အခန်း ၂၈၆ ။ အင်္ကျီလဲခြင်း
ယိချင်းက အဝတ်ကို ယူဖို့ ရွေ့လိုက်ပြီး ရှန်းရင်ကို လှမ်းကြည့်တယ်။ သူက ခြေတစ်လှမ်းမှ မခွာ
“မင်း သူ့ကို ဘာတွေကြည့်နေတာလဲ” ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။
“သူက မင်းလဲဖို့ ကူပေးနိုင်လို့လား”
သူက ငြိမ်ငြိမ်လေး နေနေသေးပေမဲ့ ပိုပိုပြီး စိုးရိမ်လာတဲ့ပုံ။
ရှန်းရင်က သူ့ကိုကြည့်လိုက်တယ်။
“ငါ ထွက်မသွားပါဘူး”
ယိချင်းရဲ့ မျက်နှာအမူအရာက စိတ်အေးသွားတဲ့ပုံ။ သူ့ရှေ့က အဝတ်အစားကို ယူပြီး ဇဝေဇဝါဖြစ်နေတဲ့ပုံ။
“ဒါ ဘာလဲ” သူ့အဝတ်အစားတွေက ဘာလို့ အပိုင်းပိုင်းဖြစ်နေရတာလဲ။
စားဖိုမှူးက ဒီကမ္ဘာက မဟုတ်မှန်း ကူယွဲ့ မေ့လုနီးပါးဖြစ်သွားခဲ့တာ။
ကူယွဲ့ရဲ့နှုတ်ခမ်းထောင့်က တွန့်ချိုးသွားပြီး အင်္ကျီတွေကို ပြန်ယူလိုက်တယ်။ သူ ရှန်းရင်ကို တစ်ချက်ကြည့်ပြီးတော့ ယိချင်းကို ရေချိုးခန်းထဲဆွဲခေါ်ခဲ့တယ်။
“ဝင်လာခဲ့” သူ တစ်စုံတစ်ယောက်သောသူ ချောင်းမကြည့်အောင် တံခါးကို ဘန်းခနဲ အသံကျယ်ကြီးနဲ့ ပိတ်လိုက်တယ်။ သူတို့တွေ အိမ်သာထဲ စတင်ဆွေးနွေးတော့တယ်။
“ချွတ်၊ မင်းရဲ့ဘောင်းဘီတွေပါ”
“ဘာလို့လဲ”
“ပြောရင် စကားသာနားထောင်စမ်းပါ၊ အဓိပ္ပာယ်မရှိတာတွေ အများကြီးပြောနေတာတော်တော့၊ ဘာလို့မလှုပ်တာလဲ၊ ဘောင်းဘီချွတ်ပါဆိုနေ”
“အိုး”
“ငုံ့၊ ခြေထောက်တစ်ဖက်မ… မြင့်မြင့်၊ မင်းခြေထောက်မမြှောက်ရင် ငါဘယ်လိုလှုပ်ရမလဲဟ”
“ပြီးပြီလား”
“ဟုတ်ပြီ၊ အနားတိုးလာ၊ မင်း ဟန်ချက်ညီအောင် မနေနိုင်ရင် ငါ့ကို မှီထားလို့ရတယ်”
“အင်း… ခင်ဗျားဟာက ကြပ်လိုက်တာ”
“မင်းနာမှာတောင် မကြောက်တာ၊ ဘာလို့ နည်းနည်းလေး ကြပ်နေတာကို ကြောက်နေတာလဲ သည်းခံလိုက်”
တံခါးအပြင်ဘက်က ရှန်းရင် ။ ။ “…”
သူမ ညစ်တီးညစ်ပတ် တစ်စုံတစ်ရာကို နားထောင်နေမိသလိုပဲ။
အိမ်သာထဲ နှစ်ယောက်သား မိနစ်၂၀လောက်ကြာပြီးမှ ထွက်လာကြတယ်။ ယိချင်းက လုံးဝကို ပုံစံပြောင်းသွားပြီ။ သူက ကူယွဲ့လိုမျိုးပဲ အဖြူရောင်တီရှပ်ကို ဝတ်ထာစတယ်။ ဖေဖေနျိုက ဘယ်ထောင့်ကကြည့်ကြည့် သူဌေးပုံစံ။ ဒါပေမဲ့ ယိချင်းကတော့ ကစားကွင်းအပြင် ထွက်လာတဲ့ လူငယ်လေးလိုပဲ။ သူ့အသားအရေက အင်မတန်တောက်ပနေပြီး ဘေးအိမ်ကကောင်လေးနဲ့တူတယ်။
ယိချင်းက သူ့အဝတ်အစားတွေကို မသက်မသာ ဆွဲချနေပြီးမှ သူ့အကြည့်က ရှန်းရင်ဆီ ရောက်သွားတယ်။ တစ်ယောက်ယောက်က သူ့ကို ပိတ်လှောင်ထားလိုက်သလိုမျိုး ဂနာမငြိမ်တာ ရပ်တန့်သွားခဲ့တယ်။ တုံ့ဆိုင်းစွာနဲ့ သူမေးလိုက်တယ်။
“ဆရာ”
“အင်း”
“နောက်ကျနေပြီလေ၊ ဗိုက်ဆာနေပြီလား၊ ဟင်းပွဲတချို့ ပြင်ပေးစေချင်လား”
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
သူ အဲလောက်မြန်မြန် သူ့ဇာတ်ရုပ်ဆီ ပြန်သွားဖို့လိုလို့လား။
အံ့ဩဖို့ကောင်းစွာပဲ ရှန်းရင်က သဘောမတူ။ သူမက ပန်းသီးကိုဝါးစားပြီး သူ့ဆံပင်ရှည်ကြီးကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ နောက်တော့ သူမက ဆိုဖာကို ပုတ်ပြတယ်။
“ဒီကိုလာခဲ့”
ယိချင်းက သွက်လက်စွာ လျှောက်လာတယ်။
“ထိုင်ချ”
“ဆရာ”
သူမက ဘေးက လက်ဖက်ရည်စားပွဲကနေ သားရေကွင်းတစ်ခု ကောက်ယူပြီး သူ့ကျောနောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“နင့်ဆံပင်”
ယိချင်းက ကြောင်သွားပြီးမှ နားလည်သွားခဲ့တယ်။ သူက သူမဘေး လိမ်လိမ်မာမာထိုင်ချပြီး ဒူးကို ဖက်ထားကာ သူ့ကိုယ်သူ ဘောလုံးတစ်လုံးလို ကွေးနေလိုက်တယ်။ သူမ လက်ချောင်းတွေ သူ့ဆံပင်ကို ထပ်တလဲလဲ ဖြီးသင်ပေးတာက တစ်ချက်ချင်းစီတိုင်းမှာ သူ့နှလုံးသားကို နှစ်သိမ့်ပေးနေသလိုပဲ။ သူ နှစ်ပေါင်းထောင်ချီ မြင့်မြင့်နိမ့်နိမ့် ရှာဖွေခဲ့ပေမဲ့လည်း ရှန်းရင်ကို ရှာမတွေ့ခဲ့တဲ့ ကူကယ်ရာမဲ့မှုနဲ့ နာကျင်မှုအားလုံး တဖြည်းဖြည်းချင်း သူ့ကိုယ်ထဲကနေ စိမ့်ထွက်သွားသလိုပဲ။ ချက်ချင်းလက်ငင်း သူ့နှလုံးသားက စတင်ပြီး ပြန်ပြည့်လာခဲ့တယ်။ သူ မပြုံးမိအောင် မနည်းထိန်းနေရလေရဲ့။
ရှန်းရင်က ယိချင်းဆံပင်ကို ဖြီးပေးနေတာကြည့်ပြီး ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ လေထဲ ချဉ်စူးစူးအနံ့ ရလိုက်သလိုပဲ။
“စားဖိုမှူး မင်းဘယ်လိုတောင် ဒီကမ္ဘာဆီ ရောက်လာတာလဲ”
ကူယွဲ့က ခေါင်းစဉ်ပြောင်းလိုက်တယ်။
ယိချင်းအမူအရာက မည်းမှောင်သွားပြီး ဩရှရှဖြေတယ်။
“ကျွန်တော်… ကျွန်တော် ခင်ဗျားတို့ကို မရှာတွေ့တော့ အမတဘုံဆီပြန်ပြီး မိစ္ဆာနတ်ဘုရားကို ရှာခဲ့တယ်၊ သူက လောကတံခါးတွေကို ဖြတ်သန်းဖို့ ကူညီပေးခဲ့တာပဲ”
“သူ မင်းကို ဘယ်လိုလုပ်ကူညီတာလဲ” ကူယွဲ့ သူ့ကို မယုံနိုင်စွာကြည့်လိုက်တယ်။ အဲခွေးကောင်က ဒီလောက်ကောက်ကျစ်တာ – အစကနေ အဆုံးထိ အမှန်စကားတစ်ခွန်းမှမဆိုခဲ့ဘူး။ တကယ်လို့ သူသာ သူတို့ကို မလိမ်ခဲ့ရင် ပြန်ပို့ခံရမှာတောင် မဟုတ်ဘူး။
“တကယ်ပဲ၊ သူက သဘောမတူခဲ့ဘူးလေ” ယိချင်းက မျက်မှောင်ကြုတ်တယ်။
“ဒါကြောင့် သူနဲ့တိုက်ခိုက်ခဲ့တယ်”
ကူယွဲ့ မျက်လုံးပြူးသွားတယ်။
“သူက မင်းကို အဲလိုမျိုး ဒဏ်ရာရအောင် လုပ်ခဲ့တာလား” အထင်ကြီးစရာပဲ ရှေးဟောင်းနတ်ဘုရားကို သူ့ဘာသာချနိုင်တယ်ပေါ့။
“ဟင့်အင်း” ယိချင်းက ခေါင်းခါဝယ်။
“ဒါက ဝင်ပေါက်တံခါးကို ဖြတ်သန်းတဲ့အချိန် ဖြစ်ခဲ့တာ၊ အရှိန်အဝါတွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ စီးဆင်းမှုကြောင့် ဒဏ်ရာရခဲ့တာ”
“ဘာ… အရှိန်အဝါတွေစီးဆင်းမှုလား” ကူယွဲ့ ရှန်းရင်ဘက် လှည့်လိုက်တယ်။
“ငါတို့ပြန်လာချိန် ဘာအရှိန်အဝါစီးဆင်းနေတာမှ မခံစားခဲ့ရပါဘူး”
“မခံစားခဲ့ရဘူးလေ” ရှန်းရင်က ယိချင်းဆံပင်ကို ဆက်ပွတ်သပ်ပေးရင်း ပြောလာတယ်။
“ငါတို့က ဒီကလေ၊ သေချာပေါက် မျက်နှာပြင်က ငြင်းပယ်တာကို ခံရမှာမဟုတ်ဘူးလေ”
စားဖိုဖှူးက အတင်းအကြပ် ကျူးကျော်လာခဲ့တာ။ တံခါးတွေက ပွင့်နေရင်တောင် အရှိန်အဝါတွေရဲ့ ရှုပ်ထွေးနေတဲ့စီးဆင်းမှုက တိုက်ခိုက်တာ မထူးဆန်းဘူး။
ဆိုတော့ ဒီလိုကိုး။ ကူယွဲ့က ခေါင်းညိတ်ကာ ယိချင်းကို ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူက အရင်နဲ့မတူသလိုပဲ။ ဒါပေမဲ့ ကူယွဲ့ ရေရေရာရာမပြောနိုင်။
“မင်းက အခု ရှန်းကျွင်းဖြစ်နေပြီပဲ” ကူယွဲ့က သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး နောက်ဆုံးတော့ သူ့ကျင့်ကြံဆင့်က အများကြီး မြင့်တက်သွားခဲ့တာ နားလည်သွားခဲ့တယ်။ သူက အရင်က ဟုန်ယွီ့ထက်တောင် ပိုပြီးသန်မာတဲ့ပုံ။ မဟုတ်ဘူး၊ တိတိကျကျပြောရရင် သူက မိစ္ဆာနတ်ဘုရားနဲ့တောင် ဆင်တယ်။ တကယ်လို့ ယိချင်းသာ ဒဏ်ရာမထားရင် ကူယွဲ့ သူ ထုတ်လွှင့်နေတဲ့ ပြင်းထန်တဲ့ ဖိနှိပ်အရှိန်အဝါကို ရှောင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ကလေးနဲ့ မတူတော့ဘူး။
“မင်း မိစ္ဆာနတ်ဘုရားကို ထုထောင်းခဲ့တာလား”
“အဲလိုတော့မဟုတ်…”
ယိချင်းငုံ့လိုက်တယ်။ တိုက်ပွဲအဆုံးနား ရောက်တော့ ဘယ်သူနိုင်နေလဲ၊ ရှုံးနေလဲဆိုတာ သူတောင် မပြောနိုင်တော့ဘူး။
“ဒါဆို သူက ဘာလို့မင်းအတွက် တံခါးပေါက်တွေကို ဖွင့်ပေးတာလဲ”
“သူ့ကို အကြိမ်ရေအများကြီး သွားရှာခဲ့မိလို့များလား”
“အများ… အများကြီးလား” ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။
“မင်း ဘယ်နှစ်ကြိမ်လောက် သူနဲ့တိုက်ခိုက်ခဲ့တာလဲ”
“အကြိမ်… ရာချီလောက်လား”
သူ မမှတ်မိတော့ဘူး။
“…” သူ မိစ္ဆာနတ်ဘုရားကို နေ့တိုင်းသွားရှာနေရတာပဲဖြစ်မယ်။
ခဏနပေါဦး။
မိစ္ဆာနတ်ဘုရားက ယိချင်း သူ့ဆီ အလည်လာတဲ့အကြိမ်အရေအတွက်ကြောင့် စိတ်ရှုပ်ပြီး တံခါးဖွင့်ပေးခဲ့တာလား။
“နောက်တော့ ဂျပုလေးနဲ့ တွေ့ပြီး သူကူညီခဲ့တာပဲ၊ မိစ္ဆာနတ်ဘုရားက နောက်ဆုံးတော့ အပြိုင်ကမ္ဘာရဲ့ တံခါးကို ဖွင့်ပေးဖို့ သဘောတူခဲ့တယ်”
“မုန့်ပေါ်လား” ထူးဆန်းတဲ့အမူအရာက ကူယွဲ့မျက်နှာပေါ် ဖြတ်သန်းသွားတယ်။
“ဘာလို့… သူက မင်းကိုကူညီတာလဲ”
“ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ သူက ကျွန်တော့်ကို အမတဘုံဆီ ပြန်ခေါ်သွားပေးပြီး မိစ္ဆာနတ်ဘုရားဆီ လမ်းပြဖို့ ကူညီပေးခဲ့သူပဲ”
မဟုတ်ရင် ယိချင်း မိစ္ဆာနတ်ဘုရားကို ဘယ်တော့မှ ရှာနိုင်လောက်မှာမဟုတ်ဘူး။
ကူယွဲ့က လက်သီးတင်းတင်းဆုပ်မိတယ်။ မုန့်ပေါ်က ယိချင်းကို ဘာလို့ကူညီလဲ သူစဉ်းစားမရဘူး။ သူမက မိစ္ဆာနတ်ဘုရားလို ရှေးဟောင်းနတ်ဘုရားတွေထဲက တစ်ပါးလေ။ သူမက မိစ္ဆာနတ်ဘုရားဘက်မှာ ရှိသင့်တာ။ ပြီးတော့ မိစ္ဆာနတ်ဘုရားက သူနဲ့ရှန်းရင်ကို ပြန်ပို့မယ်ဆိုတုန်းက သိပြီး သဘောတူခဲ့တယ်လေ။ ဒါဆို ဘာလို့ ယိချင်းကိုကူညီရတာလဲ။ သူမက မုန့်ပေါ်လား၊ ဂျပုလေးလား။
“စားဖိုမှူး” ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
“ငါတို့ ပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ”
ယိချင်းက တန့်သွားပြီး ကြက်သီးထသွားတယ်။ တစ်အောင့်တိတ်နေပြီးတဲ့နောက် သူက တီးတိုး ပြောလေတယ်။
“နှစ်၃၀၀၀”
“ဘာ” ကူယွဲ့ ထခုန်မိတယ်။ အဲက အချိန်နဲ့နေရာက အလုပ်လုပ်ပုံ မတူတာ သိပေမဲ့ အဲလောက် အချိန်အများကြီး ကုန်ဆုံးလိမ့်မယ်တော့ မတွေးမိခဲ့ဘူး။ တစ်ချိန်လုံး ယိချင်းက သူတို့ကို ရှာဖို့ လက်မလျှော့ခဲ့ဘူးပေါ့။
ရုတ်တရက် သူ့နှလုံးသားထဲ ကြက်သီးသွားခဲ့တယ်။
စားဖိုမှူးက အပြင်ပန်းမှာတော့ ဒီလိုပုံမျိုး မဟုတ်ပေမဲ့ အချိန်အတော်ကြာတာတောင် မျှော်လင့်ချက်ကို လက်မလျှော့ခဲ့ဘူးပဲ။ သူက ဒီမျက်နှာပြင်ထိတောင် သူတို့နောက်လိုက်ခဲ့တယ်။ အဲနှစ်တွေမှာ သူဘယ်လိုနေခဲ့လဲ ကူယွဲ့ စိတ်မကူးကြည့်နိုင်ဘူး။
“ကျေးဇူးတင်စရာက အောင်မြင်ခဲ့တယ်လေ” ယိချင်းကြည့်ရတာ စိတ်အေးသွားတဲ့ပုံ။ သူက ရှန်းရင်ကို နောက်မှီပြီး စိတ်ကျေနပ်နေတယ်။ သူ ဆရာ့ကို တွေ့တာတော်သေးတယ်။ သူက သူမနဲ့ရှိနေနိုင်သရွေ့ ဒီနှစ်တွေအားလုံးမှာ တိုက်ခိုက်ခဲ့ရတာ… တန်ပါတယ်။
ရှန်းရင်ရဲ့လက်က တန့်သွားခဲ့တယ်။ စက္ကန့်အနည်းငယ်ကြာပြီးတော့မှ သူမ သူ့ဆံပင်ကို ဆက်ပြီး ဖြီးသင်ပေးခဲ့လေတယ်။
…