အပိုင်း (၃၅) သဘောထားကွဲလွဲခြင်း
ဒုတိယမိသားစု၏ ကလေးများအနေနှင့် ယွဲ့မိသားစု၏ နှစ်သက်သဘောကျမှုကို မခံရသည့်အတွက် အခြားနေ့ရက်များနည်းတူပင် ကွာခြားမှုမရှိခဲ့ပေ။ ယွဲ့တာ့ဖူနှင့် အဘွားချန်ကို အရိုအသေပြုလျှင်ပင် သူမတို့သည် ဟုန်ပေါင်းမရရှိနိုင်ပေ။ သူမတို့သည် ၀မ်းကွဲမောင်နှမများနှင့်အတူ မျိုးနွယ်၏ အကြီးအကဲများကို ဂါရ၀ပြုရန် အရည်အချင်းမပြည့်မီပါချေ။ ကျေးလက်ဒေသတွင် ယွဲ့တာ့ဖူအား အရိုအသေပြုလျှင်ဖြစ်စေ အိမ်သို့လာလည်သည်ဖြစ်စေ ထိုသို့လာလည်သည့် အမျိုးသားများအား လက်ဖက်ရည်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံရသည့်အတွက် ရေနွေးများ တည်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူမတို့သည် နှစ်သစ်ကူးထက်ပင် ပို၍ အလုပ်များနေတော့သည်။
မီးဖိုချောင်ထဲ၌ ယိုယင်သည် မီးဖိုရှေ့၌ထိုင်ကာ မီးပိုတောက်စေရန် အဆက်မပြတ် ယပ်ခတ်လျက်ရှိပြီး ယိုကျင့်သည်လည်း အသီးအရွက်များ နွမ်းစေရန် ဇွန်းဖြင့် အလျင်မွှေကြော်နေရသည်။
နှစ်သစ်ကူး၏ ဒုတိယမြောက်ရက်ဖြစ်ကာ အိမ်ထောင်ရက်သားကျပြီးသော သမီးဖြစ်သူများ မိသားစုအိမ်သို့ ပြန်ကြသည့်နေ့လည်းဖြစ်သည်။ အမျိုးသမီးချန်နှင့် အမျိုးသမီးဟန်တို့သည် မိဘအိမ်သို့ မနက်ကပင် ပြန်သွားခဲ့ကြပြီဖြစ်ပြီး ပြန်စရာအိမ် မရှိသည့် အမျိုးသမီးစုနှင့် ၀မ်ညန်တို့သာ အနောက်ခြံထဲ၌ ကျန်ရှိခဲ့လေသည်။
ပင်မဆောင်၌ ၀မ်ညန်သည် အစွန်ဆုံးခုံ၌ သူမ၏ကြီးမားသည် ဗိုက်ဖြင့် ထိုင်နေကာ တက်ကြွလှသည့် ယွဲ့ချန်ဟုန်အား ပျော်ရွှင်စွာ ဧည့်ခံနေလေသည်။
“ဒီလောက်အေးနေတဲ့နေ့မှာ လာခဲ့ရတာ အစ်မတော့ ပင်ပန်းနေတော့မှာပဲ”
ယွဲ့ချန်ဟုန်သည် ထိုသို့ မျက်နှာချိုသွေးခံရသည်ကို ကြိုက်နှစ်သက်ပေသည်။ ယွဲ့ချန်ဟုန်သည် ၀မ်ညန်နှင့် နှစ်ခါမျှသာ တွေ့ဖူးသော်လည်း သူမ(၀မ်ညန်)မအပေါ်၌ မကောင်းသည့်အမြင် မရှိပေ။ ထို့အပြင် ယွဲ့ချန်ဟုန်သည် ခခယယ နေပေးသည့်လူကို နှစ်သက်သည့်အတွက် စိတ်လိုလက်ရ တုံ့ပြန်လေသည်။
“အဆင်ပြေပါတယ်”
“လျှို့အာ တစ်ခုခုဖြစ်လာလို့လား။ ရောက်လာကတည်းက မျက်နှာမကောင်းဘူးလားလို့”
မြေးမဖြစ်သူ၏ ရှုံ့တွနေသည့် မျက်နှာကြောင့် အဘွားချန်၏စိတ်ထဲ၌ အောင့်သက်သက် ခံစားလိုက်ရသည်။ “ဒီလိုပျော်ပွဲရွှင်ပွဲမှာ ဘာလို့ ရှုံ့မဲ့နေရတာလဲ”
အစကပင် မပျော်ရွှင်နေသော ကောလျှို့အာသည် အဘွားချန်၏ ဆူပူမှုကိုပါ ခံလိုက်ရသောကြောင့် ပို၍စိတ်ရှုပ်လာတော့သည်။ ထို့ကြောင့် သူမ၏ဖိနပ်ကို ၀တ်ကာ အပြင်သို့ထွက်သွားလေပြီး အဘွားချန်အား ရှင်းပြရန် ယွဲ့ချန်ဟုန်ကို အနေခက်ဖွယ် အခြေအနေ၌ ချန်ထားခဲ့တော့သည်။
“လျှို့အာလေးက ဆယ့်လေးနှစ်ရှိပြီမလား။ နှစ်ကုန်ပိုင်းလောက်ကတင် သူ့အဘွားက မိသားစုတစ်စုနဲ့ မိတ်ဆက်ပေးလာတယ်။ အဲ့မိသားစုက လယ်ဧကပမာဏ အများကြီးပိုင်တာတဲ့။ အဲ့က လူငယ်လေးက ကျန်းမာပြီး အလုပ်ကြိုးစားတယ်။ အခုလည်း မြို့ပေါ်က ကုန်ဆိုင်မှာ သူ့ဦးလေးကို ကူလုပ်ပေးနေတယ်တဲ့”
“အဲဒါက သတင်းကောင်း မဟုတ်ဘူးလား။ ဘာလို့မပျော်ရတာလဲ” နှစ်သစ်ကူးစားပွဲ၌ ကျိုးကျွမ်းဖန်၏လာရောက် လည်ပတ်မှုကို မသိရှိခဲ့သည့် ၀မ်ညန်သည် လျှို့အာ၏ အခြေအနေကို သင့်တော်သည်ဟု ရိုးရှင်းစွာတွေးခဲ့သည်။
သို့သော်လည်း အကြောင်းအရင်းကို သိသည့် အဘွားချန်သည် ထိုအရာကို ကြားသည်နှင့် သက်ပြင်းချမိတော့သည်။ “ဒီကလေးက ရည်မှန်းချက်ကြီးလွန်းတယ်” အဘွားချန်သည် လျှို့အာကို သခင်လေးကျိုးနှင့် အဘယ်ကြောင့် လက်မထပ်စေချင်ရမည်နည်း။ သို့သော် ထိုသခင်လေးဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည့်အတွက် လျှို့အာကို မကြိုက်နှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုလက်ဆက်မှုသည် လျှို့အာအတွက် မသင့်တော်သည်လည်း ဖြစ်နိုင်သည်။
“သမီးလည်း ဘယ်လိုလုပ်ရမလည်းမသိဘူး။ အဲ့ကလေးက စိတ်ဆိုးနေလို့ နှစ်သစ်ကူးမှာ သူ့အဘွားကို ကန်တော့ဖို့တောင် ငြင်းနေတာ။ ဒီနေ့လည်း ဒေါသထွက်နေတုန်းပဲ” သမီးဖြစ်သူ၏ စိတ်အလိုမကျဖြစ်မှုကို ယွဲ့ချန်ဟုန် မျက်မြင်တွေ့ခဲ့ရပေသည်။ အခန်းထဲ၌ အဘွားချန်နှင့်၀မ်ညန်သာ ရှိသည်ကို တွေ့သောအခါ ယွဲ့ချန်ဟုန်သည် အဘွားချန်ကို အကူအညီတောင်းကာ အကြံဉာဏ်တောင်းတော့သည်။
အဘွားချန်က ဘာတတ်နိုင်မည်နည်း။ သမီးဖြစ်သူ၏ခေါင်းပေါ်သို့ ပွတ်သပ်ပေးရင်း သူမ၏ပူပန်မှုများ ပြေပျောက်အောင်သာ လုပ်ပေးနိုင်သည်။
“ဆုံးဖြတ်ပြီးပြီလား။ အရင်ကတည်းက ဒီလို လက်ထပ်မဲ့ ကိစ္စတွေက မိဘနဲ့အောင်သွယ်တော်ကပဲ စီစဉ်ရတာလေ။ မင်းတို့ ဇနီးမောင်နှံသာ အဲ့လူငယ်က သင့်တော်တယ်ထင်ရင် လက်ဆက်ပေးဖို့ စီစဉ်လိုက်တော့။ ကျိုးအာကို မြို့ပေါ်ပို့ပြီး သခင်လေးကျိုးနဲ့ အတင်းစီစဉ်ပေးလို့လည်း ရတာမှ မဟုတ်တာ”
“လျှို့အာ အဲလိုမတွေးမှာကိုပဲ သမီးစိတ်ပူတာ” သမီးဖြစ်သူ၏ စိတ်ကို သူမသိပေသည်။ ငယ်စဉ်ကတည်းကပင် လိုချင်တာ မရလျှင် ပြဿနာတက်အောင် လုပ်တတ်ပေသည်။
မိခင်နှင့်သမီးဖြစ်သူမှာ ခဏကြာ တိတ်ဆိတ်နေစဉ်အတွင်း သူတို့နှင့် ဝေးရာတွင် ထိုင်နေသည့်၀မ်ညန်သည် အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်သည်။ ကောလျှို့အာသည် နှစ်သစ်ကူးပွဲတော်၌ အလည်လာရောက်သည့် သခင်လေးကျိုးအား နှစ်သက်နေပုံရသည်။ ထို့ကြောင့် အခြားလူအား အခွင့်အရေးပေးရန် စိတ်မ၀င်စားခြင်းဖြစ်သည်။ ၀မ်ညန်သည် တွေးတောကာ ယွဲ့ချန်ဟုန်အား အကြံပေးရန် စဉ်းစားလိုက်သည်။ “အစ်မ လျှို့အာက ငယ်သေးတယ်လေ။ အဲ့တော့ အကောင်းအဆိုး ခွဲတတ်ဦးမှာ မဟုတ်ဘူး။ တကယ်လို့ အစ်မတို့က အဲ့မိသားစုက ကလေးကို မျက်စိကျရင် ဈေးဖွင့်တုန်း လျှို့အာကိုခေါ်ပြီး ခဏသွားတွေ့ပေးရင်ရော ဘယ်လိုလဲ။ လျှို့အာ သဘောတူချင် တူလောက်မှာပေါ့”
ယွဲ့ချန်ဟုန်သည် ထိုအကြံကို ကြားသည်နှင့် အဆင်ပြေလောက်မည်ထင်ကာ ပျော်ရွှင်သွားလေသည်။
“ဟုတ်တယ်။ လျှို့အာကို နှစ်ရက်လောက်နေရင် မြို့ပေါ်ကို ခေါ်သွားရမယ်” အခန်းထဲရှိ မိန်းမကြီးသုံးဦးမှာ စကားပြောနေကြကာ အပြင်ဘက်၌ နားထောင်နေသည့် ကောလျှို့အာကိုပင် သတိမထားခဲ့ကြချေ။
………………..
ကောလျှို့အာသည် နေ့လယ်စာ စားပြီးသည်နှင့် ပင်မဆောင်မှ ထွက်လာကာ ၀မ်ညန်နေထိုင်သည့် အနောက်ခြံထဲသို့ သွားရန် ပြင်လိုက်သည်။ အနည်းငယ် မူးဝေနေသည့် ၀မ်ညန်သည် သူမ လာသည်ကို မြင်လေသည်။ လာရင်းကိစ္စကို မသိသည့်တိုင် သူမသည် အပြုံးဖြင့်ကြိုဆိုလိုက်သည်။ “လျှို့အာ ရောက်လာတာပဲ”
ကောလျှို့အာသည် ခုတင်ပေါ်၌ မသက်မသာ ထိုင်လိုက်ကာ သူမ၏မျက်၀န်းဝိုင်းများသည် ၀မ်ညန်အား မနှစ်မြို့စွာ ကြည့်လေသည်။
“အမေ့ကို ဘာလို့အဲ့အကြံပေးလိုက်တာလဲ။ ကျွန်မကို မြို့ပေါ်သွားကြည့်ခိုင်းဖို့လေ”
အကြံပေးလိုက်သည့် ၀မ်ညန်သည် ထိုသို့ ဖော်ထုတ်ခံရမည်ဟု မထင်ထားချေ။ ၀မ်ညန်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အနည်းငယ်ကြာခဲ့သည်။ “အာ ဘာကိုကြည့်တာလဲ။ ဘယ်သူက မင်းကို အဲ့လိုပြောလိုက်တာလဲ”
“ရှင်လေ ကျွန်အမေကို အဲ့အကြံပေးလိုက်တာ အပြင်ကနေ ကြားလိုက်တယ်” ကောလျှို့အာ၏ မျက်၀န်း၌ မုန်းတီးခြင်းများ ပြည့်နှက်နေသည်။ သူမ၏ပတ်၀န်းကျင်ရှိ လူများသည် သူမအား အဘယ်ကြောင့် နားမလည်ပေးနိုင်ရသနည်း။ မြေကြီးတူးကာ အစာရှာရသည့် ကျေးလက်တောသားကို လက်ထပ်ရမည်တဲ့လား။ မြို့ပေါ်သွားစဉ်က သူမတွေ့ခဲ့သော ပျော့ပျောင်းသည့်ပိုးထည် အင်္ကျီများ ၀တ်ဆင်ထားသည့် ကြွယ်၀လှသော အမျိုးသမီးများကို ပြန်တွေးလိုက်သည်။ ထိုအမျိုးသမီးများသည် အမြင်တင့်တယ်လှသည်။ ထို့နောက် ရွာထဲရှိ နေလောင်ကာ ပေပွနေသည့် အမျိုးသမီးများကို ပြန်တွေးလိုက်သည်။ အနာဂတ်၌ မြို့ပေါ်မှ လူကြီးလူကောင်းနှင့် လက်ထပ်ရမည်ဟု သူမစိတ်ပိုင်းဖြတ်လိုက်သည်။
၀မ်ညန်သည် အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။ ထိုသို့ လူမိသွားလိမ့်မည်ဟု သူမမထင်ခဲ့ပေ။ သူမ၏မျက်နှာ၌ ပေါ်လွှင်နေရုံသာမက အတွေးများလည်း လွင့်ပျံနေကာ အကြံဉာဏ်တစ်ခု ရလာခဲ့သည်။
“လျှို့အာ ဒေါ်လေးတစ်ခုလောက်မေးမယ်နော်။ တကယ်လို့ သမီးသာ သမီးအမေကို မြို့ပေါ် လိုက်မကြည့်ဘူးပြောရင် ကျိုးသခင်လေးနဲ့ လက်ထပ်နိုင်ပါ့မလား” ကောလျှို့အာ၏ အဖြေကိုပင် မစောင့်ဘဲ ဆက်ပြောလေသည်။
“ကျိုးသခင်လေးနဲ့ တစ်ခါတည်းတွေ့ဖူးမှန်း မင်းလည်း သေချာသိသားပဲ။ အဲဒါလေးနဲ့ သူ့ကိုလက်ထပ်နိုင်ပါ့မလား”
သူမ၏ဒဏ်ရာကို ဆားသိပ်နေသည့် ၀မ်ညန်၏စကားများကြောင့် ကောလျှို့အာသည် ငိုကြွေးတော့မည့်ပုံ ပေါ်လာသည်။
“ရှင်တို့တွေအကုန်လုံး ကျွန်မကို အထင်သေးနေကြတာ။ ရှင်တို့တွေအကုန် ကျွန်မကို ဒီလိုဘ၀နဲ့ ထိုက်တန်တယ်လို့ တွေးနေကြတာ”
၀မ်ညန်သည် ခုတင်၌ ထိုင်ကာ ငိုကြွေးနေသည့် ကောလျှို့အာကို နှစ်သိမ့်ပေးလိုက်သည်။
“လျှို့အာ ဘာပဲဖြစ်နေနေ ငါက မင်းဒေါ်လေးလေ။ အဒေါ်တစ်ယောက်အနေနဲ့ မင်းကို ကောင်းစားစေချင်တာပေါ့” ထို့အပြင် ၀မ်ညန်သည်လည်း အမြင့်သို့တက်ချင်သည့် စိတ်ဆန္ဒရှိသူဖြစ်သည်။ လျှို့အာကို နားမလည်နိုင်ဘူးတဲ့လား။
“သခင်လေးကျိုးနဲ့ တကယ် လက်ထပ်ချင်ရင် ဒေါ်လေးမှာ အကြံရှိတယ်…”
၀မ်ညန် ၌အကြံရှိကြောင်း ကြားသည်နှင့် ကောလျှို့အာသည် သူမ၏မျက်ရည်များကို သုတ်လိုက်သည်။
“ဘာအကြံလဲ” ကောလျှို့အာသည် ၀မ်ညန်အား သူမ၏အသက်ကယ်ဆေးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
“အရင်ဆုံး မင်းအမေရဲ့ဆန္ဒအတိုင်း လုပ်မယ် ကတိပေးလိုက် ပြီးရင် မြို့ပေါ်ရောက်တာနဲ့ တတိယဦးလေးအိမ်မှာ နေဖို့ပြောလိုက်။ အဲ့မှာ သခင်လေးကျိုးနဲ့ တွေ့ဖို့ အခွင့်အရေးရှာပြီး ဆက်ဆံရေး ကောင်းအောင် လုပ်ရမယ်။ တကယ်လို့ အလုပ်မဖြစ်ရင် ငါတို့မိန်းမတွေမှာ ချင့်ချိန်နိုင်စွမ်း ရှိရဦးမယ်လေ”
ရည်မှန်းချက် ပြည့်နေသည့် မျက်၀န်းများဖြင့် ကောလျှို့အာ၏ ဖွံ့ဖြိုးနေသည့် ရင်ဘတ်ကို ကြည့်လိုက်သည်။
“မင်းသာ နည်းလမ်းမှန် သုံးနေသ၍ ယောက်ျားတစ်ယောက်က မင်းလက်ညှိုးညွှန်ရာ အသက်စွန့်ဖို့ အသင့်ဖြစ်နေလိမ့်မယ်။ မိသားစုကောင်းကောင်းကို လက်ထပ်ဖို့ကတော့ ထည့်ပြောမနေတော့”
ကောလျှို့အာသည် ၀မ်ညန်၏ ပြောင်တင်းတင်း အကြည့်များကြောင့် အနည်းငယ်ရှက်ရွံ့လာမိသည်။ သို့သော် သခင်လေးကျိုးကို လက်ဆက်ရမည်ဆိုသောကြောင့် သူမသည် ပျော်ရွှင်လာတော့သည်။ ၀မ်ညန်အား ခေါ်ဆိုသည့်ပုံကိုပင် ပြောင်းလိုက်လေသည်။ “ဒုတိယဒေါ်လေးပြောတာ တကယ်ပဲလား”
၀မ်ညန်သည် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့။ ဒေါ်လေးက မင်းကို မလိမ်ပါဘူး” ၀မ်ညန်သည် ယွဲ့မိသားစု၏ အခြားမိသားစု၀င်တစ်ဦး၏ စိတ်ကို အနိုင်ရလိုက်၍ ပျော်ရွှင်နေလေသည်။ သူမ၏ဘက်၌ လူပိုရှိလေ မိသားစု၌ ဒုတိယချွေးမအဖြစ် သူမကပို၍သင့်တော်လာပေလိမ့်မည်။ တူညီသည့် အဆင့်အတန်းရှိနေစရာ မလိုတော့ပေ။
ကောလျှို့အာ၌ အခြားအတွေးမရှိချေ။ ၀မ်ညန်ပြောသည်များကို မှန်သည်ဟု တွေးကာ ခေါင်းညိတ်သဘောတူလိုက်ပြီး ကျေးဇူးတင်ကာ အနောက်ခြံမှ ပျော်ရွှင်စွာ ထွက်လာလေသည်။
အပြင်မှပြန်လာသည့် ယိုရင်သည် ကောလျှို့အာတစ်ယောက် မျက်လုံးရဲများဖြင့် ပြုံးကာ ၀မ်ညန်၏အခန်းမှ ထွက်လာသောကြောင့် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်သည်။ “၀မ်းကွဲမမ”
ကောလျှို့အာသည် ယိုရင်အား ရွံ့ရှာသလို ကြည့်လိုက်သည်။ တကယ်ကို လောကကြီးကို မမြင်ဖူးတဲ့ တောသူမတစ်ယောက်ပဲ။ ထို့နောက် ယိုရင်အား လျစ်လျူရှုကာ ထွက်သွားတော့သည်။
ယိုရင်သည် အနောက်ခြံရှိ တင်းကျပ်စွာ ပိတ်ထားသော ထိုအခန်းတံခါးကို ကြည့်လိုက်သည်။ ၀မ်ညန်နှင့် ကောလျှို့အာတို့ အဘယ်ကြောင့် အတူရှိနေကြသည်ကို သူမစဉ်းစား၍ မရပါချေ။ စဉ်းစားရန် စိတ်မပါတော့သဖြင့် သူမလုပ်စရာရှိသည်များကို ဆက်လုပ်နေတော့သည်။
ကောလျှို့အာသည် ယွဲ့မိသားသုအိမ်မှ ပြန်လာပြီးနောက်တွင် ယွဲ့ချန်ဟုန်မှ မြို့ပေါ်သို့ သွားကြည့်ရန် မေးလာလေသည်။ ဖြစ်လာမည့်ကိစ္စများကို ကြိုသိနေသော ကောလျှို့အာသည် သဘောတူခေါင်းညိတ်လိုက်သည်။ အခန်းထဲ၌ အမျိုးသမီးနှစ်ဦးသည် အောင်သွယ်တော်ခရီးအတွက် အတွေးကိုယ်စီဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။
နွေဦးပွဲတော် ပြီးဆုံးတော့မည်ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ၀မ်ညန်၏ မွေးဖွားရန်အချိန်လည်း ကျရောက်လာလေသည်။ ဖေဖော်ဝါရီလ နှစ်ရက်မြောက်နေ့သည် နဂါးနိုးထသည့်နေဖြစ်လေသည်။ ပင်မဆောင်မှ ပြန်လာကာ အနောက်ခြံထဲသို့ ရောက်ချိန်၌ နေမွန်းတည့်နေပြီဖြစ်သည်။ သူမသည် နာကျင်မှုကြောင့် ဖြူဖျော့နေကာ ငိုကြွေးမိမတတ်ဖြစ်နေသည်။ ကလေးမွေးဖွားရန် အချိန်ကျလေပြီ။
ယွဲ့ချန်လုသည် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည့် သားလေးဖြစ်သည့်အတွက် သူသည် စိုးရိမ်ပူပန်မိသည်။ ၀မ်ညန်အားအနောက်ခြံသို့ ကူညီပို့ဆောင်ခဲ့ကာ နွားလှည်းဖြင့် အခြားရွာမှ ၀မ်ဖွားဖွားကိုပင့်ရန် သွားလေသည်။
ယွဲ့ချန်လု ထွက်သွားပြီး မကြာခင်၌ မွေးရန် လပိုင်းမျှ လိုသေးသည့် အမျိုးသမီးစုသည်လည်း လက္ခဏာများ စတင်ပြလာတော့သည်။ ခုတင်၌လှဲကာ အံကြိတ်နေသည့် အမျိုးသမီးစုကြောင့် ယိုကျင့် စိုးရိမ်လာတော့သည်။
“အမေ ဘာဖြစ်လို့လဲ”
ကလေးမွေးဖွားခြင်းနှင့် အသားကျနေသည့် အမျိုးသမီးစုသည် ရက်စောကာ မွေးဖွားတော့မည်မှန်း သိလေသည်။ နာကျင်နေသည့် သူမ၏မျက်နှာ၌ အပြုံးဖျော့လေးတစ်ခုပန်ဆင်ကာ ယိုကျင့်ကို မှာလိုက်သည်။
“အမေ အဆင်ပြေပါတယ်။ ညီမလေးတွေကို အပြင်ထုတ်သွားလိုက်နော်။ ကလေးတွေကို မလန့်စေနဲ့”
ထိုသို့ဖြင့် ကြောက်ရွံ့တုန်လှုပ်နေသည့် ညီမများ၏မျက်၀န်းများကို ယိုကျင့်သတိထားမိလိုက်သည်။ အထူးသဖြင့် အငယ်ဆုံးနှစ်ယောက်သည် ငိုကြွေးလုမတတ် ဖြစ်နေသည်။ သူမသည် အကုန်လုံးကို အခန်းထဲမှာ အမြန်ထုတ်လိုက်သည်။ “ယိုရင် ယိုကျူး နင်တို့တွေ မီးဖိုပြီး ရေနွေးသွားတည်။ ယိုပေါင် ညီမလေးတွေကို သေချာကြည့်ထား။ လျှောက်မသွားစေနဲ့”
ကလေးများသည် ထိတ်လန့်နေသော်လည်း ယိုကျင့်၏စကားအတိုင်း တသွေမတိမ်း လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ သူမတို့သည် ကြောက်ရွံ့နေရမည့်အစား အလုပ်များဖြင့် ရှုပ်ရှက်ခတ်နေတော့သည်။
ပင်မဆောင်ရှိ အဘွားချန်သည် အပြင်ရှိလှုပ်ရှားမှုများကြောင့် ခုတင်မှထကာ ဖိနပ်၀တ်ပြီး ထွက်ကြည့်လိုက်ရာ ထိုညီမများသည် အလုပ်ရှုပ်နေကြောင်း တွေ့လိုက်ရသည်။ ရေနွေးတည်ရန် တာဆူနေသော ယိုရင်တို့ညီအစ်မနှစ်ယောက်အား နားကွဲထွက်စေမည့် အသံဖြင့် အော်ပြောလိုက်တော့သည်။
“ဘာတွေလုပ်နေတာလဲ။ ဒီတိုင်း ဆန်ကုန်မြေနှစ်ယောက်ထပ်တိုးတာပဲကို ဒီအဘွားကြီးရဲ့ ထင်းမီးတွေကို လာဖြုန်းတီးနေတယ်”
ယိုကျင့်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။ အမျိုးသမီးစု၏ ကျန်းမာရေးသည် မကောင်းမွန်သောကြောင့် အခြေအနေမဟန်မှန်း သူမသိလေသည်။ ထို့အတွက် သမားတော်မာကိုသာ ပင့်ရတော့သည်။ အမျိုးသမီးစုသာ မကျော်ဖြတ်နိုင်ပါက သူမတို့၏ မျှော်လင့်ချက်များသည် သဲထဲရေသွန်ဖြစ်ပေတော့မည်။
အမျိုးသမီးစု၏ စောစီးစွာ မွေးဖွားခြင်းကြောင့် သမားတော်မာသည် ဆေးသေတ္တာကို အမြန်ပြင်ကာ လိုက်လာခဲ့သည်။ သမားတော်မာ၏ဇနီးဖြစ်သူ အမျိုးသမီးလင်းသည်လည်း အဘွား၀မ် မရောက်သေးကြောင်း ကြားသည်နှင့် လိုအပ်သည်များ ထုတ်ပိုးကာအတူလိုက်လာခဲ့သည်။
“အရင်တုန်းကတော့ ကလေးမွေးဖွားတာ ကူပေးဖူးတယ်။ နည်းနည်းတော့ အကူအညီရမှာပါ”
ယိုကျင့်သည် ထိုအကြီးအကဲနှစ်ယောက်အား ဒူးထောက်အရိုအသေပြုရင်း ကျေးဇူးတင်ကြောင်း ပြသလေသည်။ “အဘိုးမာ အဘွားမာ အဘိုးတို့က သမီးတို့မိသားစုအပေါ် ကျေးဇူးကြီးလွန်းပါတယ်။ အနာဂတ်မှာ အဘိုးတို့ကို သေချာပေါက် ပြန်ပေးဆပ်မှာပါ”
အမျိုးသမီးလင်းသည် ယိုကျင့်အား ထရန်ကူညီလိုက်လေသည်။ “ဒီကလေးကတော့ အဲ့လောက် ယဉ်ကျေးဖို့လိုလို့လား။ မင်းအမေကို အမြန်သွားကြည့်ချေ” အမျိုးသမီးစု၏ ကိုယ်၀န်သည် အမြွှာဖြစ်သည့်အပြင် လမစေ့ဘဲ မွေးဖွားသည့်အတွက် အလွန် အန္တရာယ်ကြီးပေသည်။
ယိုကျင့်သည် ခေါင်းညိတ်ကာ ထိုလူနှစ်ဦးကို ယွဲ့အိမ်ထဲသို့ ၀င်စေလိုက်သည်။
…