အခန်း ၂၇၆ ။ မျက်နှာပြင်တံခါးပေါက်များ
ဟုန်ယွီက ခုလုံးဝကို တွေဝေသွားပြီ။ သူက ဒီကိစ္စတွေကို အရင်ကတစ်ခါမှ မစဉ်းစားခဲ့ဖူးသလိုမျိုး တဖြည်းဖြည်း ဇဝေဇဝါဖြစ်လာတယ်။ သူက တုန်ယင်စ ပြုလာတယ်။
“ငါတကယ်… မှားယွင်းခဲ့တာ ဖြစ်နိုင်လား”
“ဦးလေးမှားလားတော့ မသိပေမဲ့…” ရှန်းရင်က အသံကိုနှိမ့်ပြီး ဆက်ပြောတယ်။
“ဦးလေးအယူအဆတွေအားလုံးက လက်တွေ့ဘဝနဲ့ အဆင်ပြေရမယ်မလား၊ ဦးလေးက ရှေးအကျဆုံး နတ်ဘုရားတွေထဲက တစ်ပါးမလား၊ သံသရာစက်ဝန်းကို တစ်ခါမှ မဖြတ်သန်းဖူးသေးဘူးမဟုတ်လား၊ ကြည့်… အရင်က မလုပ်ဖူးဘူးဆိုရင် မကောင်းဘူးလို့ ဘယ်ပြောနိုင်မလဲ”
“…”
ရှန်းရင် သူ့ရဲ့ဖောက်ထွင်းမြင်ရလုနီးပါးကိုယ်ကို ပုတ်ပေးလိုက်တယ်။
“ဆိုရိုးစကားရှိတယ်လေ – ပြောမယုံကြုံမှသိတဲ့၊ ကောက်ချက်ချမသုံးသပ်ခင် သံသရာစက်ဝန်းထဲ အရင် ဝင်ကြည့်ပါလား”
“ငါ-”
သူက အခုပိုပြီးတောင် ဗျာများနေဟန်။ ဒါပေမဲ့ စောနကလိုတော့ မျှော်လင့်ချက်မဲ့နေတဲ့ပုံ မပေါ်တော့ဘူး။ သူ နားမလည်နိုင်သေးတဲ့ကိစ္စတွေ ရှိသေးပေမဲ့လည်း သူ့ဝိညာဉ်တွေကတော့ အလင်းမှုန်လေးတွေအဖြစ် ကွဲထွက်မနေတော့။
သူတို့ဘေးက မုန့်ပေါ်က စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါးဖြစ်သွားတယ်။ သူမက လက်ကို အမြန် ယမ်းပြီး ဟုန်ယွီ့ကို အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ မေ့ပျောက်မြစ်ထဲ ဝင်သွားစေလိုက်တယ်။ သူ သံသရာစက်ဝန်းထဲ ဝင်သွားခဲ့ပြီ။
“မဆိုးဘူးပဲ – မင်းရဲ့ နားချမှုစွမ်းရည်တိုးတက်လာတယ်” ကူယွဲ့ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ရှန်းရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။
“ဖေဖေနျိုက ငါ့ကို သေချာသင်ပေးထားတာကိုး”
“ဖွီ” သူ ဘယ်တုန်းကမှ သူမကို အဲလိုမျိုး မသင်ဖူးပါဘူး။
“ဂိုဏ်းချုပ်က တကယ်ကိုမိုက်တာပဲ” မုန့်ပေါ်က ရှန်းရင်လက်ကို စိတ်လှုပ်ရှားစွာနဲ့ ဖမ်းဆုပ်လေတယ်။
“တကယ်တော့ ဒီလောကမှာ ဝိညာဉ်တိုင်းက အရေးကြီးတယ်၊ တကယ်လို့ သူသာ သံသရာစက်ဝန်းထဲ ဝင်ဖို့ငြင်းပြီး သူ့ဝိညာဉ်ကို လွင့်ပျောက်သွားစေခဲ့ရင် ကျွန်မအတွက် အတော်လေး ဒုက္ခဖြစ်စေမှာ”
“သံသရာစက်ဝန်းမရှိရင် သုံးလောကထဲက သက်ရှိတွေက တကယ်ပဲ ထာဝရအသက်ရှင်မှုကို ခံစားပျော်ရွှင်လိမ့်မလား” ကူယွဲ့ မေးလိုက်တယ်။
မုန့်ပေါ်က ခေါင်းယမ်းတယ်။
“တကယ်တော့ ဒီကမ္ဘာမှာ သက်ရှိတွေအားလုံး သူတို့အသက်မှာ အကန့်အသတ်ရှိပြီးသား၊ တကယ်လို့ သူတို့ အကြာကြီးနေရင် ဖြည်းဖြည်းချင်း ပြိုကွဲသွားလိမ့်မယ်၊ သူတို့ပိုပြီးတောင် ကြာကြာနေရင် သူတို့ဝိညာဉ်တွေက လွင့်ပျောက်သွားတာတောင် ဖြစ်နိုင်တယ်၊ အမတတွေနဲ့ နတ်ဘုရားတွေ ဖြတ်သန်းနေတဲ့ ကျင့်ကြံမှုတွေက သူတို့ဝိညာဉ်ကို နည်းနည်းကြာကြာ ဆက်ထိန်းလို့ရအောင် သန်မာစေနိုင်တာပဲ ရှိတယ်၊ ဒါပေမဲ့ မေ့ပျောက်မြစ်ကတော့ ဝိညာဉ်တစ်ခုကို မူလအခြေအနေ ပြန်ရောက်စေပြီး သန်မာအောင် လုပ်ပေးနိုင်တယ်၊ သံသရာစက်ဝန်း မရှိရင် သိပ်မကြာခင်မှာပဲ သုံးလောကထဲ ထာဝရအသက်ရှင်မှု နေနေသာသာ သက်ရှိတောင် ရှိတော့မှာမဟုတ်ဘူး”
အဲလိုကိုး။ သူမ အစတည်းက ဟုန်ယွီ့ကို ဒီလိုပြောခဲ့သင့်တာ။
“ကျွန်မက နဂိုပုံစံ ပြန်ရောက်နေပြီလေ၊ သုံးလောကရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်နိုင်တော့ဘူး၊ ဒါကြောင့် ရှင်းပြဖို့အတွက်က ကျွန်မ မဟုတ်တာပါ” ရွှမ်ထုံက ကူယွဲ့အမူအရာကို မြင်ပြီးတော့ ထပ်ပြောလိုက်တယ်။
ကူယွဲ့က ဟိုဟိုဒီဒီကြည့်လိုက်တယ်။
“အော် ဟုတ်သား၊ မိစ္ဆာနတ်ဘုရားဘယ်မှာလဲ၊ သူက ငါ့ကို မင်းဆီ လမ်းညွှန်လိုက်တာပဲ၊ အခု မင်းကို ရှာတွေ့ပြီဆိုတော့ သူပေါ်လာလို့ရပြီမလား”
“သေချာပေါက် ကျုပ်ဒီမှာရှိပါတယ်” ကူယွဲ့ စကားပြောပြီးပြီးချင်း အသံတစ်သံက လေထဲပေါ်လာပြီး ရင်းနှီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးက သူတို့လူအုပ်ရှေ့ ဆင်းသက်လာတယ်။
“မတွေ့တာကြာပြီနော် နှစ်ယောက်လုံး” မိစ္ဆာနတ်ဘုရားက သူတို့ကို ကြင်နာစွာနဲ့ပြုံးပြတယ်။
“မုန့်ပေါ်ကို ရှာပေးတဲ့အတွက် နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်၊ အခု သုံးလောကထဲ ငြိမ်းချမ်းမှုရနိုင်ပြီ”
“အဲသောက်ပိုတွေတော်တော့၊ ကျုပ်တို့တွေ သူ့ကိုရှာတွေ့ပြီ၊ အခု ကမ္ဘာနှစ်ခု ဘယ်လို ပေါင်းစပ်နိုင်မလဲဆိုတာ ခင်ဗျားကျုပ်တို့ကိုပြောပြဖို့ အချိန်ကြပြီမလား” ကူယွဲ့ အသည်းအသန် မေးလိုက်တယ်။
“ဒါပေါ့” မိစ္ဆာနတ်ဘုရားက ဖြေကာ စပ်ဖြဲဖြဲလုပ်တယ်။ သူလက်မြှောက်လိုက်တော့ သူတို့ရှေ့ စာလိပ်တစ်ခုပေါ်လာတယ်။
“ဒါက ကမ္ဘာနှစ်ခုကြားက တံခါးကို ဖွင့်ဖို့သိုင်းပဲ၊ ဒီသိုင်းကို နားလည်သွားတာနဲ့ ကိုယ့်ကမ္ဘာဆီ ပြန်လို့ရပြီ”
ကူယွဲ့စာလိပ်ကို လက်ခံလိုက်တယ်။ မိစ္ဆာနတ်ဘုရားက သူတို့ကို ဖြေရှင်းနည်း ဒီလောက်အလွယ်လေး ပေးလာမယ်လို့မထင်ခဲ့ဘူး။ သူ့ရဲ့နဂိုကမ္ဘာနဲ့ ဝေးနေခဲ့တာ အရမ်းကို ကြာနေခဲ့ပြီ။ ရှန်းရင်ပေါ်လာတာကြောင့်သာ မဟုတ်ရင် သူ အဲကမ္ဘာထဲကအရာအားလုံးကို နောက်မှာချန်ထားခဲ့မှာ။
“လုပ်ဖို့က အင်းကွက်ဖန်တီးရုံပဲလား” ရှန်းရင်က စာလိပ်ကို စပ်စုစွာလှမ်းကြည့်လိုက်တယ်။
“ဝင်ခွင့်ကတ်ပြား မလိုဘူးလား”
“ဝင်ခွင့်ကတ်ပြားလား” မိစ္ဆာနတ်ဘုရား သူမဘာဆိုလိုလဲဆိုတာ နားမလည်လို့တန့်သွားတယ်။ တစ်အောင့်နေတော့ သူကပြောတယ်။
“ကမ္ဘာနှစ်ခုကို ချိတ်ဆက်ဖို့ နတ်ဘုရားစွမ်းအင်ပမာဏအများကြီးလိုတယ်၊ တစ်ယောက်က ကောင်းကင်ဘုံက တံခါးတွေကို ဖွင့်မှဖြစ်မယ်” သူက လက်ကိုနောက်တစ်ကြိမ် ဝှေ့ယမ်းတော့ ထွက်ပေါက်၂ခုပေါ်လာတယ်။
“ဒါတွေက အမတဘုံနဲ့ ကောင်းကင်ဘုံဆီ ထွက်ပေါက်တွေပဲ၊ နှစ်ယောက်သား ဘယ်တံခါးကို ဖြတ်မလဲဆိုတာ သေချာစဉ်းစားဖို့ မျှော်လင့်တယ်”
ချီး၊ အဲလောက်လွယ်မှာ မဟုတ်မှန်း သိသားပဲ။ သူ နှစ်ခုထဲက တစ်ခုပဲရွေးလို့ရမှာ။
“ဆိုလိုတာက တစ်ခုကိုရွေးလိုက်ရင် နောက်တစ်ခုကိုဖြတ်သွားလို့မရဘူးလား” ရှန်းရင်မျက်လုံးတွေ မှေးသွားတယ်။
မိစ္ဆာနတ်ဘုရားက တန့်သွားပြီး ချက်ချင်း စပ်ဖြီးဖြီးလုပ်တယ်။
“အာ… သေချာပေါက်ရတာပေါ့၊ ဝိညာဉ်ကူးပြောင်းအင်းကွက်က အသက်သွင်းဖို့ အချိန်အတော်ကြာရုံပဲ၊ ပြီးတော့ အဲဒါကို အသက်သွင်းတာက ကျင့်ကြံမှုလိုတယ်၊ အနည်းဆုံးတော့ ရှန်းကျွင်းတစ်ယောက်လိုမှာပဲ”
“အိုး” ရှန်းရင်က မိစ္ဆာနတ်ဘုရားကို ခေါင်းစခြေဆုံးကြည့်တယ်။ တစ်စုံတစ်ရာက မျက်လုံးထဲ လက်သွားပေမဲ့ မေးခွန်းဆက်မမေးတော့ဘူး။
“ဒါဆို ကျုပ်တို့ ကောင်းကင်လောကဆီ အရင်သွားမယ်”
ကူယွဲ့က အမြန်ဖြေလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားဖိုမှူးက အဲမှာရှိနေသေးတယ်။ ဒါဆို အင်းကွက်ကို လေ့လာဖို့ သူတို့အတွက် နောက်ကျလွန်းမှာမဟုတ်ဘူး။
“အဲလိုဆိုမှတော့ ကောင်းကင်လောကဆီသွားဖို့ ညာဘက်ထွက်ပေါက်ကနေ သွားလို့ရပါတယ်” မိစ္ဆာနတ်ဘုရားက သူတို့ညာဘက်ကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့နဲ့ရှန်းရင် အကြည့်ချင်းဖလှယ်ကာ ညာဘက်ထွက်ပေါက်ဆီ လျှောက်လာခဲ့တယ်။ မုန့်ပေါ်က ရုတ်တရက် သူတို့နောက်ကနေ လှမ်းခေါ်တယ်။
“ဂိုဏ်းချုပ်…”
“ဟမ်” နှစ်ယောက်သား အလိုလိုလှည့်ကြည့်လိုက်တယ်။
မုန့်ပေါ်က ရပ်သွားတယ်။ ရှင်းပြမရတဲ့ ခံစားချက်တွေက သူမမျက်နှာထက် ဖြတ်ပြေးသွားပြီး လက်တွေက တုန်ရီနေတယ်။ အားရပါးရ ပြုံးရယ်ပြကာ သူမက ပြောတယ်။
“ဂိုဏ်းချုပ်၊ ကူယွဲ့၊ ကျွန်မ… လာလည်ဖို့ ဝူတိဂိုဏ်းဆီ ပြန်လာလို့ရသေးလား”
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ခေါက်းညိတ်ပြလိုက်တယ်။
“အင်း” သူမက ဂျပုလေး မဟုတ်တော့ရင်တောင်မှပေါ့။
“ကျေး… ကျေးဇူးပါ” သူမအပြုံးက ပိုလေးနက်သွားပေမဲ့ အကြည့်ထဲထိတော့ ရောက်မလာ။ သူမက တစ်ခုခုကို ဖုံးကွယ်နေသလိုပဲ။
“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ် နှုတ်ဆက်ပါတယ် အကြီးအကဲ”
ဓားကျင့်ကြံမှုမှာ စိတ်ဝင်စားခဲ့တဲ့ သူတို့ရဲ့တစ်ဦးတည်းသောတပည့်က သွားပြီ။ ကူယွဲ့ သက်ပြင်းချကာ တစ်ဖက်လှည့်လိုက်ပြီး တံခါးအပြင်ကို ထွက်ဖို့ပြန်လုပ်လိုက်တယ်။
“ခဏ” ရှန်းရင်က သူ့ကိုဆုပ်ကိုင်ပြီး ပြန်ဆွဲထားလိုက်တယ်။ သူမက လှည့်ကာ သူတို့ကို မျှော်ကြည့်နေဆဲ မုန့်ပေါ်ကို ဖျတ်ခနဲကြည့်လိုက်တယ်။ သူမဘေးက မိစ္ဆာနတ်ဘုရားဘက် လှည့်ကာ တစ်ခဏနေတော့ သူမ မေးလိုက်တယ်။
“မိစ္ဆာနတ်ဘုရား၊ ဒီထွက်ပေါက်က… မျက်နှာပြင်တံခါးတော့ မဟုတ်ဘူးမလား”
“…”
သူမ စကားဆုံးဆုံးချင်း အနောက်ကနေ အဖြူရောင်အလင်းကြီးထွက်လာတယ်။ ကူယွဲ့ ခြေတစ်ဖက်နင်းမိပြီးသား ဝင်ပေါက်က သူတို့ဆီ စတင်ရွှေ့လာတယ်။ တံခါးက သူတို့တစ်ကိုယ်လုံးကို ဝါးမျိုတော့မလိုပဲ။ သူတို့မျက်လုံးထောင့်ကနေ သွေးပျက်နေတဲ့အမူအရာတစ်ခုကို ဖမ်းမိလိုက်တယ်။
ဒီနောက်မှာတော့ နှစ်ယောက်သား လုံးဝကို ကွဲပြားတဲ့ပတ်ဝန်းကျင်ဆီ ရောက်နေတာ တွေ့လိုက်ရတယ်။ ငှက်တွေ တကျည်ကျည်မြည်သံနဲ့အတူ အားတက်သရောအသံတစ်သံက သူတို့ဆီ ဦးတည်လာတယ်။
“မင်းတို့တွေ တက်စီလိုကြသေးလား၊ ဒါ တစ်မြိုလုံးမှာ ဈေးအနည်းဆုံးပဲ၊ မင်းတို့ ဘယ်ဟိုတယ်ကို သွားချင်ကြလဲ” သက်လတ်ပိုင်းအရွယ်လူက လူကူးမျဉ်းကြားကိုဖြတ်ပြီး သူတို့ဆီ လျှောက်လာကာမေးတယ်။
“မင်းတို့ ရှေးဟောင်းပုံစံဝတ်စားထားပုံအရ ခုမှအလုပ်ဆင်းလာကာစထင်တယ်”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ဒါ… ခေတ်သစ်ကမ္ဘာပဲ။
ခွေးမ*သား
——————
တစ်လအကြာ။
“ငါကြည့်ပြီးပြီ၊ မိစ္ဆာနတ်ဘုရား ငါ့ကိုပေးလိုက်တဲ့ စာလိပ်ထဲ ဘာအင်းကွက်မှ မရှိဘူး၊ ဒါလုံးဝကို ဗလာပဲ”
“အိုး”
“သူ ဒါကို တမင်လုပ်တာပဲ၊ အစတည်းက သူက ငါတို့မုန့်ပေါ်ကို တွေ့တာနဲ့ ဒီကို ပြန်ပို့ချင်နေတာ”
“အင်း”
“ဒီခွေးကောင်က ငါတို့ကို အသုံးချပြီးတာနဲ့ ကန်ထုတ်လိုက်တာပဲ၊ သူက ကောင်းကင်တာအိုအောက် သူ့ကတိကို ထိန်းနေတဲ့ပုံစံတောင် သရုပ်ဆောင်ရဲခဲ့သေးတယ်ပေါ့၊ အခု ငါနောက်ဆုံးတော့ နားလည်သွားပြီ၊ သူက ကောင်းကင်တာအိုနဲ့ အဆင့်ညီတယ်၊ သူ့ဆီက ဘာကတိပဲဖြစ်ဖြစ် ဘာမှအသုံးမဝင်ဘူး”
“အိုး” ရှန်းရင် ကသူမကိုလာကိုတစ်ငုံသောက်ပြီး ကီးဘုတ်ကို တတောက်တောက်ရိုက်နေတယ်။
“ပြီးတော့ ငါအဲကမ္ဘာမှာ နှစ်ရာနဲ့ချီ ကုန်ဆုံးခဲ့ပြီးပြီဆိုပေမဲ့ ဒီကမ္ဘာမှာတော့ လေးငါးရက်ပဲ ကြာသေးတယ်၊ အချိန်ကွာခြားချက်က အရမ်းကိုကြီးလွန်းတာပဲ”
“အိုး” ရှန်းရင်က သူ့ကို ခေါင်းမော့ကြည့်လိုက်တယ်။ နောက်တော့ သက်ပြင်းချတယ်။
“အဲတော့… ဒါနဲ့ပတ်သက်ပြီး ငါ့ကိုလာရှာတာလား”
“သေချာပေါက် မဟုတ်ဘူးပေါ့” သူ့အမူအရာက မည်းမှောင်သွားခဲ့တယ်။
“ငါ ဒီရက်ပိုင်း ရုံးဆီ ပြန်သွားပြီးတဲ့နောက်မှာ ကိစ္စတစ်ခု သိခဲ့ရတယ်”
သူက သုန်မှုန်စွာနဲ့ ရှန်းရင် အိုင်ပတ်ကို ကောက်ယူပြီး ဗီဒီယိုတစ်ခုဖွင့်ကာ သူမမျက်နှာရှေ့ ထားလိုက်တယ်။
“ဒါကိုကြည့်”
…