်ပေးမည့်ပုံမပေါ်ပေ။
“မင်းက ဘယ်လို အံ့ဖွယ် တောကောင်မျိုးလဲ”
ယွင်ချဲ့ အားတင်းကာ မျက်လုံး လှန်ကြည့်လျက် မေးလေသည်။ အကယ်၍များ အခြားသားရဲတောကောင်များသည်လည်း ထိုပုံစံသာဆိုလျှင် ကမ္ဘာကြီး ပျက်စီး သွားလိမ့်မည်။
သားရဲက ခေါင်းကို တစ်ဖက်စောင်းကာ စဉ်းစားလိုက်ပြီးနောက် …
“မေ့သွားပြီ .. အဲဒါသခင်ကြောင့် ဒီကို စောစောစီးစီး မလာဘူး .. အခုဘယ်လို ပြန်လျော်ပေးမှာလဲ”
သူ့ကို အနိုင်ယူနေဟန် ဖြစ်နေသောကြောင့် ယွင်ချဲ့ ဒေါသထွက်သော်လည်း စိတ်ဝင်စား သွားလေသည်။ ယွင်ချဲ့လည်း အိတ်ကပ်ထဲမှ ချောကလက်တောင့်ကို ယူထုတ်ကာ တစ်ဝက် ချိုးလိုက်ပြီး ထိုအံ့ဖွယ်တောကောင်ကို ပေးလိုက်သည်။
“ဒါဆို ပြန်တောင်းပန်တဲ့ အနေနဲ့ ဒီဟာပေးမယ်”
“စားလို့ကောင်းလိုက်တာ .. ရှိသေးလား ”
ယွင်ချဲ့၏ အိတ်ကပ်ကို မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်ကာ မေးလေသည်။
အစားကြူးလေးပင်။
ယွင်ချဲ့ သူ၏အိတ်ကို ထုတ်ပြလိုက်ပြီး …
“မရှိတော့ဘူး ဒါငါ့ညစာပဲ မင်းစားလိုက်တာ ကုန်သွားပြီ”
“ဟူး …”
လက်မှိုင်ကျသွားသော သားရဲကိုကြည့်ကာ ယွင်ချဲ့လည်း အနားကပ်သွားပြီး ခေါင်းကိုပုတ်ပေးလျက် …
“အေးပါ သနားစရာ ကောင်းအောင် မလုပ်နဲ့ .. မင်းကြိုက်တယ်ဆိုရင် ငါနောက်ထပ် ယူလာပေးမယ် .. ဒါနဲ့ ဒီကို ငါတခြား ယူလာလို့ ရသေးလား”
သူ၏အသုံးအဆောင် ပစ္စည်းများ ထားရန် နေရာမရှိသဖြင့် ပူပန်စွာ မေးမိလေသည်။
“ရပါတယ် ဒါပေမယ့် သက်ရှိတော့ မရဘူး ဒီနေရာကို သခင်တစ်ယောက်တည်းပဲ လာလို့ရတာ”
မွေးခွန်းများကို ဖြေစဉ် သားရဲမှာ မပျော်ရွှင် စိတ်ဖိစီးဟန်နှင့် ပြောလေသည်။
“ဟင်း ….”
ယွင်ချဲ့က မေးကိုပွတ်သပ်လျက် ထိုင်ချကာ မြေပြင်ကို လက်တစ်ဆုပ်စာ ဆုပ်ယူလိုက်သည့်အခါ အလွန် နူးညံ့နေသည်ကို ခံစားလိုက်ရသည်။ သူ၏မြို့မှာ ဖွံ့ဖြိုးဆဲဒေသဖြစ်နေပြီး သူသည်လည်း စွမ်းအား နိုးထကာစ ဖြစ်သည်။ ယခု မြေပြင်မြေဆီလွှာမှာ ယုံမှား သံသယ မရှိနိုင်လောက်ပင် အလွန် ကောင်းမွန်လှသည်။
“ဒီနေရာမှာ ဘာကြောင့် ဘာမှမရှိတာလဲ ဆိုတာတော့ မင်းမဖြေရသေးဘူး”
ပျက်သုဉ်း ကာလတွင်းတွင် ရေနှင့် မြေဆီလွှာတို့မှာ သိသိသာသာ ညစ်ညမ်း လာနိုင်မည်ဖြစ်သောကြောင့် ဒီနေရာတွင် တစ်ခုခု စိုက်ပျိုးထားလျှင် နောင်တစ်ချိန် လတ်ဆတ်သည့် အသီးအရွက်များ ပြတ်လပ် သွားမည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
“မျိုးစေ့မှ မစိုက်ထားတာကို ဘယ်လိုလုပ် ရှိနိုင်မှာလဲ”
သားရဲမှာ သူ၏သခင်ဖြစ်သူ ဉာဏ်မှကောင်းသေးရဲ့လားဟု တွေးနေမိသည်။ ယွင်ချဲ့လည်း လက်ပေါ်မှ မြေကြီးများကို ခါချလိုက်ပြီး အပင်များ ဖြစ်ထွန်းနိုင်သည် ဆိုသောကြောင့် စိတ်သက်သာရာ ရသွားသည်။
“ဟေ့ ငါမင်းကို နာမည်ပေးမယ် .. မင်းပြောတဲ့ပုံစံက ယောက်ျားသံလိုပဲ”
ယွင်ချဲ့ ထရပ်လျက် ပြောရင်း လမ်းလျှောက်ကာ စဉ်းစားလိုက်သည်။ သူဒီကို လာခဲ့ပြီးနောက် သားရဲ၏ သခင်ဖြစ်လာခဲ့သည်။ ကမ္ဘာကြီး၏ ပျက်သုဉ်းကာလ ၄ နှစ်တာအတွင်း သိပ္ပံပညာနှင့် မဖြေရှင်းနိုင်သော အကြောင်းရာ အမျိုးမျိုးကို သူကြုံတွေ့ခဲ့ရသည်။ မမြင်ရသေးရုံနှင့် တကယ်မရှိဟု မုချမပြောနိုင်ပေ။
“ယောက်ျား မိန်းမက ဘာကြီးလဲ .. ကျွန်တော်က အံ့ဖွယ်တောကောင်ဗျ .. ကျွန်တော့်ကို အံ့ဖွယ် တောကောင်ကြီးလို့ပဲခေါ်”
အလိုမကျဟန်နှင့် ပြန်ပြောနေပြန်ပြီ။ ယွင်ချဲ့က ဘာမှမကြားဟန် မမြင်ဟန်ဆောင် လိုက်ပြီး လက်ပိုက်လျက် ကြည့်ကာ ….
“မင်းက တစ်ကိုယ်လုံး မည်းနက် နေတယ်ဆိုတော့ မင်းကို ဟေးယွီ လို့ခေါ်မယ် … မင်းမငြင်းဘူးဆိုရင် လက်ခံတယ်လို့ ယူဆလိုက်ပြီနော်”
“ကျွန်တော့် သဘောထားမပါဘဲ အရာရာကို မဆုံးဖြတ်ပါနဲ့ .. ကျွန်တော့်ကိုလည်း စဉ်းစားပါဉီး”
“ဒါနဲ့ ဟေးယွီ .. ငါက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
သားရဲကို တုံ့ပြန်ခွင့်ပင် မရစေရန် စကားလမ်းကြောင်း ပြောင်းပြောလိုက်သော်လည်း ….
“အကျင့်မကောင်းတာ …”
“ဟေ့ကောင် .. ငါ့ကိုလွှတ် .. အေးပါ ဟေးယွီလို့ မခေါ်တော့ဘူး ရပြီမလား”
သို့သော် ဟေးယွီက ယွင်ချဲ့၏ တင်ကို တစ်ချက် ငုံခဲလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။ ယွင်ချဲ့လည်း ရှောင်ချိန် မရလိုက်သဖြင့် အောင့်သက်သက် ဖြစ်နေသည့် တင်ပါးကိုသာ အနာသက်သာအောင် လုပ်နေရသည်။ အခြားသူများ၏ အိမ်မွေးသတ္တဝါများမှာ အိမ်ကိုစောင့်ရှောက်ပေးတတ်သလို ချစ်စရာ ကောင်းကြသော်လည်း သူ၏အိမ်မွေးလေးကမူ ဘာကြောင့်များ ရူးကြောင်ကြောင်ဖြစ်နေရတာလဲ။
***