“ကမ္ဘာပျက်ကပ်က စစ်သည်တော်”
အခန်း (၁)
“ကယ်ပါဉီး ဉီးဉီး … ကယ်ပါဉီး ”
“မလုပ်နဲ့ မင်းတို့တွေ ချန်ချန် ကို မထိကြနဲ့ .. သူ့ကိုလွှတ်လိုက်”
ကိရိယာ တန်ဆာ အမျိုးမျိုး ပြည့်နှက်နေသည့် ဓါတ်ခွဲခန်းထဲမှနေ၍ ကလေးငယ် တစ်ဉီး၏အော်ငိုသံနှင့် ယောကျ်ားတစ်ဉီး၏ အသံများ ထွက်ပေါ်လာခဲ့သည်။ အကွာအဝေး နှစ်မီတာသာခြားသော စားပွဲတစ်လုံးပေါ်တွင် ချည်နှောင် ခံရထားရသော အသက် ၂၄ နှစ်အရွယ် ယွင်ချဲ့ နှင့် ၆ နှစ်အရွယ် တူဖြစ်သူ ကျိုးဇီချန်တို့မှာ ရုန်းကန် နေကြသော်လည်း သူတို့ကို ဂရုစိုက်သူမရှိပေ။ အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားကြသည့် သုတေသန ပညာရှင်များက ကိရိယာများကို ကျိုးဇီချန် အနားရွေ့ကပ် ထားလိုက်သည်။
“ဉီးဉီး ဉီးဉီး ”
လူတစ်ယောက်က အမျိုးအမည် မသိသော အရည်တစ်မျိုးကို ကျိုးဇီချန်၏ လက်မောင်း မှတစ်ဆင့် ထိုးသွင်းလိုက်ပြီးနောက် ကလေးငယ်လေး၏ ငိုသံမှာ အားလျော့ လာလေသည်။ ထိုသူတို့မှာ မူးယစ်ဆေး တစ်မျိုး ပေးလိုက်ပြီး ကလေးငယ်၏ ဆံပင်များကို ရိတ်သင်ကာ ခွဲစိတ်မှုကို စတင်ကြလေသည်။ ခွဲစိတ်ဓါးကို ကိုင်လိုက်ကြသည်နှင့် ယွင်ချဲ့၏ မျက်လုံးတို့မှာ အဆမတန် ကျယ်သွားသည်။
“သူ့ကိုမထိကြနဲ့ မကြားဘူးလား မိစ္ဆာကောင်တွေ ”
ထိုသူတို့မှာ ဇီချန်ကို ဉီးနှောက် ခွဲစိတ် စမ်းသပ်ရန်အတွက် ချုပ်ထားကြခြင်းပင်။ ထိုလူတို့ ရူးနေကြသည်လား။ ဇီချန်မှာ ကလေးတစ်ယောက်သာ ရှိသေးပြီး အလွန် ငယ်ရွယ်လွန်းသည်။ ယွင်ချဲ့မှာ အလွန် ရုန်းကန်နေသဖြင့် သူ၏ လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်တို့မှာ အလွန်နက်သည့် အနာတရ ဖြစ်နေသော်လည်း နာကျင်ခြင်းကို မခံစားရပေ။ ဇီချန်မှာ သူ့အစ်မ၏ တစ်ဉီးတည်းသော ကလေးဖြစ်ပြီး သူ၏သွေးသား တော်စပ်သော ဆွေမျိုးတစ်ယောက်လည်း ဖြစ်သည်။ ထိုကလေးကို လူ့မိစ္ဆာတို့၏ အစမ်းသပ်ခံအဖြစ် အသုံးချခံနေရသည်ကို သူမကြည့်နိုင်ပေ။
သို့သော်လည်း မည်မျှပင် ရုန်းကန် အော်ဟစ်စေကာမူ သုတေသနပြု လုပ်သူတို့မှာ သူတို့၏အော်ဟစ် ရုန်းကန်ခြင်းကို မမြင်ရ မကြားရဟန်နှင့် စမ်းသပ်မှုကိုသာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေကြလေသည်။
“ဒေါက်တာ ဟန် ”
မျက်မှန် တပ်ဆင်ထားသည့် အသက် ၃ဝ အရွယ် လူတစ်ယောက်က တံခါးဝမှ တစ်ဆင့် ဖြတ်ဝင်လာသောအခါ စက်ရုပ်များအလား သွေးအေးနေသည့် သုတေသနပြုသူတို့မှာ ညီညွတ်စွာ ဉီးညွှတ်ကြလေသည်။ ထိုလူ၏ လက်မောင်းထဲတွင် အရပ်ရှည်ကာ ပြည့်ဖြိုးနေပြီး အလွန်လှပသော မိန်းကလေး တစ်ယောက်ကို ပွေ့ချီထားလေသည်။
“မင်းတို့လုပ်စရာရှိတာဆက်လုပ်ကြ”
ဒေါက်တာ ဟန်သည် အခြားသူများကို နှုတ်ဆက်လိုက်ပြီး မိန်းကလေးကို ယွင်ချဲ့ ရှေ့သို့ခေါ်ကာ တွေ့ဆုံ စေလိုက်သည်။ ထိုတွေ့ဆုံလိုက်ရသည့် အချိန်တွင် ယွင်ချဲ့ မျက်လုံးများ တုန်ယင်သွားကာ အံကြိတ်လိုက်ပြီး စကားစပြောလေသည်။
“ကျုပ်နဲ့ ချန်ချန်ကို ဒီနေရာဆီ ပို့လိုက်တာ ခင်ဗျားလား .. အစွမ်းရှိနေတဲ့ ကျုပ်ကို အစမ်းသပ်ခံ ဖြစ်အောင် ခင်ဗျားကြီး လုပ်တာလား”
မေးခွန်းထုတ် လိုက်သော်ငြား ယွင်ချဲ့၏ စိတ်ထဲတွင် ထိုလူကြီးမှာ စစ်ပွဲမတိုင်မီအထိ သူတက်ရောက်သည့် တက္ကသိုလ်မှ ဇီဝဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဟန်မင်ကျယ် ဖြစ်ကြောင်း သူသိလိုက်ရသည်။ ပါမောက္ခများ၏ အခန်းများကို သူမကြာခဏ သန့်ရှင်းရေး လုပ်ပေးတတ်ပြီး အချိန်ကြာလာသည် နှင့်အမျှ ရင်းနှီးသွားကြသည်။
စစ်ပွဲဖြစ်လာသည့်အခါ သူ၏ထူးခြားသော စွမ်းရည်တစ်ခုမှာလည်း နိုးထလာခဲ့ပြီးနောက် ကျောင်းမှ ထွက်ပြေးကာ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီကြလျက် အတူတကွနေထိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက် မိကြလေသည်။ ယွင်ချဲ့ အစ်မဖြစ်သူသေဆုံးခြင်းနှင့် အမြွာညီလေးမှာ ဖုတ်ကောင် ဖြစ်သွားခြင်းတို့ကို ကြုံကြိုက်ရသည့် အချိန်တွင် ထိုလူမှာ သူ့ဘေးနား ရှိနေခဲ့သဖြင့် ယနေ့ အချိန်ထိတိုင် ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူဟု ထင်မှတ်နေခဲ့သည်။
စစ်ပွဲကြောင့် ကမ္ဘာပျက်သည်အထိ သူ၏ဆွေမျိုး သားချင်းများ မရှိတော့လျှင်တောင်မှ သူ၏ချစ်သူ ရှိနေသေးသဖြင့် စိတ်သက်သာ ရသည်ဟု ထင်မှတ်ခဲ့သည်တို့မှာ အလိမ်အညာများဖြစ်နေသည်ကို သိလိုက်ရသည်။
၄ နှစ်ကြာ အတူရှိနေခဲ့ကြပြီး အစောပိုင်းကတည်းက ကြိုသိထားခဲ့သင့်သည်။ ထိုလူမှာ သူ့ကို အနမ်းပေးရန်ပင် မဆိုထားနှင့်၊ တစ်ခါပင် မထိမကိုင်ခဲ့။ သူ့ဘက်မှ တစ်ဆင့်ထက်တစ်ဆင့် ချဉ်းကပ်ခဲ့သော်လည်း ထိုလူက အမျိုးမျိုး အကြောင်းပြကာ ငြင်းဆန်သဖြင့် သူကလည်း မိုက်မဲစွာပင် ထိုအကြောင်းပြချက်တို့ကို လက်ခံခဲ့သည်။ ထိုလူမှာ သူ့ကို မထိကိုင်ချင်သောကြောင့်မဟုတ်ဘဲ ယောက်ျားတစ်ယောက်ကို မနှစ်သက်သောကြောင့် ထိတွေ့မလိုခြင်းဟု သိလိုက်ရလေပြီ။
ထိုအခိုက်မှာပင် ယွင်ချဲ့ ကံကောင်းသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ထိုသူနှင့်သာ ချစ်စခန်း ဖွင့်မိခဲ့လျှင် သူ့ကိုယ်သူ သတ်သေမိလိမ့်မည်။
“ဟုတ်တယ် .. ဒါပေမယ့် ငါမင်းကို ဒီကိုခေါ်လာတာ မဟုတ်ဘူး ယွင်ချဲ့ .. မင်းအတွေးမှားနေပြီ ငါ့ကိုအပြစ်မတင်ပါနဲ့ … ငါက ငါလိုချင်တာကို ရအောင်ယူရုံပဲ”
သူ၏နူးညံ့သော မျက်ဝန်းများတွင် နွေးထွေးမှုများ ပျောက်ဆုံးနေသည်။ စစ်ဖြစ်လာပြီးနောက်တွင် တရားဝင် ဥပဒေများ မရှိတော့သဖြင့် လူအများ၏ ကိုယ်ကျင့်တရားနှင့် အသိတရားတို့မှာ ပျက်သုဉ်း လာခဲ့သည့်အပြင် ထိုလူမှာ သူလိုအပ်သည်ကို ရရန်အတွက် သူမချစ် မနှစ်သက်သော ယောကျ်ားတစ်ယောက် ရောင်းစားခဲ့သည်။
“စစ်တပ်ကတောင် နင့်ကို လိုချင်နေတာလေ သူတစ်ယောက်တည်း နင့်ကိုဘယ်လိုလုပ်ခေါ်လာနိုင်မှာလဲ .. အမှန်ကို ပြောရရင် ယွင်ချဲ့ သူ့ကိုကူပေးဖို့ ငါ့အစ်ကိုက လူတစ်ယောက်လွှတ်ပေးလိုက်တာ။ ငါတို့ ကျိုးမိသားစုအတွက် နင်နဲ့ အဲဒီ မိမစစ် ဖမစစ်လေးက ရှင်းလင်းပစ်သင့်တဲ့အမှိုက်တွေပဲ ”
ထိုလှပသော မိန်းကလေး၏ မျက်နှာထားမှာ ပျက်ယွင်းလာသည်။ ထိုမိန်းကလေးမှာ ယွင်ယောင်နှင့် ယွင်ချဲ့တို့ကို မုန်းတီးသည့်အပြင် ယွင်ယောင် ထားရစ်ခဲ့သော ထိုကလေးကိုလည်း သူမ မုန်းတီးနေပြီး သူတို့ ယွင်မိသားစုကိုပါ အလွန် မုန်းတီးသူဖြစ်သည်။
“ယောက်ဖကလား? ဟက် .. ငါမသေတော့ဘူးလို့ ထင်ခဲ့ပေမယ့် မြို့တော်မှာ ရှိနေတဲ့ ဗိုလ်ချုပ်ကျိုး ကိုယ်တိုင်က လုပ်ခိုင်းတာဆိုတော့ …”
ယွင်ချဲ့က စမ်းသပ်ခံ စားပွဲပေါ်တွင် လဲလျောင်းကာ လှောင်သရော်ဟန်နှင့် ပြောလိုက်သည်။
ဗိုလ်ချုပ် ကျိုးသည် သူ၏အစ်မ လက်ထပ်လိုသော ယောကျ်ား တစ်ယောက်ဖြစ်ပြီး ချန်ချန်၏ မိသားစု တစ်ဉီးလည်း ဖြစ်သည်။ သို့သော်လည်း ထိုသူတို့မှာ သူ့ကို နောက်ကျောဓါးထိုး သစ္စာဖောက်ခဲ့ကြပြီး သူ့ကိုလည်း ရှင်းလင်း ပစ်ချင်နေကြသည်။
“အို .. နင်က နင့်အစ်မ ယွင်ယောင်လိုပဲ အပေါစား ဆန်လိုက်တာ .. နင်တို့ ယွင် တစ်မိသားစုလုံး အပေါစားတွေပဲ”
သူ၏အမူအရာမှာ ခါးခါးသီးသီး မဖြစ်သွားဘဲ ထုံထိုင်းဟန် ဖြစ်နေသောကြောင့် ထိုအမျိုးသမီးမှာ ဒေါသ ပိုထွက်လာပြီး သူ့ကို ယခုချက်ချင်းပင် သတ်ချင်လိုစိတ်များ ဖြစ်လာသည်။
“ယွင်ချဲ့ ..”
“ခွေးကောင် မင်းသူ့ကိုမထိနဲ့ သူ့အနားကပ်ဖို့ မင်းမထိုက်တန်ဘူး ”
တစ်ဖက်ရှိ စားပွဲပေါ်တွင် လဲနေသော ချန်ချန်မှာ သတိရှိနေစဉ်မှာပင် ဉီးခေါင်းခွံကို ဖြုတ်ယူ ခံလိုက်ရသည်ကို ကြည့်နေရင်း သူမျက်ရည်များ ဖြည်မဆည်နိုင်အောင် ကျဆင်းလာတော့သည်။ သူ့အစ်မ၏ တစ်ဉီးတည်းသော သွေးသားကို သူမကာကွယ်နိုင်ခဲ့ပေ။
တောင်းပန်ပါတယ် ချန်ချန် …
သူ၏အတွေးနှင့် မျက်လုံးထဲတွင် သွေးများ ဖုံးလွှမ်းနေသည့် ပုံရိပ်များသာ မြင်ယောင်နေရသည်။ ယွင်ချဲ့ လက်ကို ကျစ်အောင် လက်သီးဆုပ်ထားပြီး စိတ်ထဲမှနေ၍ သူ၏တူဖြစ်သူကိုသာ တောင်းပန်နေတော့သည်။
ယွင်ချဲ့မှာ အရှုံးပေးတော့မည့် ပုံစံဖြစ်လာသည့်အခါ ထိုအမျိုးသမီးက ဟန်မင်ကျယ်ကို လွှတ်လိုက်သည်။
“နေဉီး ”
သူတို့နှစ်ယောက် ထွက်သွားဟန် ပြင်လိုက်စဉ် ယွင်ချဲ့ မျက်လုံးများ ပွင့်လာပြီး ဒေါသစိတ်တို့မှာလည်း ငြိမ်သက် နေလေသည်။ သူ၏ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထက်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ဖြစ်တည်လျက် …
“မင်းတို့က ငါ့ကို ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုစုပေးကြတော့လည်း ငါက လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့ မဖြစ်ဘူးမလား”
ထိုစဉ် လေထုထဲမှ ပေါက်ကွဲသံ တစ်ခု ထွက်လာပြီး ယွင်ချဲ့၏ ခြေလက်တို့ကို ချည်နှောင်ထားသော သံကွင်းများမှာ ပြုတ်ထွက် ကုန်သည်။ စားပွဲပေါ်မှ ထထိုင်ကာ အခန်းထဲရှိသူတို့ အနား တစ်လှမ်းချင်း တိုးကာ ကပ်လျှောက်လာသဖြင့် အခြားသော သုတေသန ပြုသူတို့မှာလည်း သေခြင်းတရားကို ရင်ဆိုင်နေရ သကဲ့သို့ ကြောက်ရွံ့ကာ မလှုပ်မယှက်ရပ်နေကြသည်။
“မင်း .. မင်းဘာလုပ်ချင်လို့လဲ”
ဟန်မင်ကျယ်နှင့် ထိုအမျိုးသမီးတို့မှာလည်း အလွန် ကြောက်ရွံ့ နေကြသည်။ သူတို့ဘာကြောင့်များ ပြဿနာ ဖြစ်အောင် လုပ်ကြတာလဲ။ စစ်ကာလတွင် လူတစ်ယောက်ကို လူမသိသူမသိ ရှင်းလင်းလိုက်ခြင်းက အလွန် လွယ်ကူသော်လည်း ယွင်ချဲ့မှာ လျှပ်စီးနှင့်လေဟာပြင် စွမ်းအားတို့ကို ပိုင်ဆိုင်ထားသဖြင့် သူ့ကို ထိုနည်းနှင့် သတ်၍ မရနိုင်။
“မဟုတ်ဘူး .. မဖြစ်နိုင်တာ မင်းကို အတားအဆီး နှစ်ထပ်နဲ့ချုပ်ထားတာ”
ဟန်မင်ကျယ်မှာ ထိန်းချုပ်ဆေးများကို ကောင်းစွာ သိကျွမ်း နားလည်သည့်အပြင် စမ်းသပ်မှု များစွာကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် အထိတ်တလန့်နှင့် ယွင်ချဲ့ကို ကြည့်နေမိသည်။
“ပျက်သုဉ်း ကာလမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”
ခရမ်းရောင်နှင့် အဖြူရောစပ်နေသော အလွန်ကြီးမားသည့် လျှပ်စီးတစ်ခုကို ယွင်ချဲ့ ဖန်တီးလိုက်ပြီး လူနှစ်ဉီးသို့ ပစ်လိုက်သည့်အခါ အလွန် ကျယ်လောင်သော အော်သံများထွက်ပေါ်လာသည်။ ဟန်မင်ကျယ်သည် စွမ်းအားရှင် မဟုတ်သဖြင့် တစ်ကိုယ်လုံးမှာ မီးသွေးကဲ့သို့လောင်ကျွမ်းသွားပြီး အမျိုးသမီးမှာ အသက်ရှင် ကျန်ခဲ့သည်။
ဟန်မင်ကျယ် သေဆုံး သွားခဲ့သော်လည်း ထူးဆန်းစွာ ယွင်ချဲ့ နှလုံးသား ကွဲကြေခြင်းကို မခံစားရပေ။ သူလည်း ဟန်မင်ကျယ်ကို မချစ်ခဲ့ဟု ယူဆ၍ရနိုင်သည်။ ပျက်သုဉ်း ကာလအတွင်း သူ့တွင် များပြားစွာ ဆုံးရှုံးခဲ့ရသဖြင့် ဟန်မင်ကျယ်၏ အတုအယောင် ကြင်နာမှုများကို သူပိုင်ဆိုင်ခဲ့ ရသဖြင့် စိတ်ယိမ်းယိုင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
အမျိုးသမီးကို တစ်ဖန် ကန်ရန် အပြေးမသွားတော့သည့် အပြင် လဲကျနေသော လောင်ကျွမ်းထားသည့် လူကိုလည်း မကြည့်တော့ဘဲ တစ်ဖက်စားပွဲကို လှည့်ကာ ယွင်ချဲ့ သူ၏စွမ်းအားကို ခဏတာ ထိန်းချုပ် ထားလိုက်သည်။ တူဖြစ်သူကို တွေ့လိုက်ရချိန်တွင် တူလေး၏ မျက်နှာမှာ သူ၏လက်တစ်ဝါးစာပင် မရှိတော့ပေ။ ထိုကလေးမှာ အသက် ၆ နှစ်ကျော်ပြီဖြစ်သော်လည်း ၃ နှစ် ၄ နှစ်အရွယ်ကဲ့သို့ အလွန် သေးညှက်နေပုံမှာ ကျိုးမိသားစုက သူ့အပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံသည်ကို ရိပ်မိနိုင်သည်။
“တောင်းပန်ပါတယ် .. အကုန်ဉီးဉီး အပြစ်တွေပါ ဉီးဉီး တောင်းပန်ပါတယ်”
အေးစက်နေသော ကလေးငယ်၏ လက်ကို ဆုပ်ကိုင်ကာ ယွင်ချဲ့ အလွန်ဝမ်းနည်းစွာ စားပွဲဘေးတွင် ဒူးထောက်လျက်သား ကျသွားလေသည်။ ယောက်ဖက သူ၏အစ်မကို အချစ်မြတ်နိုးပြီး သူ၏ကလေးကိုလည်း ကောင်းမွန်စွာ ဆက်ဆံမည်ဟု ရူးမိုက်စွာ မယုံကြည်ခဲ့လျှင်၊ သူသာ အတုယောင် အချစ်တွင်း မကျရောက်ခဲ့လျှင် … အားလုံး သူတစ်ယောက်တည်း၏ အပြစ်ပင်။ တူလေးကို တွေ့တွေ့ချင်း အခြားနေရာကို ထွက်ပြေးခဲ့လျှင် ယခုကဲ့သို့ အခြေအနေ ဆိုးဝါးလိမ့်မည် မဟုတ်ပေ။
“ရပ်ကြည့် မနေကြနဲ့လေ သူ့ကိုအမြန်ဖမ်းကြ”
အမျိုးသမီးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လေသည်။ ယွင်ချဲ့မှာ ဝမ်းနည်းနေလျက်ဖြင့် မော့ကြည့်လေရာ သုတေသန ပြုသူအချို့က ဆေးထိုးအပ်များ ကိုင်ကာ အနားကပ် လာကြသည်ကို မြင်လိုက်ရသည်နှင့် ခွဲစိတ်ဓါးကိုယူကာ သုတေသနပြုသူများ၏ လည်ပင်းမှသွေးကြောများကို ဖြတ်တောက် ပစ်လိုက်လေသည်။ လူအများအပြား မြေပြင်ပေါ် လဲကုန်ကြပြီး သွေးများ စီးကျလာကာ မရပ်မနား ဆန့်တငင်ငင်ဖြစ်ကုန်ကြသည်။
“နောက်တစ်ယောက်”
သေဆုံးနေသည့် သုတေသနပြုသူ တစ်ယောက်အပေါ် ခြေထောက်တင် လိုက်ပြီး ခွဲစိတ်ဓါးကို ဆော့ကစားရင်း စွမ်းအားရှင် မဟုတ်ကြသော လူအများကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်သည်။ လျှပ်စီးအား ရှိနေသူနှင့် ရင်ဆိုင်ရန် သူတို့အတွက် မဖြစ်နိုင်သော ကိစ္စပင်။
“ယွင်ချဲ့ .. နင်ငါ့ကိုထိရင် ငါ့မိသားစုက နင့်ကို အလွှတ်ပေးလိမ့်မယ် မထင်နဲ့ ”
ယွင်ချဲ့မှာ သေမင်းထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသဖြင့် အမျိုးသမီးလည်း အလွန်ကြောက်ရွံ့လာသည်။
“မင်းကိုယ်မင်း ကျိုး မိသားစုဝင် တစ်ယောက်လို့ ထင်နေတာလား? ငါသိသလောက်တော့ မင်းက မိဘ ဘယ်သူမှန်းတောင် မသိရတဲ့ မိဘမဲ့ တစ်ကောင်ကြွက်ဆို … မစိုးရိမ်ပါနဲ့ ငါမင်းကို မသတ်ပါဘူး”
“နင် ..”
ယွင်ချဲ့ စကားက ထိုအမျိုးသမီးကို နာကျင်စေမည်မှာ မလွဲဧကန်ပင်။ သူမမှာ အလွန်ဒေါသဖြစ်နေသဖြင့် မျက်နှာမှာလည်း တွန့်ချိုးနေပြီး တစ်ချိန်တည်းမှာပင် ယွင်ချဲ့ စကားကို လျစ်လျုရှု ထားလိုက်သည်။
“နင်ဘာလုပ်နေတာလဲ အရူး .. နင်ရူးနေပြီပဲ ”
“ပြေးကြ သူရူးနေပြီ”
ယွင်ချဲ့မှာ အသက်မဲ့နေသော တူဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ပြီး လျှပ်စီးစွမ်းအားကို ထုတ်ကာ တူလေး၏ကိုယ်ကို ပြာမှုန့်များ ဖြစ်စေလိုက်သည့် မြင်ကွင်းကြောင့် ကျန်ရှိနေသော သုတေသန ပြုသူတို့က တံခါးဝသို့ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။
“ငါ့တူကို သတ်ပြီး ပြေးချင်ကြတယ်လား .. ဒီစမ်းသပ်ရုံ တစ်ခုလုံးကို ငါ့တူရဲ့ ပြာမှုန့်နဲ့အတူ နစ်မြှုပ်ပစ်မယ်”
တူဖြစ်သူ၏ ခန္ဓာကိုယ်မှာ စမ်းသပ် စစ်ဆေးရန် မဖြစ်နိုင်တော့ကြောင်း သေချာ အတည်ပြုပြီးနောက် ယွင်ချဲ့ ခေါင်းကို မော့လိုက်သည့်အခါ သူ၏မျက်နှာမှာ ခံစားချက်မဲ့ကာ အရူးတစ်ပိုင်းပမာ ဖြစ်နေခဲ့ပြီး စွမ်းအားများလည်း တောက်လောင်လာသည်။ ထိုသို့ကြီးမားသော အစွမ်းကို ယွင်ချဲ့ ကိုယ်တိုင်ပင် မအံတုနိုင်ဘဲ သူ၏အရေပြားမှ တစ်ဆင့် သွေးများ စိမ့်ထွက်လာပြီး တစ်ကိုယ်လုံးမှာလည်း သွေးများဖြင့် စိုရွှဲသွားလေသည်။
“အတူတူသေကြတာပေါ့ ”
“မလုပ်နဲ့ …”
ဝုန်း
သူ့ဘဝ၏ နောက်ဆုံး အပြုံးနှင့်အတူ ယွင်ချဲ့သည် ကိုယ်တွင်း၌ စုပုံလာသော လျှပ်စီး မိုးကြိုးစွမ်းအားကို လွှတ်ထုတ် လိုက်သည့်အခါ မိုးခြိမ်းသံကဲ့သို့ စမ်းသပ်ရုံ တစ်ခုလုံး ပဲ့တင်ထပ် မြည်ဟည်း သွားလေသည်။ ဖြစ်ပျက်သွားသည့် အကြောင်းရာတို့ကို မည်သူမှ မသိလိုက်ကြပေ။ သို့သော် မြေအောက် လျှို့ဝှက် စမ်းသပ်ခန်းမှာ ပြိုကျပျက်စီးသွားပြီး သုတေသန ပြုသူများနှင့် အစမ်းသပ်ခံ ဖုတ်ကောင်များမှာ အပျက်အစီးများ အောက်တွင် အသက်ရှင်သန်ရန် မဖြစ်နိုင်တော့သည်မှာ အသေအချာပင်။
***