အခန်း ၂၇၇ ။ အလိုအလျောက်ပြုပြင်မှု
ဗီဒီယိုတစ်ခုက စခရင်ပေါ် သွားနေပြီး ကူယွဲ့က စင်ပေါ်ရပ်နေတယ်။ သူက ခပ်ဩဩအသံနဲ့ တစ်စုံတစ်ရာကို မိတ်ဆက်နေတယ်။ တစ်ခါတလေ သူ့အသံကမြင့်သွားလိုက် တစ်ခါတလေ သူ့အသံကတိုးသွားလိုက်နဲ့။ နောက်ခံသီချင်းတွေလည်း အမျိုးမျိုးထွက်နေတယ်။
ဒါ… ခပ်ပေါပေါဟာသအသံပြင်ဗီဒီယိုလား။ ဖေဖေနျိုလည်း ဒီလိုဟာတွေကြည့်တယ်ပေါ့
“အတော်လေးတော့ လုပ်ထားတာ ပီပြင်သားပဲ” ရှန်းရင် မှတ်ချက်ပြုလိုက်တယ်
“ငါ့ခြေထောက်ကို ကောင်းကောင်းလုပ် အဲမျက်နှာကိုကြည့်ဟ” သူက ဗီဒီယိုကိုလက်ညှိုးထိုးပြီး သူ့ကိုယ်သူပါ လက်ညှိုးထိုးလိုက်တယ်။
“ငါနဲ့တစ်ပုံစံတည်းပဲ”
“ပြီးတော့ရော”
“ဒါက လွန်ခဲ့တဲ့၂နှစ်ကဟာလေ” ကူယွဲ့က ဗီဒီယိုခေါင်းစဉ်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒါက ငါမကူးပြောင်းခင် ငါတို့ဂိမ်းတစ်ခုရဲ့ ဖြန့်ချိပွဲမှာဆိုတာ မှတ်မိတယ်၊ အဲအချိန်တုန်းက ငါမကူးပြောင်းရသေးတော့ ခန္ဓာကိုယ်ကို လေ့ကျင့်တာ မစသေးဘူး၊ ငါ အဲလိုပုံစံ ပေါက်နေသင့်တာ မဟုတ်ဘူးလေ”
သူက ပြောရင်း Baidu ဆီ ပြန်ပြောင်းဖွင့်လိုက်တယ်။
[မှတ်ချက် ။ ။ တရုတ်ရှာဖွေရေးဝက်ဆိုက်]
သူ့အကြောင်း သတင်းတွေကိုထပ်ရှာလိုက်တော့ တစ်ပုံချင်းစီက ကူယွဲ့ရဲ့လက်ရှိပုံစံကိုပဲ ပြသနေတယ်။
“ဒီပုံတွေကို ကြည့်ပါဦး၊ အခု ငါ့ရဲ့ပုံစံနဲ့ တစ်ထပ်တည်းပဲ၊ ငါ ရုံးခန်းဆီလည်း ပြန်သွားပြီးပြီ၊ ငါ အရင်ကနဲ့ မတူဘူးဆိုတာ ဘယ်သူမှမသိဘူး”
“အိုး” ရှန်းရင်က တစ်ခဏစဉ်းစားပြီး မေးလိုက်တယ်။
“မျက်နှာပြင်က သူ့အမှားကို သူ့ဘာသာပြင်သွားတာဖြစ်နိုင်လား” ရှန်းရင်က သူမကီးဘုတ်ကို ဆက်ပြီးနှိပ်နေရင်း ပြောလာတယ်။
“နင်က ဒီကမ္ဘာဆီကလေ၊ မတော်တဆကူးပြောင်းသွားပြီး တရားဝင်လမ်းကြောင်းတွေကနေ ဖြတ်သန်းခဲ့တာ မဟုတ်ဘူး၊ အခုကျ ပြန်ရောက်လာပြီ၊ ကမ္ဘာကြီးက နင့်တည်ရှိမှုကို ယုတ္တ်ရှိအောင် လုပ်ဖို့ ကြိုးစားနေတာနေမှာပေါ့”
အလိုအလျောက် ပြုပြင်မှုလား။
ကူယွဲ့ တုံ့ဆိုင်းနေတယ်။
“ပြောရရင် မင်းကလွဲ တခြားလူတိုင်းက တစ်လျှောက်လုံး ငါကအဲရုပ်ပဲလို့ ထင်ကြမှာလား”
“ဟုတ်တယ်” ရှန်းရင် လက်ယမ်းပြလိုက်တယ်။
“မစိုးရိမ်ပါနဲ့၊ နင့်ကို သက်ရောက်မှုမရှိပါဘူး”
“ဒါတွေအားလုံးကို မင်း ဘယ်လိုသိတာလဲ”
ရှန်းရင်က သူ့ကို လေးနက်စွာကြည့်လာတယ်။
“ဒါက မျက်နှာပြင်တွေအကြောင်း ယေဘုယျဗဟုသုတ မဟုတ်ဘူးလား”
ငါ့ဖင်ကို ယေဘုယျဗဟုသုတ သူ့မှာ ဘယ်လိုလုပ် ဒီလိုဗဟုသုတ ဘယ်တုန်းကမှမရှိရတာလဲ။
“ခဏ” ကူယွဲ့က ရှန်းရင်ခုလေးတင် ပြောသွားတာကို ဖြည်းဖြည်းဆေးဆေး စဉ်းစားတွေးတောလိုက်တယ်။
“ငါက ဝိညာဥ်ကူးပြောင်းဖို့ကို တရားဝင်လမ်းကြောင်းတွေကတစ်ဆင့် မသွားခဲ့ဘူးလို့ မင်းပြောတယ်နော်၊ တခြားနည်းနဲ့ ပြောရရင်… ဒီကမ္ဘာမှာ ဝိညာဉ်ကူးပြောင်းဖို့ တရားဝင် လမ်းကြောင်းတွေ ရှိတယ်ပေါ့”
“ထင်တာပဲလေ” ရှန်းရင်က အကြည့်လွှဲလိုက်တယ်။
“ရှိတာလား၊ မရှိတာလား”
“ငါလည်း မသိဘူး” ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။
“ငါက မျက်နှာပြင်တွေနဲ့ သိပ်ပြီး အထိအတွေ့ မရှိဘူး – အဲမှာ ဘွဲ့မရထားဘူး”
“ဒါတွေကို ကျောင်းမှာ သင်လို့ရတာမို့လို့လား” ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။
“မင်း ဒီအကြောင်းတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲ”
ရှန်းရင်လက်က တုန်ယင်စ ပြုလာပြီး သူမရဲ့စာရိုက်သံက အများကြီး ပိုနှေးသွားလေတယ်။ သူမရဲ့ မျက်နှာပြင်ထက် မသိသာတဲ့ အမူအရာ ဖြတ်ပြေးသွားတယ်။ တစ်အောင့်ကြာတော့ သူမ ပြန်ဖြေလိုက်တယ်။
“နင် မသိတာက ပိုကောင်းမယ် ထင်တာပဲ”
ကူယွဲ့က ရုတ်တရက် တစ်ခုခု တွေးမိသွားသလိုမျိုး သူမကို မျက်လုံးတွေ မှေးကြည့်လိုက်တယ်။
“မင်းအစ်မကြီး မဟုတ်လား”
“…” ရှန်းရင် ကြက်သီးထသွားတယ်။
“သူဘယ်မှာလဲ၊ ငါ့ကို သူ့ဆီခေါ်သွားပေး”
“မသိဘူး၊ သူက တစ်ခါတလေ ၁လ၂လလောက် အဝေးရောက်နေတတ်တယ်၊ ဒါပေမဲ့…” ရှန်းရင်က လေးနက်တဲ့အမူအရာနဲ့ တစ်ဖက်လှည့်သွားတယ်။
“နင် သူ့ကို မရှာတာပိုကောင်းတယ်”
“ဘာလို့လဲ” ကူယွဲ့ ကြောင်သွားတယ်။ သူက သူမကိုမရှာရင် ကိစ္စတွေကို ဘယ်လိုအတည်ပြုဖြေရှင်းမလဲ။
“မဟုတ်တာ၊ ငါသူ့ကိုတွေ့မှဖြစ်မယ်၊ ငါသူ့ကို ဒီမှာပဲစောင့်မယ်”
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါက ငါ့အိမ်နော် နင်-”
သူမ စကားမဆုံးခင် ကူယွဲ့က အိုင်ပတ်ပေါ် တတောက်တောက်နှိပ်လိုက်တယ်။ ရှန်းရင်ဖုန်းက သူမဘေးကနေ မြည်လာတယ်။
[တီတီ WeChat မှ *** ဒေါ်လာ လက်ခံရရှိ]
“ကောင်းပါပြီ ဖေဖေနျို၊ ပြဿနာမရှိပါဘူး ဖေဖေနျို” ရှန်းရင်မျက်လုံးတွေ တလက်လက် တောက်ပသွားတယ်။
“နင် ဘယ်အခန်းမှာနေချင်လဲ၊ ကော်ဖီသောက်ချင်လား၊ နွားနို့ရော သကြားရောလိုချင်သေးလား”
“…” တကယ့်ငစားပဲ။
ကူယွဲ့က ဈေးပေါပေါအစုတ်ပလုတ်လေးကို မျက်ဆန်လှန်ပြလိုက်တယ်။ ရုတ်တရက် ရှန်းရင် စခရင်ပေါ်က တစ်စုံတရာက သူ့အာရုံကိုဖမ်းစားသွားခဲ့တယ်။
“ဟုတ်သား၊ မင်းစောနက ကီးဘုတ်ကို ဆက်တိုက်နှိပ်နေတာ… ခဏ၊ ဒီအချက်အလက်ဘဏ်က ငါ့ကုမ္ပဏီက မဟုတ်ဘူးလား၊ မင်း အခုဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“ဘာမှမဟုတ်ပါဘူး” ရှန်းရင် စိတ်လှုပ်ရှားစွာ ရယ်လိုက်တယ်။
“ငါ စောနက နင့်စနစ်ထဲ သိမ်းထားမိတဲ့ အသုံးမဝင်တဲ့အချက်အလက်တချို့ကို ဖျက်နေရုံပါ”
“အချက်အလက်လား” ကူယွဲ့ အမူအရာ မှောင်မည်းသွားတယ်။
“ဒါဆို ဘာလို့ ငါ့အွန်လိုင်းဂိမ်းဒေတာဘေ့စ်ပေါ်မှာ မင်းကိုမြင်ခဲ့ရတာလဲ”
“အာ…” ရှန်းရင် လည်ချောင်းရှင်းလိုက်တယ်။
“ပြီးတော့ ငါတစ်လက်စတည်း ငါ့အွန်လိုင်းဂိမ်းဒေတာအချက်အလက်တွေကိုပါ ပြောင်းခဲ့မိတယ်။
“…” ငါ-ိုး တခြားသူ တွေအာရုံမခံနိုင်ဘူးဆိုတာကြောင့်နဲ့ အွန်လိုင်းဂိမ်းဒေတာရင်းမြစ်တွေကို ပြောင်းနေတာ တော်တော့ဟ
ရှန်းရင်က ဂိမ်းကို ပြန်ဖွင့်နေပြီဖြစ်ပြီး လော့ဂ်အင်ဝင်ရောက်ကာ ဆယ်မိနစ်အတွင်း ပြိုင်ဘက်သတ်တာ ခံလိုက်ရလေတယ်။
သူမကို ထုထောင်းချင်နေသော ကူယွဲ့ ။ ။ “…”
-_-|||
သူမရဲ့ ဟက်ကင်းအရည်အချင်းတွေက ဂိမ်းကစားတဲ့အရည်အချင်းနဲ့ လုံးဝကို ပြောင်းပြန် အချိုးကျနေတာပဲ။ ဒါက… တစ်မူထူးနေတာပဲ။
ဘယ်လိုလုပ် အဲလောက်မြန်မြန် အသတ်ခံရတာတုံး။
“တကယ်ပဲ ဆယ်ဆအကာအကွယ်က အလုပ်မဖြစ်ဘူး၊ အဆတစ်ရာပြောင်းသင့်တယ်”
“…” တော်လောက်ပြီ – မင်း ဂိမ်းထဲက ရန်သူတွေအားလုံးကိုသာ ဖျက်လိုက်ပါတော့။
(╯°Д°)╯┻━┻
ကူယွဲ့က အသက်ပြင်းပြင်းရှူပြီး သူ့ဘေးက အင်တာနက်စွဲလမ်းနေသူနဲ့တူတဲ့ အမျိုးသမီးကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူက မျက်လွှာချကာ သက်ပြင်းချတယ်။
“ရှန်းရင်၊ မင်း အဲကမ္ဘာဆီ မပြန်ချင်ဘူးလား”
ရှန်းရင်က တန့်သွားပြီး နောက်ဆုံးတော့ စခရင်ကနေ မော့ကြည့်တယ်။
“ဖေဖေနျို နင်ပြန်ချင်လို့လား”
သူတုံ့ဆိုင်းနေပြီး လက်သီးဆုပ်ထားမိတယ်။ တစ်ခဏနေတော့ သက်ပြင်းချလိုက်ပြန်တယ်။
“အင်း”
ဒီကမ္ဘာမှာ ၄၊ ၅ ရက်ပဲရှိသေးပေမဲ့ အဲဘက်ဘုံမှာတော့ သူနှစ်ရာချီနေခဲ့ပြီးပြီ။ သူ အဲကဘဝကို ကျင့်သားရနေခဲ့ပြီလေ။ သူ နဂိုက ဒီကမ္ဘာကဖြစ်တာတောင် ဒီကမ္ဘာက ခုသူ့လက်ရှိပုံစံနဲ့ အတော်လေးကို အစိမ်းသက်သက် ဖြစ်နေသလိုပဲ။ သူရင်းနှီးနေတဲ့အရာအားလုံးက တစ်ဖက်ဘုံမှာ ရှိနေတယ်။
“ငါ ပြန်သွားချင်တယ်”
“အိုး” ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ တစ်အောင့်နေတော့ သူမကပြောတယ်။
“ဒါပေမဲ့… တကယ်လို့ ငါနင့်ကို ပြန်ပို့ဖို့နည်း ရှိရင်တောင် မိစ္ဆာနတ်ဘုရားက နင်တစ်ယောက်တည်း ပြန်သွားရင် ဒီပြန်ပို့လိုက်လိမ့်မယ်”
ကူယွဲ့က နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားတယ်။ သူ ဒါကိုစဉ်းစားမိပြီးသား။
“အဲဒါကြောင့် သောက်ကျိုးနည်း မင်းပါလိုက်ခဲ့ဖို့လိုတာပေါ့”
“ငါအဲမှာ အကြာကြီးနေလို့မရဘူး” ရှန်းရင်က ပခုံးတွန့်တယ်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့…” ရှန်းရင် ရှင်းပြမို့ရှိသေး တစ်စုံတရာကို အမှတ်ရသွားကာ မျက်လုံးပြူးသွားတယ်။
“ဟုတ်သားပဲ၊ ဒီနေ့က ဘာနေ့လဲ၊ ဘယ်အချိန်ရှိပြီလဲ”
“ဟမ်” ကူယွဲ့က တုံ့ဆိုင်းသွားပြီး လျှပ်စစ်ပြက္ခဒိန်ကို လှမ်းကြည့်တယ်။
“၁၀ရက်နေ့ မဟုတ်ဘူးလား၊ နေ့လယ်ရောက်တော့မယ်”
ရှန်းရင်က ဖြူဖျော့သွားကာ ထိုင်ခုံကနေ ထခုန်တော့တယ်။
“မဖြစ်တော့ဘူး၊ နင်အခု ခဏထွက်သွားဖို့လိုတယ်၊ မြန်မြန်”
“ဘာ”
“အချိန်မရှိတော့ဘူး” ရှန်းရင်က ကူယွဲ့ကို တံခါးအပြင်တွန်းထုတ်နေရင်းမှ နာရီကိုကြည့်ပြီး ပြန်ဆွဲထားလိုက်တယ်။
“မြန်မြန်ပုန်းနေတော့”
“ခဏ” ကူယွဲ့ တုံ့ပြန်ဖို့အချိန်မရလိုက်သေးခင်မှာတင် သူမက သူ့ခေါင်းကို စားပွဲအောက် တွန်းထည့်တော့တယ်။
သောက်ကျိုးနည်းဟ။
Σ(°△°|||)
နောက်အခိုက်အတန့်မှာ ရှန်းရင်ကွန်ပျူတာကနေ တီခနဲ အသံထွက်လာတယ်။ ပုံရိပ်က လှစ်ခနဲ ဖြစ်သွားပြီး ရှန်းရင်နဲ့ ၈၀ရာခိုင်နှုန်းတူတဲ့ အမျိုးသမီးက စခရင်ပေါ် ပေါ်လာတယ်။
“ရှောင်ရင်” အမျိုးသမီးက အသံနက်နက်နဲ့ စကားပြောလာတယ်။
ရှန်းရင်ကြက်သီးထသွားတယ်။ သူမက ငေးကြောင်ကြောင် လှည့်သွားပြီး အတင်းအကြပ် ပြုံးလိုက်တယ်။ သူမလည်း ခပ်နက်နက်အသံနဲ့ ပြန်ဖြေလိုက်လေတယ်။
“… မကြီး”
“ရက်တွေအကြာကြီး နားပြီးတာတောင် ဘာလို့ ဖြူဖျော့နေတာလဲ” စခရင်ပေါ်က အမျိုးသမီးက မျက်မှောင်ကြုတ်တယ်။
“နင် အပျင်းတစ်ပြီး လျှောက်သွားပြန်ပြီလား”
“မဟုတ် မဟုတ်ပါဘူး” ရှန်းရင်က ချက်ချင်း ခပ်မတ်မတ် ထိုင်လိုက်ပြီး အသည်းအသန် ခေါင်းယမ်းတော့တယ်။ သူမ ကျောမတ်မတ်ထိုင်နေရင်း ပြောလိုက်တယ်။
“ငါ ဘယ်မှမသွားပါဘူး၊ လိုအပ်တဲ့နောက်ဆက်တွဲအလုပ်တွေ အားလုံးလည်း ပြီးပါပြီ၊ တကယ်ပါ”
သူမ ချွေးပြန်စ ပြုလာတော့တယ်…။
…