EYYJ အပိုင်း ၄၃

အပိုင်း (၄၃) အိမ်ရွှေ့ပြောင်းခြင်း

အိမ်၀ယ်ပြီးသော်ငြား နှစ်ပေါင်းများစွာ ပစ်ထားသည့် အိမ်ဖြစ်သောကြောင့် သန့်ရှင်းရေးလုပ်ရမည်မှာ အလွန်များပေသည်။

ကောက်စိုက်ရာသီဖြစ်သောကြောင့် ဝူလီချောင်ရှိ ရွာသူရွာသားများသည် မြစ်ကမ်းဘေးရှိ လယ်ကွင်းများ၌ အလုပ်လုပ်နေကြသည်။ သုံးနှစ်ကျော်မျှ စွန့်ပစ်ထားခဲ့သည့် ချင်မိသားစုအိမ်၌ သူစိမ်းများ စုဝေးနေသည်ကိုမြင်၍ အနည်းငယ် သိချင်စိတ်ပြင်းပြမိကြသည်။

“ချင်မိသားစုရဲ့အိမ်က ဒီလောက်နှစ်တွေ အကြာကြီးပစ်ထားတာကို ဘာလို့ အဲ့မှာ လူတွေရှိနေ‌ရတာလဲ”

ရွာသားများသည် သိချင်ကြသော်လည်း ထိုနေရာသို့ သွားရောက် မစုံစမ်းရဲကြပေ။

ယိုကျင့်သည် ယိုကျူးနှင့် ယိုပေါင်ကို သန့်ရှင်းရေးလုပ်ရန် ခေါ်လာခဲ့သည်။ သူမသည် ထိုအိမ်သို့ မသွားခင် စက္ကူဆိုင်သို့ အမွှေးတိုင်များနှင့် ငွေစက္ကူများ ၀ယ်ရန် သွားခဲ့သည်။

ချင်မိသားစုအိမ်၏ တံခါး၀သို့ရောက်သည်နှင့် ညီအစ်မသုံးယောက်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ အမွေးတိုင်ထွန်းရင်း စက္ကူမီးရှို့ကြလေသည်။ ထိုသို့ပြုလုပ်နေစဉ်အတွင်း ယိုကျင့်သည် တစ်ယောက်တည်း တီးတိုးပြောနေ‌ခဲ့သည်။

“အမျိုးသမီးချင် ရှင်က မသမာတဲ့သူကို ကိုယ့်လက်နဲ့ ကိုယ်တိုင် သတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ ကျွန်မကို တစ်ယောက်ယောက်က ပြောလိုက်တယ်။ တကယ်မိုက်တယ်လို့ ထင်မိတယ်။ ကျွန်မတို့လဲ အဲ့လို မီးတွင်းကနေပဲ ခုန်ထွက်လာခဲ့တာ။ ပိုက်ဆံမရှိလို့သာ ရှင့်အိမ်ကို ၀ယ်ခဲ့ရတာပါ။ အဲဒါကြောင့် ကျွန်မတို့အပေါ် အာဃာတ မထားပါနဲ့နော်။ ရှင့်အတွက် တစ်ယောက်ယောက်များ အရင်က ငွေစက္ကူ ရှို့ပေးဖူးလား မသိပေမဲ့ တကယ်လို့ ကျွန်မလုပ်ပေးတာကို တွေ့ရင် ကောင်းမွန်တဲ့ မိသားစုမှာ ‌အမြန်၀င်စားနိုင်ဖို့ ဆုတောင်းပေးပါတယ်။ အဲ့လူယုတ်မာလည်း သေသွားပြီဆိုပေမဲ့ သူလဲ ကောင်းကောင်း နေရမှာမဟုတ်ဘူး…..”

(ငွေစက္ကူက တကယ့်ငွေကို ပြောတာမဟုတ်ပါဘူး။ တရုတ်လူမျိုးတွေက ကွယ်လွန်ပြီးလူအတွက် ဆုတောင်းပေးတဲ့ နေရာမှာသုံးတဲ့ ငွေရောင်စက္ကူလေးတွေပါ။ အဝိုင်းပုံလေးတွေ ရှိပါတယ်။ အခြားပုံလဲ ရှိလောက်ပေမဲ့ အဝိုင်းပဲတွေ့ဖူးတယ်)

ယိုကျူးနှင့် ယိုပေါင်သည် အစ်မဖြစ်သူ ပြောသမျှကို နားထောင်ကာ ငွေစက္ကူများ ရှို့ပေးနေခဲ့သည်။ ထိုသို့ ပြုလုပ်နေရသည့် အကြောင်းအရင်းကို မသိသော်လည်း ပေးထားသည့်တာ၀န်ကို ကျေပွန်အောင် ပြုလုပ်နေဆဲ ဖြစ်သည်။

စက္ကူမီးရှို့ပြီးချိန်၌ ယိုကျင့်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် ခြံထဲရှိ ပေါင်းပင်များကို ရှင်းလင်းတော့သည်။ ရှင်းလင်းပြီးသည့် အပင်များကို အပြင်၌ပုံထားလိုက်ကြသည်။ ခြံအရှေ့ပိုင်းအား ရှင်းလင်းပြီးချိန်၌ မနက်ခင်းတစ်ပိုင်းစာ အချိန်ကုန်သွားပြီဖြစ်လေသည်။

ယိုကျူးသည် တံစက်မြိတ်အောက်၌ လှဲနေရင်း မောဟိုက်နေ၏။

“စန်းကျဲ မဟုတ်ဘူး။ မမကြီး ကျွန်မတို့သုံးယောက် ဒါကြီးကိုရှင်းဖို့ ဘယ်လောက်ကြာဦးမှာလဲ”

မိသားစု၏မျိုးရိုးနာမည်သည် “ယွဲ့”မှ “စု”အဖြစ် ပြောင်းလဲသွားသည့်အလျောက် မိသားစုအတွင်းရှိ ယိုကျင့်၏နေရာသည်လည်း တတိယအစ်မဖြစ်သူနေရာမှ အကြီးဆုံးအဖြစ် တိုးသွားလေသည်။

ယိုကျင့်သည် အတတ်နိုင်ဆုံး အမြန်ရှင်းလင်းခဲ့ပေသည်။ သို့သော် ပင်မခန်း၊ အရှေ့ခန်းနှင့် အနောက်ခန်းအပြင် မီးဖိုချောင်ပါ ရှိသေးပေသည်။ ယိုကျင့်သည် လက်မြှောက်ကာ ခေါင်းခါလိုက်တော့သည်။

“အစ်မတို့သုံးယောက်တည်းဆို ရှင်းဖို့ ရက်တော်တော်ကြာမှာ။ မနက်ဖြန်ကျမှ ရွာသူကြီးဆီ အကူအညီ တောင်းကြည့်မယ်။ အဲ့ကျမှ ရွာထဲက လုပ်တတ်ကိုင်တတ်တဲ့ ဒေါ်လေးအချို့ကို အကူအညီ တောင်းကြ‌တာပေါ့”

ညီအစ်မသုံးယောက်သည် ညနေအထိ အလုပ်များနေခဲ့ကာ မြို့ထဲသို့ ပင်ပန်းစွာ ပြန်လာခဲ့ကြသည်။ သူမတို့သုံးဦး ထွက်သွားပြီးချိန်၌ လောင်ကျွမ်းပြာကျပြီးသော ငွေစက္ကူစအချို့ပေါ်သို့ လေပြေတစ်ချက် ဖြတ်တိုက်သွားလေသည်။ အေးဆေးတည်ငြိမ်လှသည့် အမျိုးသမီးပုံရိပ်တစ်ခုသည် သက်ပြင်းချကာ လေပြေနှင့်အတူ လွင့်ပြယ်သွားတော့သည်။ ထိုသို့ဖြင့် ခြံရှိ အုံ့မှိုင်းနေသော လေထုသည်လည်း ပျောက်ကွယ်သွားတော့သည်။

………

နောက်တစ်နေ့မနက်အစော၌ ယိုကျင့်သည် ယိုကျူး၊ ယိုပေါင်တို့နှင့်အတူ ထပ်မံထွက်သွားပြန်သည်။ ယနေ့တွင် သူမတို့သုံးဦးသည် လမ်းပေါ်ရှိ ကြက်ဥခြင်းတစ်ခြင်းကို ၀ယ်ကာ နွားလှည်းဖြင့် ဝူလီချောင်ရွာသို့ သွားလေသည်။

ရွာသို့ရောက်သည်နှင့် ယိုကျင့်သည် ယိုကျူးနှင့် ယိုပေါင်တို့အား ခေါ်ကာ ရွာသူကြီး၏အိမ်ကို ရှာဖွေ‌မေးမြန်းတော့သည်။

ဝူလီချောင်ရွာ တည်ထောင်ခဲ့သည်မှာ နှစ်သုံးဆယ်ကျော်ပြီဖြစ်သည်။ ရွာ၌ မျိုးရိုးနာမည်များစွာဖြင့် မိသားစုများစွာ နေထိုင်ကြလေသည်။ ယွဲ့မျိုးရိုးများသာ ရှိသည့် ချွေ့ဖုန်းရွာနှင့် ကွာခြားလှသည်။ ထို့ကြောင့် ဤရွာတွင် ရွာသူကြီး၏ဂုဏ်ပုဒ်သည် မြင့်မားလှသည်။ ဝူလီချောင်ရှိ ရွာသူကြီး၏အမည်မှာ ဟယ်ဟောက်ဖြစ်သည်။ သူသည် အသက်လေးဆယ်‌နားကပ်နေသည့် အသားလတ်လတ် ဖျတ်လတ်တက်ကြွသူ ဖြစ်သည်။ ယိုကျင့်သည် ချင်မိသားစုအိမ်ကို ၀ယ်လိုက်ကြောင်း ကြားသည်နှင့် သူသည် ထိတ်လန့်သွားတော့သည်။

“မင်းတို့ ပွဲစားဆီက အလိမ်ခံရတာလား။ မင်းတို့မသိလို့နော်။ ချင်မိသားစုက….”

ယိုကျင့်သည် ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။

“ကျွန်မသိပြီးသားပါ။ ဒီတိုင်းအိမ်လေးတစ်လုံးပါပဲ။ တကယ်လို့ အမျိုးသမီးချင်ရဲ့ ဝိညာဉ်သာရှိသေးရင်လည်း ကျွန်မတို့လို မုဆိုးမနဲ့ အဖမဲ့နေတဲ့ ကလေးတွေပဲ ရှိတဲ့မိသားစုလေးကို ဒုက္ခမပေးလောက်ပါဘူး”

သူမထိုသို့ပြောသည့်အတွက် ဟယ်ဟောက်လည်း ဘာမှထပ်မပြောဘဲ မေးလိုက်တော့သည်။ “အဲဒါဆို ဒီနေ့ဘာကိစ္စရှိလို့ လာရှာတာလဲ။ တစ်ခုခု ကူပေးစရာများရှိလား” မုဆိုးမတစ်ဦးတည်း ဦးဆောင်သော မိသားစုမှာ မလွယ်ကူကြောင်း ဟယ်ဟောက် သိပေသည်။ ထို့အပြင် ရွာသူရွာသားများ၏ ရှိရင်းစွဲ ကြင်နာတတ်မှုကြောင့် ယိုကျင့် အကူအညီ မတောင်းလျှင်ပင် ကူညီနိုင်သမျှ ကူညီပေးမည် ဖြစ်သည်။

ယိုကျင့်သည် အမှန်ပင် အကူအညီတောင်းစရာရှိခဲ့သည်။ ရွာသူကြီးမှ ထိုသို့ စကားစလာသည့်အတွက် စကားအသွားအလာအတိုင်းသာ ပြောဆိုတော့သည်။

“ဒီနေ့ တကယ်ပဲ အကူအညီတောင်းမလို့ပါ။ သမီးတို့မိသားစုတွေက ကျန်းမာရေးမကောင်းတဲ့ ကလေးတွေချည်းပဲ ရှိတာပါ။ အိမ်က ပစ်ထားတာ ကြာပြီဆိုတော့ ရှင်းဖို့က တော်တော်ခက်ပါတယ်။ ရွာသူကြီးကများ ရွာထဲက ဦးဦးနဲ့ ဒေါ်လေး လေးငါးခြောက်ယောက်လောက်ကို အကူအညီတောင်းဖို့ ရှာပေးလို့ ရမလားလို့ပါ။ ကျွန်မတို့မိသားစုက မချမ်းသာပေမဲ့ လက်ဗလာနဲ့တော့ မလုပ်ခိုင်းပါဘူး။ တစ်ရက် ငါးယွမ်ပေး‌ရင်ရော အဆင်ပြေလောက်လား”

“အိမ်ရှင်းဖို့လေးပဲ လူနည်းနည်းလောက်ဆို တစ်ရက်တည်းနဲ့ ပြီးပါတယ်။ ဘာကိစ္စ ပိုက်ဆံကို ထည့်ပြောနေရတာလဲ” ရွာသူကြီးသည် အားရပါးရ ရယ်မောလေသည်။

“အရင်သွားနှင့်ပါ။ ကူညီမဲ့ ရွာသားတွေကို ဦးလေးရှာပေးမယ်” ဟယ်ဟောက်သည် ထိုအိမ်ရှိ လူသတ်မှုကြောင့် အနည်းငယ် ခြောက်လှန့်နေနိုင်သည်ဟု တွေးမိသဖြင့် ဆယ်ကျော်သက် နှစ်ဆယ်နားနီးနေသော လူငယ်လေးများကို ရှာပေးလိုက်သည်။

လူငယ်လေးများ၏ အကူအညီကြောင့် ယိုကျင့်တွေ့ခဲ့သော ပေါင်းပင်များနှင့် ပြည့်နေသည့် စုမိသားစု၏ အိမ်အသစ်သည် လုံး၀ပြောင်းလဲသွားပေသည်။ အခန်းများ၏ ထောင့်တိုင်းရှိ ပင့်ကူအိမ်များသည်လည်း ရှင်းလင်းသုတ်သင်ပြီး ဖြစ်သည်။ ချင်မိသားစု ကျန်ရစ်ခဲ့သော အိပ်ရာခင်းနှင့် အ၀တ်များသည်လည်း မီးရှို့ရှင်းလင်းပြီပြီဖြစ်သည်။

ယိုကျင့်သည် ကတိပေးထသည့်အတိုင်း တစ်ယောက်ချင်းစီအတွက် ငွေကို တွက်လိုက်သည်။ တာ၀န်အတိုင်း ကျေပွန်စွာ လုပ်ပေးသွားသည့် လူငယ်လေးများ မထွက်ခွာမီပင် ရွာသူကြီးအား ယွမ်လေးဆယ်‌ ပေးလိုက်လေသည်။ သူမသည် ပြောင်းလဲသွားသည့်အိမ်ကို ခါးထောက်ကာ ကျေနပ်စွာကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ “မနက်ဖြန် အိမ်မှာ ပြောင်းနေလို့ရပြီ”

“ဒါ‌ပေမဲ့ မမကြီး အိမ်မှာ အိပ်ရာခင်းမပြောနဲ့ ထမင်းအိုး၊ ဒယ်အိုးတွေတောင် မရှိဘူး” ထိုအချိန်၌ပင် ယိုကျူးသည် သူမအပေါ်သို့ ရေအေးများ ဆက်လက်လောင်းချတော့သည်။ “ထင်းတောင် မရှိဘူး”

“အဟွတ် ဟွတ်” ယိုကျင့်သည် ချောင်းခြောက်‌အနည်းငယ် ဆိုးလိုက်လေသည်။

“မနက်ဖြန်မနက်ကျ မမကြီး ၀ယ်လိုက်ပါ့မယ်။ နေ့လယ်လောက်ကျ ဒီကိုပြောင်းလာပြီး မနက်ဖြန်ညကျ ဝူလီချောင်မှာ အိပ်ကြမယ်လေ” ထိုသို့ပြောပြီးသည်နှင့် ယိုကျူးသည် အိမ်တံခါးပိတ်ကာ ယိုကျူးနှင့် ယိုပေါင်တို့ကို ခေါ်ပြီး လော့ဟယ်စီရင်စုသို့ ပြန်သွားကြလေသည်။

ညအချိန်၌ ယိုကျင့်၊ ယိုရင်နှင့် အမျိုးသမီးစုတို့သည် ကလေးများ အိပ်မောကျချိန်ကို အခွင့်ကောင်းယူကာ ပိုက်ဆံတွက်ကြတော့သည်။

ယိုကျင့်သည် သူမ၌ ကျန်သည့်ပိုက်ဆံများကို ထုတ်လိုက်သည်။ “အိမ်၀ယ်တာက ခုနှစ်လျန်း၊ စာရင်းသွင်းတာက နှစ်လျန်း၊ အရင်ရက်တွေက ဟိုဟိုဒီဒီ ကုန်တာက သုံးလျန်း၊ သမီးမှာ ခုနှစ်လျန်းလောက် ကျန်သေးတယ်”

ယိုရင်သည်လည်း သူမ၌ ရှိသည့်ငွေကို သုံးလိုက်ရသေးသည်။

“အရင်နှစ်ရက်က အမေတို့ ဆေးဖိုးနဲ့ တစ်လျန်း ကုန်သွားတယ်။ သမီးမှာလည်း သိပ်မကျန်တော့ဘူး”အမျိုးသမီးစုနှင့် ယိုရင်တို့ရှိ ငွေပမာဏသည် မများပြားပေ။ သူမတို့၌ စုစုပေါင်း ဆယ့်ငါးလျန်းသာ ရှိပေသည်။

“ဆယ့်ငါးလျန်း ကျန်သေးတယ်။ မနက်ဖြန် ဆန်တွေ ဟင်းသီးဟင်းရွက်တွေ ဒယ်အိုးတွေ ၀ယ်ရမှာ သုံးလျန်းကနေ ငါးလျန်းလောက်ထိ ကု‌န်လောက်မယ်။ အဲဒါဆို သမီးတို့မှာ ဆယ်လျန်းကျန်သေးတယ်။ အဲ့လောက်လည်း ငွေမကြပ်သေးပါဘူး” ယိုကျင့်သည် ငွေကို တွက်ချက်လိုက်ကာ အဆင်ပြေသည်ဟု တွေးလိုက်သည်။

“အမေနဲ့ယိုရင်တို့ အိပ်သင့်ပြီ။ မနက်ဖြန်ကျ အိမ်ပြောင်းဖို့ စောစောထရမယ်”

မနက်အစော၌ ယိုကျင့်သည် အစောဆုံး ထသည့်သူဖြစ်ပေသည်။ သူမသည် ယိုကျူးကို ခေါ်ကာ လှည်းဈေးမှ အနောက်ဈေးသို့ သွားလေသည်။ နေထိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ပြီးနောက် လှည်းထဲ၌ ဖြည့်လိုက်သည်။ ထို့နောက် လှည်းသမားအား သူမတို့လာခဲ့သည့် လှည်းရပ်နားစခန်းသို့ ပြန်ပို့ရန်ပြောလိုက်သည်။ နွားလှည်းတစ်စီး ထပ်မံငှားပြီးနောက် ထိုလှည်း၌ စုမိသားစု၀င်များနှင့် အိတ်ကြီးအိတ်ငယ်များက နေရာယူလိုက်ကြပြီး သုံးရက်တာမျှ နေခဲ့သည့် နေရာအား စွန့်ခွာကာ သူမတို့၏အိမ်အသစ်သို့ သွားရောက်ကြလေသည်။

……

ယိုကျင့်သည် အိမ်၀ယ်ပြီးချိန်၌ အမျိုးသမီးစုကို အိမ်၏အခြေအနေကို ပြောပြထားလေသည်။ အမျိုးသမီးစုသည် သူမတို့၏ လက်ရှိအခြေအနေကို နားလည်ပေသည်။ ခုနှစ်လျန်းနှင့် အိမ်တစ်လုံး ၀ယ်နိုင်သည်ကပင် ‌ကံကောင်းလွန်းလှပေသည်။ သူမသည် ကြောက်လန့်တုန်လှုပ်ဖွယ်အိမ်ကြီးအား စိတ်ကူးယဉ်ထားသော်လည်း အိမ်ကိုမြင်သည့်အခါ သူမ၏သံသယများနှင့် စိုးရိမ်ကြောင့်ကြမှုများသည် လွင့်ပြယ်သွားတော့သည်။

“တကယ်လို့ လူသတ်မှုကြောင့်သာ မဟုတ်ရင် ဒီလို အိမ်ကောင်းကို၀ယ်ဖို့ဆို လျန်းနှစ်ဆယ်လောက် ပေးရလောက်တယ်မလား”

လှည်းသမားများသည် သူမတို့၏ပစ္စည်းများကို ခြံ၀န်းထဲသို့ ချပေးကြသည်။ ယိုကျင့်သည် ကျသင့်ငွေကို ပေးချေပြီးနောက် သူတို့သည် စုမိသားစု၀င်များကို ချန်ကာ ထွက်သွားကြတော့သည်။

ယိုကျင့်သည် အမျိုးသမီးစု၏စကားများကို ပျော်ပျော်ရွှင်ရွှင် ဖြေကြားလေသည်။

“အိမ်က တကယ်ကောင်းတာ အမေရဲ့။ ပင်မခန်းထဲမှ အမေက ခမ်းအာနဲ့ အငယ်လေးကို ခေါ်ပြီးနေလေ။ ကျန်တဲ့နှစ်ခန်းကတော့ သမီးတို့ သင့်တော်သလို ခွဲနေလိုက်မယ်။ အဲ့လိုဆို သမီးတို့ လူဆယ်ယောက် ကောင်းကောင်းနေလို့ရပြီ” စုမိသားစု၀င်များသည် ငယ်ရွယ်ကြသော်လည်း အတူ‌ပူးပေါင်း လုပ်ကိုင်ကြလေသည်။ ခြံထဲရှိ ရေတွင်းမှ ရေများသယ်ယူကာ ခုတင်များ၊ ထိုင်ခုံများ၊ စားပွဲများအပြင် ပင်မခန်းထဲရှိ ခုံတန်းလျားများကိုပါ တိုက်ချွတ်ဆေးကြောခဲ့သည်။ ထို့နောက် ကြမ်းခင်းများနှင့် အိပ်ရာခင်းများကို ခင်းကျင်းကြလေသည်။

ယိုကျင့်သည် မီးဖိုချောင်၌ ပစ္စည်းများကို တစ်ခုချင်း ထုတ်လိုက်သည်။ ထို့နောက် အနောက်ခြံ၀န်းရှိ ချင်မိသားစု ကျန်ရစ်ခဲ့သော ထင်းပုံမှ ထင်းခြောက်အနည်းငယ်ကို ယူကာ မီးမွှေးပြီး စတင်ချက်ပြုတ်တော့သည်။ လေအေးမိမည်စိုး၍ သမီးဖြစ်သူများမှ အလုပ်လုပ်ရန် တားမြစ်ခံရသည့် အမျိုးသမီးစုမှလွဲ၍ တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသည်။ နှစ်နှစ်အရွယ် ရှိသေးသည့် ရှောင်ချီသည်ပင် ယိုကျင့်၏ နောက်မှနေ၍ တောက်တိုမယ်ရ ကူညီပေးလေသည်။ ယွဲ့မိသားစု၌ ရှိစဉ်ကကဲ့သို့ အလုပ်ရှုပ်နေကြသော်လည်း လူတိုင်း၏ မျက်နှာပေါ်ရှိ တောက်ပသည့် အပြုံးလေးများက ကွာခြားမှုအဖြစ် တည်ရှိနေသည်။ တစ်ယောက်ချင်းစီ၌ အ‌နာဂတ်အတွက် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

မြစ်၏အနောက်ဘက်ခြမ်းရှိ ချင်မိသားစုအိမ် တံခါး၀ရှေ့သို့ လူပြည့်နေသည့် လှည်းနှစ်စင်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် မြစ်ဘေး၌ စိုက်ပျိုးရေး လုပ်နေကြသည့် ရွာအမျိုးသမီးများသည် သိချင်စိတ် ပြင်းပြလာကြသည်။

“မကြောက်မရွံ့နဲ့ ထပ်ပြီး လာနေကြပြန်ပြီလား။ လောင်ချင်တို့မိသားစုရဲ့ ကိစ္စသာ ပြန်ဖြစ်ရင် သူတို့တွေ တစ်ခုခုဖြစ်မှာ မစိုးရိမ်ကြဘူးလား”

“မသိပါဘူးအေ။ ဟိုနေ့က သူကြီးက ကူဖို့ခေါ်လို့ ငါ့သားတော့ လိုက်သွားတာပဲ။ ပြောတာတော့ သူတွေ့တဲ့ ကလေးမလေးသုံးယောက်က ချမ်းသာတဲ့မိသားစုက သခင်မလေးတွေလိုတော့ မဟုတ်ဘူးတဲ့။ သူတို့နေဖို့ ဈေးပေါပေါပဲပဲလေး ရှာဝယ်လိုက်တာနေမှာပေါ့” အသက်လေးဆယ်အရွယ် အမျိုးသမီးသည် ထိုအမျိုးသမီး အနောက်မျက်စောင်းထိုးမှနေ၍ တံတောင်ဖြင့် တွတ်လိုက်သည်။

“လောင်ချင်ရဲ့သမီးက ပြန်လာပြီး ကုပ်ချိုးမှာ မကြောက်ဘူးလား။ ကလေးမတွေက ဇမသေးဘူးပဲ”

ယခင်က ချင်မိသားစုအိမ်ကို လာကြည့်ကြသည့် လူများ ရှိခဲ့ဖူးသည်။ ထိုအိမ်သည် လက်ရှိပေါက်ဈေးထက် တ၀က်မျှ ဈေးသက်သာသည့်အပြင် တံခါးရှေ့၌ စိုက်ပျိုးရန် လယ်ဧကများ ရှိပေသည်။ သတ္တိရှိသူများအတွက် ထိုအရာသည် အလွန်ကောင်းမွန်ပေသည်။ တစ္ဆေသရဲများကို မယုံကြည်သည့် လူများသည် ထိုအိမ်ကို ၀ယ်ရန် ရယ်ရွယ်ထားသော်လည်း အကြောင်းအရင်းမရှိ ဖျားနာကုန်ကြသည်။ ထိုသို့ဖြင့် ချင်မိသားစု၏အိမ်သည် ခြောက်လှန့်တတ်သည်ဟု သတင်းများ ပျံ့သွားတော့သည်။ ထိုအိမ်သည် စွန့်ပစ်ခံအိမ်အဖြစ်သာ ရှိတော့မည်ဟု ထင်ထားခဲ့သည်။ မထင်မှတ်စွာပင် သေမည်ကိုပင် မကြောက်ဘဲ ထိုအိမ်ကို ၀ယ်ကာ လာရောက်နေထိုင်ရဲသည့် လူရှိသေးသည်။

“ဟဲရှန်ရဲ့မိန်းမ မင်းရော သွားမကြည့်ချင်ဘူးလား” ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ဦးသည် ခုနကပင် ပြောခဲ့သော အမျိုးသမီးလင်းကို မေးလိုက်သည်။ ငယ်ရွယ်သူများသည် စွန့်စားရဲသူများ ဖြစ်ကြသည်။

ဟဲရှန်၏ ဇနီးဟု လူသိများသည် အမျိုးသမီးသည် ခေါင်းကို အလျင်စလို ခါရမ်းလိုက်သည်။

“အဲ့လိုအိမ်မျိုးကို မသွားရဲပါဘူး။ သွားချင် ကိုယ့်ဘာသာသွား” အမျိုးသမီးလင်းသည် နတ်ဘုရားနှင့် သရဲတစ္ဆေများကို ကိုးကွယ်ယုံကြည်သူဖြစ်သည်။ ငါသွားလို့ ကျိန်စာမိခဲ့ရင် ဘယ်လိုလုပ်မလဲ။

မြစ်၏ အနောက်ဘက်ခြမ်းရှိ စုမိသားစု၀င်များသည် သူမတို့ကိုယ်တိုင် ဝူလီချောင်၏ အတင်းသတင်း ဖြစ်ခဲ့မှန်း မသိခဲ့ပါချေ။ သူမတို့သည် အိမ်မှုကိစ္စများအတွက် အလုပ်များနေခဲ့ပြီး သန့်ရှင်းရေးလုပ်ကာ အိပ်ရာခင်းရန် လိုသေးပေသည်။ အမျိုးသမီးစုသည် ပင်မအခန်းထဲ၌ မွေးကင်းစကလေးနှစ်ဦးကို ပွေ့ချီထားပေသည်။ ယိုကျင့်သည် ယိုလင်၊ ယိုလော့နှင့် ယိုချောင်တို့ကို ခေါ်ကာ အရှေ့ဘက်ခြမ်း၌ နေကာ ယိုရင်သည် ယိုကျူးနှင့် ယိုပေါင် အမြွှာညီမကိုခေါ်ကာ အနောက်ဘက်ခြမ်း၌ နေလေသည်။

ချင်မိသားစု ကွယ်လွန်ပြီးနောက် စားပွဲများ၊ ထိုင်ခုံ၊ ခုံတန်းလျားများနှင့် ဗီရိုများ ကျန်ရှိခဲ့လေသည်။ ယိုကျင့်သည် ပိုက်ဆံချွေတာရန် အလို့ငှာ ထိုပစ္စည်းများကို သုံးရန်ကြံလိုက်သည်။ ညီမများကို မသုံးခင် အ၀တ်ကြမ်းဖြင့် သုတ်ရန် သတိပေးလိုက်သည်။ ထိုသို့ဖြင့် အိမ်အသစ်သည် အတွင်းပိုင်း၌ သန့်ရှင်းပြီး ဖြစ်သည်။ အိမ်ဟု ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset