EYYJ အပိုင်း ၃၇

အပိုင်း (၃၇) နဂါး ခေါင်းထောင်တဲ့နေ့ (အပိုင်း ၂)

မွေးခန်းထဲ၌ မွေးလမ်းကြောင်းပွင့်ရန် စောင့်နေရသည့် ၀မ်ညန်သည် အပြင်ရှိအသံများကို ကြားနေရပေသည်။ အခန်းထဲ၌ အမျိုးသမီးချန်သည် သူမအား မွေးဖွားရန် ကူညီပေးနေကာ ပျက်ရက်ပြုသည့်အပြုံးများဖြင့် စကားစလေသည်။ “၀မ်ညန် အစ်မပြောမယ်နော်။ ညီမလေးမှာ မျှော်လင့်ချက်အများကြီး ရှိတယ်။ အမျိုးသမီးစုက ထပ်ပြီး ဆန်ကုန်မြေတစ်ယောက် မွေးလိုက်ပြန်ပြီတဲ့။ ညီမလေးသာ သားမွေးခဲ့မယ်ဆို ဆန်ကုန်မြေတစ်ယောက် အဲ့မိသားစုတော့….”

အမျိုးသမီးချန်၏စကားများသည် အဆုံးမသတ်သေးသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။ သူမသာ သားယောက်ျားလေး မွေးနိုင်သ၍ ဒုတိယမိသားစုကို ထိန်းချုပ်နိုင်မည်မလား။ ထိုသို့တွေးရုံနှင့် ၀မ်ညန်၏စိတ်သည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာတော့သည်။ သေချာပေါက် ၀၀ဖြိုးဖြိုးသားလေးမွေးရမယ်။

နေသည် အနောက်အရပ်သို့ တဖြည်းဖြည်း ဆုတ်ခွာချိန်၌ အမျိုးသမီးစုသည် ကလေးနောက်တစ်ယောက်ကို မွေးဖွားခဲ့သည်။ အမျိုးသမီးလင်းသည် သွေးပေရေနေသော ကလေးအား ကိုင်ကာ တုန်ယင်နေမိသည်။ “ယိုကျင့်တို့အမေ ဒီကလေးက သားလေးပဲ….”

မူးမေ့တော့မည့် အမျိုးသမီးစုသည် သားဟူသော အသံကြောင့် မျက်လုံးများတောက်ပလာပေသည်။

“အဒေါ်‌လင်း တကယ်သားလေးလား” မယုံကြည်ခြင်းများစွာဖြင့် အမျိုးသမီးစုသည် ပိန်ပါးသည့် ကလေးငယ်ကို တင်းကျပ်စွာ ထုပ်ပိုးထားသော အနှီးစအား တုန်ရီစွာ ဖယ်ရှားလိုက်သည်။ ထို့နောက် ပျော်ရွှင်မှုများဖြင့် သူမ၏မျက်ရည်များကို ဖယ်ရှားလေသည်။ “ကျွန်မသားလေး”

“ယိုကျင့်တို့အမေက တကယ်အံ့ဩစရာပဲ” အမျိုးသမီးလင်း၏မျက်လုံးများသည်ပင် စိုစွတ်လာချေပြီ။ အမျိုးသမီးစုသည် ရွာ၌ အိမ်ထောင်ရက်သား ကျခဲ့သည်မှာ ဆယ်နှစ်ကျော်မျှ ရှိလေပြီဖြစ်သည်။ သူမသည် ကောင်းမွန်သည့် ဂုဏ်သတင်းကို ရသည့်တိုင် တစ်ခါမျှ မပျော်ရွှင်ခဲ့ဖူးပေ။ နောက်ဆုံး၌ သူမလိုချင်သည့်အရာကို ရရှိခဲ့လေပြီဖြစ်သည်။ သူမကဲ့သို့ လူကောင်းအတွက် ဆုတစ်ခုဟုဆိုနိုင်သည်။

အမျိုးသမီးစုအား စိတ်ငြိမ်အောင် လုပ်ပြီးနောက်တွင် အမျိုးသမီးလင်းသည် ယိုကျင့်နှင့် ညီအစ်မများကို သတင်းကောင်းပြောရန် ပျော်ရွှင်စွာထွက်လာခဲ့သည်။ “မင်းတို့အမေက မင်းတို့ဖို့ မောင်လေးမွေးပေးထားတာနော်”

ထိုသတင်းကို ကြားပြီးနေယက် ညီအစ်မများသည် ကြောင်အသွားတော့သည်။ ဟမ် အမေကငါတို့ဖို့ မောင်လေးမွေးတာတဲ့လား။ ညီအစ်မများသည် အတွေးလွင့်နေကြတော့သည်။ ယိုကျင့်မှ ညီမများအား အမျိုးသမီးလင်းကို ဂါရ၀ပြုရန်ဂါရ၀ပြုရန် ဦးဆောင်လိုက်ရတော့သည်။ “ဘွားဘွားမာရဲ့ ကျေးဇူးက တကယ် ဆပ်မကုန်နိုင်ပါဘူး” အမျိုးသမီးလင်းသာ မရှိပါက ဘွားဘွား၀မ်ကို အမျိုးသမီးစု၏ မွေးဖွားမှုအတွက် မလွှတ်ပေးခဲ့သည့် ယွဲ့ချန်လုကြောင့် အလောင်းတစ်လောင်းနှင့် အသက်နှစ်သက် ပျောက်ဆုံးသွားနိုင်ပေသည်။

အမျိုးသမီးလင်းသည် ယိုကျင့်ကို ထူပေးလိုက်သည်။ “ဒီကလေးကတော့ ခဏခဏ ဒူးထောက်နေတော့တာပဲ။ ဒီအဘွားကြီးကို အသက်တိုစေချင်နေတာလား။ မင်းအမေက အဆင်ပြေတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်က အခုမှမွေးထားပြီး လမစေ့သေးတော့ အခြားကလေးတွေထက် ပိုပိန်ပြီး ချူချာနိုင်တယ်။ နို့ကိုသေချာတိုက်ဖို့ မမေ့နဲ့”

ယိုကျင့်သည် အမျိုးသမီးလင်း ပြောသမျှကို သေချာမှတ်ကာ သူမအား ကျေးဇူးတင်ရင်း လိုက်ပို့လေသည်။ ထို့နောက် ‌ဖွားမြင်ထားသည့် ကလေးနှစ်ယောက်ကို ကြည့်ရန် ညီမများအား အနောက်ခြံထဲသို့ ခေါ်သွားလေသည်။

ယွဲ့ချန်လုသည် အမျိုးသမီးစု၏ ‌သားယောက်ျားလေး ဖွားမြင်သည့် သတင်းကြောင့် ရုတ်တရက် ထခုန်မိတော့သည်။

“ငါအဖေဖြစ်ပြီကွ” သူသည် သားယောက်ျားလေးအတွက် ဆယ်နှစ်ကျော်ကြာစောင့်ခဲ့ရကာ နောက်ဆုံး၌ ရရှိလေပြီဖြစ်သည်။ ယွဲ့ချန်လုသည် ယွဲ့တာ့ဖူနှင့်အဘွားချန်တို့ ပြောသည်ကို ဂရုမစိုက်ဘဲ အနောက်ခြံသို့ ဦးတည်သွားလိုက်တော့သည်။

အမျိုးသမီးစု သားယောက်ျားလေးမွေးရန် မျှော်လင့်မထားသည့် အဘွားချန်သည် ဒေါသတကြီးဖြင့် မြေကြီးကို ရိုက်နှက်ကာ ကျိန်ဆဲနေတော့သည်။ “သားမွေးပေးတော့ ဘာဖြစ်လဲ။အဲ့လောက် ကလေးတွေ အများကြီး ကျွေးမွေးနိုင်ပါ့မလား”

……

အနောက်ခြံထဲ၌ ညီအစ်မများသည် ခုတင်ဘေးပတ်ပတ်လည်၌ သန့်ရှင်းရေးလုပ်ကာ ကလေးနှစ်ယောက်ကို ကြည့်နေကြသည်။

ထိုကြားထဲ၌ ယွဲ့ချန်လုသည် လမ်းမှားရောက်လာသည့် ရန်သူ့စစ်သားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူရောက်လာသည်နှင့် သမီးဖြစ်သူများမှ စူးစူးရဲရဲစိုက်ကြည့်ခြင်းကို ခံလိုက်ရ၍ မကျေမနပ် ဖြစ်မိသည်။ “ဘာလဲ။ ငါ့အခန်းငါ ပြန်လာလို့မရဘူးလား။ ဖယ်စမ်း”

ယိုကျင့်သည် ယွဲ့ချန်လု၏ရှေ့၌ ပိတ်ရပ်ကာ အေး‌တိအေးစက် စိုက်ကြည့်နေလိုက်သည်။

“ရှင့်သားက ဟိုဘက်အခန်းမှာ မွေးနေတုန်းမဟုတ်ဘူးလား။ အဘိုးမာနဲ့ အဘွားမာကြောင့်သာ မဟုတ်ရင် အမေနဲ့ ကလေးနှစ်ယောက်က အသက်ပျောက်တာကြာပြီ။ အခုကျကောင်းရော သားမွေးတယ်ဆိုမှ ရှင်က ရောက်ချလာတယ်ပေါ့”

ယိုကျင့်၏စကားများသည် အမျိုးသမီးစုအား မခံမရပ်နိုင်ဖြစ်စေသည်။

“ယိုကျင့် အဖေ့ကို အဲ့လိုမပြောရဘူးလေ” အဆုံး၌ ယွဲ့ချန်လုသည် ကလေးများ၏ အဖေဖြစ်သည့်အတွက် လာရောက်ကြည့်ရှုရန် အခွင့်အရေးရှိပေသည်။

တွန်းထုတ်ခံလိုက်ရသော ယိုကျင့်သည် အမျိုးသမီးစုကို စိုက်ကြည့်နေလိုက်သည်။ သူမသည် ဖယောင်းကို သဲအဖြစ် ပြောင်းရန် မျှော်လင့်ခဲ့မိသည်ပင်။ သို့သော်လည်း ယိုကျင့်သည် လက်မလျှော့သေးဘဲ ယွဲ့ချန်လုအား ဟန့်တားနေခဲ့သည်။ ထိုအရာက ယွဲ့ချန်လုအား ဒေါသထွက်စေရန် လုံလောက်ခဲ့ပြီး သူမအား ရက်အနည်းငယ်လောက် အနားယူစေနိုင်သည်အထိ ရိုက်နှက်ခဲ့ကာ ယိုကျင့်၌ အညိုအမည်းများ စွဲကျန်နေတော့သည်။

အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ရှုတ်ချသည့်အကြည့်ကို သတိထားမိကာ ပြောစရာစကား မရှိသောကြောင့် မလုံမလဲဖြင့် ခေါင်းငုံ့နေခဲ့သည်။ သူမ အမှားလုပ်ခဲ့သည်ဟု မတွေးပါချေ။ ယွဲ့ချန်လုသည် ကလေးနှစ်ယောက်၏ ဖခင်မဟုတ်ပေဘူးလား။

တားဆီမည့်သူ မရှိသောကြောင့် ယွဲ့ချန်လုသည် သူ၏သားဖြစ်သူကို တုန်ရီစွာ ပွေ့ပိုက်ထားကာ ပျော်ရွှင်မှုကြောင့် မျက်၀န်းများ နီရဲလာတော့သည်။ သူသည် သားတစ်ယောက်ပင် မမွေးဖွားနိုင်သည့်လူ မဟုတ်ကြောင်း ‌တလောကလုံးအား ပြောပြချင်ပေသည်။

၀မ်းသာအားမြှောက်မှုအပြီး၌ လက်ရှိအခြေအနေကို သတိပြုမိကာ ပိန်ပါး‌နေသည့်အပြင် သူ၏လက်သီးဆုပ် တစ်၀က်မျှသာ ရှိသည့် သားဖြစ်သူ၏ခေါင်းကို စိတ်ရှုပ်ဖွယ် ကြည့်လိုက်မိသည်။ ထိုကလေးသည် သားယောက်ျားလေးဖြစ်သော်လည်း အသက်ရှင်နိုင်ခြေ ရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ ထို့နောက် အပြင်ဘက်အခန်းရှိ ၀မ်ညန်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရပေသည်။ မြို့ပေါ်မှပင့်ထားသည့် မွေးခန်းထဲမှ ဆရာ၀န်သည် သားဖြစ်ကြောင်း ပြောကြားလေသည်။ ထို့ကြောင့် ယွဲ့ချန်လုသည် ထိုကလေးအား ခုတင်ပေါ်၌ အထင်သေးသည့် မျက်၀န်းများဖြင့် ထားရစ်ခဲ့ကာ အပြင်သို့ ထထွက်သွားလေတော့သည်။

ခဏအတွင်း၌ပင် ပြောင်းလဲသွားသော ယွဲ့ချန်လု၏ အပြုအမူများကြောင့် မူလ၌ ပျော်ရွှင်နေသည့် အမျိုးသမီးစုသည် ထွက်ခွာသွားသည့် ယွဲ့ချန်လုဒ နောက်ကျောပြင်ကို ကြည့်ကာ အံ့ဩမှင်တက်သွားရတော့သည်။ သူမသည် သူမ၏ခါးသီးလှသည့် ဘ၀အတွက် ငိုကြွေးရမည်လား သူမ၏တုံးအမှုအတွက် လှောင်ရယ်ရမည်လားပင် မသိတော့ချေ။

ယိုကျင့်သည် သက်ပြင်းချရုံမှအပါး ကူညီနိုင်စရာမရှိပေ။ သူမသည် အမျိုးသမီးစု၏ အတက်အကျ ဖြစ်နေသည့် မျက်နှာအမူအရာကို ကြည့်နေခဲ့သည်။ ယွဲ့ချန်လုအပေါ်၌ ထားသည့် အမျိုးသမီးစု၏ ထင်ယောင်ထင်မှား မျှော်လင့်ချက်များသည် ပေါင်းပင်များကဲ့သို့ပင်ဖြစ်သည်။ မည်မျှပင် ခုတ်သင်နေပါစေ အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်သန်လာတတ်သည်။ ယိုကျင့်သည် စကားပြောဆိုရန်ပင် စိတ်မပါတော့ချေ။

……..

ထိုသို့ဖြင့် တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားခဲ့သည်။ ၀မ်ညန်သည် ဒုတိမြောက်ရက် အရုဏ်တက်ချိန်၌ ခြောက်ကျင်းမျှရှိသည့် ၀ဖိုင့်ဖိုင့် သားယောက်ျားလေးကို မွေးဖွားပေးခဲ့သည်။ သားယောက်ျားလေးဖြစ်ကြောင်း ကြားသည်နှင့် နာကျင်မှုကြောင့် အားနည်းနေသည့် ၀မ်ညန်သည် စိတ်ပေါ့ပါးသွားကာ အိပ်ပျော်သွားတော့သည်။

ကလေးအား အနှီးဖြင့် သေချာစွာ ထုတ်ပိုးပြီးချန်၌ အဘွားချန်နှင့် ယွဲ့ချန်လုတို့ ရောက်ရှိလာတော့သည်။

အဘွား၀မ်၏ စကားများကို သေချာမှတ်သားနေသည့် ယွဲ့ချန်လု၏ လက်များသည် အနည်းငယ် တုန်ရီနေခဲ့သည်။ ထို့နောက် သားဖြစ်သူဆီသို့ လက်လှမ်းကာ ပွေ့ချီလိုက်ပြီး စိတ်လိုလက်ရ မြည်ကြွေးတော့သည်။ “ငါ့သားလေး ငါ့သားလေး”

မျက်နှာဝိုင်းလေးနှင့် မြေးဖြစ်သူအား ကြည့်ကာ အဘွားချန်သည် ပြခဲလှသည့် ကြင်နာသည့်အပြုံးကို ပြသလေသည်။

“ကလေးက မွေးကတည်း ခြောက်ကျင်းတောင်မှ အနာဂတ်မှာ တကယ်ကို ကြံ့ခိုင်သန်မာတဲ့ ယောက်ျားကောင်း ဖြစ်မှာ”

ယွဲ့ချန်လုသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ မနေ့ကမွေးဖွားခဲ့သည့် နှစ်ကျင်းသုံးကျင်းမျှသာရှိသော အမျိုးသမီးစု၏ သားဖြစ်သူကို ပြန်တွေးလိုက်မိသည်။ ထိုကလေး၏ ငိုသံသည်ပင် တိုးညင်းနေ၍ သူသည် ထိုနေရာ၌ပင် ရဲတင်းစွာ ဆုံးဖြတ်ချက်ခဲ့ပြီးဖြစ်သည်။ သူ၏လက်ထဲ၌ ပွေ့ချီထားသော ကလေး၏ ခပ်ဖောင်းဖောင်း မျက်နှာလေးအား နမ်းရှုံ့ကာ ထိုရတနာလေးကို တစ်သက်လုံး ပိုင်ဆိုင်ရန် ဆုတောင်းနေမိတော့သည်။

ယွဲ့ချန်လု၌ သားနှစ်ယောက်ရရှိခဲ့သည့် သတင်းသည် ချွေ့ဖုန်းရွာ၌ ပျံ့နှံ့သွားလေသည်။ ယွဲ့မိသားစုသည် ဒုတိယသားကြီးအတွက် ဂုဏ်ယူသည့်အနေဖြင့် ယွဲ့၀မ်ပေါင်၏ အမည်ပေး ကင်ပွန်းတပ်ပွဲ၌ ရွာ၏ထက်၀က်ကျော်မျှကို ဖိတ်ကြားခဲ့သည်။

ယွဲ့၀မ်ပေါင်သည် ယွဲ့ချန်လုနှင့်၀မ်ညန်တို့မှ မွေးဖွားသည့် ကလေးအတွက် ယွဲ့ချန်လုကိုယ်တိုင် အမည်ပေးထားခြင်းဖြစ်ကာ အမျိုးသမီးစုနှင့်ကလေးများအတွက် ထိုသို့ပွဲမျိုး ပြုလုပ်ရန်ပင် အဆင့်မမှီသည့်အပြင် ကလေးများ၏အမည်ကိုပင် ယိုကျင့်မှ ပေးခဲ့ရသည်။ ယွဲ့မိသားစုတစ်ခုလုံးသည် အမျိုးသမီးစုနှင့် ကလေးများ၏ တည်ရှိမှုကိုပင် မေ့လျော့နေဟန်ရှိသည်။

အပြင်ရှိ ပျော်ပွဲရွှင်ပွဲအသံများကို နားထောင်ခြင်းအားဖြင့် အရှေ့ခြံ၀န်းဘက်မှဖြစ်ကြောင်း သိနိုင်သည်။ ယိုကျင့်သည် မကြာသေးမီကပင် အစာကျွေးထားသည့် ယိုသွမ့်အား လက်မောင်း၌ပွေ့ထားကာ။ အိပ်ပျော်စေရန် ကလေး၏ရင်ဘတ်ကို တ‌ဖြည်းဖြည်း ပုတ်ပေးနေရင်း မိခင်ဖြစ်သူကို မေးလေသည်။

“ဘယ်လိုလဲ။ အမေက လက်လျှော့လိုက်ပြီလား။ အဲဒါဆို ခမ်းအာကရော” ခမ်းအာ၏ အမည်အပြည့်အစုံမှာ ယိုခမ်းဖြစ်ကာ ထိုကလေးအား ကျန်းကျန်းမာမာ ကြီးထွားစေရန် ရည်ရွယ်၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယိုကျင့်သည် ရိုးရှင်သည့် “ခမ်း” ဟူသော စကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးစု၏လက်မောင်း၌ ဖြည်းညင်းစွာ နို့စို့နေသော ယွဲ့ခမ်း၏ခန္ဓာကိုယ်သည် အသားမရှိဘဲ ပိန်ပါးလို့နေ၏။ မူလ၌ ဖခင်ဖြစ်သူ၏ ရတနာသဖွယ် စောင့်စားခံခဲ့ရသူသည် အဘယ်ကြောင့် ထိုသို့ မေ့လျော့ခံရသည်ကို နားမလည်နိုင်သေးချေ။

ခါးသီးမှုများဖြင့် နာကျင်နေရသည့် အမျိုးသမီးစုသည် သက်ပြင်းချလိုက်မိသည်။ သူမ၏ ဆုံးဖြတ်ချက် မခိုင်မာမှုကြောင့် သားသမီးများကိုပါ အခက်အခဲများ တွေ့ကြုံစေမိသည်။ ဘာတတ်နိုင်မည်နည်း။ မိသားစုခွဲလျှင် ယွဲ့မိသားစုသည် သူမကို ခွဲခွင့်ပြုမည်လား။ ယွဲ့မိသားစုဖြစ်သော သမီးဖြစ်သူများကို သူမနှင့် သွားခွင့်ပြုမည်လား။

အမျိုးသမီးစု၏ စိတ်အား ယိုကျင့်မသိသော်လည်း မျက်မှောင်ကျုံ့ကာ စဉ်းစားနေသည့် အမျိုးသမီးစုကြောင့် နက်ရှုင်းစွာ သက်ပြင်းချမိလိုက်သည်။ လက်မောင်းထဲရှိ ဆယ်ယောက်မြောက်ဖြစ်သော ညီမဖြစ်သူအား ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ အမျိုးသမီးစု ဆုံးဖြတ်ချက် မချနိုင်လျှင် ဆုံးဖြတ်ချက်ချနိုင်‌စေရန် သူမကိုယ်တိုင် ခြေလှမ်းစရမည်။

…….

ပင်မဆောင်၌ ယွဲ့ချန်လုသည် ပုံမှန်နေ့များထက် ‌သပ်ရပ်စွာ ၀တ်စားထားပေသည်။ သူ၏ပတ်၀န်းကျင်၌ ဂုဏ်ယူ၀င့်ကြွားမှုများ ရှိနေကာ လူအများအား မျက်စိစူးစေသည်။ ယွဲ့တာ့ဖူသည် ယွဲ့ချန်လု၏ နောက်၌ရပ်နေကာ သားဖြစ်သူအတွက် ဂုဏ်ယူနေမိသည်။

အဘွား၀မ်သည် ယွဲ့၀မ်ပေါင်အား ဧည့်သည်များနှင့် တွေ့ပေးရန် ပွေ့ချီလာခဲ့သည်။ ယနေ့၌ ယွဲ့မိသားစု၏ ဆွေးမျိုးနီးစပ်သူများ လာရောက်ကြလေသည်။ အမည်ပေးပွဲတော်အတွက် မည်သည့် ကျွေးမွေးဧည့်ခံခြင်းမှ မပါရှိပေ။ စွံပလွံသီး၊ မြေပဲစည်များ ထည့်ထားသည့် ပန်းကန်လုံးများကိုသာ ကံကောင်းမှုအတွက် တည်ခင်းထားသည်။

“ကလေးကို ကြည့်ပါဦး ၀ဖီးနေတာပဲ” အဘွားချန်နှင့် ရင်းနှီးသည့် မိန်းမကြီးတစ်ဦးသည် အပြုံးလေးဖြင့် ပြောလေသည်။ “ကြီးလာလို့ကတော့ မိသားစုမှာ ကြံ့ခိုင်သန်မာတဲ့ လူငယ်လေးဖြစ်လာမှာပဲ”

အဘွားချန်သည် အဘွားဖြစ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒုတိယသား၌ မျိုးဆက် မရှိခြင်းကြောင့် အမြဲတစေ မျက်နှာပျက်ခဲ့ရသည်။ ယခုသားဖြစ်သူ၌ မျိုးဆက်ရှိလာပြီဖြစ်၍ အမှန်ပင် ၀မ်းသာမိသည်။ သူမသည် မတ်တပ်ရပ်ကာ လူအုပ်ကြီးကို ပြောလိုက်သည်။

“ကလေးကို အဲ့လောက် မမြှောက်ပါနဲ့။ သူ့အသက်ကငယ်သေးတယ်။ အနာဂတ်ကို မမြင်ရသေးဘဲ လျှောက်မပြောကြနဲ့လေ” သူမ၏စကားများသည် ဟန့်တားနေသည့်သဏ္ဌာန်ပေါ်သော်လည်း မျက်နှာ၌ ကြီးမားသည့်အပြုံးတစ်ခု ရှိနေပေသည်။

အဘွားချန်နှင့် ကတောက်ကဆရှိခဲ့သော အမျိုးသမီးဧည့်သည်များသည် မျက်နှာ၌ ပြုံးပန်းဆင်ကာ မြှောက်ပင့်နေသော်လည်း ယွဲ့မိသားစုအပေါ် ရှုံးချနေကြသည်။ “ယွဲ့မိသားစုက တကယ် အရှက်မရှိတာပဲ။ ဘယ်မိသားစုက မိန်းမနှစ်ယောက်ယူလို့လဲ။ သူတို့ကျကောင်းရော အဲ့လိုလုပ်ထားပြီး နေရာတိုင်း အမောက်ထောင်ပြနေလိုက်တာ”

အ‌နောက်ခြံထဲရှိ ၀မ်ညန်သည် ဧည့်သည်များကို ထွက်မတွေ့ရသော်လည်း စပ်စုတတ်သည့် အမျိုးသမီးများက သူမအား လာရောက်ကြည့်ရှုကြလေသည်။ သူမသည် ထိုအမျိုးသမီးများဖြင့် ပျော်ရွှင်စွာ စကားပြောရင်း စိတ်ကျေနပ်နေမိသည်။ မည်သူက သူမအား သွားပုပ်လေလွင့် ပြောတော့မည်နည်း။ ဒုတိယမိသားစု၏သားသည် သူမ၏သားဟုသာ လူတိုင်း သိကြမည်ဖြစ်သည်။

ထိုနေ့ ပွဲအပြီး၌ အဘွားချန်သည် အအေးမိသွားလေသည်။ ခုတင်၌လှဲနေကာ ဆေးများ သောက်ပြီးသည့်တိုင် မပျောက်ကင်းသေး၍ သည်းတွားလျက်ရှိသည်။ သမားတော်မာသည် သူမအား ဖျားနာခြင်းဖြစ်သည်ဟုသာ ဆိုလေသည်။

အဘွားချန်သည် ဖျားနာမှုကြောင့် နုံးချိနေသော်လည်း သမားတော်အား မကျွမ်းကျင်သည့် သမားတော်ဟု ကျိန်ဆဲရန် မမေ့ခဲ့ချေ။

“ဘယ်လို သမားတော်စုတ်လဲ။ ဒီလောက်ဆေးတွေ သောက်ပြီးတာတောင် မကောင်းသေးဘူး။ ကျွန်မတို့ပိုက်ဆံကိုလိမ်ပြီး ကိုယ့်ကောင်းစားရေးကို လုပ်နေတာပဲနေမှာ”

၀မ်ညန်သည် မီးတွင်းကာလအတွင်း၌ ဖြစ်သော်လည်း အဘွားချန်၏ ဖျားနာမှုသတင်းကြောင့် အချိန်အတန်ကြာ တွေးတောကာ ဒုတိယမိသားစုရှိ ထိုကလေးများကို ရှင်းထုတ်ရန် အကြံနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset