EYYJ အပိုင်း ၂၆

အပိုင်း (၂၆) ဝမ်ညန်အရှေ့တံခါးအဝင်

အမျိူးသမီးချန်နှင့် အတင်းပြောတတ်သည့်မိန်းမများသည် တလောကလုံးကို အသိပေးလိုက်တော့သည်။ သူမသည် ဒုတိယမိသားသုက နောက်မိန်းမတစ်ယောက်ကို လပ်ထက်မည့်သတင်းအား တလောကလုံးကို သိစေချင်နေလေသည်။ ယိုရင်သည် မည်မျှရိုးအသည်ဖြစ်စေ ရွာသားများက လက်ထပ်တော့မည့်ဇနီးအတွက် မင်္ဂလာခန်းမ ပြင်ဆင်ပေးသည်ကို မြင်ဖူးလေသည်။ ထို့ကိစ္စထက် ကြီးတော်က အခုလေးတင် ပြောလိုက်သေးသည်။

‘ နင့်အဖေက နောက်ထပ်အမေတစ်ယောက်ကို ခေါ်လာတောမှာ’တဲ့။

သူမကိုယ်သူမ မည်သို့ပင် လိမ်ညာပါစေ သူမကိုယ်တိုင် မယုံကြည်နိုင်တော့ပေ။ အနောက်ဆောင်သို့ ငိုယိုရင်း ချက်ချင်း အပြေးပြန်လာခဲ့တော့သည်။ တံခါးမှ မဝင်ခင် အခန်းထဲက ထွက်လာသည့် ယိုကျင့်နှင့် သွားတိုက်မိတော့သည်။

“ နင်ဘာလုပ်နေတာလဲ”

ယိုကျင့်သည် အပြင်မှ အမျိုးသမီးချန်၏ရယ်သံကို အလိုလိုကြားမိလိုက်၏။ ထို့ကြောင့် ယိုရင်ကို တားဖို့ ထွက်လာခြင်းပင်။

ယိုရင်သည် ထိုကိစ္စက လုံးဝဂရုမစိုက်ဘဲနေနိုင်ပါမည်နည်း။ သူမသည် ယိုကျင့်ကို ကြည့်လိုက်ချိန်၌ မျက်ရည်များ ကျပြီးဖြစ်လေသည်။

“ စန်းကျဲ အစ်မ သိပြီးသားလား၊ ဟုတ်လား”

ယိုကျင့်သည် တစ်နည်းနည်းဖြင့် ထိန်းမရဖြစ်နေသည့်ယိုရင်းကိုကြည့်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး

“ အင်း ဟိုနေ့ ပင်မဆောင်အပြင်ဖက်မှာ ယိုကျူးနဲ့ ကြားခဲ့တာ”

“ အဲနေ့တုန်းက ယိုကျူးက ညီမလေးကို အော်ခဲ့တာ မဆန်းပါဘူး၊ သူ ညီမလေးကို စိတ်ဆိုးတာလည်း မဆန်းဘူး”

ယိုရင်သည် ယိုကျင့်နှင့်ယိုကျူးတို့က သူမကို ဖုံးကွယ်ထားသည်ကို အပြစ်မမြင်ပေ။ ထိုအစား သူမအဖေပေါ် မျှော်လင့်ချက်ထားမိသည့် ကိုယ်တိုင်ကိုသာ အပြစ်တင်မိတော့သည်။ သူမက ယိုကျူးကို နားချချင်ခဲ့သည်တဲ့။ ဒါကြောင့် အဲနေ့က ယိုကျူး အရမ်းစိတ်ဆိုးသွားတာကိုး။

ယိုကျင့်သည် ကိုယ့်ဟာကိုယ် အလွန်အကျွံအပြစ်တင်ကာ ဝမ်းနည်းသဖြင့် အော်ငိုနေသည့် ယိုရင်ကို ခေါ်ဝင်လာခဲ့သည်။ သူမသည် အားနည်းကာ စိတ်ပျော့သော်လည်း ငယ်ငယ်လေးနှင့် ရင့်ကျက်ကာ စိတ်သဘောကောင်းသည့် ညီမဖြစ်သူအတွက် အလွန်စိတ်မကောင်း ဖြစ်ရလေသည်။ မျက်ရည်လည်ရွဲနှင့် ယိုရင်ကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပြီး

“ ယိုရင် ဒါက နင့်အမှားမဟုတ်ပါဘူး၊နင့်အမှားမဟုတ်ဘူး၊ ယွဲ့ချန်လုရဲ့အမှား၊ အမေနဲ့ နင့်ကိုလိမ်ခဲ့တာ သူပဲ ၊ သူ့အမှား၊ နင့်အမှားမဟုတ်ဘူး”

မျက်ရည်များနှင့် ယိုရင်သည် သူမကိုယ်သူမ အနည်းငယ်သံသယဖြစ်သွားတော့သည်။ သူမသည် မရေမရာသည့် အကြည့်ဖြင့် ယိုကျင့်ကို ငေးကြည့်လိုက်ပြီး

“ စန်းကျဲ အစ်မနဲ့ ရှောင်ဝူက ညီမလေးကို အပြစ်မတင်ဘူးလားဟင်”

“ အမ ညီမလေးကို အပြစ်မတင်ပါဘူး”

ယိုကျင့်၏နူးညံ့သည့်လေသံသည် သူမ၏နားထဲဝင်သွားပြီး လှုပ်ရှားနေသည့်နှလုံးသားကို အခိုက်အတန့် အေးချမ်းသွားစေတော့သည်။

“ မျက်ရည်တွေ မြန်မြန်သုတ်လိုက် အမေ မသိစေနဲ့ အမေက အခုကိုယ်ဝန်ကြီးနဲ့၊ သူ စိတ်လှုပ်ရှားလို့မရဘူး”

ဒါသည် ယိုကျင့်က အမျိုးသမီးစုကို အသိမပေးရဲရသည့် အကြောင်းအရင်းတစ်ခု ဖြစ်လေသည်။ အနှေးနှင့်အမြန် သိသွားမည်ဖြစ်သော်လည်း တစ်ရက်နောက်ကျမှသိလေ ပိုကောင်းလေပင်။

သို့သော် အနောက်ဆောင်၏ အတွင်းခန်းမှ ယိုကျင့်က အိပ်နေသည်ဟု ထင်ထားသည့် အမျိုးသမီးစုသည် အမျိုးသမီးချန်နှင့် သမီးဖြစ်သူများ စကားပြောနေသည်ကို ကြားလိုက်ရလေသည်။ သူမသည် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး အနည်းငယ် ကန်ကျောက်နေသည့်ဗိုက်ကို ကိုင်ကာ ငြိမ်သက်စွာ ငိုနေတော့သည်။ ထိုအခါကျမှ သည်ရက်ပိုင်းတွင် ယွဲ့ချန်လုက ရုတ်တရက် ဂရုစိုက်လာရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး နောက်ဆုံးတွင် သူ့အတွက် နှလုံးသားသည်လည်း လုံးဝသေဆုံးသွားတော့သည်။ ယွဲ့ချန်လုပေါ် စိတ်ကုန်ကာ အေးစက်သွားလျှင်တောင် သမီးဖြစ်သူများကို သူမအတွက် ထပ်ပြီး စိတ်မပူစေချင်တော့ပေ။ ဝမ်းနည်းမှုကို စိတ်ထဲတွင်သာ သည်းခံထားပြီး သူမ၏မောပန်းနေသည့်ဗိုက်ကို နှစ်သိမ့်လိုက်တော့သည်။

အနောက်ဆောင်တွင် သားအမိများသည် ကိုယ်စီအတွေးများနှင့် ရှိနေကြ၏။ သူတို့သည် အချင်းချင်း စိတ်မဆင်းရဲစေချင်ကြသော်လည်း လွတ်မြောက်ရန်က ခက်ခဲနေသေးသည်။ အားလုံး၏ မျက်နှာပေါ်တွင် ခါးသီးသည့်အပြုံးတစ်ခု ဆောင်ထားကြလေသည်။ စိတ်လှုပ်ရှားကာ ဝမ်းသာနေသည့်ယွဲ့ချန်လုနှင့် ယှဥ်လျှင် အနောက်ဆောင်မိသားစုဝင်များသည် ဝမ်းနည်းမှုတိမ်တိုက်ထဲတွင် နစ်မြုပ်နေကြတော့သည်။

***

ယိုရင်တို့ညီအစ်မများ ဘယ်လိုပင် ဝမ်းနည်းနေကြသော်လည်း ဝမ်ညန်အရှေ့တံခါးမှ ဝင်လာသည်ကိုတော့ မတားဆီးနိုင်ကြပေ။

ဒီဇင်ဘာ ၆ရက်နေ့တွင် ယွဲ့ချန်လုသည် နေကာမိုးကား မြည်းလှည်းတစ်စီးကို ငှားကာ မြို့တွင် ဝမ်ညန်ငှားနေသည့် ယိုယွင်းပျက်စီးနေသောအိမ်ထဲက ဝမ်ညန်ကို သွားကြိုလေတော့သည်။ ချွေ့ဖုန်းရွာသို့ ပြန်မလာမီ ဝမ်ညန်၏ပစ္စည်းများကို တစ်ခုမကျန် သိမ်းဆည်းခဲ့လေသည်။

မြည်းလှည်းသည် ယွဲ့အိမ်တော်၏တံခါးရှေ့တွင် ပုံမှန်ရပ်သွား၏။ သည်နေ့မှ နှင်းများကလည်း ထူထပ်နေသည်။ သို့တိုင် အတင်းပြောချင်ကြသည့် ရွာသားများ၏ စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ချေ။

ဟုတ်ပါသည်။ အမျိုးသမီးချန် ထုတ်ဖော်ကြေညာလိုက်ပြီးကတည်းက ချွေ့ဖုန်းရွာရှိ အသက် ၇၀အရွယ်မှာ လက်လျှောက်တတ်စ ၃နှစ်သားလေးအထိ သားမမွေးနိုင်သည့် ယွဲ့မိသားစု၏ ဒုတိယသားက နောက်ဇနီးတစ်ယောက်ကို လက်ထပ်တော့မည်ဖြစ်ကြောင်း သိကြလေသည်။

ယွဲ့ချန်လုက အရင်ဆုံး ခန်းဆီးစကို မလိုက်ပြီး မြည်းလှည်းပေါ်မှ ဆင်းလာ၏။ သည်နေ့ သူသည် အနီရင့်ရောင် ချည်သားဝတ်ရုံရှည်ကြီးကို တမင်ဝတ်ဆင်ထားပြီး ဂရုတစိုက် ပြင်ဆင်ထားလေသည်။ သူသည် ပျော်ရွှင်ကာ စိတ်ဓာတ်တက်ကြွနေလေ၏။ သူ၏ညှို့မှိုင်းသည့် အရောင်အဝါများက ပျောက်ကွယ်သွားပြီး ခါတိုင်းလို ကြောက်စရာကောင်းမနေချေ။

သူ လှည်းပေါ်က ဆင်းလာသည်ကို မြင်လိုက်သည်နှင့် စိတ်ထားကောင်းကြသည့်လူငယ်များက လာရောက် မြှောက်ပင့်ပြောဆိုကြတော့သည်။

“ ဒုတိယဦးလေးယွဲ့ သတို့သမီးကို ထွက်လာပြီး အားလုံးကို ပြဖို့ ပြောလိုက်ပါ”

“ အဟုတ်ပဲ ကျွန်တော်တို့အားလုံး ဒုတိယဦးလေးယွဲ့က မင်္ဂလာသကြားလုံး လက်ဆောင်ဝေမှာကို စောင့်နေကြတာ”

လူငယ်များသည် ယွဲ့ချန်လုကို တစ်ယောက်ပြီးတစ်ယောက် ပြုံးရွှင်ကာ စနောက်နေကြတော့သည်။

အပျော်လွန်နေသည့် ယွဲ့ချန်လုက အနည်းငယ်ဣန္ဒြေဆောင်လိုက်၏။ သို့သော် သူ့မကျေနပ်စိတ်များက သူ့နောက်မှ လှည်းပေါ်ကဆင်းလာသည့် ဝမ်ညန်ကြောင့် ချက်ချင်း သက်သာသွားတော့သည်။

“ အစ်ကိုကြီးယွဲ့ သူတို့တွေ ဒီကိုရောက်လာတာ ကျွန်မတို့ရဲ့ပျော်ရွှင်နေတာကို မျှဝေချင်လို့ပါ၊ ဒီနေ့က ကျွန်မတို့ရဲ့ပျော်စရာကောင်းတဲ့နေ့လေးလေ၊ ဒုတိယအစ်ကိုကြီးယွဲ့က ပိုပြီး ပျော်သင့်တာပေါ့”

သူမဆင်းလာသည်ကို မြင်လိုက်သဖြင့် ယွဲ့ချန်လုက မြန်မြန်လက်ကမ်းပေးလိုက်ကာ ယွဲ့မိသားစုအိမ်ဝင်းထဲအဝင် နှင်းများကြောင့် ချော်လဲမည်စိုးသဖြင့် သူမကို ဖြည်းဖြည်းချင်း တွဲသွားလိုက်တော့သည်။ စိတ်ဝင်စားမှုများသည် နိုးကြားတက်ကြွနေသည့် ရွာသားများကို ကြာကြာဆွဲမထားနိုင်ခဲ့ချေ။

သို့သော် အတင်းပြောရန် လာရောက်ကြည့်ရှုကြသည့် ရွာသားများသည် ဝမ်ညန်၏အသွင်အပြင်ကို မြင်လိုက်ပြီးနောက် ကျေနပ်သွားကာ ပြန်သွားတော့သည်။ နောက်ဆုံးတွင် နှင်းကျသည့်နေ့တစ်နေ့ပင်။ အပြင်ဘက်က အအေးဓာတ်ကို မည်သူက ဆန့်ကျင်ချင်ကြလိမ့်ပါမည်နည်း။

ရွာသားအချို့က ပခုံးချင်းယှဥ်ကာ လျှောက်ထွက်သွားတော့သည်။ သူတို့သည် လမ်းလျှောက်ရင်း တီးတိုးပြောလာကြလေသည်။

“ ဒီမိန်းမအသစ်က တကယ်ချောတာပဲ၊ ယွဲ့လောင်အာ့(ယွဲ့မိသားစုဒုတိယသား) ပြုစားခံလိုက်ရတာ မဆန်းပါဘူး”

ဝမ်ညန်သည် အခုမှ ၂၀ကျော်လေးသာ ရှိသေးသည်။ သူမသည် ချမ်းသာသည့်မိသားစုတစ်ခုတွင် အိမ်ဖော်တစ်ယောက်လုပ်ရင်း ကောင်းကောင်း ကြီးပြင်းလာခဲ့သည်။ သည်နှစ်အတွင်း သူမသည် အနည်းငယ် ဒုက္ခရောက်ခဲ့ရသော်လည်း ရွာခံလူများထက် အများကြီးသာလွန်လေသည်။ ထို့အပြင် သူမသည် ကြီးမားသည့်အနီရောင်အနွေးထည်တစ်ခုကို တမင်ဝတ်ဆင်ထားပြီး ဒီနေ့လက်ထပ်ပွဲအတွက် ကိုယ်တိုင် ပြင်ဆင်ခြယ်သထားလေသည်။ ချွေ့ဖုန်းရွာ၏ ညိုမဲသည့်မျက်နှာပိုင်ရှင် ရွာသားများကြားတွင် သူမ၏ရုပ်ရည်က ထူးထူးခြားခြား တောက်နေတော့သည်။

“ တကယ်ပဲ၊ မရီးစုရဲ့ ရွတ်တွနေတဲ့အသွင်ပြင်ကို စဥ်းစားလိုက်ရင် ဘယ်ယောက်ျားကမှ ဒီလိုမိန်းမအသစ်ကို ရွေးမှာ မဟုတ်ဘူး၊ မဟုတ်ဘူးလား”

အသုံးမကျသည့် လူဖျင်းလူရွယ်တစ်ယောက် ‘မင်းသိပါတယ်’ ဟူသည့်မျက်နှာထားဖြင့် သွားဖြီးပြလေသည်။

“ဖွီ အမွေးအတောင် မစုံသေးတဲ့ မင်းလိုလူညံ့က ဘာတွေစဥ်းစားနေတာလဲ”

အသက်လေးဆယ်အရွယ် အဒေါ်ကြီးတစ်ခုက လူတချို့ရှိရာဖက်သို့ တံတွေးထွေးလိုက်ကာ ပြောလိုက်လေသည်။

“ ယွဲ့လောင်အာ့ကရော ကောင်းတယ်လို့ နင်တို့က ထင်နေကြတာလား၊ အမျိုးသမီးစု လက်ထပ်စတုန်းကဆိုရင် သူ့လက်လေးတွေ ဘယ်လောက်လှလဲဆိုတာ နင်တို့ မသိပါဘူး၊ သူက ယွဲ့မိသားစုရဲ့ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတာလေ”

“ဟုတ်ပါ့၊ အခုမှ အမျိုးသမီးစု လက်ထပ်ခါစတုန်းက ပုံစံလေးကို ပြန်စဥ်းစားမိတယ်၊ သူက ဆယ်မိုင်အတွင်းက မြို့နယ်၈ခုထဲမှာ ကိုယ်ကျင့်တရားကော ရုပ်ရည်ရော ထိပ်တန်းပဲ၊ သူ့ဘဝလေး မကောင်းတာတော့ သနားစရာ၊ နှမြောဖို့ကောင်းလိုက်တာ”

နောက်ထပ်အဒေါ်ကြီးတစ်ယောက်က အမျိုးသမီးစု၏အတိတ်အကြောင်း ပြောလိုက်ချိန်တွင်တော့ သူမလည်း ထောက်ခံလိုက်လေသည်။

နှစ်ယောက်လုံးက ထိုအကြောင်းကို ပြောနေသဖြင့် လူရွယ်လေးက မသင်္ကာသလို မေးလိုက်တော့သည်။

“ အဲဒီမရီးစုက တစ်နှစ်လုံး အပြင်မထွက်ဘူးနော်၊ ကျွန်တော်က သူ့ကို ကြာကြာမှ တစ်ခါလောက်ပဲ တွေ့ရတယ်၊ သူက ကျွန်တော့်အဖွားလောက် ရှိပြီလို့ ထင်နေတာ၊ သူ ငယ်ငယ်တုန်းက လှသလား”

“ ဘာ နင့်အဘွားအရွယ်လဲ၊ ငါ မှတ်မိသလောက်ဆို အမျိုးသမီးစုက အခုမှ ၃၀စွန်းစွန်းပဲ ရှိအုံးမယ်၊ သူ့ကျန်းမာရေး မကောင်းလို့သာ နည်းနည်းရင့်နေတဲ့ပုံ ပေါက်တာ၊ ဒါပေမဲ့ သူငယ်ငယ်တုန်းကဆို ကျက်သရေရှိတဲ့ မျက်နှာလေးနဲ့လေ၊ နှမြောစရာ….”

ရွာသားများသည် စကားပြောရင်း ခြေလှမ်းကျဲများဖြင့် ထွက်သွားကြတော့သည်။ အချိန်တိုအတွင်း လေနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။ ခြံတံတိုင်းများဖြင့် ကြပ်ညှပ်စွာ ဝန်းရံထားသည့် ယွဲ့မိသားစုခြံဝင်းအတွင်းကိုတော့ ဝင်မလာနိုင်ချေ။

ယွဲ့မိသားစုခြံဝင်း၏ ပင်မဆောင်တွင်တော့ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည်လည်း သည်နေ့မှ ဝတ်ကောင်းစားလှဖြင့် ရှိနေကြ၏။ သူတို့သည် ဝမ်ညန်က လက်ဖက်ရည် လာကမ်းသည်ကို ခုတင်ပေါ်မှ ထိုင်စောင့်နေကြ၏။

ဝမ်ညန်သည် မည်သို့ပြုမူရမည်ကို အလိုလို သိလေသည်။ ရေခဲတမျှအေးစက်သည့် မြေကြီးပေါ်တွင် ၈လသားဗိုက်လေးနှင့် တွေဝေမနေဘဲ ဒူးထောက်လိုက်ပြီး ယွဲ့တာ့ဖူလင်မယားကို တလေးတစားဖြင့် လက်ဖက်ရည် ကမ်းလိုက်တော့သည်။

“ အဖေ အမေ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါရှင်”

ချွေးမအသစ်လေး ကမ်းပေးလိုက်သည့် လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် အဘွားချန်က ဝမ်ညန်အား အနီရောင်စာအိတ်ကို နှာခေါင်းရှုံ့ကာ ပေးလိုက်လေသည်။

“ အခု နင် ငါတို့ ယွဲ့မိသားစုအိမ်တံခါးကို ဝင်လာပြီဆိုတော့ နင့်ယောက်ျားကို ကောင်းကောင်း ပြုစုပြီး ငါ့ယွဲ့မိသားစုအတွက် မျိုးဆက်တွေ ပွားများအောင် လုပ်ပေးရမယ်”

“ဟုတ်ကဲ့ပါ ဝမ်ညန် အဖေနဲ့အမေကို ရိုသေလေးစားပြီး ဒုတိယအစ်ကိုကြီးယွဲ့ အစ်မကြီးစုကိုလည်း ကောင်းကောင်း လုပ်ကျွေးပြုစုပါမယ်၊ ဝမ်ညန် အမှားတစ်ခုခုလုပ်ခဲ့မိရင် ကျေးဇူးပြုပြီး သင်ကြားပေးပါရှင်”

ဝမ်ညန်သည် ရိုရိုသေသေဖြင့် ဦးချကန်တော့လိုက်လေသည်။ အံကြိတ်ထားရင်း ယွဲ့တာ့ဖူ ခေါင်းအညိတ်ကို စောင့်နေလိုက်ပြီးမှ ယွဲ့ချန်လု၏ အကူအညီဖြင့် အနည်းငယ် ယိမ်းထိုးကာ မတ်တတ်ရပ်လိုက်၏။

သည်နေ့သည် ဝမ်ညန်က အိမ်တံခါးသို့ ဝင်လာသည့်နေ့ဖြစ်သည်။ မြို့တွင် အလုပ်လုပ်နေသည့် ယွဲ့ချန်ဖူက အချိန်ပေးပြီး ခယ်မအသစ်လေးကို ပြန်လာတွေ့လေသည်။ သို့သော် မြို့နှင့်အဝေးတွင်နေသည့် ယွဲ့ချန်ရှို့မှာ နှစ်သစ်ကူးနီးလာသဖြင့် ဆိုင်တွင် အလုပ်များနေတော့သည်။ သူက ချည်သားပိတ်တစ်အုပ်ကို လက်ဆောင်အဖြစ် ပို့ပေးလိုက်၏။ တတိယမိသားစုကတော့ ပြန်မလာခဲ့ချေ။

ပထမမိသားစုကို တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဝမ်ညန်က ယွဲ့ချန်လုကို ပြုံးကာ ပြောလိုက်၏။

“ ဒုတိယအစ်ကိုကြီး ကျွန်မ ယွဲ့အိမ်ကို ဒီနေ့မှဝင်လာတာဆိုတော့လေ အစ်မကြီးစုကို လက်ဖက်ရည်မကမ်းရသေးဘူး”

ခုတင်ပေါ်တွင် အမြဲတမ်းလဲလျောင်းနေသည့် အမျိုးသမီးစုကို ထုတ်ပြောလိုက်သည်တွင် ယွဲ့ချန်လု၏ တောက်ပနေသည့်မျက်နှာသည် ဖျတ်ခနဲရွံစရာကောင်းသလို ဖြစ်သွားတော့သည်။ သို့တိုင် သူသည် ဝမ်ညန်၏လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး လွှတ်ပေးဖို့ စိတ်ကူးမရှိချေ။

“ သူ့ကို ယွဲ့မိသားစုက ဝယ်ထားတာလေ၊ သူက ညီမ ဘယ်လိုယှဥ်လို့ရမှာလဲ၊ လက်ဖက်ရည် ကမ်းရမယ်ဆိုရင် သူကပဲ လာပြီး ညီမကို ကမ်းပေးရမှာ”

ယွဲ့ချန်လု၏ဘက်လိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် ဝမ်ညန် ကျေနပ်စွာ ပြုံးလိုက်လေသည်။ ထိုအချိန်အထိ သူမသည် အပေါ်ယံတွင် ချိုသာစွာ ပြောဆိုနေဆဲ။

“ ဘာပဲဖြစ်ဖြစ်လေ အစ်မကြီးစုက ဒုတိယအစ်ကိုကြီးကို အလုပ်အကျွေးပြုလာတာ ဆယ်နှစ်ကျော်ပြီ၊ အရင်ရောက်တဲ့သူက အရင်လေးစားခံရသင့်တာပေါ့ မဟုတ်ဘူးလား၊ ဒုတိယအစ်ကိုကြီးရယ် ကျေးဇူးပြုပြီး အစ်မကြီးစုကို နှုတ်ဆက်လို့ရအောင် ခေါ်သွားပေးပါနော်၊ မဟုတ်ရင် အပြင်ကလူတွေ သိသွားပြီး ကျွန်မက မသိတတ်ဘူးလို့ ပြောကြလိမ့်မယ်”

အလွန်သိတတ်သည့် သူမကို ကြည့်ရင်း သူမ၏ခန္ဓာကိုယ်ကိုသာ အပြည့်အဝ စိတ်ဝင်စားနေသည့် ယွဲ့ချန်လု၏ စိတ်တို့သည် သူမထံ အပြီးတိုင်ရောက်သွားတော့သည်။ သူမကိုတွဲကာ ပင်မဆောင်မှ ထွက်လာခဲ့ပြီးနောက် ထူထပ်နေသည့်နှင်းများကို ဖြတ်ကာ အနောက်ဆောင်တံခါးဆီသို့ လျှောက်လာကြလေသည်။

သည်နှစ်ဆောင်းသည် အရင်နှစ်များထက် ပိုအေးလေသည်။ ဆောင်းတွင်းအတွက် အဝတ်အစားများများ စားစား မရှိဘဲ ရာသီဥတုကလည်း အေးသဖြင့် ယိုကျင့်နှင့်ညီအစ်မများသည် တတ်နိုင်သမျှ အပြင်မထွက်ကြချေ။ သူတို့အားလုံး အနောက်ဆောင်၏ ခုတင်ပေါ်တွင် ပုန်းကွယ်နေကြ၏။

ယိုကျင့်နှင့် ယိုကျူးတို့သည် သည်နေ့ ဝမ်ညန် အိမ်သို့ ဝင်လာမည်မှန်း သိထားကြလေသည်။ တံခါးအပြင်ဘက် လှုပ်ရှားမှုကို ကြားလိုက်ရချိန်၌ ယိုကျူးက ယိုကျင့်ကို စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ပြီး

“ စန်းကျဲ”

ယိုကျင့်က အသာအယာ ခေါင်းခါပြလိုက်၏။ ဒီအချိန်မှတော့ စိုးရိမ်နေလို့ ဘာအသုံးဝင်မှာလဲ။ ဒီနေ့က ယွဲ့ချန်လုရဲ့ အရမ်းပျော်ရတဲ့နေ့လေ။ သူတို့တွေ တစ်ခုခု လုပ်ရဲလုပ်ကြည့်ပါလား၊ ယွဲ့ချန်လုရဲ့ စိတ်ဆိုးမာန်ဆိုးနဲ့ ထစ်ခနဲ ဒေါသထွက်တတ်တဲ့အကျင့်ကြောင်း တစ်ခုခု ဖြစ်သွားလိမ့်မယ်။

ယွဲ့ချန်လုက တွဲထားပြီး ဝမ်ညန်သည် အနောက်ဆောင်သို့ ဝင်လာခဲ့လေသည်။ အခန်းထဲတွင် စုတ်တီးစုတ်ပြတ် ဝတ်စားထားသည့် မိန်းကလေးငယ်များ တန်းစီနေကြပြီး သူမကို တစ်ပြိုင်ထဲ ကြည့်လိုက်သည့်မြင်ကွင်းက သူမမျက်လုံးထဲ ဝင်လာ၏။ ထို့နောက် ယိုယွင်းနေသည့် အနောက်ဆောင်ကို သေသေချာချာ ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် စက်ဆုပ်ဖွယ်ခံစားချက် ဖျတ်ခနဲ ပေါ်လာတော့သည်။ သို့သော် မျက်နှာပေါ်တွင်တော့ သိမ်မွေ့သည့်အပြုံးတစ်ခုကို ဆောင်ထားဆဲ။

“ ဒီကလေးလေးတွေလား”

ယွဲ့ချန်လုသည် သစ်သားရုပ်သေးရုပ်လေးများလို ရပ်ကာ သူတို့ကို ခပ်စိမ်းစိမ်းကြည့်နေသည့် ဆင်းရဲမွဲတေနေသည့် ကောင်မလေးများကို ကြည့်လိုက်ပြီး

“အခုအထိ အမေလို့ မခေါ်သေးဘူးလား”

သို့သော် ကောင်မလေးများသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားကြလေသည်။ သူတို့ တစ်ယောက်စီသည် ယွဲ့ချန်လုနှင့် ဝမ်ညန်ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်နေကြလေသည်။ သူတို့ကို အသေကိုက်သတ်ချင်စိတ်များ ဖြစ်နေ၏။ သူတို့မှာ ဘယ်လိုများ တစ်ဖက်လူလို ထိုသို့ လိုလိုချင်ချင် ခေါ်ချင်ပါမည်နည်း။

ယွဲ့ချန်လုက ပေါက်ကွဲတော့မည့်ဆဲဆဲ ဝမ်ညန်၏နူးညံ့သည့်လက်လေးက သူ့ကို ဆွဲလိုက်လေသည်။

“ဒုတိယအကို အခုမှ ကျွန်မတို့ ပထမဆုံးတွေ့ကြတာလေ၊ အစ်ကို့ကလေးတွေကလည်း ကျွန်မကလေးတွေပါပဲ၊ နောက်မှ ကျွန်မ သူတို့ကို ဖြည်းဖြည်းချင်းသင်ပေးလိုက်ပါမယ်။ အစ်ကို ကျွန်မကို အရင်ဆုံး အစ်မကြီးစု ဆီခေါ်သွားပေးပါလား”

အစပိုင်းတွင် ယွဲ့ချန်လုသည် သူ့ချစ်သူရှေ့တွင် မျက်နှာပျက်ရအောင်လုပ်သည့် ဆန်ကုန်မြေလေးများကို ဒေါသထွက်နေတော့သည်။ ထိုအရှက်ရသည့်စိတ်က ဝမ်ညန်၏ သိမ်မွေ့ကာ သိတတ်မှုကြောင့် မကြာခင်မှာပင် တည်ငြိမ်သွားတော့သည်။ ဝမ်ညန်ရဲ့လက်ကို လှည့်ကိုင်လိုက်ပြီး

“ အင်း အစ်ကို ညီမ စကားကို နားထောင်မယ်”

ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်ညန်ကို ဖက်ကာ အမျိုးသမီးစုရှိရာ အတွင်းခန်းသို့ ဝင်သွားလိုက်တော့သည်။ အတွင်းသို့ မဝင်ခင် နောက်မှလိုက်ဝင်လာချင်နေကြသည့် ယိုကျင့်တို့ ညီအစ်မကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး သူတို့ရှေ့မှာပင် တံခါးကို အသေပိတ်လိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset