EYYJ အပိုင်း ၂၁

အပိုင်း (၂၁) ဈေးထဲသို့ သွားရောက်ခြင်း(၁)

အဘွားချန်နှင့် အခြားလူများသည် နှစ်ဆယ့်ခြောက်ရက်မြောက်နေ့၌ ဈေးထဲသို့ သွားရောက်မည် ဖြစ်သည့်အတွက် ယိုကျင့်သည်လည်း သေချာပေါက် သွားရမည်ဖြစ်သည်။ သို့သော် ယိုကျင့်သည် အဘွားချန်တို့ထက် စောစောသွားကာ စောစောပြန်လာရမည်။ လူကြီးများ မရှိသည့် နှစ်ရက်တာကို အခွင့်အရေးယူကာ သူမသည် လူသူအသွားနည်းသည့် တောင်အတွင်းပိုင်းသို့ တစ်‌ယောက်တည်းသွားကာ ကြိုးများဖြင့် ထောင်ချောက်ချထားလိုက်သည်။ အမျိုးသမီးစုသည် သူမအတွက် အိတ်တစ်လုံး ချုပ်လုပ်ပေးလိုက်သည်။ ယိုကျင့်သည် ထိုမီးကျွမ်းထားသော ယုန်မွေးများဖြင့် ချုပ်ထားသော ကြီးမားသည့် အကြမ်းထည်အိတ်ကြီးကို လွယ်ထားလေသည်။

ဗလာဖြစ်နေသော ကြိမ်ခြင်းကို နောက်၌လွယ်ကာ ဝါးလုံးတစ်ချောင်းဖြင့် လမ်းတစ်လျှောက် ရှင်းလင်းလာလေသည်။ လမ်းတစ်လျှောက်၌ သူမချခဲ့သော ထောင်ချောက်များကို တစ်ခုပြီးတစ်ခု ရှာလိုက်သည်။ တောကြက်အသိုက်တစ်ခု၌ ဥများစွာကို ရှာတွေ့လေသည်။ အကျိုးရှိသည့် အမဲလိုက်ခြင်းပင် ဖြစ်ပေသည်။

မနေ့က ချထားသော ထောင်ချောက်အဆုံးသို့ မရောက်ခင်၌ တောင်ပံခတ်သံအချို့ကို သူမကြားလိုက်သည်။ သူမသည် ရုတ်တရက် အားအင်ပြည့်လာလေသည်။

“ဖမ်းမိပြီကွ” လူသုံးယောက်စာရှိသည့် သစ်မာပင်ကြီး၌ အမွှေးအရောင် စုံလင်နေသော တောင်ပံအား တဖျက်ဖျက်ခတ်ကာ ခြေထောက်ရှိ ကြိုးထုံးကို ဖြည်ရန်ကြိုးပမ်းနေလေသည်။ သို့သော် ကြိုးထုံးသည် ယိုကျင့်ရောက်လာသည်အထိ မပြေသေးပေ။

အကောင်ကြီးမှန်း သိလိုက်ရသောအခါ ယိုကျင့်၏မျက်၀န်းသည် အံ့ဩမှုများဖြင့် လင်းဖြာနေလေသည်။ တောကြက်လွတ်ခါနီး၌ သူမသည် အမြန်ဖမ်းယူလိုက်ကာ နွယ်ကြီးတစ်ခုဖြင့် ရစ်ပတ်ပြီး ဖမ်းချုပ်ထားလိုက်သည်။ ထို့နောက် သုံးလေးကျင်းရှိသည့် ကြက်ကြီးအား ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ကာ မနေ့ကထောင်ခဲ့သော အခြားထောင်ချောက်များကို ကြည့်ရန် ထွက်လာခဲ့သည်။

ယနေ့ အမဲလိုက်ရသည်မှာ ကံကောင်းလှပေသည်။ သူမသည် ကြိုးထုံးဆယ့်သုံးခု ချခဲ့လေရာ တောကြက်လေးကောင်နှင့် ယုန်နှစ်ကောင်ရခဲ့ပေသည်။ ရစ်ငှက်နှင့် ယုန်အသေးများကြောင့် ခြင်းပြည့်သွားပေသည်။ ယိုကျင့်သည် သီးချင်းသည်းရင်း လျှောက်လာကာ လှောင်အိမ်အသေးလေးကို တွေ့လိုက်သည်။

ရစ်ငှက်နှင့် ယုန်များကို အမျိုးသမီးစု ချုပ်ပေးခဲ့သည့် အိတ်ထဲသို့ထည့်ကာ သားကောင်များကို လှောင်ချိုင့်ထဲသို့ ထည့်လိုက်သည်။ အဆုံးသတ်၌ သစ်ကိုင်းများနှင့် အရွက်ကြီးများကိုချိုးယူကာ လှောင်ချိုင့်၌ ဖုံးလိုက်လေသည်။ အပြင်မှကြည့်၍ မမြင်ရကြောင်း သေချာသည်နှင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ထို့နောက် လက်ကိုအသာအယာခါချကာ ၀က်စာစုပြီး အိမ်သို့ပြန်လိုက်သည်။

မိသားစုအား ယွဲ့မိသားစုမှ ထွက်ခွာမည့် ယိုကျင့်၏ဆန္ဒသည် ညီမများကြား၌ပင် လျှို့ဝှက်ထားခဲ့သည်။ အစ်မဖြစ်သူသည် တောင်ပေါ်သို့ ပစ္စည်းများရှာကာ ငွေနှင့် လဲလှယ်မည်ဖြစ်ကြောင်း အကုန်သိကြလေသည်။ ထို့ကြောင့် ညီအစ်မများသည် တံခါးရှေ့၌ တန်းစီထိုင်နေကြကာ အပြင်ဘက်သို့ မော့ကြည့်နေကြလေသည်။ ခြံတံခါးဖွင့်သံကြားသည်နှင့် အကုန်လုံး စုံပြုံလာကြလေသည်။ “စန်းကျဲ”

ယိုကျူးသည် အလျင်စလို မေးလိုက်သည်။

“အစ်မ ဘယ်လိုလဲ” ယိုကျူးသည် ပါးစပ်သွက်သော်လည်း ပြောသင့်သည်နှင့် မပြောသင့်သည်ကို သိသေးသည်။ အဘိုးအဘွားများသည် ပင်မဆောင်၌ ရှိနေကာ အဒေါ်ကြီးနှင့် ၀မ်းကွဲအစ်မကြီးတို့သည် အရှေ့ခြံ၌ သူမတို့အား စောင့်ကြည့်နေကြသေးသည်။

သူမသည် ပြုံးလိုက်ကာ လက်ဆန့်ပြီး အနောက်ရှိခြင်းထဲသို့ နှိုက်ကာ ထုတ်ပိုးထားသည့် သစ်ရွက်ကို ထုတ်လိုက်သည်။ ဖွင့်လိုက်သောအခါ တည်သီးအခိုင်လိုက် ထွက်ပေါ်လာလေသည်။ ညီမများကို ခွဲဝေပေးကာ တဖွဖွ ပြောလေသည်။ “ထပ်ရှိသေးတယ် မပူနဲ့”

ယိုကျင့်၏အပြောကြောင့် အကြောင်းအရာအစုံ သိသည့် ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် စိတ်အေးသက်သာစွာ ပြုံးလိုက်သည်။ အပူပင်ကင်းသည့် ယိုလင်၊ ယိုလော့နှင့် ယိုချောင်တို့မှာ အပျော်များဖြင့် ပြည့်နှက်နေလေသည်။ သို့သော် ဒုတိယမိသားစုလေး၏ အပျော်သည် မကြာရှည်လိုက်ပါချေ။ ရေအိမ်တက်ပြီး ပြန်လာခဲ့သော မြို့ကြီးသူလို ဟန်ဆောင်နေသည့် ယွဲ့ယိုထင်သည် မျက်မှောင်ကျုံ့ရင်း ပျော့ပျောင်းသည့် ချည်ထည်အင်္ကျီများ၀တ်ကာ လက်ကိုင်ပဝါလေးကာရင်း ကနွဲ့ကလျဖြင့် လျှောက်လာခဲ့သည်။

ဒုတိယမိသားစုမှ ကလေးများ ဆူညံနေကြ၍ ပျော်စရာတစ်ခုခုရှိမည်ဟု ထင်ခဲ့သည်။ ထိုအရာမှာ တည်သီးမှန်း သိလိုက်ရသောကြောင့် မျက်လုံးလှိမ့်ကာ ခနဲ့လိုက်သည်။

“တကယ်ပါပဲ။ လောကကြီးအကြောင်း မသိသေးတဲ့ လူတွေပဲ။ တည်သီးလေးအတွက်နဲ့ အဲ့လောက် ပျော်နေရလား။ အပြင်ထွက်ရင် ငါတို့ယွဲ့မိသားစုကလို့ မပြောနဲ့ မျက်နှာပျက်တယ်”

အပျော်များဖြင့် ပြည့်နှက်နေသည့် ညီအစ်မများသည် အစ်မကြီးဖြစ်သူ၏ ရှုတ်ချသော စကားကြောင့် ခေါင်းငုံ့ကာ ပြန်မပြောရဲကြချေ။ ယိုကျင့်သည် ထိုသို့ ပြောသူမှာ ယိုထင်ဖြစ်ကြောင်း သိသည်နှင့် သူမ၏အပြုံးမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းမျှ ပျောက်ကွယ်သွားလေပြီဖြစ်သည်။ ယိုထင်အား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်မတို့အကုန်လုံးက လောကကြီးအကြောင်း မသိသေးတဲ့ ကျေးလက်က မိန်းကလေးတွေပဲလေ။ သာ့ကျဲ ပညာသင်သားမိသားစုရဲ့ အကြီးဆုံးသခင်မလေးအနေနဲ့ ကျွန်မတို့နဲ့ စကားမပြောတာ ကောင်းပါတယ်။ အစ်မပါးစပ်တွေ နံဟောင်နေလိမ့်မယ်။ မဟုတ်ဘူးလား” ထို့နောက် ယိုကျင့်သည် ထူးဆန်းစွာ ပြုံးလိုက်သည်။

“အစ်မက ဒီနေ့လှလှပပ ၀တ်လာတာပဲ။ ကြွက်စုတ်လို၀တ်ထားတဲ့ ညီမတို့နဲ့ ဘယ်တူပါ့မလဲ။ ဒါနဲ့ ယင်ကောင်တွေ ပိုးဟပ်တွေ အစ်မပေါ် ခုန်တက်သွားရင် ညီမတို့ကို အပြစ်မပြောနဲ့နော်”

ယိုကျင့်၏ စကားများကြောင့် သူမသည် အညစ်အကြေးတစ်ခုကို ထိမိသကဲ့သို့ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ရင်း “အောက်တန်းစားတွေ” ဟု ဆဲဆိုရန်လည်း မမေ့ခဲ့ချေ။ ထို့နောက် ကိုယ့်ကိုကိုယ် တွန်းအားပေးကာ ယိုကျင့်၏ ရေခဲတမျှ အေးစက်သည့် အကြည့်များကို အာခံရင်း ဆိုလိုက်သည်။

“နင်တို့လို အဆင့်နိမ့်တဲ့လူတွေနဲ့ ပတ်သက်ရမှာတောင် ပျင်းသေးတယ် ဟမ့်” ထို့နောက် သူမ၏တင်ပါးကို လှုပ်လီလှုပ်လဲ့ဖြင့် အရှေ့ခြံထဲမှ ပြန်သွားတော့သည်။

အနိုင်မရသည့်ကြက်ဖက အမောက်ထောင်သကဲ့သို့ ပြုမူပြနေသည့် သူမ၏အပြုအမူကြောင့် ယိုကျင့်သည် မရယ်ဘဲ မနေနိုင်ချေ။ ယွဲ့ယိုထင်သည် သူမကိုယ်သူမ အရာထမ်းမိသားစု၏ သခင်မလေးအဖြစ် ထင်မှတ်နေသည်ပင်။ ထိုသို့ မဖြစ်သေးသော်လည်း သူမ၏ခေါင်းထဲ၌ ထိုအတွေးများနှင့် ပြည့်‌နှက်နေပေသည်။ ယိုထင်၏အစ်ကိုနှစ်ယောက်သာ ကံကောင်း၍ ရာထူးအာဏာ ရရှိပါက မိုးပေါ်မြှောက်တင်ပေးသကဲ့သို့ မော်ကြွားနေလိမ့်မည်။

ညီမဖြစ်သူများကို အနောက်ခြံ၀န်းထဲသို့ ခေါ်သွားပြီးနောက် အမျိုးသမီးစုအား ယနေ့ အဖြစ်အပျက်များကို ရှင်းပြကာ ညီမများအား သေချာမှာကြားလိုက်သည်။

“နောက်တစ်နေ့ကျ တောကြက်တွေနဲ့ ဖမ်းမိထားတဲ့ သားကောင်အသေးတွေကို ရောင်းဖို့ အစ်မမြို့ထဲကို သွားရမယ်။ အဲဒါတွေနဲ့ ငွေနည်းနည်းတော့ ရမှာပါ။ မင်းတို့တွေ အိမ်မှာနေခဲ့။ တကယ်လို့ အဘွားနဲ့အဒေါ်တို့ အိမ်ကိုစောစောပြန်ရောက်ခဲ့ရင် ယိုကျူးက အစ်မကို ချွေ့ဖုန်းတောင်ခြေနားက သစ်ပင်မှာ စောင့်နေနော်။ နားလည်လား”

အရာအားလုံးအား အလျဉ်းသင့်သလို စီစဉ်ပြီး နောက်နေ့၌ ယိုကျင့်သည် ရစ်ငှက်နှင့်ယုန်ပေါက်များ ဖမ်းရန် တောင်ပေါ်သို့ တက်ခဲ့သည်။ ယခုနှစ်များတွင် ချွေ့ဖုန်းတောင်၌ တောလိုက်မည့်သူများ မရှိခြင်းကြောင့် ထိုတောရိုင်းကောင်လေးများသည် လူသိပ်မကြောက်ကြပေ။ ထို့အတွက် ယိုကျင့်၏ထောင်ချောက်၌ အလွယ်တကူ ဖမ်းမိကြလေသည်။ ယိုကျင့်သည် ယနေ့ဖမ်းမိသော အကောင်များကို သိမ်းကာ မနေ့က သိမ်းခဲ့သည့်နေရာ၌ ဝှက်ခဲ့သည်။ မနက်ဖြန်မနက် ဈေးထဲသို့ သွားရောင်းရန်အတွက် စောင့်ဆိုင်းရန်သာ လိုတော့သည်။

…….

ဒုတိယမြောက်နေ့၏ မနက်အစောပိုင်း၌ ယိုကျင့်သည် အမျိုးသမီးစု ချုပ်ပေးထားသည့် အ၀တ်များကို အရင်၀တ်ကာ သူမ၀တ်နေကျ အ၀တ်အစားများအား အပေါ်မှ ထပ်လိုက်သည်။ သူမ၏ပုံသည် ဖောင်းပွပွဖြစ်နေသော်လည်း ဆောင်းတွင်၀င်၍ ရာသီဥတုအေးသောကြောင့် မည်သူမျှ သံသယမ၀င်ကြချေ။

ယိုကျင့်သည် အဘွားချန်တို့ရှေ့မှဖြတ်ကာ တောင်ပေါ်သို့ တည့်မတ်စွာ ဦးတည်သွားလေသည်။ အဘွားချန်နှင့် အိမ်ရှိလူများသည် ဈေး၌ ရောင်းရမည့် ကုန်ပစ္စည်းများကို ထုတ်ပိုးနေရသည့်အတွက် ယိုကျင့်၏ ထူးဆန်းမှုကို သတိမမူမိကြချေ။

ချွေ့ဖုန်း‌တောင်သို့သွားကာ သူမဝှက်ထားသည့် သားကောင်များကို ရှာလိုက်သည်။ ရှေးဦးစွာ သူမ၏ အ၀တ်များကို အတွင်းအပြင် လှယ်၀တ်လိုက်ပြီး တစ်ရက်နှစ်ရက်ကြာပြီဖြစ်သော တောကြက်နှင့် ရစ်ငှက်များကို ယူလာသည့် အိတ်အကြီးထဲ၌ထည့်ကာ ထိုလေးလံသည့်အိတ်ကို ကျော၌ လွယ်လိုက်သည်။ သူမသည် ချွေ့ဖုန်းတောင်ကို ပတ်ကာ ထိုတောင်၏အစွန်းထိလျှောက်ကာ လမ်းမကြီးပေါ်သို့ သွားရမည်ဖြစ်သည်။

မနက်အစော၌ တောင်ပေါ်ရှိ သစ်ကိုင်းများသည် မြူမှုန်များဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ကျောပေါ်ရှိ လေးလံကြီးမားသော အိတ်ကြီးကြောင့် ထိုကျဉ်းမြောင်းမတ်စောက်သည့် လမ်းကို တက်ရန် အခက်တွေ့နေလေသည်။ ယခင်က ထိုလမ်းမှ သွားဖူးသောကြောင့် ထိုလမ်းအတိုင်းသွားပါက တောင်၏တောင်ဘက်သို့ ရောက်မည်ဖြစ်ကြောင်း သိလေသည်။ နာရီ၀က်ကျော်ကြာပြီးနောက် ရွာငယ်လေး၏ တစ်ဖက်ခြမ်းရှိ လမ်းမကြီးပေါ်သို့ ရောက်ရှိလာပေသည်။ ထိုနေရာ၌ ခရီးသည်များအား ဈေး‌ပွဲတော်နေ့အတွက် လျှို့ထန်မြို့သို့ ပို့ဆောင်ရန် နွားလှည်းများရှိလေရာ တစ်ဦးကို ဒင်္ဂါးတပြား ကျသင့်မည်ဖြစ်သည်။

ယိုကျင့်သည် အချိန်စောထွက်လာခဲ့ရာ ချွေ့ဖုန်းရွာမှထွက်ကာ တောင်၏အရှေ့ဘက်ခြမ်းသို့ ရောက်ချိန်၌ မိုးသောက်ချိန်ရောက်နေပြီ ဖြစ်သည်။ သူမသည် လမ်းမကြီးပေါ်သို့ ရောက်ချိန်၌ နေမင်းသည် တ၀က်မျှ ပေါ်ထွက်နေလေပြီ။ အရှေ့ဘက်တောင်ကုန်းမှ ထိုမြင်ကွင်းကိုကြည့်လျှင် လောကကြီးသည် အသက်၀င်နေသယောင် ခံစားရပေသည်။

လမ်းမကြီးသို့ ရောက်သည်နှင့် လှည်းတစ်စီးမောင်းလာသည်ကို မြင်သောကြောင့် ယိုကျင့်သည် အမြန်လက်ပြ တားလိုက်ရ၏။ “ဦးလေး ကျွန်တော်လျှို့ထန်မြို့ကို သွားချင်လို့”

လှည်းသမားသည် ခေါ်သံကြားသောကြောင့် နွားလှည်းအား ဖြည်းညင်းစွာရပ်ရင်း ဇဝေဇဝါဖြစ်နေ၏။ ထို့နောက် ဖွံ့ဖြိုးဆဲကောင်လေးအား မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်လေသည်။ “ကောင်လေး ငါ့လှည်းကို စီးဖို့က ပိုက်ဆံလိုတယ်နော် မင်းမှာရှိလို့လား”

ယိုကျင့်သည် သူမ၏ကိုယ်ပေါ်၌ ဟိုရှာဒီရှာလုပ်ပြီးနောက် ဒင်္ဂါးတစ်ပြားကို ထိုဦးလေးအား ပေးလိုက်သည်။

“ကျွန်တော့်မှာ ပါတယ်” ထိုကလေး၌ ပိုက်ဆံရှိ၍ လှည်းသမားသည် ပျော်ရွှင်စွာပင် တက်ခွင့်ပေးလိုက်သည်။ ထိုအချိန်၌ လှည်းပေါ်တွင် အမျိုးသမီးနှစ်ဦးရှိလေရာ ယိုကျင့် လှည်းပေါ်တက်လာသည်ကို မြင်သည်နှင့် သူမအတွက် နေရာဖယ်ပေးလိုက်ကြသည်။

ယိုကျင့်သည် အပြုံးဖြင့် ကျေးဇူးတင်ကြောင်းပြကာ ထိုင်လိုက်သည်။ လှည်းသည်လည်း လုထန်မြို့သို့ ခရီးနှင်လေပြီ။

လှည်းထဲရှိ အမျိုးသမီးတစ်ဦးသည် ယိုကျင့်အား အပေါ်အောက် စုံဆန်ကြည့်ကာ နောက်ကျောရှိ အိတ်ကြီးကို သတိထားမိ၍ အပြုံးချိုချိုလေးဖြင့် မေးလိုက်သည်။ “ကလေး မင်းမိသားစုက လူကြီးတွေက ဘယ်လိုလူတွေပါလိမ့်။ မင်းလို ဖွံ့ဖြိုးစကလေးတွေက အိမ်မှာ အေးဆေးနားရမဲ့ဟာကို ဈေးကို တစ်ယောက်တည်းလွတ်လိုက်တာလား”

“ကျွန်တော့်အဖေက ချွေ့ဖုန်းတောင်ပေါ်က အမဲလိုက်တဲ့လူလေ။ အမေဆေးဖိုးရအောင်လို့ အဖေပစ္စည်းကောင်းကောင်းလေးရတိုင်း မြို့ထဲကဈေးမှာ လာရောင်းရတာပါ” ယိုကျင့်သည် မျက်တောင်ပင်မခတ်ဘဲ ပေါက်ပန်းလေးဆယ် လိမ်ပြောလေသည်။

“‌ဒီကအရီး ကျွန်တော့်ကို ပုံစံကြည့်ပြီး အထင်မသေးနဲ့နော်။ ကျွန်တောက် ဆယ့်နှစ်နှစ်ရှိပြီဗျ။ အဖေကပြောတယ် လူကြီးဖြစ်ပြီတဲ့”

ယိုကျင့်၏စကားများသည် အမျိုးသမီးနှစ်ဦးကို ရယ်မောစေသည်။

“မင်းလို အမွေးတောင် မပေါက်သေးတဲ့ ကလေးကများ လူကြီးလုပ်ချင်သေးတယ်” ယိုကျင့်သည် ရှက်ရွံ့စွာ ရယ်သွမ်းရင်း ထိုအမျိုးသမီးများဆီမှ သတင်းနှိုက်ကြည့်သည်။ “အရီးတို့ တောင်ပေါ်ပစ္စည်းတွေကို ဘယ်နေရာမှာ ကောင်းကောင်းရောင်းလို့ရလဲ သိလား။ ကျွန်တော်က လျှို့ထန်မြို့ကို ပထမဆုံးသွားမှာမလို့ပါ”

ရင်းနှီးဖော်ရွေခြင်းသည် ရွာသားများ၏ အထင်ကရပြယုဂ် ဖြစ်ပေသည်။ အမျိုးသမီးနှစ်ဦးသည် ယိုကျင့်ထိုသို့ မေးလာသည့်အတွက် သိသမျှကို ပြောပြလေသည်။

“ဒေါ်လေးတို့ကတော့ ဈေးပွဲတော်နေ့တိုင်း ဈေးအနောက်ဖက်ခြမ်းမှာ ရောင်းနေကြပဲ။ ဒါပေမဲ့ ဈေးကောင်းကောင်း လိုချင်ရင်တော့ စားသောက်ဆိုင်ကြီးတွေက စာဖိုမှူးတွေ လိုမလိုကို ကိုယ်တိုင်မေးမှပဲ ရမယ်”

လှည်းမောင်းနေသော ဦးလေးကြီးသည်လည်း နှင်တံနှင်ရင်းဖြင့် ၀င်ပြောလေသည်။

“ငါတို့မြို့မှာ ယူမာမီက တောင်ပေါ်ပစ္စည်းတွေ အ၀ယ်အများဆုံးပဲ။ အဲ့မှာလူကုန်ထံတွေ စားနေကြလေ။ ငါအမဲလိုက်တုန်းကလည်း အဲ့မှာပဲရောင်းခဲ့တာ။ သွားပြီး စမ်းကြည့်ပါလား”

ထိုသို့ကြားသည်နှင့် ယိုကျင့်သည် အမြန်ကျေးဇူးတင်လိုက်သည်။ “ဦးလေးရဲ့အကြံအတွက် ကျေးဇူးပါ။ မြို့ကိုရောက်တာနဲ့ သွားမေးကြည့်လိုက်ပါ့မယ်”

ယိုကျင့်သည် တောင်၏တောင်ဘက်စွန်းမှ ထွက်လာသော်လည်း မြို့ကိုရောက်ရန် နာရီ၀က်မျှ ကြာသေးသည်။ လှည်းဖြင့်သွားခြင်းက လူ၏ခြေထောက်နှစ်ဖက်ထက် ပိုမြန်ပေသေးသည်။ လှည်းရပ်သည်နှင့် ယိုကျင့်သည် အိတ်အကြီးကို ကျော၌လွယ်ကာ ထွက်လာခဲ့သည်။ မြို့ထဲသို့မသွားခင် လှည်းမောင်းသမားအား ကျေးဇူးတင်ကြောင်း ပြောလေသည်။

ယိုကျင့်သည် မြို့ပေါ်သို့ တက်လာသည်မှာ သုံးကြိမ်မြောက်ဖြစ်ကာ လျှို့ထန်မြို့သည် သေးငယ်လွန်းလှသည်။ ထို့အတွက် ယူမာမီစားသောက်ဆိုင်၏ အနောက်တံခါးကိုရှာရန် သူမအတွက် လွယ်ကူလွန်းလှသည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset