EYYJ အပိုင်း ၄၄

အပိုင်း (၄၄) မြေလွတ်ကို ရှင်းလင်းမယ်

တစ်ယောက်စီသည် သူတို့၏ အဝတ်အစားသေးသေးလေးများ၊ ဖိနပ်များနှင့် ခြေအိတ်များကို ဆွဲချွတ်လိုက်ကြလေသည်။ ယိုကျုးက အခန်းတစ်ခန်းစာကျယ်သည့် သုံးယောက်အိပ်ခုတင်ပေါ်တွင် လှိမ့်ကာ ပတ်ဝန်းကျင်ကို အကျေနပ်ကြီး ကျေနပ်လျက် ကြည့်လိုက်လေသည်။

“ အခုချိန်ကစပြီး ဒါက ငါတို့အိမ် ဖြစ်သွားပြီ၊ ပျော်လိုက်တာ”

ဘေစင်ထဲကရေကို ရေသန့်ဖြင့် လဲပြီး ပြန်လာသည့် ယိုရင်က သူမ အလွန်ပျော်နေသည်ကို မြင်လိုက်ပြီး ပြုံးကာ မှတ်ချက်ပေးလိုက်၏။

“ ဟုတ်တယ်၊ ပြီးတော့ ငါတို့မှာ ကိုယ်ပိုင်အခန်းနဲ့ ဗီဒိုတွေလည်း ရှိတယ်”

ညီအစ်မနှစ်ယောက်သည် ပျော်ပျော်ရွှင်ရွှင် စကားပြာနေကြလေသည်။ သူတို့သည် သူတို့၏ ဘဝသစ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။ အပြင်ဘက် ခြံထဲတွင် ယိုလော့နှင့် ယိုလင်တို့သည် ရွှံ့များဖြင့် ကစားနေကြ၏။ ပင်မဆောင်တွင်တော့ အမျိုးသမီးစုသည် အမြွှာနှစ်ယောက်ကို ချော့သိပ်နေလေသည်။ ယိုပေါင်နှင့် ယိုလင်တို့သည် စားပွဲ၊ ကုလားထိုင်နှင့် ထိုင်ခုံရှည်များကို သန့်ရှင်းရေးလုပ်နေကြ၏။ မီးဖိုဆောင်ထဲတွင်တော့ ယိုကျင့်က အိမ်အသစ်လေးတွင် သူတို့၏ပထမဆုံးတစ်နပ်အတွက် ပြင်ဆင်ရင်း အလုပ်များနေတော့သည်။ စုမိသားစု၏ ဘဝသစ်မှာ စတင်လေပြီ။

အိမ်သစ်လေးသို့ ပြောင်းလာသည့် ပထမနေ့တွင် ယိုကျင့်သည် အားလုံးနှင့် အသားကင်အိုးကြီးတစ်အိုးကို စတူးဟင်းလုပ်လိုက်ပြီး ဆန်ကြမ်းအိုးကြီးတစ်အိုးကို ပေါင်းလိုက်သည်။ မိသားစုသည် အရသာအပြည့် အဆီများများအသားတို့ကို ဗိုက်ပြည့်သည်အထိ မြိန်ရေရှက်ရေ ပျော်ပျော်ပါးပါး စားသောက်ကြလေသည်။ ညနေစာစားပြီးနောက် သူတို့သည် ရေချိုးဇလုံကြီး ထဲသို့ မီးဖိုဆောင်က ရေးနွေးများ ယူလာကာ လန်းလန်းဆန်းဆန်းဖြစ်အောင် ရေချိုးကြသည်။ ထို့နောက်မှ သူတို့၏အခန်းသို့ ပြန်သွားကာ အိပ်ကြတော့သည်။

အရှေ့ဆောင်တွင် ယိုလင်က ယိုကျင့်ဘေးတွင် အိပ်သည်။ အသက်ငါးနှစ်အရွယ်တွင် သူမသည် လျိုထန်မြို့မှ ဝူလီချောင်သို့ မိသားစုကြီးတစ်ခုနောက် လိုက်လာခဲ့ရသည်။ သူမသည် ထိုအခြေအနေကို အသားမကျသေးချေ။

“ စန်းကျဲ ညီမလေးတို့ အိမ်မပြန်တော့ဘူးလားဟင်”

သူမသည် ယိုကျင့်ကို စန်းကျဲဟု နှစ်ပေါင်များစွာ ခေါ်ခဲ့လေသည်။ အချိန်ခဏလေးနှင့် အခေါ်အဝေါ် ပြောင်းဖို့ကို သူမ အသားမကျသေးချေ။

“ ယိုလင်က ပြန်ချင်လို့လား”

ယိုကျင့်သည် သူမ၏မေးခွန်းကို ပြန်မဖြေဘဲ မေးလိုက်လေသည်။

“ ယိုလင်က ဒီနေရာကို မကြိုက်ဘူးလား”

ယိုလင်၏မျက်လုံးများသည် အနည်းငယ်လေးလံလာ၏။ သူမသည် ခဏလောက်စဥ်းစားလိုက်ပြီးမှာ အသာအယာ ခေါင်းခါပြလိုက်လေသည်။

“ ဒီနေရာက အရမ်းကောင်းတယ်၊ အဖေလည်း မရှိဘူး၊ အဘွားလည်းမရှိဘူး ဘယ်သူမှ ညီမလေးတို့ကို မရိုက်ဘူး…”

ယိုလင်သည် ငယ်သေးပြီး လုံးဝမရင်းနှီးသည့် ပတ်ဝန်းကျင်ကြောင့် စိတ်ထဲတွင် ကြောက်ရွံ့ကာ စိုးရိမ်နေသော်လည်း သူမသည် ယိုကျင့်ကို အလွန် အားကိုးလေသည်။ အမျိုးသမီးစုနှင့် ကျန်သည့်လူများ သူမဘေးတွင် ရှိနေသ၍ စိုးရိမ်ကြောက်ရွံ့မှုက အများကြီး ပျောက်ကွယ်သွားလေသည်။

“ ဒါဆိုရင် အစ်မတို့ မပြန်တော့ဘူးနော်၊ အခုချိန်ကစပြီး ဒီနေရာက အစ်မတို့ရဲ့အိမ်ပဲ”

ယိုကျင့်သည် သူမကို အသာအယာ ပုတ်ပေးလိုက်ပြီး ချော့သိပ်လိုက်တော့သည်။ အလွန်ပင်ပန်းနေပြီးသော ယိုလင်မှာ တစ်ခဏအတွင်း အေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။ ယိုကျင့်က သူမဘေးက အငယ်လေးအတွက် ဂွမ်းစောင်ကို ဆွဲခြုံပေးလိုက်ပြီးနောက် မကြာမီ အိပ်ပျော်သွားတော့သည်။

အိပ်မက်ထဲတွင် ယိုကျင့်သည် အသက် ၂၃ ၂၄နှစ်အရွယ် ယိမ်းနွဲ့နေသည့်ခန္ဓာကိုယ်နှင့် အလွန်သိမ်မွေ့စွာ ကြည့်နေသည့် မက်မွန်မျက်လုံးများ ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်၏။ သူမသည် ယိုကျင့်ကို ကျက်သရေရှိရှိ ဦးညွှတ်လိုက်ပြီး “ မိန်းကလေးစု ကျေးဇူးတင်ပါတယ်” ဟု ပြောသွားလေသည်။

