အခန်း (၃)
မိုးသောက်ချိန် ရောက်သည့်အခါ ယွင်ချဲ့သည် အင်တာနက်ပေါ်မှ ရှာဖွေတွေ့ရှိထားသည့် ဂိုထောင် သိုလှောင်ရုံများကို သွားရောက် စစ်ဆေးပြီးနောက် အဆင်ပြေသည့် နှစ်နေရာကို ရွေး၍ ယွမ်တစ်သောင်းစီနှင့် ငှားရမ်းခဲ့သည်။ တစ်နေရာသည် သာမန်ဖြစ်ပြီး နောက်တစ်နေရာကို လျှို့ဝှက်စွာ ကွယ်ဝှက်ထားသည်။ သာမန်ဖြစ်သည့် ဂိုထောင်ကို အနည်းငယ် ထင်ရှားစေပြီး ထိုဂိုထောင်တွင် အင်တာနက်တွင် ရောင်းဝယ် ဖောက်ကားသော ပစ္စည်းများကို စုဆောင်း၍ လျှို့ဝှက်ထားသော ဂိုထောင်တွင်မူ အခြားသော ပစ္စည်းများ သိုလှောင်ရန် စီစဉ်ထားသည်။ ထိုဂိုထောင်တို့ကို တစ်လစာ အတွက်သာ ငှားခဲ့သည်။
ထို့နောက် ကုန်တင်ကား အငယ်တစ်စီးကို ငှားကာ ကုန်တိုက်ကြီးများ ထံသို့ မောင်းနှင်သွားလေသည်။ နေ့စဉ်အသုံးလိုသည့် ပစ္စည်းများမှလွဲ၍ ပျက်သုဉ်း ကာလအတွင်း အသုံးလိုမည့် ပစ္စည်းများနှင့် သူ၏တူငယ်လေးအတွက် နို့မှုန့်များနှင့် ကလေးသုံး ပစ္စည်းများကို ဝယ်ယူလာခဲ့သည်။ တစ်နေ့တာလုံး လှုပ်ရှားသွားလာ နေသည့်အပြင် ကိုယ်တွင်း စွမ်းအားအချို့ မငြိမ်မသက် ဖြစ်နေသော ယွင်ချဲ့ ပင်ပန်းလာသဖြင့် အဆောင်ကို ပြန်လာခဲ့ပြီးနောက် အိပ်ပျော်သွားလေသည်။
“ချဲ့ .. မင်းတစ်နေ့လုံး ဘာတွေသွားပြီး ဘာလုပ်နေတာလဲ .. မနက်နိုးကတည်းက မင်းကို မမြင်လိုက်ရဘူး”
အဆောင်တွင် အတူနေ အခန်းဖော်ဖြစ်သူ ကျန်းယွမ်က ယွင်ချဲ့ ဘေးတွင် ထိုင်ကာ မေးလေသည်။ အခြား အခန်းဖော်တို့မှာလည်း ဘေးတွင် ရှိနေကြသဖြင့် အိပ်ပျော်ဟန် ဆောင်နေသော ယွင်ချဲ့ မျက်လုံးများကို ပြန်ဖွင့်လိုက်ရသည်။
“ငါဘာလုပ်ရဉီးမှာလဲ အချိန်ပိုင်း အလုပ်လုပ်နေတာလေ .. တစ်နေ့လုံး လုပ်နေရတာ ပင်ပန်းနေလို့ ငါ့ကိုပေးအိပ်ကြဉီး မနှောင့်ယှက်နဲ့”
ယွင်ချဲ့မှာ မိမိကိုယ် ထောက်ပံ့ရန်နှင့် အစ်မဖြစ်သူ၏ ဖိအားများကို ပြေပျောက်စေရန်အတွက် ငွေရှာနေခဲ့ရသောကြောင့် အခြားသူများနှင့် ပေါင်းသင်း ဆက်ဆံရန် အချိန်မရခဲ့သဖြင့် ကျန်းယွမ်မှလွဲ၍ အခြားသူများနှင့် တရင်းတနှီးမရှိပေ။
“အခုထိ အချိန်ပိုင်း လုပ်နေတာလား မင်းမှာ အလုပ်ဘယ်နှခုလောက် ရှိနေတာလဲ .. တက္ကသိုလ်က ပျော်စရာ ကောင်းပါတယ်ကွာ .. အာ .. မင်းပိုက်ဆံ ရှာစရာ မလိုပါဘူး တခြား ကြည့်သင့်မြင်သင့်တာတွေ ရှိနေတာကို .. ဥပမာ ဟွာရှား တက္ကသိုလ်ထဲက ကောင်မလေး ချောချောလေးတွေပေါ့”
“သူတို့တွေနဲ့ ငါ့ဗိုက်ဖြည့်လို့ ရမလား ပြော”
ကျန်းယွမ်မှာ သူ၏ရှည်လျားသော မိန့်ခွန်းကို အပြီးမပြော လိုက်ရသေးချိန်မှာပင် ယွင်ချဲ့ ထထိုင်ကာ စကားဖြတ်ရင်း ကျန်းယွမ်ကို ကြည့်လိုက်သည်။
ကျန်းယွမ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ …
“မဟုတ်ဘူးလေ .. ဒါပေမယ့် မျက်စိအစာကျွေးလို့ ရတာပေါ့ ဟုတ်တယ်မလား”
“ဘယ်လောက်ပဲ ချောမောနေပါစေ ငါပိုင်ရတာလည်း မဟုတ်ဘူး”
ကျန်းယွမ် ပြောသော စကားကြောင့် အခြားသူများ ရယ်မော မိကြလေသည်။ သူတို့သည် ယွင်ချဲ့ကို ကြောက်စရာ ကောင်းသည်ဟု မသိကြသေးပေ။
“ဒါဆိုလည်း တည့်ကြီးတော့ မပြောနဲ့လေကွာ”
ကျန်းယွမ် မျက်နှာ ဖျော့တော့လာပြီး စကားရည် ရှုံးသကဲ့သို့ မှိုင်ကျသွားသည်။
“မတတ်နိုင်ဘူးလေ .. ငါကလက်တွေ့ပဲ တွေးတယ်”
ပခုံးကိုတွန့်ပြီး လက်တစ်ဖက်ကို လည်ပင်း နောက်ထားကာ နံရံကို မှီလိုက်သည်။ ပျက်သုဉ်း ကာလတွင် အမျိုးသမီးများ အထူးသဖြင့် အလှမက်ကာ ဒေါက်ဖိနပ်များ စီးထားသည့် ထိုအမျိုးသမီးများ ပထမဉီးစွာ လျော့နည်း လာလိမ့်မည်။ ထိုအချိန်တွင် လိင်တူ မနှစ်သက်သူများထက် လိင်တူ ယောကျ်ားလေးကိုသာ နှစ်သက်သည့် ယောကျ်ားများ ပေါ်ပေါက် လာလိမ့်မည်။ ပျက်သုဉ်းကမ္ဘာ၏ အမှောင်ထုကာလတွင် ယနေ့ ရှင်သန်ပြီးလျှင် နောက်တစ်နေ့ ရှင်သန်လိမ့်မည်ဟု မည်သူမှ အာမမခံရဲကြ။ သူသည်လည်း မိန်းကလေးများကို စိတ်ဝင်စားသူ မဟုတ်ပေ။
“အခုကစပြီး ငါမင်းကို စကားမပြောတော့ဘူး .. စိတ်ညစ်စရာပဲ”
သူ့ကို စိတ်တိုသွားသော ကျန်းယွမ် ဆောင့်အောင့် ထလိုက်သဖြင့် အဆောင်ထဲရှိ အခြားသူတို့မှာ ရယ်မော ကုန်လေသည်။ အသံမှာ ဆူညံသွားသဖြင့် တာဝန်ရှိသူက လာရောက်ဆူပူတော့မှသာ မီးများကို ပိတ်ကာ အိပ်စက်ကြလေသဖြင့် တစ်နေ့လုံး ပင်ပန်းခဲ့ရသော ယွင်ချဲ့ မှာလည်း ကောင်းမွန်စွာ အနားယူရလေသည်။
သတိပြန်လည် ငြိမ်သက် လာသည့်အခါ အိပ်မပျော်တော့ဘဲ ထူးဆန်းသော နေရာကို ရောက်နေကြောင်း ခံစားလိုက်ရသည်။ ထိုနေရာထဲတွင် နေ့အချိန် ဖြစ်နေသော်လည်း ကောင်းကင်မှာ အုံ့မှိုင်းနေသဖြင့် ပတ်ပတ်လည်ကို မမြင်ရပေ။ ကောင်းကင်အောက်ရှိ မည်းနက်သော မြေပြင်မှာ မြေဆီလွှာ ကောင်းမွန် နူးညံ့ကာ ကွင်းပြင်ကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် တောင်တစ်လုံးလည်း ရှိနေပြီး တောင်ထိပ်နေရာ အများအပြား မြူခိုးများဖြင့် အုံ့ဆိုင်းနေသည်။ တောင်ခြေတွင် ရေပူဖောင်းများ အနည်းငယ် ပွက်နေသော စမ်းချောင်းလေး တစ်ခုလည်းရှိနေပြီး စမ်းချောင်းအဆုံးတွင် ၂ မီတာ ၃ မီတာ အကျယ်ရှိ ရေကန်ငယ်လေး တစ်ခုရှိနေသည်။
ထိုနေရာကြီး တစ်ခုလုံးမှာ ဘောလုံးကွင်း နှစ်ဆရှိပြီး မြူများဖြင့် အုံ့ဆိုင်းနေသည်။ ယွင်ချဲ့မှာ မြူများထဲမှ ထိုးဖောက် ရှာဖွေရန် ကြိုးစားသော်လည်း တစ်ကိုယ်လုံး နာကျင်ခြင်းကို ခံစားလိုက်ရသည်။
“သခင် ”
တိတ်ဆိတ်နေသော နယ်ပယ်ထဲ မှတစ်ဆင့် သားရဲတစ်ကောင် ဟိန်းသံကို ကြားလိုက်ရပြီး သူ့အနားတွင် ကြီးမားသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
“အား ”
ယွင်ချဲ့ မှာ မရှောင်ပြေးနိုင်တော့ဘဲ မြေပြင်ထက် ပစ်လဲသွားလေသည်။ ကံကောင်းသည်က မြေပြင်မှာ နူးညံ့အိစက်နေသဖြင့် အနာတရ မဖြစ်လိုက်ပေ။
“မင်းလျက်တာ မတော်သေးဘူးလား”
ထိုသားရဲ၏ နူးညံ့သော လျှာကြောင့် သူ၏မျက်နှာ တစ်ခြမ်းလုံး စိုရွှဲသွားလေသည်။ ယွင်ချဲ့ ထရန် ကြိုးစားသော်လည်း သူ၏ခြေလက်တို့မှာ သားရဲ၏ လက်များအောက် ရောက်နေသဖြင့် ထ၍မရပေ။
“မဟုတ်ဘူး သခင် .. သခင့်ကို ကျွန်တော် စောင့်နေတာ အရမ်းကြာနေပြီ .. သခင်လာတာနောက်ကျတယ် မနေ့ကပဲ သခင့် အငွေ့အသက်ကို ခံစားမိလိုက်တယ်”
ထိုသားရဲမှာ သူ့အပေါ် ဖိထားရုံသာမက ခေါင်းကိုလည်း ယွင်ချဲ့ လည်ပင်းထဲသို့ အတင်းတိုးဝင် နေပုံမှာ ချစ်စရာ ကောင်းဟန် လုပ်ပြနေသည်လား။
ထိုသားရဲမှာ ဘာသတ္တဝါမှန်း မသိရသေးသဖြင့် ယွင်ချဲ့ စိတ်မရှည်ဖြစ်ကာ အံကြိတ်လိုက်သည်။
“ငါ့ကိုအရင်လွှတ်ပေးဉီး”
သူ့ဘဝတွင် အခြားသူများကို မတိုက်ခိုက်ခဲ့ဖူးသော်လည်း အခုတွင် သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။
“မလွှတ်ဘူး မလွှတ်ဘူး .. ကျွန်တော် လွှတ်ပေးလိုက်ရင် သခင်ပြန်ထွက်ပြေးသွားမှာ .. သခင့်ကို စောင့်နေခဲ့တာ အတော်ကြာနေပြီ ကျွန်တော် ပြန်မလွှတ်နိုင်ဘူး”
ယွင်ချဲ့၏ သွေးကြောများ လျင်မြန်စွာ ခုန်လာပြီး သူ၏လက်ထဲတွင် လျှပ်စီးများ ပေါ်ထွက်လာသည်။
“အား ”
ယွင်ချဲ့ အသက်ဝဝရှူကာ သားရဲ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။ သူ၏လက်တွင်လည်း လျှပ်စီးအားများ ပြည့်လာသဖြင့် သားရဲလက်ကို ဆွဲယူကာ အားကုန်သုံး၍ လွှင့်ပစ်လိုက်သည်။ သို့သော် ယွင်ချဲ့မှာ ထချိန်ပင် မရလိုက်၊ သားရဲက အမြန်ပြေးလာပြီး ပျော်ရွှင်စွာ ခုန်ပေါက်လျက် အော်ပြောလေသည်။
“ဝါး .. သခင် အရမ်းမိုက်တာပဲ .. ထပ်လုပ်ရအောင် ထပ်လုပ်ရအောင်နော် ”
မမျှော်လင့်စွာပင် ယွင်ချဲ့ စိတ်ထဲမှ တွေးတောမိသည်။
‘သူက ဘာကောင်လဲ .. ငါ့အစွမ်း အားလုံးနီးပါး သုံးလိုက်တာကို သူက နည်းနည်းလေးတောင် မနာကျင်သလိုပဲ .. ထူးဆန်းလိုက်တာ .. ဘုရားသခင်က လက်ဆောင်ပေးတာ ဆိုရင် ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ’
“သခင် …”
“နေဉီး”
ထိုသားရဲက ထပ်ခုန်ရန် ပြင်လိုက်သောကြောင့် ယွင်ချဲ့ လက်ကို ဆန့်ထုတ်ကာ တားလိုက်သဖြင့် သားရဲမှာ ငြိမ်သွားပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြောင်တောင်တောင်နှင့် ကြည့်လေသည်။ ယွင်ချဲ့ ကြံရမရစွာ သက်ပြင်းချကာ သားရဲ၏ခေါင်းကို ထိကိုင်လိုက်ပြီး …
“မင်းကိုမပြောဘဲ ငါထပ်မထွက်သွားပါဘူး .. ငါမေးတာတွေကို အရင်ဖြေပေးဉီး”
ဒီနေရာကို ဘယ်လိုကြောင့်များ ရောက်လာခဲ့ရသည်ကို မသိသဖြင့် ထွက်သွားရန်လည်း မဖြစ်နိုင်လောက်ပေ။ ဒီနေရာတွင် ထူးဆန်းသည့် အရာများ ရှိနေသောကြောင့် သူ့အနေနှင့် အရင်သိအောင် လုပ်ရလိမ့်မည်။
“တကယ်လား ”
ထိုသားရဲမှာ သခင်ဖြစ်သူ လှမ်းမီနိုင်ရန်အတွက် ကိုယ်ကို နှိမ့်ချပေးလိုက်သဖြင့် ယွင်ချဲ့လည်း စိတ်သက်သာရာ ရသွားသည်။
“ဒါဆို ငါက ဘယ်ရောက် နေတာလဲ .. ဒီကမြေဆီလွှာတွေ ကောင်းရဲ့သားနဲ့ ဘာမှလည်း မရှိဘူး ပြီးတော့ မြူတွေကရော ဘာလို့ရှိနေတာလဲ”
တိရစ္ဆာန်များ စကားပြောတတ်သည့် အကြောင်းကိုတော့ ယွင်ချဲ့ မမေးလိုက်တော့ပေ။
“ကောင်းပါပြီ စဉ်းစားကြည့်ဉီးမယ် .. ဒီနေရာက မဟာနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းလို့ပြောလို့ရတယ် … ဒါက ကမ္ဘာထဲက အပြိုင်နယ်ပယ် မဟုတ်ပေမယ့် ကမ္ဘာကြီးရဲ့ နယ်ပယ်အပြိုင်ပဲ … ကမ္ဘာကြီး ဖြစ်လာပြီဆိုရင် ဒီနေရာက အလိုလို ဖြစ်တည်လာတာ .. သခင်က ဒီနေရာကို ပထမဆုံး ရောက်လာတဲ့သူ ဆိုတော့ သခင်က ကျွန်တော့်ရဲ့ သခင်ပဲ .. ကျွန်တော် သခင့်ကိုစောင့်နေတာ နှစ်ပေါင်း အတော်ကြာနေပြီ”
သုံးမိနစ်မျှ ကြာပြီးနောက် သားရဲက လျှာကိုထုတ်ကာ ယွင်ချဲ့ကို လျက်ရန် ကြိုးစားပြန်သည်။ အလွန် လျင်သော ယွင်ချဲ့ အမြန်ရှောင်ကာ သားရဲခေါင်းကို ပုတ်ပေးလျက် နှစ်သိမ့် ပေးလိုက်သည်။
“ကမ္ဘာကြီးရဲ့ နယ်ပယ် အပြိုင်ဆိုရင် ဘာကြောင့် သေးနေရတာလဲ”
ကမ္ဘာကဲ့သို့ မကြီးမားဟု ဆိုသော်လည်း နိုင်ငံတစ်နိုင်ငံ အကျယ်လောက် ရှိသင့်သည်။ သို့သော် အခုမှာမူ ….
***