အခန်း (၂)
“ဟူး ..”
သန်းခေါင်ယံ ညနက်အချိန် ဟွာရှား တက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ယွင်ချဲ့ အိပ်ရာထက်မှ ရုတ်တရက် လန့်နိုးလာခဲ့ပြီး ပါးလွှာသော ညအိပ်ဝတ်အောက်ရှိ ရင်ဘတ်မှာလည်း တုန်ယင်လျက် ချွေးများပင် စိုရွှဲနေသည်။ ရေနစ်သော လူတစ်ယောက် ကမ်းပေါ် ရောက်သည့်နှယ် အသက်ကို အဝရှူသွင်း ရှူထုတ်လုပ်လိုက်သည်။
“ငါ ဘယ်ရောက်နေတာလဲ …”
ကျောင်းအဆောင် ?
ဘယ်လောက် ကြာသွားမှန်းပင် မသိလိုက်ဘဲ ယွင်ချဲ့ စိတ်တို့ ပြန်လည် တည်ငြိမ်လာသည်။ ယွင်ချဲ့ မြင်ကွင်းရှေ့ ရောက်လာသည်က သုတေသန စမ်းသပ်ခန်းလည်း မဟုတ်၊ အသက်မဲ့ခန္ဓာကိုယ်များ စုပုံနေသည့် အနိဌာရုံ မြင်ကွင်းလည်း မဟုတ်ပေ။ ထိန်သာနေသည့် လရောင်အောက်တွင် နှစ်ထပ် ခုတင်များ၊ ခဲရောင်နံရံ၊ ရှူးဖိနပ်များ၊ ကြမ်းပြင်တွင် ပြန့်နေသော ခြေအိတ်တို့ကို မှိန်ပျပျမြင်နေရသည်။ ထိုမြင်ကွင်းကို အတိအကျ မှတ်မိနေသော ယွင်ချဲ့သည် ပျက်သုဉ်းကာလ မရောက်ခင် သူနေထိုင်ခဲ့သော တက္ကသိုလ် အဆောင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဖုန်း ?
ထိုအခိုက်မှာပင် ရုတ်တရက် ယွင်ချဲ့ သူ၏ဖုန်းကို သတိရသွားသည်။ သူမှတ်မိရသလောက် ခေါင်းအုံးအောက်ကို စမ်းကြည့်လေရာ သူ၏ဖုန်းကို တွေ့လိုက်ရသည်။ ဖုန်းမျက်နှာပြင်ကိုထောက်ပြီး ရက်စွဲကို ကြည့်သည့်အခါ ၂ဝ×× ခုနှစ် ဖေဖော်ဝါရီ ၁၅ရက် ဖြစ်နေသည်ကို မြင်သည်။
လတစ်ဝက် ကြာပြီးနောက်တွင် ပျက်သုဉ်း ကာလကို ကျရောက် လာတော့မည်။
တစ်နည်းပြောရလျှင် ပျက်သုဉ်းကာလ မတိုင်မီအချိန်ကို သူဘယ်လိုလုပ်ပြီး ပြန်ရောက်လာခဲ့တာလဲ။
“ဟား ဟား ”
ခုတင်ထက် တွေဝေစွာ ထိုင်နေပြီးနောက် မူးနောက် လာသဖြင့် ယွင်ချဲ့ လဲချလိုက်သည်။ ပျက်သုဉ်း ကာလအတွင်း လူသားများ စိတ်ကမောက်ကမ ဖြစ်ခြင်း၊ သူ၏ အစ်မဖြစ်သူ အသတ်ခံရခြင်း၊ ညီလေးမှာ ဖုတ်ကောင် ဖြစ်သွားရခြင်း၊ ယောက်ဖဖြစ်သူ သစ္စာဖောက်ခြင်းနှင့် ချစ်ရသူက နောက်ကျော ဓါးထိုးခြင်းတို့ကို လေးနှစ်အတွင်း သူကြုံတွေ့ခဲ့ရသည်။ မြေအောက် စမ်းသပ်ခန်းတွင် ပေါက်ကွဲခဲ့ရာမှ လွန်ခဲ့သော လေးနှစ်အချိန်ကို ပြန်လည် ရောက်ရှိ လာခဲ့သည်မှာ ဘုရားသခင်က သူ၏ကံဆိုးခြင်းကို သက်ညှာသော အားဖြင့် အသစ်တစ်ဖန်စရန် ဒုတိယ အခွင့်အရေး ပေးခဲ့ခြင်းများလား။
မျက်နှာထက် အုပ်တင်ထားသော လက်ကို ဖယ်ချလိုက်သည့်အခါ နက်မှောင်သော မျက်ဝန်းအစုံမှာ ညကောင်းကင်ထက် လင်းလက်နေသော ကြယ်များကဲ့သို့ တောက်ပနေသည်။ ပျက်သုဉ်းကာလ မတိုင်မီ အချိန်ကို ပြန်ရောက် လာသည်ဆိုလျှင် ဘုရားသခင်က သက်ညှာပေးခြင်းမဖြစ်နိုင်ပေ။
ဆန့်တန်းထားသော လက်ကို လက်သီးဆုပ်လိုက်ပြီး …
“ဒီတစ်ခါတော့ ငါ့ဘက်က သွေးကြွေး ပြန်ဆပ်ရမယ် .. မင်းတို့ကို ထပ်လုပ်ခွင့်မပေးနိုင်တော့ဘူး ”
ထိုသို့ ကြုံးဝါးပြီး ယွင်ချဲ့ အိပ်၍ မရတော့သောကြောင့် ခုတင်မှထကာ ရေအေးအေးနှင့် ချိုးလိုက်ပြီး ဝတ်စုံအသစ် လဲလိုက်ပြီးနောက် အေးချမ်းတည်ငြိမ် သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွင်ချဲ့ ကြိုတင် ပြင်ဆင် ထားရမည်ဟုတွေးလိုက်သည်။ ပထမ ဉီးစားပေးမှာ အစ်မနဲ့ ညီလေးတို့ကို အန္တရာယ်ကင်းစေရန် လုပ်ရမည်။ အကယ်၍ ပျက်သုဉ်းကာလ ရောက်တော့မည့် အကြောင်း ပြောလိုက်လျှင် သူတို့ ကြောက်လန့် သွားလိမ့်မည်။ အိမ်ထဲတွင်သာနေရန် သို့မဟုတ် သူနှင့်အတူ အမြဲမကွာနေရန် ကြံစည်ရမည်။ အစတွင် အဆင်ပြေနိုင်မည် မဟုတ်သော်လည်း ပျက်သုဉ်းချိန် မတိုင်မီ နှစ်ရက်အလိုထိ သူစောင့်ဆိုင်း ရလိမ့်မည်။
စားနပ်ရိက္ခာနှင့် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို စုဆောင်းရန် ပြင်ဆင်ရဉီးမည်။ ပျက်သုဉ်းကာလ မတိုင်ခင်တွင် လိုအပ်သည့် ပစ္စည်းများကို ငွေကြေးများနှင့် ဝယ်ယူနိုင်သည်။ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သဖြင့် အစ်မဖြစ်သူက ကျောင်းနားကာ အလုပ်လုပ်ရင်း သူနှင့် အမြွှာညီ ယွင်ချန်း တို့အတွက် ရှာဖွေထောက်ပံ့ ပေးခဲ့သည်။
ပြီးခဲ့သောလေးနှစ်က အစ်မဖြစ်သူမှာ အာဏာရ လူချမ်းသာ မိသားစုမှ သားတစ်ယောက်နှင့် လက်ထပ်ခဲ့သော်လည်း ထိုမိသားစုက သူတို့သုံးယောက်ကို အရေးမစိုက်ခဲ့ပေ။ အစ်မ၏ ရှာဖွေရရှိသော ငွေကြေးမှာ သူနှင့် ယွင်ချန်းတို့၏ ကျူရှင်အတွက်သာ လုံလောက်သဖြင့် သူနှင့် ယွင်ချန်း တို့သည် ကျောင်းဝင်းအတွင်း နေထိုင်နိုင်မည့် စရိတ်စကများကို ကြိုးစားရှာဖွေကြလေသည်။
သို့သော် ဆန်းသစ်သော နည်းပညာ ကွန်ရက်ကြောင့် အင်တာနက် မှတစ်ဆင့် ငွေကြေးများကို ငှားရမ်း ချေးယူနိုင်ခဲ့သည်။ ယွင်ချဲ့က အမျိုးမျိုးသော ကွန်ရက်မှ ယွမ် ၂ သိန်းနီးပါး ချေးယူနိုင်ခဲ့သဖြင့် ကောလိပ်ကျောင်းသား ကတ်ပြားမှာလည်း ထိုအချိန်က အလွန် အရေးပါခဲ့သည်။ ပျက်သုဉ်းကာလက လဝက်အတွင်း ရောက်လာတော့မည် ဖြစ်၍ သူအနေနှင့် ချေးထားသည်တို့ကို ပြန်ဆပ်ရန် မလိုအပ်တော့ပေ။
သူ၏ခြေလှမ်း အစပြုရန်နှင့် ကနဉီးဝယ်ယူရန် ယွမ် ၂ သိန်းမှာ လုံလောက်နေပေပြီ။ နောက်ပိုင်းတွင် လိုအပ်နိုင်မည်တို့ကို ပျက်သုဉ်းကာလ နီးကပ်ချိန်မှ အနည်းငယ်စီ ဝယ်ယူရန် စီစဉ်ထားလိုက်သည်။ ပြဿနာမှာ သိုလှောင်ရန် နေရာအတွက် ခေါင်းခဲရဉီးမည်။ သူ့တွင် လျှပ်စီးနှင့် လေဟာပြင်အားတို့ကို ပိုင်ဆိုင်ခဲ့သော်လည်း ကြိုးစားဆန်းစစ်ရာ လျှပ်စီးစွမ်းအားသာ ရှိနေပြီး လေဟာပြင်အားမှာ ပျောက်ဆုံးနေသည်။ ထို့ကြောင့် ဝယ်ယူပြီးသည့် ပစ္စည်းများကို ဂိုထောင်ထဲသာ သိမ်းထားရန် စဉ်းစားလိုက်သည်။
အရေးကြီးဆုံးသော အချက်ကိုလည်း သူမမေ့ပါ။ လက်စားချေခြင်း။ ယွင်ချဲ့သည် သူတော်စင် မဟုတ်သောကြောင့် အရင်ဘဝက သူ့အပေါ် အကြွေးကျန် နေသူများကို သူလက်တုံ့ပြန်ရမည်။ ပထမဆုံး လက်တုံ့ပြန်ရမည့် သူမှာ တက္ကသိုလ်တွင် စာသင်နေသော ပါမောက္ခ ဟန်မင်ကျယ်။
သူသိထားသလောက်တွင် ဟန်မင်ကျယ်သည် နောက်ခံအင်အားမရှိ၊ ချမ်းသာသော မိသားစုမှ မဟုတ်ပါဘဲ အသက် ၃ဝ မတိုင်ခင်မှာပင် တွဲဖက်ပါမောက္ခ နေရာကို ရရှိခဲ့သည်။ ဉီးရာလူအား ဉီးစားပေးခြင်း စနစ်ကို တန်ဖိုးထားသော တရုတ်နိုင်ငံသည် လူမှုရေး ကိစ္စများတွင် အဂတိ လိုက်စားခြင်း မရှိဟု ယွင်ချဲ့ မယုံကြည်တော့ပေ။ မရိပ်မိတတ်ခြင်းကြောင့် သူ့ကိုယ်သူ မိုက်မဲလွန်းသည် ဟုသာ အပြစ်တင်နေမိသည်။
“ဉီးရာလူ ဉီးစားမပေးဘဲ နောက်ခံအား တောင့်တဲ့သူကို မှီခိုရမယ်ဆိုရင် ဟန်မင်ကျယ် မှီခိုနိုင်တဲ့သူက …..”
ယွင်ချဲ့ မေးကိုကိုင်လျက် အတွေးများထဲ နစ်မြှုပ်နေသည်။ သူ၏အတွေးထဲတွင် ကျောင်းမှ ထိပ်တန်း ခေါင်းဆောင်များကို စိစစ်တွေးတော ရှာဖွေနေခြင်း ဖြစ်သည်။ သူသည် ဆရာများ၊ ပါမောက္ခများ၏ အခန်းမှာကို သန့်ရှင်းရေး လုပ်ပေးတတ်ခြင်းကြောင့် ကျောင်းမှ ထိပ်တန်းခေါင်းဆောင်များနှင့် ရင်းနှီးသည်။ နောက်ဆုံးတွင် ဟွာရှား တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်သော ယန်းပိချင်ကို သတိရလိုက်သည်။ သူမတွင် အလွန်လှပသော နာမည်ရှိသော်လည်း လူကိုယ်တိုင်မှာမူ အမည်နာမလောက် မလှပပေ။ သူမသည် အသက် ၄ဝ ကျော်ရှိပြီး အိမ်ထောင်ကွဲတစ်ယောက်လည်းဖြစ်သည်။
ဟန်မင်ကျယ်သည် ငွေကြေးမရှိ၊ အင်အား မရှိသော်လည်း သူ၏ခန့်ညားသော ရုပ်ရည်မှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်စွမ်း ရှိလှသည်။ ထို့ကြောင့်ပင် လေးနှစ်အတွင်း ဟန်က အသက်ဆက် ရှင်နိုင်ရန် သူ့အပေါ် မှီခိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ယန်းပိချင်ကို ညို့ယူဆွဲငင် နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။
ဒါကြောင့် ပျက်သုဉ်းကာလ မရောက်မီ သူ့ကို အချိုစာကျွေး အရင်ကျွေးရမည်။
ညသန်းခေါင်၏ မှိန်ပျပျ အလင်းရောင် အောက်တွင် ယွင်ချဲ့၏ ပိန်လှီသော မျက်နှာထက် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ထွန်းနေသည်။ ပျက်သုဉ်းကာလမှ ပြန်လည် ရောက်ရှိလာသဖြင့် သူသည် ငြိမ်သက်နေသော ရေပြင်ကို လှိုင်းထ လှုပ်ခတ်သွားစေရန် အကြောင်းဖန် လာခဲ့တော့သည်။
***