ထို့နောက် သူမသည် လှည့်ကာ အဝေးသို့ ထွက်သွားလေသည်။ သူမ၏ပုံရိပ်က ကျယ်ပြောလှသည့် အဖြူရောင်မြူများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ရွှေရောင်အလင်းတန်းသည် ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ဖြာကျနေသည်။ အပြင်ဘက်တွင် လင်းနေပြီ ဖြစ်သော်လည်း စုမိသားစုမှ မည်သူမှ မထကြသေးချေ။ ယိုကျင့်သည် ဇိမ်ကျကျ လှိမ့်လိုက်ပြီးနောက် ပျင်းရိစွာ မျက်လုံးဖွင့်လိုက်တော့သည်။ အခန်းထဲတွင် နေရောင်ခြည်များအတွင်း ပျံဝဲနေသည့် ဖုန်မှုန့်များကို ကြည့်ရင်း သူမ၏စိတ်ထဲတွင် အေးချမ်းမှု၏ ရှင်းမပြတတ်အောင် ကျေနပ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။ သူမသည် နှစ်ပေါင်းများစွာ တစ်စုံတစ်ယောက် ရုတ်တရက် ဝင်လာပြီး ဆူဆဲရိုက်နှက်ခြင်း၏ အကြောက်တရားမှ မလွတ်မြောက်ခဲ့ချေ။ နေထွက်သည်အထိ အိပ်ဖို့ရာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

မနေ့ညက သူမ အိပ်မက်မက်ခဲ့သည့် အမျိုးသမီးအကြောင်းကို စဥ်းစားလိုက်၏။

ဒါ သူမရဲ့ယောက်ျားကို ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ချင်မိသားစုက သခင်မလေးဖြစ်ရမယ်။ မနေ့က သူမရဲ့မျက်နှာပေါ်မှာ ထိုင်းမှိုင်းနေတဲ့အငွေ့အသက် မရှိတော့ဘဲ အေးချမ်းနေတာကို သတိထားမိတယ်။ ငါ့ကို ကျေးဇူးတင်စကားပြောပြီးတော့ လှည့်ထွက်သွားခဲ့တယ်။ သူမ လူပြန်ဝင်စားမှာပါနော်။

ခုတင်ပေါ်တွင် ထိုင်ကာ အချိန်အတော်ကြာအောင် စဥ်းစားနေမိလေသည်။ ခဏကြာတော့ သူမသည် ခုတင်ပေါ်တွင် ထထိုင်လိုက်ပြီး ဂွမ်းစောင်ကို ကန်ထားသည့် အငယ်လေးကို အသာအယာ ပြန်ခြုံပေးလိုက်သည်။ ထို့နောက်တွင်မှ သူမသည် ထကာ ဖိနပ်စီးလိုက်ပြီး အရှေ့ဆောင်မှ တိတ်တိတ်လေး ထွက်လာကာ မီးဖိုဆောင်သို့ သွားလိုက်လေသည်။ သူမသည် မိသားစုအတွက် မနက်စာပြင်ဆင်ပေးရမည်။

ယိုကျင့်က မီးဖိုဆောင်ထဲတွင် အလုပ်များနေစဥ် ယိုရင်နှင့် ယိုကျူးတို့က ထလာ၏။ ညီအစ်မသုံးယောက်သည် အတူတူ လုပ်ကိုင်လိုက်ကြသည်။ မနက်စာ အသင့်ဖြစ်ဖို့ရန် အချိန်သိပ်မယူလိုက်ရချေ။ ယိုရင်က အမျိုးသမီးစုအတွက် မနက်စာကို ပင်မဆောင်သို့ ယူသွားပေးလိုက်သည်။ အမျိုးသမီးစုသည် မီးတွင်းကာလ မပြည့်သေးသဖြင့် အပြင်သို့ ထွက်ခွင့်မပြုကြောင်း ယိုကျင့်က မနေ့က ပြောထားလေသည်။ ထို့ကြောင့် အမျိုးသမီးစုသည် မီးတွင်းကာလ ပြီးသည်အထိ ပင်မဆောင်ထဲတွင်သာ နေရတော့သည်။

မနက်စာစားပြီးနောက် ယိုကျင့်သည် ပေါက်ပြားတစ်လက် သယ်ကာ ညီမငယ်လေးများကို စုမိသားစု၏အိမ်ရှေ့က မြေလွတ်ဆီ ခေါ်လာလိုက်သည်။

“ မကြီး ညီမလေးတို့ ဒီနေရာမှာ ဘာစိုက်ကြမှာလဲ၊ စပါးစိုက်မှာလား”

ယိုရင်သည် လက်ထဲတွင် တံစဥ်းကိုင်ကာ ပေါင်းမြက်များ ထူနေသည့် မြေလွတ်ကို ကြည့်လိုက်လေသည်။ သူမသည် မတတ်သာဘဲ အနည်းငယ် စိတ်ပူသွားတော့သည်။

“ ဒီမြက်တွေကို ဘယ်အချိန်ကျမှ ရှင်းလို့ပြီးတော့မှာလဲ၊ မြက်တွေလည်း ရှင်းပြီးရော စိုက်ပျိုးရေးရာသီက ကုန်ပြီ”

ယိုရင်နှင့် ယိုကျူးတို့သည် ရှေ့တွင် မြက်များကို ရိတ်နေကြပြီး ယိုကျင့်က ပေါက်ပြားကို ယမ်းကာ မြက်များကို ဖြတ်ထားသည့် မြေကြီးပေါ်မှာ မြေးကို ပေါက်နေလေသည်။ ယိုလင်နှင့် ယိုလော့တို့သည် သူမနောက်မှ လိုက်ကာ မြေကြီးထဲက အမြစ်များကို ကောက်ပြီး ဘေးတွင် ပုံထားလိုက်လေသည်။ ညီအစ်မငါးယောက်သည် အလွန်ညီညီညာညာ လုပ်ကိုင်နေကြ၏။ ယိုရင်က ထိုသို့မေးလာသည်တွင် ယိုကျင့်က သူမ၏အစီအစဥ်ကို အကြမ်းဖျဥ်း ရှင်းပြလိုက်လေသည်။

“ အစ်မတို့ ဒီနွေဦးမှာ စပါးမစိုက်ဘူး၊ အခုလောလောဆယ် အိမ်မှာလည်း ခြံမွေးတိရိစ္ဆာန်တွေ မရှိဘူး၊ အစ်မတို့ လူနည်းနည်းလေးနဲ့ အားစိုက်ရတဲ့ စိုက်ပျိုးရေးတွေ မလုပ်နိုင်သေးဘူး၊ ဒီနေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ စိုက်ချင်တယ်၊ ဒါတွေက အကြီးမြန်တယ်လေ၊ စားလို့ရပြီဆိုတာနဲ့ မြို့ကို ယူသွားပြီး ရောင်းလို့ရတယ်၊ ဒါဆို အစ်မတို့ စားစရာတွေ ဝယ်လို့ရနိုင်မယ်”

ယိုကျင့်သည် ချွေ့ဖုန်းရွာမှ ထွက်လာချိန်က ချွေ့ဖုန်းတောင်ပေါ်ရှိ ကြက်သွန်ဖြူမျိုးစေ့ အခြောက်များကို ယူလာခဲ့သည်။ ထို့အပြင် မနေ့က လော့ဟယ်မြို့တွင် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်း ဝယ်ခဲ့သေးသည်။ အသီးအရွက်တချို့ကို စိုက်ပျိုးပြီး မြို့တွင် သွားရောက် ရောင်းချသည်က အလုပ်ဖြစ်နိုင်သည်။ နောက်ဆုံး လက်ရှိ အိမ်တွင်လည်း အားကောင်းကောင်းနှင့် လုပ်နိုင်သူ မရှိချေ။ ထို့ကြောင့် စားစရာအတွက် စိုက်ပျိုးသည်က သေချာပေါက် ခက်ခဲလိမ့်မည်။ အသီးအရွက်တချို့ကို စိုက်ပျိုးပြီး လော့ဟယ်မြို့တွင် ရောင်းချသည့်က ပိုမြန်လိမ့်မည်။

ယိုကျူးသည် သူတို့ ငွေမရှာနိုင်သဖြင့် အနည်းငယ်ပူပန်သွားလေသည်။

“ အိမ်တိုင်းမှာ ဒီလိုအစားအစာမျိုး ရှိတယ်လေ၊ သမီးတို့ရောင်းနိုင်ရင် တခြားသူတွေလည်း ရောင်းနိုင်မှာပဲ၊ မကြီး ရောင်းလို့မရရင် ဘယ်လိုလုပ်မလဲ”

နောက်ဆုံး သူတို့သည် မိသားစုဝင် ဆယ်ယောက်ရှိနေသည်။ မနေ့က သူတို့ဝယ်ခဲ့သည့် စျေးအပေါဆုံး ဆန်ကြမ်းကပင် ငွေ ၁စနှင့် ၃ ဝမ်ကျခဲ့လေသည်။ ထိုငွေပမာဏသည် သုံးလို့လောက်မည်မဟုတ်ချေ။

ယိုကျင့်က ပေါက်ပြားကို မြေကြီးပေါ်ချလိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ခဏနာ အနားယူလိုက်၏။ သူမသည် ညီမငယ်လေးများကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။

“ မစိုးရိမ်ပါနဲ့၊ မကြီးက နင်တို့ကို ခေါ်ထုတ်လာနိုင်မှတော့ အားလုံးကို ဗိုက်ပြည့်အောင် သေချာပေါက်ထားနိုင်ပါတယ်၊ အခုတော့ အရင်ဆုံးဦးစားပေးရမှာက မြေကြီးကို ရှင်းလင်းပြီးရင် အသီးအရွက်ကို မြန်မြန်စိုက်ဖို့ပဲ၊ မဟုတ်ရင် အသီးအရွက်တွေကို မြို့မှာရောင်းဖို့ မပြောနဲ့ ကိုယ်တိုင်တောင် စားရမှာမဟုတ်ဘူး”

ကလေးများသည် ထိုစကားကိုကြားလိုက်ချိန်တွင် အားလုံးက စားစရာမရှိမှာကို အလွန်စိုးရိမ်သွားတော့သည်။ သူတို့၏လက်များသည် ပိုမြန်လာကြတော့သည်။ နေ့တစ်ဝက် ကျိုးသွားပြီးနောက် ဘောင်နှစ်ခု လုပ်ပြီးသွားလေသည်။ ယိုကျင့်သည် လွန်ခဲ့သည့်နှစ်ရက် မြေကြီးပေါ်တွင် အခြောက်လှန်းထားသည့် မြက်ပင်များကို ပုံကာ မီးရှို့လိုက်သည်။ ထို့နောက် မီးရှို့ရာမှ ရလာသည့်ပြာများကို မြေဩဇာလုပ်ရန် ရောထားလိုက်တော့သည်။

စုမိသားစု၏ ကလေးကြီးများက လေးရက်ဆက်တိုက် အချိန်ယူလိုက်ရပြီးနောက် မြေလွတ်တစ်ဧကကို နောက်ဆုံးတွင် ရှင်းလင်းပြီးသွားတော့သည်။ အသီးအရွက်စိုက်ပျိုးရန်အတွက် သုံးမည်ဖြစ်သဖြင့် မြေကြီးကို ဘောင်များစွာ လုပ်ထားလိုက်သည်။ စုမိသားစု၏မြေကွက်သည် ဝူလီချောင်မြစ်နှင့် မဝေးချေ။ ယိုကျင့်က ရေသွင်းရန်အတွက် မြစ်ထဲက စီးနေသည့်ရေကို သုံးလိုက်လေသည်။ မြေကွက်အားလုံး စိုစွတ်သွားပြီးနောက် ချွေ့ဖုန်းရွာမှ ယူလာသည့် ကြက်သွန်ရိုင်းများကို တစ်မြွှာချင်းခွာကာ နောက်တစ်နေ့တွင် စိုက်လိုက်တော့သည်။ ထို့နောက် ကြက်သွန်ဖြူစိုက်ထားသည့် လယ်ကွင်းထဲတွင် ဖြန့်ထားဖို့ရန် ကောက်ရိုးတစ်ထုံးကို ဝယ်ဖို့ တစ်ဝမ်ကို သုံးလိုက်သည်။ ရေလုံလုံလောက်လောက် လောင်းပေးလိုက်ပြီးနောက် လယ်ကွင်းထဲတွင် ကြက်သွန်ဖြူဘောင် သုံးတန်းကို စိုက်ပြီးသွားတော့သည်။

ကျန်သည့်မြေများကို အာလူး၊ မုန်လာထုပ် ၊ ကြက်သွန်ပင် ၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များကို စိုက်လိုက်လေသည်။ တစ်ဧကလုံးကို အပြည့်အသုံးချလိုက်လေသည်။

ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီးနောက် သူတို့သည် တစ်ရက်တစ်ခါ သို့မဟုတ်၊ နှစ်ရက်တစ်ခါ ရေသွင်းပေးရန်သာ လိုတော့သည်။ ထိုအရာအားလုံးက အသေးအဖွဲများပင်။ ယိုရင်နှင့် ယိုကျူးတို့ လုပ်နိုင်လေသည်။ နောက်ဆုံးတွင် အားနေသည့်ယိုကျင့်က မိသားစုအတွက် အသားစားရရန်နှင့် ငွေရှာရန်နည်းလမ်းကို စတင်စဥ်းစားတော့သည်။

အရင်ဆုံး ဖြေရှင်းရမည့်အချက်မှာ အမျိုးသမီးစုအတွက် အာဟာရပင်။ အစားအသောက် မကောင်းသဖြင့် အမျိုးသမီးစုမှာ နို့ကောင်းကောင်း မထွက်ပေ။ နို့တိုက်ရန်စောင့်နေသည့် ကလေးသေးသေးလေး နှစ်ယောက်ကလည်း ဒီရက်ပိုင်းတွင် ထွားမလာချေ။ ထို့အစား အလေးချိန်ပင် ကျသွားသေးသည်။ ယိုကျင့်သည် ထိုသို့ မြင်လိုက်ရသဖြင့် စိုးရိမ်မိသွားတော့သည်။ သူမအရင်ဘဝတုန်းက ငါးကြင်းဖြူက နို့ထွက်ကြောင်း လူများပြောသည်ကို ကြားဖူးလေသည်။ ထို့ကြောင့် သူမသည် တီကောင်များ သွားတူးတော့သည်။ ထို့နောက် ငါးမျှားချိတ် လုပ်ရန် အပ်ထူထူတချို့ကို ကောက်အောင်လုပ်လိုက်သည်။ ထို့နောက် သူမသည် ဝူလီချောင်မြစ် အနောက်ဘက်ခြမ်းတွင် ငါးမျှားရန် ထွက်လာခဲ့တော့သည်။

ဝူလီချောင်မြစ်၏ မျက်နှာပြင်သည် ၃ ၊ ၄ မီတာခန့်ကျယ်ပြီး စုမိသားစုအိမ်ရှေ့တွင် မြစ်ရေစီးနှုန်းက နှေးလေသည်။ နွေရာသီတွင် ဝူလီချောင်မှ ကလေးများက မြစ်ထဲတွင်ရေကစားပြီး ငါးဖမ်းရသည်ကို သဘောကျကြလေသည်။ အခုတော့ နွေဦးပင် ရှိသေးသည်။ မြစ်ထဲတွင် လူမရှိသည်မှာ ပြောရန်ပင်မလိုချေ။ ဆောင်းတွင်းတစ်တွင်းလုံး ဆာလောင်နေကြသည့် ငါးများသည် တီကောင်နံ့ရသွားပြီး ငါးမျှားချိတ်တွင် တစ်ကောင်ပြီးတစ်ကောင် လာမိကြတော့သည်။ နာရီဝက်အတွင်း ယိုကျင့်သည် လက်ဝါးအရွယ် ငါးကြင်းဖြူအကြီး သုံးကောင်းနှင့် ၂ပိဿာခန့် ရှိသည့် ငါးကြင်းနီ နှစ်ကောင်ကို ဖမ်းမိသွားလေသည်။

တစ်နေ့လယ်ခင်း ကုန်သွားပြီးချန်တွင် သူမသည် ငါးထည့်သည့် တောင်းတစ်ဝက်လောက် ဖမ်းမိထားလေသည်။ လယ်ကွင်းမှ ပြန်လာကာ ဖြတ်သွားကြသည့် မိန်းမတချို့က ယိုကျင့်ကဲ့သို့ ကြီးကောင်ပေါက်အရွယ်မိန်းကလေးတစ်ယောက် ငါးမျှားနေသည်ကို သတိထားမိသွားပြီး အသစ်အဆန်းလို ခံစားလိုက်ရလေသည်။ သူတို့သည် အနားသို့သွားပြီး တစ်ချက် ကြည့်လိုက်ကြလေသည်။ သူတို့က ကလေးတစ်ယောက် ကစားနေသည်ဟုသာ ထင်လိုက်၏။ အနီးနား ရောက်သွားသောအခါ မျှော်လင့်မထားဘဲ ငါးထည့်ထားသည့် တောင်းမှာ ပြည့်လုနီးပါး ဖြစ်နေသညကို တွေ့လိုက်ရတော့သည်။ သူတို့သုံးယောက်သည် အားကျသည့် မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

“နင်က မြစ်အနောက်ဘက်က အိမ်အသစ်ကို ပြောင်းလာတဲ့ ကောင်မလေးမလား၊ နင် ငါးတွေအများကြီး ဖမ်းမိထားတာပဲ”

မိန်းမကြီးသုံးယောက်၏ သဘောကောင်းပုံကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် ကြိမ်ရိုးနည်းနည်းကို ဆွဲထုတ်လိုက်ပြီး ငါးသုံးကောင်းကို မြန်မြန်တံစို့ထိုးကာ သူတို့ သုံးယောက်အား လှမ်းပေးလိုက်လေသည်။

“ အဒေါ်သုံးယောက်ရှင့် ကျွန်မက ဒီမှာ အသစ်ပြောင်းလာတာပါ၊ အခုကစပြီးအားလုံးက အိမ်နီးချင်းတွေ ဖြစ်သွားပြီနော်၊ ကျေးဇူးပြုပြီး ကျွန်မတို့မိသားစုကို စောင့်ရှောက်ပေးပါအုံးနော်”

ယိုကျင့်သည် တစ်ပိဿာခန့်ရှိသည့် ငါးကြင်းများ ရွေးပေးလိုက်လေသည်။ မိန်းမသုံးယောက်သည် အနည်းငယ်ရှက်နေသော်လည်း သူတို့သည် အသား နည်းနည်း များများ ငါးများကို လက်ခံလိုက်သေးသည်။ ဆိုရိုးစကား ရှိလေသည်။ ကျွေးသည့်လက်ကို ပြန်ကိုက်ရန် မလွယ်ကူပါတဲ့။ မိန်းမသုံးယောက်သည် ယိုကျင့်ဆီမှ ငါးများကို လက်ခံလိုက်ပြီးနောက် သူတို့၏အပြုံးများကို ပို၍နွေးထွေးလာတော့သည်။ အချိန်တိုအတွင်း သူတို့သည် အချင်းချင်း ရင်းနှီးလာကြတော့သည်။

သူတို့လေးယောက်သည် ခဏလောက်စကားပြောလိုက်ကြ၏။ ထို့နောက် မိန်းမသုံးယောက် ငါးကြီးတစ်ကောင်စီဖြင့် အိမ်ပြန်ခဲ့ကြလေသည်။ စုမိသားစုအပေါ် သူတို့၏အမြင်ကလည်း ကောင်းလေသည်။

“ပြောရမယ်ဆို ကောင်မလေးက ဘယ်လိုဆက်ဆံရမလဲဆိုတာ တကယ်သိတာပဲ၊ သူ့မှာ ဒီလောက်ကြီးတဲ့ ငါး ၃ကောင်ကို တစ်ခါထဲ ပေးလိုက်ရတာကို လုံးဝစိတ်မကောင်း ဖြစ်မနေဘူး”

“ အေးဟယ် ရှင်သိပါတယ် ဒီလိုငါးကြီးတွေကို လော့ဟယ်မှာ သွားရောင်းရင် ဝမ်၂၀လောက်တော့ ရမှာပဲ”

မျက်လုံးလှလှလေး၊ ပါးစပ်ကျယ်ကျယ်နှင့် မိန်းမက ပြုံးဖြီးနေအောင် ပြုံးလိုက်လေသည်။ သူမ၏စိတ်ထဲတွင် သည်နေ့ည ငါးကို ဘယ်လိုလုပ်စားမည်အကြောင်းသာ ရှိနေတော့သည်။ နွေဦးစတင်လေပြီ။ စားစရာလည်း များများစားစားမရှိချေ။ အိမ်ကကလေးများက အသား စားချင်နေကြပြီ။ အခုတော့ သူတို့ ငါးတစ်ကောင်ကို အလွယ်တကူရခဲ့ပြီ။ ငါ့ကို အရသာကောင်းကောင်းလေးဖြစ်အောင် ချက်ရလိမ့်မည်။

နောက်မိန်းမတစ်ယောက်တော့ အနည်းငယ်ရှက်နေ၏။

“ ဒီဝမ်၂၀ဆိုတာ နည်းတဲ့ပမာဏတော့ မဟုတ်ဘူးနော်၊ ကျွန်မတို့ မနက်ဖြန်ကျရင် စုမိသားစုကို အသီးအရွက်လေး နည်းနည်းပါးပါး သွားပို့ကြမလား၊ ယိုကျင့်က သူ့အမေ မီးတွင်းထဲမှာလို့ ပြောခဲ့တယ်မလား၊ ကျွန်မ အမြင်တော့ သူတို့တွေ အခုမှ ပြောင်းလာကြတာ၊ စားစရာတွေ ရှိမှာမဟုတ်လောက်ဘူး”

ကျန်သည့်မိန်းမနှစ်ယောက်လည်း ဒါကို အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေသည်။ သူတို့သည် အာလူးခြင်းတစ်ဝက်နှင့် မုန်လာထုပ်များကို တစ်ဖက်လူကို ပေးလျှင်တောင် သူတို့က ပိုအကျိုးများနေသေးသည်မဟုတ်ပါလား။

ထိုနေ့ညက စုမိသားစုမှ လူအားလုံးသည် ထမင်းဟင်းတစ်နပ်အပြည့်စားခဲ့ကြလေသည်။ ယိုကျင့်သည် စုစုပေါင်း ငါးကြင်းရှစ်ကောင်နှင့် ငါးကြင်းဖြူခြောက်ကောင် ဖမ်းမိခဲ့လေသည်။ ညနေစာအတွက် ငါးကြင်းဖြူနှစ်ကောင်ကို အမျိုးသမီးစုအတွက် အရင်ဆုံး ဟင်းရည်ချက်ပေးလိုက်၏။ ထို့နောက် ညီအစ်မများက ဆားဖြူးထားသည့် ငါးကြင်းကင်ကို စားခဲ့ကြ၏။ ကျန်သည့် ငါးကြင်း ၆ကောင်နှင့် ငါးကြင်ဖြူလေးကောင်ကို မီးဖိုဆောင်ထဲက ရေသန့်ထဲတွင် သိမ်းထားလိုက်လေသည်။ ဤနည်းဖြင့် သူတို့သည် နေ့တိုင်း ငါးစားရတော့မည်။ လေး ငါးရက်လောက် ခံလိမ့်မည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset