အခန်း ၂၈၅ ။ မျက်နှာပြင်ထဲ ပြန်လည်တွေ့ဆုံမှု
ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ တစ်စုံတစ်ရာက သူတို့ရှေ့ကနေဖြတ်သန်းသွားပြီး ဧရာမတွင်းကြီး ဖြစ်သွားစေခဲ့တယ်။ ပြင်းထန်ပူလောင်တဲ့ အရှိန်အဝါတစ်ခုက သူတို့ဆီ အပြေး ဝင်ရောက်လာတယ်။ နောက်အခိုက်အတန့်မှာတော့ ပတ်ပတ်လည်က အရာအားလုံးကို သုတ်သင်ပစ်ဖို့ ခြိမ်းခြောက်နေတဲ့ အလင်းတန်းနဲ့ တည်ရှိမှုတစ်ခုပေါ်လာတယ်။ သူတို့အောက်က ပင်လယ်က ဆူပွက်လာတယ်
ကူယွဲ့ သူ့ဓားအင်းကွက်ကိုမြှောက်ပြီး လေထဲက ဓားတွေအားလုံး ကျူးကျော်သူဆီ ပျံသန်းသွားတယ်။ သူတို့တွင်းထဲ မရောက်ခင် ရွှေရောင်ဓားကြီးတစ်ချောင်း အပြင်ကိုထွက်လာတယ်။ ကြောက်ခမန်းလိလိ ဓားချီက ကူယွဲ့ရဲ့ဓားတွေအားလုံးကို ပြန်ကန်ထွက်စေပြီး မြေကြီးပေါ် မိုးစက်တွေလို ကျဆင်းစေတော့တယ်။
အဲဒါက အတော်လေး အထင်ကြီးစရာပဲ။ သူ့အမူအရာက မည်းမှောင်လာပြီး ဓားဆန္ဒကို ဆငိ့ခေါ်လိုက်တယ်။
“ခဏ” သူ့ဘေးက ရှန်းရင်က သူ့လက်မောင်းကိုဆွဲလာတယ်။
“ဘာဖြစ်နေတာလဲ”
သူမော့ကြည့်လိုက်တော့ ကောင်းကင်ထဲက ပေါက်ပြဲသွားတဲ့ အပေါက်ကနေ လူတစ်ယောက် လမ်းလျှောက်ထွက်လာတာကိုမြင်လိုက်ရတယ်။ အဲလူက အင်မတန် မျက်တွင်းကျနေတယ်။ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး သွေးသံရဲရဲဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေလေရဲ့။ လက်တစ်ဖက်ကတော့ သူ့ကိုယ်ဘေးဘက်ကို ကိုင်ထားပြီး မျက်လုံးတွေက သွေးရဲရဲနီနေတယ်။ သူက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး မျက်ရည်ဝဲစပြုလာတယ်။ ရင်းနှီးနေတဲ့မျက်နှာမှာ ရူးသွပ်နေတဲ့အမူအရာနဲ့။
“စားဖိုမှူး” ကူယွဲ့ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားတယ်။
သွေးသံရဲရဲလူက သူတို့ရှေ့ ချက်ချင်းပေါ်လာတယ်။ သူက ရှန်းရင်ကို ရင်ခွင်ထဲ လှမ်းဆွဲဖက်လိုက်တယ်။ သူမနားထဲ ခပ်ရှရှ နာကျင်မှုတွေနဲ့ပြည့်နေတဲ့ အသံတစ်သံ ပေါ်လာခဲ့တယ်။
“ဆရာ…”
စကားလုံးက သူ့ပါးစပ်ထဲကနေ ထွက်လာတာနဲ့ နောက်ဆုံးလက်ကျန်အားကို စကားပြောဖို့ သုံးလိုက်ရသလိုမျိုး မြေကြီးပေါ် ကျသွားခဲ့တယ်။ သူ မြေကြီးနဲ့ မထိခင်မှာတင် ရှန်းရင်က သူမတ်တတ်ရပ်နိုင်အောင် အလိုလိုလှမ်းဆွဲထူပေးလိုက်တယ်။
“သူမေ့လဲသွားတာပဲ” ကူယွဲ့က စားဖိုမှူး လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူ့သွေးကြောတွေကို စစ်ဆေးလိုက်တယ်။ သူ ဖြူဖျော့ကာ ခပ်တိုးတိုးဆဲမိသွားခဲ့တယ်။
“ဟိုလီရှစ် သူ ဒီလောက်ဒဏ်ရာရထားတာတောင် အသက်ရှင်နေသေးတယ်”
ကူယွဲ့ တစ်ဖက်လှည့်တော့ အပေါက်က စတင်ပြီး ချိပ်ပိတ်နေပြီဆိုတာ မြင်လိုက်ရတယ်။ ယိချင်း ဘယ်လိုများ ဒီနေရာကို ရောက်လာခဲ့တာလဲ။
“အရင်ပြန်ကြရအောင်” ရှန်းရင်က ခပ်တိုးတိုးပြောတယ်။ သူမ တစ်ဖက်လှည့်ပြီး တစ်စုံတစ်ရာပေါ် နှိပ်လိုက်တယ်။ ရုတ်တရက် သူတို့ဘေး နောက်ထပ်ဝင်ပေါက်တစ်ခု ပွင့်လာတယ်။ အထဲမှာတော့ ရှန်းရင်ရဲ့အခန်းအခင်းအကျင်းကို မြင်ရလုနီးပါး။
ကူယွဲ့ အရုပ်တစ်ရုပ်လို ပျော့ခွေနေတဲ့ ယိချင်းကို ဝင်ပေါက်ဆီ ကူသယ်လာခဲ့တယ်။ သူတို့တွေ ရှန်းရင်အခန်းထဲ ပြန်ရောက်လာခဲ့ပြီ။
“ခဏ သူ့ကိုဒီမှာမထားနဲ့၊ ငါနဲ့လိုက်ခဲ့” ကူယွဲ့က ယိချင်းကို ဆိုဖာပေါ် နားခိုင်းမို့ရှိသေး ရှန်းရင်က ဘေးက အခန်းတစ်ခန်းကို လက်ညှိုးထိုးပြပြီး ဝင်သွားတယ်။
အရင်ကလိုပဲ တူညီတဲ့ ဗလာကျင်းအခန်းဖြူတစ်ခန်း။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အလယ်မှာ ရှည်လျားတဲ့ စတုဂံပုံစံစင်မြင့်။
“စားဖိုမှူးကို အဲမှာထားလိုက်” ရှန်းရင်က စင်မြင့်ကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့က ယိချင်းကို အဲခေါ်သွားပေးလိုက်တယ်။ အနီရောင်အလင်းတန်းက စင်မြင့်ပေါ်ကနေ လင်းသွားပြီး တစ်ချိန်တည်းမှာပဲ နံပါတ်လိုင်းတွေ စားဖိုမှူးပေါ် ပေါ်လာတယ်။
ရှန်းရင်က စကားမပြော။ သူမက နံပါတ်တွေကို တတောက်တောက်နှိပ်နေတော့ အရောင်မျိုးစုံ လင်းလာတယ်။ အရောင်တစ်ရောင် လက်သွားတိုင်း ယိချင်းက နည်းနည်း သက်သာလာတဲ့ပုံ။ အင်မတန် နက်ရှိုင်းလွန်းလို့ အရိုးထိမြင်ရတဲ့ ဒဏ်ရာတွေက သူတို့ မျက်စိရှေ့မှောက်မှာတင် ပျောက်ကင်းစပြုလာခဲ့တယ်။
ကူယွဲ့က အားနည်းနေတဲ့ စားဖိုမှူးကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ အခန်းထဲမှာ ပကတိ တိတ်ဆိတ်မှုအပြည့်။ ကြားရတာဆိုလို့ ရှန်းရင် စခရင်ပေါ် တတောက်တောက်နှိပ်နေသံပဲရှိတယ်။ စားဖိုမှူးရဲ့ဒဏ်ရာတွေကို ကြည့်ပြီး သူ့ကိုကုသဖို့ဆိုတာ အင်မတန်ခဲယဉ်းမယ်မှန်း ကူယွဲ့ ပြောနိုင်နေပြီ။ ပြီးတော့ ဒီကမ္ဘာမှာ မသေမျိုးချီရော ဝိညာဉ်ချီပါမရှိ။
သူ ကူညီပေးဖို့ ဘာမှမလုပ်နိုင်။ ဒါပေမဲ့ ရှန်းရင်က အနားမယူ။ သူမအမူအရာက ယိချင်းကို ခွဲစိတ်နေသလိုမျိုး ခက်ထန်နေဆဲ။ သူမ စခရင်ပေါ် နေ့ရောညပါ အသည်းအသန်အာရုံစိုက်ကာ အလုပ်လုပ်ပြီးမှ နောက်ဆုံးတော့ အနားယူခဲ့တယ်။
“သူ့အခြေအနေက တည်ငြိမ်သွားပြီ” ရှန်းရင်အမူအရာက စိတ်ချသွားပြီး နောက်ဆုံးတော့ ကူယွဲ့ကို လှည့်ကြည့်လာခဲ့တယ်။ အကျင့်အတိုင်း သူမရဲ့တင်းမာနေတဲ့ပခုံးတွေက ပုံလျက်သားကျသွားတယ်။
“ငါတို့အခုလုပ်ရမှာက သူနိုးလာမှာကို စောင့်ဖို့ပဲရှိတယ်”
ကူယွဲ့က ခေါင်းညိတ်ကာ အိပ်ပျော်နေတဲ့ စားဖိုမှူးကို လှမ်းကြည့်လိုက်တယ်။ သူ တကယ်ပဲ အများကြီး ပိုသက်သာလာပြီး စက္ကူလိုဖြူစုတ်မနေတော့ဘူး။ ကူယွဲ့ စိတ်အေးသွားကာ သက်ပြင်းချပြီး တံခါးဆီ လျှောက်လာခဲ့တယ်။
“အပြင်ထွက်စောင့်ကြရအောင်” အိုက်ယား သူတို့က သူ့ကို စိုးရိမ်ရအောင်ပဲလုပ်တတ်တယ်။
ရှန်းရင်က သူ့နောက်ကနေ အပြင်ကို လိုက်လာပေမဲ့ တစ်စုံတစ်ရာက သူမရဲ့ အပေါ်အင်္ကျီအစွန်းကို ဆွဲလာတယ်။ သူမငုံ့ကြည့်လိုက်တော့ ယိချင်းက သူမအင်္ကျီအစွန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားတာ မြင်လိုက်ရတယ်။ သူက သတိလစ်နေပေမဲ့ သူ့ဆုပ်ကိုင်ထားမှုကတော့ အားကောင်းဆဲ။ သူ့သွေးသံရဲရဲလက်ချောင်းတွေက သူမရဲ့ အင်္ကျီအစွန်းကို နီရဲသွားစေခဲ့တယ်။
“ဘာဖြစ်တာလဲ” ကူယွဲ့ သူမ မလှုပ်တာမြင်တော့ မေးလိုက်တယ်။
ရှန်းရင် ယိချင်းလက်ကို ခွာဖို့လုပ်ပေမဲ့ လက်ကို ပြန်ရုပ်လိုက်တယ်။
“ငါ သူ့ဒေတာကို စောင့်ကြည့်ဖို့ ဒီမှာနေမှရမယ်၊ နင် အရင်သွားနှင့်ပါ” သူမ တစ်ဖက်လှည့်ကာ စခရင်ပေါ် တတောက်တောက်နှိပ်ပြန်တယ်။ ထိုင်ခုံတစ်ခုက သူမဘေးပေါ်လာတယ်။ ရှန်းရင် ထိုင်ချပြီး အချက်အလက်စာရွက်တွေကို ဆက်ပြီးလှန်လှောနေတယ်။
ကူယွဲ့ ဒါကို အများကြီး မစဉ်းစား။ သူ အခန်းထဲနေနေရင်တောင် အကူအညီ မဖြစ်မှန်း သိတာမို့ ဧည့်ခန်းဆီ ထွက်လာခဲ့တယ်။
စားဖိုမှူးက ငါးရက်နဲ့ခြောက်ညတိတိ အိပ်ခဲ့တယ်။ ရှန်းရင်က ပြန်လည်ကုသမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပြီလို့ သံသယဝင်စပြုနေပြီ။ သူမ ဘာမှားသွားလဲ တွေးနေတုန်းရှိသေး ကုသမှုစင်မြင့်ပေါ် တစ်စုံတရာ လှုပ်ရှားလာတယ်။ နောက်တော့ သူမ ဘယ်ဘက်ပါးပြင်ပေါ် အနွေးဓာတ် ခံစားလိုက်ရပြီး တုန်ယင်နေတဲ့လက်တစ်ဖက် ရောက်နေတယ်။
“ဆ… ရာ” စားဖိုမှူးက သူမကိုမျက်လုံးဖွင့်ကြည့်လာတယ်။ သူ့မျက်လုံးတွေက မျက်ရည်ဝဲနေပြီး အချိန်မရွေး ငိုချမိတော့မဲ့ပုံ။
ရှန်းရင်က ရင်ထိတ်သွားတယ်။
“နင်နိုးလာပြီပဲ” သူမက လည်ချောင်းကိုရှင်းကာ ခံစားနေရတဲ့ ထူးဆန်းတဲ့ခံစားချက်တွေကို ခါထုတ်ဖို့ ကြိုးစားလိုက်တယ်။ တစ်ဖက်လှည့်ကာ သူမ ဧည့်ခန်းဆီ မက်ဆေ့တစ်စောင် လှမ်းပို့လိုက်တယ်။
“ဖေဖေနျို စားဖိုမှူး နိုးလာပြီ”
တစ်အောင့်ကြာတော့ အခန်းတံခါးက ပွင့်လာတယ်။ ကူယွဲ့က လေလိုမျိုး အမြန်ပြေးဝင်လာလေရဲ့။
“စားဖိုမှူး မင်းနိုးပြီလား၊ အဆင်ပြေရဲ့လား” သူက ယိချင်းကို ခေါင်းစခြေဆုံး စစ်ဆေးပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။
“ဘာလို့ မင်းအမြဲ ဒီလိုပုံဖြစ်နေရတာလဲ၊ ဒီတစ်ကြိမ်ရော ဘာဖြစ်ခဲ့တာတုံး၊ ငါမင်းကိုပြောမယ်၊ ဒီကမ္ဘာကမင်းနဲ့မတူဘူး၊ ဒီမှာကလိမ်ကျဖို့ကြိုးစားရင် ငါတို့မကူညီနိုင်ဘူးနော်”
ယိချင်းက ရှန်းရင်ကိုပဲ ကြည့်နေပြီး ကူယွဲ့ပြောတာတစ်ခွန်းမှမကြားသလို ပြုမူနေတယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ရှန်းရင်လက်မောင်းကို ဆွဲတော့တယ်။
“ဆရာ… ကျွန်တော် ဆရာ့ကို မရှာနိုင်ခဲ့ဘူး၊ သုံးလောကတစ်ခွင်လုံး လိုက်ရှာနေခဲ့တာ… ရှာမတွေ့ခဲ့ဘူး”
သူ့အသံက တိုးရှနေပြီး ခပ်ကျယ်ကျယ်စကားပြောရင် တစ်စုံတရာကွဲကြေသွားမှာ စိုးရိမ်နေဟန် ဂရုတစိုက် စကားပြောနေတယ်။
“ကျွန်တော့်ကို မလိုချင်တော့ဘူးလား”
ကူယွဲ့က သူ့ရှေ့ကလူကို လှမ်းကြည့်လိုက်တယ်။ သူ စားဖိုမှူး ဒီလောက်အားနည်းတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူ့နှလုံးသား နာကျင်သွားပြီး အသံကိုပျော့ပြောင်းဖို့ကြိုးစားလိုက်တယ်။
“ဟာ့… အင်း၊ ငါတို့မှားတာပါ၊ ဒါပေမဲ့ ငါတို့လည်း ဒီကို ရုတ်တရက် ပို့ခံလိုက်ရတာပဲ၊ မင်းကို အသိပေးဖို့အချိန်တောင် မရလိုက်ဘူး၊ အဲဒါအားလုံးက အဲမိစ္ဆာနတ်ဘုရားအပြစ်ပဲ”
ကူယွဲ့က မိစ္ဆာနတ်ဘုရားကို ရုတ်တရက် ရိုက်နှက်ထုထောင်းချင်သွားတယ်။
“အပြင်မှာစကားပြောရအောင်” ရှန်းရင်က ထရပ်တယ်။ ယိချင်းက ရှန်းရင်ကို လိုက်ကြည့်ရင်း သူ့မျက်လုံးတွေက နောက်တစ်ကြိမ် မျက်ရည်ဝဲလာပြန်တယ်။ သူ့ကြည့်ရတာ သူမကို နောက်တစ်ကြိမ် ဆုံးရှုံးရမှာ ကြောက်နေတဲ့ပုံ။ သူမ ရပ်သွားပြီး သူ့လက်ကိုကိုင်ကာ ယိချင်းကိုပါ သူမနဲ့အတူ ဆွဲခေါ်လာခဲ့တယ်။
ယိချင်းက အတော်လေး နာခံနေကာ ရှန်းရင်နောက် လိုက်လာတယ်။ သူက အတော်လေး နီးနီးကပ်ကပ်လိုက်လာပြီး သူမ ထပ်မပျောက်သွားတာသေချာဖို့ သူမနဲ့ နီးကပ်နေတာသေချာအောင် လုပ်နေတယ်။
“မင်း ဘယ်လိုလုပ် ဒီလောက်ထိ ဒဏ်ရာရသွားရတာတုံး” ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ ပတ်ပတ်လည်မှာ ခြောက်ကပ်နေတဲ့သွေးတွေကိုမြင်ပြီး မျက်မှောင်ကြုတ်ကာ တစ်ဖက်လှည့်ပြီးတော့ အဝတ်အစားသစ်တစ်စုံ ထုတ်လိုက်တယ်။
“အင်္ကျီလဲ၊ မင်းရဲ့ဓမ္မဝတ်ရုံက ခုအသုံးမဝင်တော့ဘူး၊ ပြီးတော့ မင်း ဒီလိုမျိုး အပြင်ထွက်လို့မရဘူး”
…