EYYJ အပိုင်း ၄၅

အပိုင်း (၄၅) ငါးရောင်းခြင်း

အမျိုးသမီးသုံးဦးသည် လယ်ကွင်းထဲသို့ ဦးတည်ရာမှ စုမိသားစုအိမ်၏တံခါး၀သို့ ခြင်းတောင်းကိုယ်စီဖြင့် တွန့်ဆုတ်စွာ ရောက်လာကြသည်။ သူမတို့၏လက်ထဲ၌ အာလူး၊ ဂေါ်ဖီစသည်ဖြင့် အသီးအရွက်များ ဖြည့်ထားသည့် ခြင်းတောင်းကိုယ်စီ ကိုင်ထားကြလေသည်။ အချို့ အကြောင်းပြချက်များကြောင့် အိမ်တံခါးကို ခေါက်ရန် ကြောက်ရွံ့နေကြသည်။

ထိုအမျိုးသမီးသုံးဦး တုံ့ဆိုင်းနေစဉ်အတွင်း၌ ခြံတံခါးသည် အတွင်းမှ ပွင့်ဟလာခဲ့သည်။ ယိုရင်နှင့် ယိုကျူးသည် မြစ်၌ အ၀တ်လျှောက်သွားမည့်ပုံ ပေါ်ပေသည်။ ညီအစ်မနှစ်ယောက်သည် တံခါးရှေ့၌ ဒေါ်လေးသုံးယောက် ရပ်နေသည်ကို မြင်သော်ကြောင့် ဝါးလုံးဖြင့် သွယ်တန်းထားသော ခြင်းများကို ချကာ ထိုသုံးဦးအပေါ် အနည်းငယ် စူးစမ်းမိသည်။ “ဘယ်သူတွေလဲ”

“မင်းတို့က ယိုကျင့်ရဲ့ညီမလေးတွေမလား။ မနေ့က ယိုကျင့်က ဒေါ်လေးတို့ကို ငါးတွေပေးသွားတယ်လေ။ ဒေါ်လေးတို့က စိုက်ပျိုးရေးလုပ်ကြတာဆိုတော့ ဘာမှပေးစရာသိပ်မရှိဘူး။ ဒီအသီးအရွက်တွေနဲ့ ဟင်းတစ်ခွက်နှစ်ခွက်တော့ ရမှာပါ။ ဒါနဲ့ အိမ်မှာ လူကြီးတွေရှိလား” ထိုသုံးဦးအနက် ဦးဆောင်လာသည့် အမျိုးသမီးမှ အပြုံးလေးဖြင့် မေးလိုက်လေသည်။

ထိုအမျိုးသမီးများသည် သူမတို့မိသားစုအား လက်ဆောင်ပေးရန် လာကြောင်း သိလိုက်ရသည်နှင့် ညီအစ်မနှစ်ယောက်သည် ထိုလူများအား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လေသည်။ ထို့နောက် ယိုကျူးသည် ယိုကျင့်ကို သွားခေါ်လေသည်။ မနေ့က အမျိုးသမီးများသည် သူမတို့အား ပစ္စည်းများပေးရန် လာကြောင်းကြားသည်နှင့် ယိုကျင့်သည် လက်ဆေးကာ အပြင်သို့ထွက်လာခဲ့သည်။

“ဒေါ်လေးကော ဒါကဘာလုပ်တာလဲ။ ဒေါ်လေးတို့ပစ္စည်းတွေ ပြန်လိုချင်လို့ ငါးတွေပေးလိုက်တာမှ မဟုတ်ဘဲ”

ဒေါ်လေးကောဟု ခေါ်သည့် ရှေ့ဆုံးရှိ အမျိုးသမီးသည် ချိုချိုသာသာ ပြန်ဖြေလေသည်။

“သမီးက အဲ့လိုသဘောနဲ့ ပေးတာမဟုတ်မှန်း သိပါတယ်။ ဒေါ်လေးတို့က ဆင်းရဲပေမဲ့ သူများအပေါ် အမြတ်မထုတ်တတ်ပါဘူး။ ဒီလိုလုပ်ပါ့လား။ ဒါတွေကို အိမ်တက်ပွဲအတွက် လက်ဆောင်အနေနဲ့ တွေးလိုက်ပေါ့”

အခြားအမျိုးသမီးနှစ်ဦးသည်လည်း ခေါင်းညိတ်ကာ သူမကဲ့သို့ပင် ပစ္စည်းများပေးကြသည်။ ယိုကျင့်သည် မငြင်းနိုင်တော့ဘဲ သူမတို့ ပေးသမျှကို လက်ခံလိုက်ကာ အိမ်ထဲသို့ ရေနွေးကြမ်းသောက်ရန် ဖိတ်ခေါ်လေသည်။

အမျိုးသမီးသုံးဦးသည် ခြံထံခါး၌သာ ရပ်နေပြီး သန့်ရှင်းထားသည့် စိုပြေနေသော ခြံ၀န်းကို ကြည့်လိုက်သည်။ သူမတို့သည် အနည်းငယ် ကြောက်ရွံ့နေသောကြောင့် ငြင်းဆိုလိုက်သည်။

“နောက်မှပေါ့ ဒေါ်လေးတို့ လယ်ထဲဆင်းဖို့ ရှိသေးလို့” ထိုသို့ပြောပြီးသည်နှင့် သူမတို့ခြင်းအလွတ်များဖြင့် ပြေးထွက်သွားကြတော့သည်။

ယိုရင်တို့ညီအစ်မများသည် ခြင်းထဲ၌ အပြည့်ဖြစ်နေသော အာလူး၊ဂေါ်ဖီနှင့် ရွှေဖရုံသီးများကို ကြည့်ကာ ပျော်ရွှင်နေကြသည်။

“မမကြီး ဒီအရွက်တွေနဲ့ နောက်ရက်‌နည်းနည်းလောက်ထိ ကောင်းကောင်းစားလို့ရတယ်” စုမိသားစု၏ နေ့စဉ်ဟင်းများသည် ၀ယ်ယူချက်ပြုတ်နေရခြင်း ဖြစ်သည်။ ယခု ထိုအမျိုးသမီးများ ပေးသွားသည့် ဟင်းသီးဟင်းရွက်များသည် ရက်အနည်းငယ်မျှ စားသုံးရန် လုံလောက်သည့်အတွက် ငွေစုမိပေသည်။

ယိုကျူးသည် ငါးနည်းနည်းလေးဖြင့် ဟင်းသီးဟင်းရွက် ခြင်းအပြည့်လဲနိုင်ကြောင်း တွေးမိသွားသည်။ ဒါက အပေးအယူပဲ မဟုတ်လား။ ထို့ကြောင့် သူမသည် ယိုကျင့်အား အကြံပေးလိုက်လေသည်။

“မမကြီး ငါးတွေဖမ်းပြီး ရွာသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေ လဲရင်ရော ဘယ်လိုလဲ”

ယိုကျူးက မပြောလျှင် သူမသည် ထိုသို့စဉ်းစားမိမည် မဟုတ်ချေ။ ထိုစကားကို ကြားသည်နှင့် ယိုကျင့်သည် ငါးရောင်းရန် အကြံပေါ်လာလေသည်။

“အဲဒါက ဒေါ်လေးသုံးယောက်က သဘောကောင်းလို့ အဲ့လိုပြန်ပေးတာလေ။ ပြီးတော့ လူတိုင်းအိမ်ကို ပစ္စည်းတွေလဲဖို့ တံခါးခေါက်နေရင် အစ်မတို့က သနားစရာ မကောင်းသွားဘူးလား။ အဲ့ဒေါ်လေးသုံးယောက်ကျ ဘာမှမယူဘဲ ပေးချင်ပြီး သူတို့ကျ ပစ္စည်းလဲဖို့ ပေးတယ်ဆို အခြားလူတွေက ဘယ်လိုတွေးကြမလဲ” ယိုကျင့်သည် ခဏစဉ်းစားပြီးနောက် ထပ်ပြောလေသည်။

“ဒါပေမဲ့ ယိုကျူးပြောတာ အဓိပ္ပာယ်တော့ရှိတယ်။ ရွာထဲမှာ ရောင်းမရရင် လော့ဟယ် စီရင်စုမှာ ရောင်းရမယ်”

ယိုကျူးသည် မူလက အစ်မဖြစ်သူ၏ ငြင်းဆိုမှုကြောင့် မပျော်ရွှင်သော်လည်း မြို့ထဲ၌ ရောင်းချမည်ကို ကြားလိုက်သောအခါ သူမ၏မျက်၀န်းများသည် ပို၍တောက်ပသွားတော့သည်။

“မြို့ထဲမှာ ဈေးကြီးကြီးနဲ့ ရောင်းလို့ရတာပဲ” ထိုသို့ဖြင့် ငွေများများစုကာ ဟင်းချက်စရာများ ၀ယ်လို့ရပေမည်။

ယိုကျင့်သည် ယိုကျူး၏ ငွေချစ်ခင် ပုံရိပ်လေးကို ကြည့်ကာ ရယ်မောနေမိသည်။

“ငွေပဲမြင်နေတဲ့ ကိုယ့်ပုံစံကို ပြန်ကြည့်ဦး။ သွား နင့်အာ့ကျဲနဲ့ အ၀တ်သွားလျှော်ချည်။ အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ငါးဖမ်းဖို့သွားလိုက်မယ်။ မနက်ဖြန် ရောင်းဖို့ လောက်လောက်ငှငှ ဖမ်းလို့ရလား ကြည့်ဦးမယ်” အမျိုးသမီးစုသည် မီးတွင်းကာလ၌ ဖြစ်သောကြောင့် အိမ်၏ကိစ္စအရပ်ရပ်ကို ယိုကျင့်စီစဉ်နေရသည်။ စီစဉ်စရာ ကိစ္စရပ်များ အများအပြားရှ်သော်လည်း ငွေရှာရမည်မှာ ဦးစားပေး ကိစ္စရပ်ဖြစ်သည်။

……….

ဝူလီချောင်၌ ငါးဖမ်းသမား မရှိသောကြောင့် မြစ်ထဲရှိ ငါးများသည် ၀ဖြိုးနေကြသည်။ ယိုကျင့်သည် မြစ်ကမ်းစပ်ရှိ သစ်မာပင်ကြီးအောက်၌ တစ်နေကုန်ထိုင်နေခဲ့သည်။ ယနေ့၌ ယခင်နေ့များထက် ပို၍ပင် ဖမ်းမိခဲ့သည်။ ငါးအမျိုးအစား တစ်ဆယ့်ကိုးမျိုးမျှရှိပေသည်။ ငါးကောင်သည် အကြီးဖြစ်ကာ သုံးကျင်းမျှရှိပြီး အငယ်ဆုံးငါးသည်ပင် ကျင်း၀က်မျှ ရှိပေသည်။

ယိုကျင့်သည် လေးလံသည့် ဝါးခြင်းတောင်းကို မကာ အိမ်ပြန်လာခဲ့သည်။ ညီအစ်မများသည် ခြင်းတောင်းအပြည့် ငါးများကို မြင်သည်နှင့် ပျော်ရွှင်နေကြတော့သည်။ “ငါးတွေအများကြီးပဲ”

“ဒီနေ့လဲ ငါးစားလို့ရလား”

“မနက်ဖြန် ငွေအများကြီးနဲ့ လဲလို့‌ရလား”

တစ်ယောက်တစ်မျိုးစီဖြင့် မေးခွန်းထုတ်ကာ ပျော်နေကြတော့သည်။

ယိုကျင့်သည် ပြုံးရယ်ကာ ဖြေလိုက်သည်။

“ဒီနေ့လဲ မနေ့ကဖမ်းထားတဲ့ ငါးတွေ စားလို့ရပါတယ်။ ဒါတွေကတော့ မနက်ဖြန် မြို့ပေါ်မှာ ငွေနဲ့သွားလဲမှာမလို့ စားမရဘူး။ မနက်ဖြန် ပိုက်ဆံရရင် မင်းတို့စားဖို့ အသား၀ယ်ခဲ့မယ်”

အသားထပ်စားရမည်ဆိုသောကြောင့် အငယ်လေးများသည် ပျော်ရွှင်စွာ လက်ခုပ်ဩဘာများ တီးကြတော့သည်။

အမျိုးသမီးစုသည် ကလေးကိုချီရင်း အခြားတစ်ဘက်၌ ပြုံးကာ ခေါင်းရမ်းမိတော့သည်။ အမျိုးသမီးစုသည် ကလေးများကို အနည်းငယ် သတိပေးလိုက်သည်။

“မင်းတို့တွေကတော့နော်။ အကုန်လုံး ပိုက်ဆံစုဖို့ စဉ်းစားကြရမယ်လေ။ ပြီးတော့ မင်း ပိုက်ဆံက မရသေးဘူး သုံးဖို့တွေးနေပြီ” အမျိုးသမီးစုသည် အပြစ်ပြောခြင်း မဟုတ်ပါချေ။ သူမတို့မိသားစု၌ ထောက်ပံ့ရမည့် ကလေးများ များပေသည်။ ၀င်ငွေမရှိလျှင် မရပ်တည်နိုင်ပေ။

ယိုကျင့်သည် အမျိုးသမီးစု၏ အမြင်ကို ကန့်ကွက်ပေသည်။

“အမေ ငွေစုတာက သုံးဖို့ မဟုတ်ဘူးလား။ ပြီးတော့ သမီးတို့အကြီးတွေက ပြဿနာမရှိဘူး။ အငယ်လေးတွေက အခုမှ အရွယ်ရောက်ကာစလေးတွေ အမေကလည်း ရှောင်ပါးနဲ့ ခမ်းအာကို နို့တိုက်ရဦးမယ်လေ။ အာဟာရမပြည့်ရင် ဘယ်လိုလုပ်မလဲ”

စုမိသားစုရှိ ကလေးများသည် နှစ်ပေါင်းများစွာ အာဟာရချို့တဲ့ခဲ့သဖြင့် အရွက်ခြောက်များကဲ့သို့ ဖြစ်နေကြသည်။ ယိုကျင့်သည် ထိုအကြောင်းကို တွေးကာ ညီမငယ်များအား အာဟာရဖြည့်တင်းပေးရန် အစားအစာများ ရှာပေးရန်အတွက် ကြံစည်လျက်ရှိသည်။ အသားဓာတ်သို့မဟုတ် တစ်ခုခုအား ပုံမှန်ကျွေးရမည်ပင်။

ထိုကလေးများသည် ယွဲ့မိသားစု၌ ရှိစဉ်က များစွာ နာကျင်ခံစားခဲ့ရကြောင်း သူမသိလေသည်။ ထိုအချိန်က သူမသည် ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်၍ ကလေးများကို မကာကွယ်နိုင်ခဲ့ပေ။ သူမတစ်ကိုယ်တည်းနှင့် ထိုကလေးများအားလုံးကို ကာကွယ်နိုင်မည်လား။ သူမတို့သည် ယွဲ့မိသားစုမှ ထွက်ခွာလာပြီဖြစ်၍ သက်တောင့်သက်သာ နေ့ရက်များကို ဖြတ်သန်းနေရပြီဖြစ်သည်။ ထိုအရာများသည် ယိုကျင့်၏ စွမ်းဆောင်မှုကြောင့်သာ ဖြစ်သည်။ အမျိုးသမီးစုသည် သူမ၏ လုပ်ကိုင်မှုမှာ များစွာ မပါ၀င်ကြောင်း သိလေသည်။

“ယိုကျင့် ကလေးတွေထဲမှာ သမီးက အလိုက်သိပြီး လုပ်တတ်ကိုင်တတ်ဆုံးပဲ။ အဲ့တော့ သမီးအဆင်ပြေတယ်ထင်သ၍ သမီးဘာသာ ကြည့်လုပ်လိုက်တော့ အမေမကန့်ကွက်ဘူး” သူမသည် သားသမီးများအား အကူအညီ မပေးနိုင်၍ သူတို့နောက်ဆံတင်းအောင် ဆွဲမထားချင်ပေ။ ထိုအရာသည် သူမ တတ်နိုင်သည့်အရာသာဖြစ်သည်။

ယိုကျင့်သည် အမျိုးသမီးစု၏ ယုံကြည်‌မှုကြောင့် ရွှင်ပျစွာ ပြောလေသည်။

“သမီးတို့ မိသားစုက လူတိုင်းက တော်ကြပါတယ်။ သမီးတို့သာ စည်းစည်းလုံးလုံးရှိသ၍ သမီးတို့ဘ၀တွေက ပိုကောင်းလာမှာ” ညီအစ်မများသည် အစ်မဖြစ်သူ၏ စကားကို သဘောတူကြလေသည်။ တစ်ယောက်ချင်းစီသည် ကြက်ဆန်ကောက်သကဲ့သို့ ခေါင်းများ အဆက်မပြတ် ညိတ်နေကြတော့သည်။ သူမတို့ အားလုံး၏ ဘ၀သည် ပို၍ ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ပေသည်။ အခုလည်း အရင်ကထက် ပိုကောင်းလာတယ်မလား။

……

နောက်တစ်နေ့ မနက်အစောပိုင်း၌ ယိုကျင့်နှင့်ယိုရင်တို့သည် ငါးများပြည့်နေသော သစ်သားတောင်းကို သယ်ကာ ဝူလီချောင်ရွာ၏ မြစ်တစ်လျှောက်မှာ လမ်းမကြီးဆီသို့ လျှောက်သွားလေသည်။ တစ်ဆယ့်ငါးမိနစ်မျှ စောင့်ပြီးနောက် လူမျှစီး‌နိုင်သော နွားလှည်းတစ်စီးကို တွေ့လေသည်။ တစ်ယောက်ကို သုံးယွမ်မျှသာ ကျသင့်၍ ညီအစ်မနှစ်ယောက်သည် လှည်းပေါ်သို့ ငါးတောင်းကိုချကာ လော့ဟယ် စီရင်စုသို့ သွားလေသည်။

စုမိသားစုရှိ ညီအစ်မများအပြင် လော့ဟယ်စီရင်စုသို့ ဈေး၀ယ်ရန် သွားသည့် ရွာနီးစပ်မှ အမျိုးသမီးများလည်း နွားလှည်း၌ ပါရှိပေသည်။ လော့ဟယ်စီရင်စု၌ ဈေးရောင်းပွဲတော်နေ့ဟု သီးသန့်သတ်မှတ်ထားခြင်း မရှိပေ။ မြို့သည် ကြီးမားသည့်အပြင် ဈေးသို့ နေ့စဉ် လာရောက်၀ယ်ခြမ်းကြသည့် လူများကြောင့်လည်းဖြစ်သည်။ ထို့အပြင် မြို့ထဲ၌ နေထိုင်သူ‌ဦးရေ များပြားသည့်အပြင် မြို့အနီးအနားမှ လူများသည်လည်း ဟင်းသီးဟင်းရွက်များ လာရောက် ရောင်းချခြင်းကြောင့်လည်း ဖြစ်ပေသည်။

နွားလှည်းသည် မြို့၏တောင်ဘက်မုခ်၌ ရပ်တန့်လေသည်။ ညီအစ်မနှစ်ယောက်သည် လှည်း‌ပေါ်မှ ဆင်းကာ မြို့၀င်ခ နှစ်ယွမ်ကို ပေးချေပြီးနောက် ငါးတောင်းဖြင့် ပျော်ရွှင်စွာ ၀င်သွားကြလေသည်။ သူမတို့သည် အသားနှင့်ဟင်းသီးဟင်းရွက်များ ရောင်းချသည့် အနောက်ဈေးသို့ တည့်မတ်စွာ သွားလေသည်။

ယိုကျင့်နှင့် ယိုရင်တို့ ရောက်ချိန်၌ အလွန်ပင် နောက်ကျနေပြီဖြစ်သည်။ အနောက်ဈေးရှိ ဈေးဆိုင်များသည် ခင်းကျင်းပြီးဖြစ်သည်။ ညီအစ်မနှစ်ဦးသည် အချိန်အတန်ကြာ ရှာဖွေပြီးမှ ဟင်းရွက်သည် အမျိုးသမီးတစ်ဦး၏ ဘေးရှိ နေရာလွတ် တစ်နေရာကို ရှာတွေ့လေသည်။ ညီအစ်မနှစ်ယောက်သည် သူမတို့၏ ပခုံးထက်၌ သယ်လာသည့် ဝါးခြင်းတောင်းကို ချလိုက်လေသည်။ သူမတို့ နေရာချပြီးချင်း၌ပင် ငယ်ရွယ်လှပသည့် အမျိုးသမီးတစ်ဦးသည် ဟင်းရွက်များပြည့်နေသည့် ခြင်းတောင်းတစ်ခုကို ကိုင်ကာ လာရောက်မေးမြန်းတော့သည်။

“ကလေးတွေ ငါးက ဘယ်လိုရောင်းတာလဲ”

၀ယ်သူကို မြင်သည်နှင့် ယိုကျင့်သည် ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်သည်။

“သခင်မလေး ကျွန်မတို့ငါးက အကြီးဆို ယွမ်ခုနှစ်ဆယ် အသေးဆို နှစ်ဆယ်ယွမ်ပါ။ ကျွန်မတို့မှာ အကြီးရော အသေးရော ပါပါတယ်။ ဘယ်လို အမျိုးအစားကို ယူချင်လဲ”

“ယွမ်ခုနှစ်ဆယ် ဈေးမကြီးလွန်းဘူးလား” ထိုအမျိုးသမီးသည် ငါးများပြည့်နေသည့် တောင်းကို စိတ်ညစ်ညူးစွာ ကြည့်လိုက်သည်။

“၀က်သားရောင်းတဲ့လူတောင် တစ်ကျင်းကို နှစ်ဆယ့်ရှစ်ယွမ်ပဲ ယူတာ။ မင်းတို့ငါးက ၀က်သားထက်တောင် ဈေးကြီးနေတာပဲ”

ယိုကျင့်သည် ခြင်းတောင်းထဲရှိ ရေထဲကို နှိုက်လိုက်ကာ ကြေးနီရောင်သန်းနေသည့် အမြီးရှိသော ငါးကြင်းတစ်ကောင်ကို ထုတ်လိုက်သည်။ ထိုငါးကြင်းသည် ယိုကျင့်၏လက်ထဲ၌ လွန့်လူးနေကာ ကြေးခွံများသည် နေရောင်အောက်၌ တလက်လက် တောက်နေသည်။

“ကြည့်ပါဦး သခင်မရဲ့။ ကျွန်မတို့ငါးက ရေထဲကနေ လတ်လတ်ဆတ်ဆတ် ဖမ်းခဲ့တာ။ ဒီငါးကြင်းက အနည်းဆုံးလေးကျင်းလောက်ရှိတယ်။ ယွမ်ခုနှစ်ဆယ်က ဈေးမများပါဘူး။ ဒီငါးနဲ့ အိမ်ပြန်ပြီး ပြုတ်ပြုတ် ကျော်ကျော် အရသာကောင်းတဲ့ ဟင်းတွေ ဘယ်နှခွက်လောက် ရနိုင်မလဲ”

အမျိုးသမီးသည် ယိုကျင့်၏လက်ထဲရှိ လှုပ်နေသေးသော ငါးကိုကြည့်ကာ အနည်းငယ် စိတ်ပြောင်းသွားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ငါးစွပ်ပြုတ် သောက်ချင်သည်ဟု ပြောခဲ့သော ခင်ပွန်းဖြစ်သူ စာသင်သားကို တွေးမိသွားလေသည်။

“အဲဒါဆိုလဲ ငါးကြင်းလတ် နှစ်ကောင်လောက်ထည့်ပေး အဲ့လောက်အကြီးကြီးလဲ မလိုဘူးရယ်”

ငါကြင်းစတူးသည် ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေသည်ဟု ကြားဖူးသည်။ အမျိုးသားဖြစ်သူသည် စာလေ့လာမှု၌ အလွန်ပင် ကြိုးစားအားထုတ်ပေသည်။ ခင်ပွန်းသည်အား ငါးဟင်းအနည်းငယ်ဖြင့် အာဟာရပြည့်အောင် လုပ်ပေးရမည်။

ယိုကျင့်သည် ယိုရင်ယူလာပြီး မိသားစုဝင်များ ကိုယ်တိုင်ရက်လုပ်ခဲ့သော သစ်သားခြင်းကို လျင်မြန်စွာ ယူလိုက်သည်။ ထိုရေထဲမှ နှစ်ကျင်းနှင့် တစ်ဝက်ခန့် ရှိသည့် ငါးနှစ်ကောင်ကို အမြန်ဖမ်းလိုက်သည်။

“ဒီနှစ်ကောင်ရော ဘယ်လိုလဲ။ အကုန်လုံးမှ နှစ်ဆယ့်ငါးယွမ်ပဲ ယူလိုက်မယ်” ထိုအမျိုးသမီးမှ ခေါင်းညိတ်ပြသည်ကို မြင်၍ ယိုကျင့်သည် ငါးများကို ချည်ပေးကာ အမျိုးသမီး၏ခြင်းထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ထိုအမျိုးသမီးကို လိုက်ပို့လိုက်သည်။

စကား၀င်မပြောရဲသည့် ယိုရင်သည် ငါးများမြန်မြန် ရောင်းထွက်ကာ နှစ်ဆယ့်ငါးယွမ်မျှ စုဆောင်းမိမည်ဟု ထင်မထားခဲ့ပေ။ သူမသည် စိတ်လှုပ်ရှားနေခဲ့သည်။

“မမကြီး တကယ်ပဲ ငါးတွေက ရောင်းလို့ရတာလား”

ယိုကျင့်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမသတ်မှတ်ထားသည့် ဈေးသည် မများလွန်းပေ။ လော့ဟယ်စီရင်စုရှိ ငွေသုံးစွဲမှုသည်လည်း လျှို့ထန်မြို့ရှိ ငွေသုံးစွဲမှုထက် ပိုများပေသည်။ ထို့ကြောင့် ငါးများသည် တစ်နေ့တည်းနှင့် ရောင်းထွက်သွား‌နိုင်သည်။ ထိုသို့တွေးမိသည်နှင့် ယိုကျင့်သည် ပျော်ရွှင်စွာ ပြောလေသည်။

“ဒီငါးတွေရောင်းကုန်ရင် ကြက်မွေးဖို့ သွား၀ယ်ရအောင်။ ကြက်တွေက ကြီးလာရင် မမတို့စားဖို့ ဥဥပေးလိမ့်မယ်” သူမတို့ခြံသည် မွေးမြူရေးလုပ်ရန်အတွက် ကျယ်၀န်းပေသည်။ ၀က်မွေးမြူရန် မတတ်နိုင်သေးသဖြင့် ကြက်များ မွေးမြူထားသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်သည်။

မနက်ခင်း၌ ဈေး၀ယ်လာသူ အများစုမှာ မြို့ထဲရှိ လူများ ဖြစ်ကြသည်။ မတ်လ၌ ငါးများ အလတ်ဆတ်ဆုံး ဖြစ်၍ ညီအစ်မနှစ်ယောက်၏ ငါးများသည် တစ်နာရီအတွင်း ရောင်းထွက်သွားတော့သည်။ အစ်မဖြစ်သူသည် နောက်ဆုံးသော ငါးကြင်းကြီးကို ခြောက်ဆယ့်ငါးယွမ်ဖြင့် ရောင်းလိုက်သည်ကို ကြည့်ကာ လော့ဟယ်စီရင်စုရှိ လူများသည် မည်မျှ ချမ်းသာကြောင်း ယိုရင် နားလည်သွားတော့သည်။ “မမကြီး ဒီနေ့ အများကြီးရောင်းရတယ်မလား။ ဒီလိုငါးတွေ နေ့တိုင်းရောင်းရင် ပိုက်ဆံအများကြီး စုမိလောက်တယ်မလား”

ယိုကျင့်သည် ငွေများကို ရေတွက်ကာ သူမ၏ရင်ဘတ်ထဲ၌ ထည့်ကာဖွက်လိုက်သည်။ သူမတို့နှစ်ယောက်သည် ငယ်ရွယ်သေးသည်။ အကယ်၍ ရုံးတော်ထမ်းများ၊ စစ်သားများ ကင်းလှည့်သည်နှင့် ကြုံလျှင်၊ သို့မဟုတ် လူဆိုးဂိုဏ်းတစ်ခုခု၏ ပစ်မှတ်ဖြစ်သွားလျှင် ပြဿနာတက်လိမ့်မည်။ ယိုရင်၏စကားကြောင့် ယိုကျင့် ပြုံးမိသွားသည်။

“ဝူလီချောင်က ငါးတွေက ပျောက်မသွားပါဘူး။ ပြီးတော့ အစ်မတို့တောင် ငါးဖမ်းပြီး ရောင်းနိုင်ရင် အခြားလူတွေရော မလုပ်နိုင်ဘူးလား” ယနေ့၌ သူမတို့ ငါးရောင်းကာ ငွေရှာနိုင်ခြင်းသည် ကံကောင်း၍ ငါးလုံလုံလောက်လောက် ဖမ်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ဝူလီချောင်ရှိ လူများသည် တုံးအနေသူများ မဟုတ်ပေ။ ထိုသတင်းသာ ပြန့်သွားပါက သူတို့လည်း ငါးရောင်းကာ ငွေရှာနိုင်ပေသည်။

အစ်မဖြစ်သူ၏စကားကြောင့် ပျော်ရွှင်နေသည့် ယိုရင်သည် စိတ်ညစ်သွားတော့သည်။

“အဲဒါဆို ပိုက်ဆံရှာဖို့ နည်းလမ်း မရှိတော့ဘူးလား” အစ်မဖြစ်သူသည် တစ်မိသားစုလုံး၏ ကိစ္စအ၀၀ကို ပူပန်နေရသောကြောင့် ကူညီပေးချင်မိသော်လည်း သူမသည် မည်သည့်နေရာမှ အကူအညီမဖြစ်ချေ။

ယိုကျင့်သည် ကျန်ရှိနေသော သစ်သားတောင်းရှိ ရေများကို သွန်လိုက်ကာ ယိုရင်၏ပခုံးကို အသာအယာပုတ်ပြီး နှစ်သိမ့်လိုက်သည်။

“ပိုက်ဆံရှာဖို့က အစ်မတာ၀န်ထား။ ညီမလေးက အိမ်ကကလေးတွေကို အမေနဲ့ မမအစား ကူကြည့်ပေးပေါ့။ သွားရအောင်။ ကြက်တွေအရင်၀ယ်ပြီး အသားတွေ၀ယ်ပြီးတာနဲ့ ပြန်ကြမယ်”

ယိုကျင့်၏စကားကြောင့် သူမသည် နေရာတစ်ခု ရသွားသကဲ့သို့ ခံစားရကာ ပျော်ရွှင်သွားတော့သည်။ အစ်မဖြစ်သူ၏ စကားကို ခေါင်းညိတ်သဘောတူလေသည်။ “အွန်း”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset