EYYJ အပိုင်း ၂၇

အပိုင်း (၂၇) စက္ကူကျားရုပ်

ယွဲ့ချန်လုသည် တံခါးပိတ်ကာ ကလေးများအား တားခဲ့သော်လည်း အခန်းသည် အသံသိပ်မလုံခြုံပေ။ ယွဲ့ယိုကျင့်တို့ ညီအစ်မများသည် အမျိုးသမီးစုအား ယွဲ့ချန်လုဇနီးမောင်နှံနှစ်ဦး အနိုင်ကျင့်မည် စိုးသောကြောင့် တံခါးနား၌ ကပ်ကာ နားထောင်နေကြသည်။

အနောက်ခြံ၏ အတွင်းခန်းထဲ၌ ၀မ်ညန်သည် အမျိုးသမီးစုအား သေချာကြည့်လိုက်သည်။ သူမ၏ဗိုက်သည် အလွန်ပင် ဖောင်းနေသောလည်း ခန္ဓာကိုယ်သည် အရိုးစုကဲ့သို့ ပိန်ပါးနေလေသည်။ သူမသည် ယွဲ့ချန်လု သတိမထားမိချိန်၌ အမျိုးသမီးစုကို အောင်နိုင်သူ အပြုံးမျိုး ပြုံးပြလိုက်သည်။ ဒီလိုမိန်းမကများ ငါနဲ့ပြိုင်ချင်တာလား။

သူမ၏စိတ်၌ ထိုသို့တွေးနေသောလည်း အပြင်ဘက်၌ ဟန်ဆောင်ရန်လိုသေးသည်။ ထို့ကြောင့် အမျိုးသမီးစုအား ဂါရ၀ပြုလိုက်သည်။ “၀မ်ညန် မမစုကို နဂါရ၀ပြုပါတယ်”

မျက်နှာမသာမယာဖြစ်ကာ ခုတင်၌ ထိုင်နေ‌သော အမျိုးသမီးစုသည် လှောင်ပြောင်သည့်အပြုံး တစ်ခုကိုသာ ပေးလိုက်သည်။

သူမ၏ အနည်းငယ်ကြည်လဲ့လဲ့ ဖြစ်နေသော မျက်၀န်းကို သေချာကြည့်ပါက လွန်ခဲ့သောရက်များတွင် မျက်ရည်ကုန်ခမ်းမတတ် ငိုခဲ့ကြောင်း သိနိုင်သည်။ သူမ၏စိတ်သည် လွင့်မျောနေကာ ကမ္ဘာမြေ၌ ကပ်တွယ်ချင်သည့် စိတ်ဆန္ဒ မရှိတော့ချေ။

ယခုရက်ပိုင်းအတွင်း၌ ယွဲ့ချန်လု၏ စိတ်အခြေအနေသည် ကောင်းမွန်နေပေသည်။ သူသည် ၀မ်ညန်အား ဖေးမလိုက်ရင်း အမျိုးသမီးစုကို မှာလိုက်သည်။

“၀မ်ညန်က မင်းထက် ‌အိမ်ကို နောက်ကျမှ၀င်လာပေမဲ့ မင်းရဲ့အကြီးပီသတဲ့ ပုံစံကို မပျောက်စေနဲ့။ နားလည်လား” ယွဲ့ချန်လုသည် ထိုသို့သာ ပြောနေသော်လည်း စိတ်ထဲ၌ မတည်မငြိမ် ဖြစ်နေလေသည်။ ဇနီးအသစ်ကို ခေါ်ယူရန် တရား၀င်ဇနီး၏ ခွင့်ပြုချက် လိုသည်ဖြစ်ရာ ထိုကိစ္စအတွက် ယခုရက်ပိုင်းအတွင်း၌ သူမအပေါ် လုံလောက်သည်အထိ ကောင်းပေးခဲ့သည်။

သို့သော် အမျိုးသမီးစု၏ မျက်ရည်ကျလုမတတ် အမူအရာက သူ၏နှလုံးသားအား ပြောမပြနိုင်သည့် ယားယံမှုကို ဖြစ်ပေါ်စေသည်။ “မင်းခေါင်းညိတ် သဘောတူရင် ငါတို့တွေ ကောင်းကောင်း ပြောလို့ရတယ်။ သဘောမတူလဲ အသုံးမ၀င်ဘူးဆိုတာ မင်းသိပါတယ်”

ဖြူဖျော့နေသည့် အမျိုးသမီးစု၏ မျက်နှာ၌ ကြောက်မက်ဖွယ် အကြုံးတစ်ခုပေါ်လာလေသည်။

“အဲဒါဆို ကျွန်မကို ဘာလို့ သဘောတူခိုင်းနေသေးလဲ။ ကျွန်မသဘောမတူခင်ကတည်းက သူက အိမ်ထဲ၀င်ပြီးနေ‌ပြီလေ” နီရဲနေသည့် လက်ဝါးရာတစ်ခုသည် အမျိုးသမီးစု၏ မျက်နှာ၌ ပေါ်လာသည့်တိုင် သူမသည် ယခင်အတိုင်း မတုန်မလှုပ်ဖြစ်နေဆဲပင်ဖြစ်သည်။

ယွဲ့ချန်လုသည် ဒေါသတကြီး ရိုက်ချကာ ‌”အောက်တန်းစား”ဟု ဆဲရေးသွားပေသည်။ ထို့နောက် ၀မ်ညန်ဘက်သို့ လှည့်ကြည့်သည့်အချိန်၌ သူသည် တစ်ဖန်နူးညံ့သွားပြန်သည်။

“ဒီနေရာက ညစ်ပတ်တယ်။ အဲ့အောက်တန်းစားမက မျက်နှာသာပေးတုန်း မလိုချင်မှတော့ ဘာမှ အပြစ်ရှိသလို ခံစားမနေနဲ့” ထို့နောက် ၀မ်ညန်အား ခေါ်ကာ သူတို့၏မင်္ဂလာဦးအခန်းသို့ သွားကြလေသည်။

မင်္ဂလာဦးခန်းထဲ၌ ၀မ်ညန်သည် ယွဲ့ချန်လု၏ လက်မောင်းကြား၌ အသာအယာ မှီနေရင်း ၀မ်းနည်းစွာ ပြောလေသည်။

“အစ်ကိုယွဲ့ မမနဲ့ကလေးတွေက ကျွန်မကို မကြိုက်ကြဘူးလား။ ကျွန်မရောက်လာလို့ အစ်ကို့ဘ၀လေး ပျက်စီးသွားတယ်ဆို ကျွန်မ ယွဲ့အိမ်ကနေထွက်သွားတာပဲ ကောင်းလိမ့်မယ်”

ထိုအချိန်၌ ယွဲ့ချန်လု၏ စိတ်ဝိညာဉ်နှင့် နှလုံးသားတစ်စုံသည် ၀မ်ညန်ကြောင့် လွင့်ထက်မတတ် တုန်လှုပ်သွားတော့သည်။ သူ၏အဖိုးတန်လေးအား အဘယ်ကြောင့် ထိုသို့သောကများ ခံစားစေရမည်နည်း။ ထို့ကြောင့် အသံနိမ့်ကာ ၀မ်ညန်အား ချော့မြူရသည်။

“၀မ်ညန် အရာအားလုံးအတွက် မင်းအနောက်မှာ အစ်ကိုရှိပါတယ်။ စိတ်အေးအေးထားပြီး ကလေးအာဟာရဖြစ်အောင်ပဲနေ ပြီးကျရင် အစ်ကို့အတွက် ၀၀တုတ်တုတ် သားလေးတစ်ယောက် မွေးပေးလေ။ အဲ့မိန်းမနဲ့ဆန်ကုန်မြေတွေအတွက် စိတ်ပူမနေနဲ့။ သူတို့က ဘာမှပြောရဲမှာ မဟုတ်ဘူး။ တကယ်လို့ အစ်ကိုတို့ကို စိတ်ရှုပ်အောင် လာလုပ်ရင် သူတို့ကို ရောင်းစားပစ်မယ်”

ယွဲ့ချန်လု၏ စကားများကို နားထောင်ပြီးနောက် ၀မ်ညန်သည် သူမ၏လက်ကို အမြန်ထုတ်ကာ ယွဲ့ချန်လု၏ နှုတ်ခမ်း၀၌ ပိတ်ထားလိုက်သည်။

“အဲ့လိုမပြောရဘူး။ ကျွန်မခင်ပွန်းကို ဇနီးနဲ့သားမယားတွေကို စွန့်ပစ်တယ်ဆိုတဲ့ နာမည်ဆိုးကြီး မတွင်စေချင်ဘူး။ ကျွန်မကအဲ့လောက် သဘောထား မသေးသိမ်ပါဘူး”

၀မ်ညန်ဆီမှ သာယာသိမ်မွေ့သော “ခင်ပွန်း” ဟု ခေါ်သံသည် ယွဲ့ချန်လုအား အရိုးထဲနစ်၀င်မတတ် မြတ်နိုးမှုများ ဖြစ်ပေါ်စေသည်။ ၀မ်ညန်၏ဘေးပတ်ပတ်လည်ရှိ လက်တို့သည် မလျော်ကန်စွာ ပြုမူလာတော့သည်။ “ကိုယ့်ရဲ့ လိမ္မာတုံးလေး ၀မ်ညန် ဒီနေ့က အစ်ကိုတို့ရဲ့ မင်္ဂလာဦးညလေ။ ဒီလိုညမျိုးမှာ အရေးမပါတဲ့လူတွေအတွက် အချိန်မဖြုန်းသင့်ဘူးမလား”

မှောင်ရီပျိုးစအချိန် ရောက်သည်နှင့် အနောက်ခြံ၀န်းရှိ ယွဲ့ချန်လုတို့၏ မင်္ဂလာဦးအခန်းမှ ဆူညံသံများ ထွက်ပေါ်လာလေသည်။ သားဖြစ်သူအား စစ်ဆေးရန် ရောက်လာသော အဘွားချန်သည် အပြင်မှ ကြားလိုက်ရသော ထိုအသံများကြောင့် ရှက်ရွံ့ကာ တံခါးကို ပိတ်ကန်လိုက်ပြီးနောက် ကတိုက်ကရိုက် ထွက်သွားလေသည်။

“ကိုယ်၀န်ရှိနေတာကို ထိန်းထိန်းသိမ်းသိမ်းနေရမှန်း မသိဘူး။ အရှက်မရှိလိုက်တာ”

အနောက်ခြံရှိ အမျိုးသမီးစု၏ အခန်း၌ ယိုကျင့်သည် အမျိုးသမီးစုနှင့် မျက်နှာချင်းဆိုင်ထားကာ နီရဲနေသည့် ဒဏ်ရာကို စိုက်ကြည့်နေသည်။ ထို့နောက် အယောင်သက်သာစေရန် အပူပေးထားသော ပဝါစကို မျက်နှာပေါ်သို့ ဖိနှိပ်ပေး‌ရသည်။ ယိုကျင့်သည် အမျိုးသမီးစုအား တီးတိုးပြောလိုက်လေသည်။

“အမေ အခုထိ အဖေက သူ့အမှားကို သိပြီး ပြင်မယ်လို့ ထင်နေတုန်းလား”

ရက်ပိုင်းအတွင်း၌ မျက်ရည်များ ကုန်ခမ်းသည်ထိ ငိုကြွေးပြီးခဲ့သော အမျိုးသမီးစုသည် ရုတ်တရက် ခေါင်းခါလိုက်သော်လည်း မည်သည့်အဖြေမှ မပေးခဲ့ချေ။

ဒဏ်ရာကို ပြန်ဆွခြင်းသည် နာကျင်မှန်း ယိုကျင့်သိသော်လည်း ထိုနည်းလမ်းက အကျိုးသက်ရောက်မှု ကောင်းပေသည်။ အမျိုးသမီးစု စိတ်ဓာတ်ကျနေသည့်တိုင် ယွဲ့အိမ်တော်မှ ထွက်သွားမည်ဆိုသည့် ယုံကြည်ချက်ကို ခိုင်မာလာစေရန် အကောင်အထည်ဖော်ရမည်။

“အမေ အခု အသက်ရှင်ချင်စိတ်တောင် မရှိမှန်း သိပါတယ်။ ‌ဒါပေမဲ့ စဉ်းစားကြည့်ပါဦး။ တကယ်လို့ အမေ မရှိရင် အမေ့ဗိုက်ထဲက ကလေးနှစ်ယောက်ကရော သမီးတို့ ညီအစ်မခုနှစ်ယောက်ကရော ဘယ်လိုလုပ်မလဲ။ အဲအချိန်ကျ အဖေနဲ့ အခြားအမေက သမီးတို့ကို ဖျက်ဆီးပစ်လိမ့်မယ်”

အမျိုးသမီးစု၏ မျက်၀န်းများ တုန်လှုပ်လာသည်ကို မြင်သည်နှင့် ယိုကျင့်သည် ထပ်မံတွန်းအားပေးရန် ကြိုးပမ်းလိုက်သည်။

“ပြီးတော့ သူကလည်း ကိုယ်၀န်ရှိနေတာနော်။ သူသာ သားလေးမွေးခဲ့ရင် သမီးတို့နေစရာတောင် ရှိပါဦးမလား။ အရင်က ယွဲ့မိသားစုနဲ့ အမေဘယ်လို လက်ထပ်ခဲ့ရလဲ မမှတ်မိတော့ဘူးလား”

မှန်ပေသည်။ မိဘနှစ်ပါး ဆုံးပါးမှုကြောင့် သူမသည် မီးတွင်းထဲသို့ ခုန်ဆင်းခဲ့ရခြင်းဖြစ်သည်။ သူမ၏ဦးလေးဖြစ်သူသည် ယွဲ့မိသားစုထံ ပစ္စည်းကဲ့သို့ ရောင်းထုတ်လိုက်လေသည်။ သူမ သေဆုံးသွားလျှင် သူမ၏သမီးများ မည်သို့ဖြစ်သွားမည်နည်း။ ဖခင်ဖြစ်သူ မသေသေးသော်လည်း ထိုအရာကပင် ပို၍ထိတ်လန့်ဖွယ် ဖြစ်နေသည် မဟုတ်လား။

သူမ၏ဆိုးရွားလှသည့် ကံကြမ္မာကို ပြန်တွေးမိကာ သမီးဖြစ်သူများ ထိုသို့ခံစားရမည်ကို မလိုလားပေ။ ခြောက်သွေ့နေသည့် အမျိုးသမီးစု၏ မျက်၀န်းများမှ မျက်ရည်များ ဖြေမဆည်နိုင်အောင် ကျဆင်းကာ ခေါင်းကို တသွင်သွင် ရမ်းနေတော့သည်။

“မဖြစ်ဘူး။ ငါသေလို့မဖြစ်ဘူး။ အမေသမီးတို့ကို တစ်ယောက်တည်း ပစ်ထားလို့မရဘူး….”

အမျိုးသမီးစု၏ မျက်၀န်း၌ အသက်ရှင်လိုသည့်စိတ် ပြင်းပြမှုကို ပြန်လည်မြင်တွေ့လိုက်ရသောကြောင့် ယိုကျင့်သည် စိတ်သက်သာရာရသွားတော့သည်။

သူမ၏နောက်ရှိတံခါး၌ ရပ်နေကြသော ညီအစ်မများသည် အထဲသို့ ၀င်လာကြကာ အမျိုးသမီးစု၏ရှေ့၌ တန်းစီရပ်ကြလေသည်။

“အမေ သမီးတို့က အမေ့သမီးတွေလေ။ တကယ် သမီးတို့ကို မလိုချင်တော့ဘူးလား”

အမေဖြစ်သူမှ မလိုချင်တော့ဘူးဟူသော စကားကိုကြားသည်နှင့် ရှောင်ပါးနှင့် ရှောင်ကျိုတို့သည် မျက်ရည်များ ဝဲကျလာလေသည်။ ထို့နောက် ခုတင်ပေါ်သို့ တွားသွား တက်လာကြပြီး အမျိုးသမီးစုအား ဘယ်တစ်ဖက် ညာတစ်ဖက်ဆီမှ တစ်ယောက်စီ တင်းကျပ်စွာဖက်ရင်း ငိုကြွေးကြလေသည်။

“သမီးတို့လိမ္မာပါ့မယ်။ အမေသမီးတို့ကို မပစ်ထားပါနဲ့။ အမေအသစ်မလိုချင်ဘူး။ မလိုချင်ဘူး”

ခုတင်အောက်၌ ရပ်နေကြသည့် ညီအစ်မများသည်လည်း နီရဲသည့်မျက်၀န်များဖြင့် တစ်ယောက်ပြီး တစ်ယောက် ငိုကြွေးကြလေတော့သည်။

“အမေ သမီးတို့ကို ပစ်မထားပါဘူး။ ဆယ်လနီးပါးလောက် လွယ်မွေးထားရတာပါ။ အမေ အသက်စွန့်ရမယ်ဆိုရင်တောင် သမီးတို့‌တွေ ထပ်ပြီး အနိုင်ကျင့်မခံရအောင် လုပ်ပေးမယ်”

အမျိုးသမီးစုသည် ယွဲ့မိသားစု၏ကြွက်တွင်း၌ ရုန်းကန်နေရသည့်သူဖြစ်ကာ သမီးဖြစ်သူများကို သူမကဲ့သို့ ဘ၀မျိုး၌ မနေထိုင်စေလိုခြင်းဖြစ်သည်။ ယခုအချိန်၌ အမျိုးသမီးစု၏ သန်မာသည့် မိခင်စိတ်မှာ နိုးထလာပြီဖြစ်သည်။

ယိုကျင့်သည် ပေတူးနေသည့် ကြောင်များကဲ့သို့ ငိုကြွေးထားသည့် ညီမငယ်များအား သန့်ရှင်းပေးရန် လက်ကိုင်ပဝါ‌တစ်ထည်ကို ယူလိုက်သည်။ ထို့နောက် သူမနှင့် ယိုရင်သည် အငိုသန်သည့် အရှုပ်ထုတ်နှစ်ကောင်အား အပြင်သို့ထုတ်ပြီး အမျိုးသမီးစု၏ အခြေအနေကို စစ်ဆေးရန် ပြန်လာခဲ့ကြသည်။

“အမေ ကိုယ်၀န်လွယ်ထားတာ ရှစ်လလောက်ရှိပြီ။ အခုအချိန်က အရေးကြီးတယ်။ သူတို့ဘက်က ဘာလုပ်လုပ် ဂရုမစိုက်နဲ့နော်”

အမျိုးသမီးစုသည် သူမ၏ဗိုက်ကို ငြင်သာစွာ ပွတ်သပ်လိုက်သည်။ ယခုသူမသည် မတူကွဲပြားစွာ နေထိုင်တော့မည်ဖြစ်သည်။ ပျော်ရွင်စွာဖြင့် သမီးဖြစ်သူအား ခေါင်းညိတ်ပြလိုက်သည်။

“အမေသိပါတယ်။ အမေ့အတွက် မဟုတ်တောင် မင်းတို့ညီအစ်မတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှာပါ” ယိုကျင့်ကို ကြည့်နေသည့် အမျိုးသမီးစု၏ မျက်၀န်းများသည် ချစ်ခြင်းမေတ္တာတို့ ပြည့်၀နေသည်။ “အမေ ဒီနှစ်တွေမှာ ခေါင်းငုံ့ခံနေခဲ့တဲ့အတွက် သမီးလေး ပင်ပန်းခဲ့ရပြီ”

ယိုကျင့်သည် ခေါင်းရမ်းကာ ဆိုလေသည်။

“မပင်ပန်းပါဘူး အမေ။ အမေနဲ့ ညီမလေးတွေသာ အဆင်ပြေပြီး သမီးတို့မိသားစု ပျော်ရွှင်နေသ၍ ဘာပဲလုပ်ရလုပ်ရ တန်ပါတယ်” ယိုကျင့်၏ ယခင်ဘ၀၌ မိဘဖြစ်သူများသည် စောစီးစွာ ဆုံးပါးသွားလေသည်။ ဦးလေးဖြစ်သူ ရှိသော်လည်း ဆွေမျိုးဝေးပေသည်။ အတူ ထမင်းလက်ဆုံစားချိန်မှာ အားလပ်ရက်နှင့် နှစ်သစ်ကူးပွဲတော်မှသာ ဖြစ်သည်။ ယိုကျင့် လစ်လပ်ခဲ့သည့်အရာမှာ မိသားစု၏နွေးထွေးမှုသာ ဖြစ်ပေသည်။

ယခုဘ၀၌ သူမတွင် မိသားစု၀င်အများအပြား ရှိကာ ပြဿနာများသည်ဆိုသော်လည်း ထိုကလေးများ လမ်းစလျှောက်သည့်အရွယ်မှ အလိုက်သိပြီး ချစ်စရာကောင်းသော မိန်းမပျိုများ ဖြစ်သည်အထိ ကြီးပြင်းလာသည်ကို ကြည့်ရသည့် ပျော်ရွှင်မှုသည် သူမခံစားခဲ့ရသည့် ဒုက္ခများကို လှဲဖြိုနိုင်‌ပေသည်။ သူတို့အပေါ်၌ သူမ၏ချစ်ခြင်းမေတ္တာသည် အဆုံးအဆမဲ့ပေသည်။

……….

၀မ်ညန်သည် အပြင်ဘက်ရှိ ကောလာဟလများကို လျစ်လျူရှုကာ ယွဲ့အိမ်၏ အနောက်ခြံထဲသို့ ၀င်ရောက်လာခဲ့သည်။

ဆောင်းရာသီအလယ်တွင် အပြင်၌ ကြီးမားအေးစက်သည့် နှင်းမှုန်များ ကျဆင်းကာ လယ်သမားအများစုသည် အိမ်၌သာ ခိုအောင်းလျက် ရှိသည်။ အဘွားချန်ပြဿနာလာရှာသည့် အကြိမ်ရေ နည်းလာရခြင်းမှာ ရာသီဥတု အေးသောကြောင့်လည်း ဖြစ်နိုင်သည်။ ယိုကျင့်နှင့် ညီအစ်မများသည် အ၀တ်လျှော်ခြင်း၊ ထမင်းချက်ခြင်းကဲ့သို့ အိမ်မှုကိစ္စများကို ပြုလုပ်နေရဆဲဖြစ်သည်။

ချွေ့ဖုန်းမြစ်ရှိ ရေများသည် အေးခဲနေပြီဖြစ်သည်။ ဆောင်းရာသီ၌ လဲ၀တ်ရန် အ၀တ်အစားအနည်းငယ် ရှိပေသည်။ ရွာသားအများစုသည် ရေတွင်းဟောင်းမှာ ရေငင်ကာ လျှော်ဖွတ်ခြင်း၊ ချက်ပြုတ်ခြင်းများ ပြုလုပ်ကြသည်။

ယိုကျင့်နှင့် ယိုရင်သည် အ၀တ်များပြည့်နေ‌သော သစ်သားခြင်းတောင်းကို လွယ်ကာ အိမ်သို့ပြန်လာကြသည်။ တံခါးမမှ ၀င်ပြီးချင်းပင် အသံဖျော့ဖျော့ကို ကြားလိုက်ရ၍ ပင်မဆောင်မှ ထွက်လာသည် ၀မ်ညန်ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

“အယ် ဒီလောက်အေးနေတာကို ရှောင်စန်းနဲ့ ရှောင်စစ်တို့ ဘာလို့ အ၀တ်တွေလျှော်နေကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် အအေးမခံရဘူးလေ”

ယိုကျင့်နှင့်ယိုရင်သည် အ၀တ်ကောင်းများ ၀တ်ထားသည့် ၀မ်ညန်အား တစ်ချက်တည်းမော့ကြည့်ကာ အ၀တ်လှမ်းရန် ခြံ၏အနောက်ဖက်သို့ သွားကြလေသည်။

ယွဲ့မိသားစုသို့ ဝင်လာပြီးသည်နှင့် ၀မ်ညန်သည် ယွဲ့တာ့ဖူ လင်မယားဆီမှ မျက်နှာသာရရန် မနက်နှင့် ညနေပိုင်းများတွင် အပိုအလုပ်များ သွားလုပ်လေသည်။ သူမသည် အဘွားချန်အား ငွေလက်ကောက်တစ်စုံကို ကြိတ်မှိတ်ကာ ပေးလိုက်ပြီးနောက် အဘွားချန်သည် သူမအပေါ် ကောင်းကောင်း ဆက်ဆံလာပေသည်။ အခြားသူအား ကပ်ဖားတတ်သည့် အမျိုးသမီးချန်အနေနှင့် အကျိုးအမြတ် နည်းနည်းရသည်နှင့် တစ်ဦးနှင့်တစ်ဦး ညီအစ်မကောင်းများ ဖြစ်လာကြသည်။ ထိုသို့ဖြင့် ယွဲ့မိသားစု၌ ခြေကုပ်‌ယူနိုင်ပြီး ၀မ်ညန်ခံစားလာရသည်။

‌မမျှော်လင့်စွာပင် အမျိုးသမီးစုမွေးထားသော ထိုအောက်တန်းစားလေးများက သူမအား မခေါ်မပြောချင်ကြသည့်အပြင် မလေးမစား ပြုမူသေးသည်။ ပေါက်ကွဲထွက်တော့မည့် ဒေါသနှင့်အတူ ယိုကျင့်တို့နောက်သို့ လိုက်သွားလိုက်သည်။ “နင်တို့တွေ အခုချက်ချင်းရပ်စမ်း”

ယိုကျင့်သည် တကယ်ပင်ရပ်လိုက်ကာ ၀မ်ညန်အား အေးတိအေးစက် ကြည့်လိုက်သည်။ ယိုကျင့်၏အကြည့်များက သူမကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။ လက်ကိုဆန့်ထုတ်ကာ ဆွဲရိုက်လိုက်သော်လည်း အံ့ဩစွာ ယိုကျင့်သည် အမြန်ဖမ်းလိုက်သဖြင့် ရပ်တန့်သွားရသည်။ ယိုကျင့်သည် သူမ၏လက်ကို တွန်းထုတ်လိုက်သည်။

“ရှင့်လက်တွေကို ကျွန်မတို့အပေါ် မရွယ်တာ ပိုကောင်းမယ်။ ကိုယ့်ဘာသာနေစမ်းပါ။ ယွဲ့မိသားစု ဘယ်လောက်ရှုပ်ရှက်ခတ်ခဲ့တယ်ဆိုတာ အပြင်လူမသိစေနဲ့”

တစ်စုံတစ်ယောက်အား ရိုက်နှက်ချင်သည့် ၀မ်ညန်သည် ပြန်လည်ဆုံးမခံလိုက်ရသည့်အတွက် အတွေးမများနိုင်ပေ။ သူမ၏ မျက်နှာကို ဖြတ်ရိုက်သည်ဟုသာ ခံစားလိုက်ရသည်(အရှက်ခွံခံရတာ)။ ဆောင်းလေအေးကြောင့် နီရဲနေသည့် သူမ၏လက်ညှိုးဖြင့် ယိုကျင့်အား ညွှန်လိုက်သည်။ “နင် အောက်တန်းစားမ တစ်နေ့နေ့ကျ နင့်ကိုကောင်းကောင်း ပညာပေးရမယ်”

“ဘယ်သူက ဘယ်သူ့ကို ပညာပေးမလဲ စောင့်ကြည့်နေမယ်နော်” ယိုကျင့်၏မျက်၀န်းများသည် သူမအား ဖောက်ထွင်းကြည့်နေသလိုပင် ခံစားရသည်။ ယိုကျင့်သည် စိတ်အေးသွားရသည့် ခံစားချက်မှာ ရှင်းမပြနိုင်ပေ။ ၀မ်ညန်သည် အားနည်းသည်ဟု စိတ်ထဲ၌တွေးလိုက်သည်။ ဝမ်ညန်သည် သူမ၏ခက်ထန်မာကြောသော ပုံစံကိုထိန်းကာ အခန်းထဲသို့ သူမ၏လေးလံသည့်ကိုယ်ကို ဆွဲယူလာရပေသည်။

၀မ်ညန် အလျင်စလို ထွက်သွားသည်ကို ကြည့်ရင် ယိုရင် စိုးရိမ်လာမိသည်။

“စန်းကျဲ သူကအဖေ့ကို သွားတိုင်ရင် ဘယ်လိုလုပ်မလဲ” ယိုရင်သည် ယွဲ့ချန်လုအား နာကျည်းနေပေသည်။ အကယ်၍ ၀မ်ညန်သာ ယွဲ့ချန်လုကို တိုင်လိုက်ပါက ယိုကျင့်အရိုက်ခံရမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။

သို့သော်လည်း ၀မ်ညန် ခဏလေးနှင့် သရုပ်မှန် ပေါ်လာသည်ကို ကြည့်ကာ ယိုကျင့်သည် နှာခေါင်းရှုံ့မိလေသည်။ ယွဲ့ချန်လု၏ အပြုအမူများကြောင့် ၀မ်ညန်၏ ဟန်ဆောင်စွမ်းရည်မှာ မြင့်လောက်မည်ဟု ယိုကျင့် ထင်ထားခဲ့ပေသည်။ ၀မ်ညန်သည် အပြင်ပိုင်း သန်မာပုံပေါက်သည့် စက္ကူကျားရုပ်လေးသာ ဖြစ်ပေသည်။ ယိုကျင့်သည် ယိုရင်အား စိတ်သက်သာစေရန် တီးတိုးပြောလိုက်သည်။ “သူသွားတိုင်ရင် ငါလည်း ငါ့နည်းလမ်းနဲ့ငါ ရှိတယ်”

အစ်မဖြစ်သူ ပြောသည့်စကားကြောင့် ယိုရင်လည်း စိတ်လျှော့လိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် ခန္ဓာကိုယ်ရှိ နှင်းမှုန်များကို ခါကာ အနောက်ခြံထဲသို့ အ၀တ်လှန်းရန် သွားကြလေသည်။ ဆောင်းရာသီ၌ ယွဲ့မိသားစု၏ အ၀တ်များအားလုံးကို လျှော်ဖွပ်ကာ အနောက်ခြံထဲ၌ လှန်းကြလေသည်။ အပူပေးခုတင် ရှိ၍သာ ကံကောင်းသည်ဟုဆိုနိုင်သည်။ မဟုတ်လျှင် ဆောင်းတွင်း၌ အနောက်ခြံထဲတွင် နေထိုင်ခြင်းသည် မည်မျှခက်ခဲမည်ဆိုတာ တွေးပင်မတွေးရဲပေ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset