အခန်း ၂၈၇ ။ ဒယ်အိုးဇောက်ထဲ
ကူယွဲ့က စားဖိုမှူးကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။
“မစိုးရိမ်ပါနဲ့၊ အဲခွေးကောင်မိစ္ဆာနတ်ဘုရားကို တစ်နေ့ကျ ငါတို့ပြုပြင်ပစ်မယ်”
“ဆရာဒီမှာရှိတာ တော်သေးတာပေါ့” ယိချင်းက လက်စားချေဖို့ကို စိတ်ဝင်စားတဲ့လေသံ လုံးဝမပေါ်တော့ဘူး။
“ဘယ်မှာပဲရှိရှိ ကိစ္စမရှိဘူး”
ဟေး၊ မင်း အခြေခံကိုယ်ကျင့်တရားကို ထိန်းပေးလို့ရမလား။ ကူယွဲ့ နောက်တစ်ကြိမ် လေထဲ ချဉ်စူးစူးရနံ့ ရလိုက်ပြန်တယ်။
“ရှန်းရင်ရဲ့ အစ်မက ငါတို့ကို မကြာခင်ပြန်ပို့ပေးလိမ့်မယ်” ကူယွဲ့က ရှန်းရင်ဘက် လှည့်လိုက်တယ်။
“ဟုတ်တယ်မလား”
“ဟမ်” အဲလိုမဟုတ်လောက်ဘူးဟ။
“ဘာဟမ်လဲ” ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
“မင်း ပြန်သွားပြီး အဲမိစ္ဆာနတ်ဘုရားကို မပြုပြင်ချင်ဘူးလား”
“အဲဒါက ဒုက္ခများလွန်းတယ်…”
“မင်းဖင်ကိုဒုက္ခများ ဒီလိုအဆင့်မှာ မင်း အဲလောက်ကြီး မပျင်းလို့မရဘူးလား” မင်းတပည့် ဒဏ်ရာရခဲ့တာနော်။
“ပြီးတော့ မင်း ဘာလုပ်နေတာလဲ၊ သူ့ဆံပင်ဖြီးနေတာ နေ့တစ်ဝက်လောက် ရှိနေပြီ၊ စားဖိုမှူးက ယောက်ျားလေးနော် – ဆံပင်နှစ်ဖက်ခွဲစည်းပေးတာ သူ့အတွက် သင့်တော်လို့လား”
“ကြည့်ကောင်းပါတယ်ဟ”
“င့ါခြေထောက်ကို ကြည့်ကောင်း” သူ့ကြည့်ရတာ ကြောက်စရာကောင်းနေပြီ။
“ကျွန်တော်လည်း ကြည့်ကောင်းတယ်ထင်တာပဲ”
“မင်းကပ်ဖားယပ်ဖားကောင် – ပါးစပ်ပိတ်ထားစမ်း”
——————
ယိချင်းက သူ့ကိုယ်သူ အမတစားဖိုမှူး – မဟုတ်ဘူး ကောင်းကင်စားဖိုမှူးအဖြစ် တကယ်ပဲ လေ့ကျင့်ထားတာလား ကူယွဲ့စိုးရိမ်မိတယ်။ ရှန်းရင်နဲ့ သူ့အတွက် တစ်လပဲ ကြာပေမဲ့ စားဖိုမှူးအတွက်တော့ နှစ်၃၀၀၀ကြာသွားခဲ့ပြီ။ ဒါပေမဲ့ သူ့အရည်အချင်းက နည်းနည်းလေးတောင် မယုတ်လျော့သွားခဲ့ဘူး။ လိုအပ်သမျှက ရှန်းရင်အိမ်မှာ ဖုန်တက်နေတဲ့ မီးဖိုချောင်သုံး ဟင်းချက်ပစ္စည်းတွေနဲ့ ကိရိယာတွေကို လုံးဝသက်သောင့်သက်သာရှိဖို့ ယိချင်းအတွက် အတိုချုံးရှင်းပြချက်ပဲ။ သူက သူ့ဓားသိုင်းတွေကို လေ့ကျင့်တာတွေထက်တောင် ဒီပစ္စည်းတွေကို ပိုပြီးမြန်မြန် ကျွမ်းကျင်သွားတယ်။
သူတို့ နှစ်နာရီအပြည့် စားခဲ့ပြီးတော့ ပန်းကန်ပြားပေါ်က စားစရာအားလုံး ကုန်သွားခဲ့တယ်။
ကူယွဲ့က ကမ္ဘာသစ်ရဲ့အခြေခံတွေကို စားဖိုမှူးဆီ ရှင်းပြမလို့ရှိသေး ရင်းနှီးနေတဲ့အသံတစ်သံက အိမ်ထဲပြည့်လာတယ်။
ရှန်းကျင်းဆီကပဲ။
“အဲဒါ ငါ့အစ်မပဲ၊ ပုန်းကြ” ရှန်းရင်က သူမတူတွေကို ဘေးပစ်ထုတ်ပြီး တစ်ဖက်လှည့်လိုက်တယ်။
“ဘာလို့လဲ” ကူယွဲ့ တန့်သွားတယ်။ သူမက ဘာလို့ သူတို့ကို ပုန်းဖို့ပြောနေရလဲ နားမလည်ဘူး။
“အဓိပ္ပာယ်မရှိ ပြောနေတာတော်တော့၊ မြန်မြန်” သူမက လက်နှစ်ဖက်နဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆုပ်ကာ စားပွဲအောက် သူတို့ကိုတွန်းထည့်တော့တယ်။
ကူယွဲ့ ။ ။ “…”
ခဏ၊ သူက ဘာလို့ အောက်ဆင်းရတာလဲ
“ရှောင်ရင်” ရှန်းကျင်းအသံက အခန်းထဲ ချက်ချင်းမြည်လာတယ်။
“မကြီး…” ရှန်းရင် ခဲတံလို မတ်မတ်ထိုင်တော့တာပဲ။
“နင့်ကိုယ်က တစ်ခုခုဖြစ်နေတယ်၊ ငါရှာပေမဲ့ အဖြေရှာမတွေ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် နင့်ကို လောလောဆယ်တော့ မထိခိုက်စေပါဘူး”
“ဟုတ်ဟုတ်ဟုတ်”
“ဒါပေမဲ့ ငါတို့စောနက အတူသွားခဲ့တဲ့ ဂြိုဟ်မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူကို ဆက်သွယ်ပြီးပြီ၊ နင့်ကို တစ်ချက်လောက် ကြည့်ပေးစေချင်လို့လေ”
ရှန်းကျင်းက အသံတိုးလိုက်တယ်။
“ငါ နင့်ကိုအဲခေါ်မသွားခင် လက်ထဲကကိစ္စတွေ ဖြေရှင်းပြီးတာ ခဏစောင့်ဦး”
“ကောင်းပြီလေ မကြီး” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“အဆင်သင့်ပြင်ထားနော်၊ လျှောက်သွားမနေနဲ့”
“ပြဿနာမရှိပါဘူး မကြီး”
“ကောင်းပြီ” ရှန်းကျင်းက ခေါ်ဆိုမှုပိတ်တော့မဲ့ဆဲဆဲမှာတင် တစ်စုံတရာကို သတိရသွားပုံပဲ။
“အော်ဟုတ်သား၊ နင် စောနက အိမ် နဲ့သိပ်မဝေးတဲ့နေရာကနေ အိမ်ဆီ တန်းရောက်အောင် နေရာရွှေ့ပြောင်းမှုအသက်သွင်းလိုက်တာ ငါခံစားမိတယ်၊ ဘာတွေအဲလောက် လောကြီးနေတာလဲ”
“အာ…” ရှန်းရင် တုံ့ဆိုင်းသွားတယ်။
“များများစားစား မဟုတ်ပါဘူး၊ ငါလမ်းပျောက်ပြီး အိမ်ပြန်ချင်ရုံပါ”
“အော် တကယ်လား” ရှန်းကျင်းမျက်လုံးတွေ မှေးသွားတယ်။
“ဘာလို့ အရင်တုန်းက မျက်နှာပြင်တွေကြား လမ်းပျောက်ရင်တောင် ဒီလိုမျိုးလုပ်တာကို တစ်ခါမှ သတိမထားမိတာလဲ”
“ငါ… ဗိုက်ဆာလို့လေ” သူမက ချက်ချင်း ခေါင်းစဉ်ကို ကိုယ့်ကိုယ်ကိုယ် လွှဲချလိုက်တယ်။
“အော်…” ရှန်းကျင်းက ခေါင်းညိတ်တယ်။
“ဒါဆို နင့်စားပွဲအောက် ဘယ်ဘက်ကလူက ဘယ်သူလဲ ရှင်းပြပါဦး”
သူမက အဲဒါလည်း မြင်ရတယ်ပေါ့ သူမ အိမ်ပတ်လည်မှာ တခြားကင်မရာတွေတပ်ထားတာ သိသာတယ်။
ရှန်းကျင်းက အရင်ကလောက်တော့ ဒေါသထွက်ပုံမပေါ်။ သူမက မျက်ခုံးသာပင့်တယ်။
“နင်အရင်က အိမ်ကို ယောက်ျားလေးတွေ ခေါ်လာတာ မမြင်ဖူးဘူး၊ အခု အချိန်တိုအတွင်း ၂ယောက်တောင် ခေါ်လာတယ်၊ နင့်မှာ… ရှိပြီးသားနဲ့ မကျေနပ်လို့လား”
“ရှိပြီးသား” ဆိုသော ကူယွဲ့ ။ ။ “…”
အဆိုအရတော့ သူမကို စိတ်ကျေနပ်စေသော ယိချင်း ။ ။ “…”
ရှန်းရင်က မျက်မှောင်ကြုတ်လိုက်တယ်။
“မကြီး၊ သူက ငါ့ကောင်လေးမဟုတ်ပါဘူးဆို” ဖေဖေနျိုက မဟုတ်ဘူးလို့
“အိုး” ရှန်းကျင်းက ရှန်းရင်ကို ဖောက်ထွင်း ကြည့်နိုင်သလိုမျိုး ကြည့်နေတယ်။
“မဟုတ်ဘူးဆိုတော့ နင် သူ့ကို ဒီရွှေ့ပြောင်းလာတာက ဘာလို့လဲဆိုတော့…”
ရှန်းရင်က ငုံ့လိုက်တယ်။ သူမ အမှန်တိုင်းပြောဖို့ကလွဲ မရှိတော့ဘူး။
“သူက ငါအရင်ကရောက်ခဲ့တဲ့ မျက်နှာပြင်ကပါ”
ရှန်းကျင်း အမူအရာက မှောင်မည်းသွားတယ်။ သူမက စားပွဲအောက်မှာ ရှိနေဆဲ စားဖိုမှူးကို မျက်မှောင်ကြုတ်ပြီး အမူအရာက မာထန်သွားတယ်။
“တခြားနည်းနဲ့ ပြောရရင်… သူကကျူးကျော်သူပေါ့”
“မကြီး ငါပြောတာနားထောင်ပါ…”
“တော်စမ်း” ရှန်းကျင်းအသံက ခုအေးစက်နေပြီ။ သူမအကြည့်က ရှန်းရင်ကိုဓားတွေလို ဖြတ်တောက်နေတယ်။ ကူယွဲ့တောင် ကျောတွန့်မိလေရဲ့။
“မျက်နှာပြင်ကို ခရီးတစ်ခေါက်ထွက်တာ နင့်ကို အဲလောက်တောင် သတ္တိပေးလိုက်တာလား၊ နင်အဲမှာပဲနေနေ၊ ငါခုချက်ချင်းလာပြီ”
ဘယ်သူမှ ပြန်မဖြေနိုင်ခင် စခရင်ကပိတ်သွားတယ်။
ကူယွဲ့ ရှင်းမပြတတ်စွာ စိတ်လှုပ်ရှားမိတယ်။ ရှန်းကျင်းအမူအရာက သူ စားပွဲအောက်ရှိနေတာကို သိသွားချိန်နဲ့ မတူဘူး။ သူမက… ဒေါသထွက်နေသလိုပဲ။
“ရှန်းရင် မင်းအစ်မက ဘာပြောနေတာလဲ”
သူ မနေနိုင်ဘဲ မေးလိုက်တယ်။
ရှန်းရင် အမူအရာက မှောင်မည်းနေတယ်။
“ဘယ်မျက်နှာပြင်က ကျူးကျော်မှုပဲဖြစ်ဖြစ် မတည်ငြိမ်မှုလို့ စဉ်းစားနိုင်တယ်၊ မျက်နှာပြင်က သူတို့ကို သန့်စင်ပစ်ရတယ်”
“သန့်စင်တာ… မင်းရဲ့အစ်မက စားဖိုမှူးကို သတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား” ကူယွဲ့ ရင်ထိတ်သွားတယ်။ ဘာကြောင့်မှန်းမသိ ရှန်းကျင်းသာ တကယ် အဲလိုလုပ်ချင်ရင် ရှန်းရင်က သူမကို တားနိုင်လိမ့်မှာမဟုတ်ဘူးလို့ သိနေတယ်။
“ငါတို့ ခုဘာလုပ်သင့်လဲ”
“ဆရာ…” ယိချင်းက ငုံ့သွားတယ်။
“ကျွန်တော့်စိတ်ဆန္ဒနဲ့ ဒီကိုလာခဲ့တာပါ၊ တကယ်လို့ အပြစ်ဒဏ် တစ်ခုခုရှိရင် ကျွန်တော်လက်ခံဖို့ ဆန္ဒရှိပါတယ်၊ ကျွန်တော် မတိုက်ခိုက်ပါဘူး”
“မင်းရူးနေတာပဲ” ကူယွဲ့ အော်လိုက်တယ်။
ရှန်းကျင်းက ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ။ သူမ သူ့ကိုလုပ်မဲ့အရာတွေကို သူ ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ဘူး။
“ထားလိုက်တော့” ရှန်းရင်က တစ်စုံတရာကို တွေးနေသလိုမျိုး အံကြိတ်ရင်း အော်လိုကိတယ်။
“တကယ်လို့ ငါ့အစ်မသာ တကယ်အရေးယူမယ်ဆိုရင် ငါ့မှာ… နောက်ထပ်ဖြေရှင်းနည်းရှိတယ်၊ ဒါမှမဟုတ်… ငါ သူမကို တားလိုက်မယ်” သူက ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ စားဖို… တပည့်လေ။ သူမအသက်နဲ့ ရင်းရရင်တောင် တစ်ခုခုလုပ်ရမှာပေါ့
“တကယ်လား” သူမမှာ ဝှက်ဖဲရှိရင် စောစောတည်းက ပြောခဲ့သင့်တာ။ ဒါပေမဲ့ ရှန်းကျင်းကို အမြဲကြည့်တတ်တဲ့ ကြောက်လန့်နေတဲ့ပုံစံကို ကြည့်ပြီး ကူယွဲ့ တကယ်ပဲ သူမကို ယုံကြည်နိုင်လားဆိုတာ မသိတော့ဘူး။
“အင်း” သူမက သူမအစ်မစည်းမျဥ်းစည်းကမ်းတွေအောက် နေလာတာ နှစ်တွေကြာနေပြီ။
ကူယွဲ့က ဒီကိစ္စကိုဆက်ပြီး ဖိအားမပေးတော့ဘူး။ သူ့ရှေ့ကလေထု တွန့်သွားပြီး ရှန်းကျင်း အိမ်ထဲပေါ်လာတာကို ကြည့်နေမိတယ်။
——————
“ဒီတော့… သူက တခြားမျက်နှာပြင်က နင့်တပည့်ပေါ့”
ရှန်းရင်က ဆိုဖာကိုမှီပြီး သူမရှေ့ကလူသုံးယောက်ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။
“အင်း” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“အစ်မကြီးရှန်းကျင်း၊ စားဖိုမှူးက ဒီထိ ကျုပ်တို့နောက် လိုက်လာခဲ့တာ၊ မကူးပြောင်းခင် ခင်ဗျား ခွင့်ပြုချက်ကို လိုမှန်း သူမသိခဲ့ဘူး” ကူယွဲ့ ရှင်းပြလိုက်တယ်။
“မသိတဲ့သူတွေကို အပြစ်မပေးသင့်ပါဘူး…၊ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါ”
“လွှတ်ပေးရမယ်လား” ရှန်းကျင်းက ခြောက်ကပ်ကပ်ရယ်တယ်။ သူမရဲ့အမူအရာဟာ တစ်ဖန် အေးစက်သွားပြန်တယ်။
“မျက်နှာပြင်တစ်ခုကို ကျူးကျော်တာက ရိုးရှင်းတဲ့ကိစ္စလို့ ထင်နေတာလား၊ အဲဒါက မျက်နှာပြင်ကို ဘယ်လောက်ထိ ထိခိုက်စေနိုင်လဲသိလား၊ ငါ ဘယ်လောက်တောင် ရှင်းလင်းရေးလုပ်ရမလဲ သိရဲ့လား”
“ဒါပေမဲ့ သူ… မရည်ရွယ်ခဲ့ပါဘူး”
“အဲဒါက အရာရာကို ဖြေရှင်းပေးနိုင်တယ်လို့ ထင်နေတယ်ပေါ့” ရှန်းရင်က ထခုန်တယ်။ သူမက သူတို့သုံးယောက်ကို အကြည့်နဲ့တင် အပိုင်းပိုင်းဖြတ်တောက်ဖို့ ခြိမ်းခြောက်တော့တယ်။
“ငါသာ သူ့ကို ဥပမာမပေးရင် လူတိုင်းက ငါ့မျက်နှာပြင်ကို အကြောင်းရင်းမရှိ ကျူးကျော်နိုင်တယ်လို့ ထင်ကုန်ကြလိမ့်မယ်၊ ဒီကမ္ဘာကြီး အဆုံးသတ်သွားလိမ့်မယ် ရှောင်ရင် သူတို့က နားမလည်ပေမဲ့ နင်ကတော့ သေချာပေါက် နားလည်တယ်မလား”
“… နားလည်ပါတယ်”
“ဒီတစ်ယောက်လည်းတူတူပဲ” ရှန်းကျင်းက ရုတ်တရက် ကူယွဲ့ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်တယ်။
“ကျုပ်လား” ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ ချွေးစေးပြန်လာတော့လေတယ်။
…