FY အပိုင်း ၈၃

အခန်း (၈၃)

ဘဏ္ဍာငွေ တိုးမြှင့်ခြင်း

“ကြွယ်ဝချမ်းသာဖို့ နည်းလမ်းလား၊ ငါတို့ ဘာလုပ်နိုင်မှာတုန်း၊ ငါတို့ လယ်စိုက်တဲ့သူတွေ ဘာလုပ်နိုင်မှာလဲ၊ သီးနှံတွေကို စိုက်ပျိုးထွန်ယက်ဖို့က လွဲပြီး ဘာမှ လုပ်စရာ မရှိဘူး၊ ငါတို့တွေက သီးနှံပဲ ကောင်းကောင်းစိုက်ပျိုးတတ်တာ။တခြား ဘာမှ မလုပ်တက်ဘူး။ ”

ဖုန်းရှင်းထိုက်က သူ့ခေါင်းကို ခါလိုက်သည်။ ဖုန်းယွီပြောသည်က လက်တွေ့မကျပေ။

“အဖေ၊ သားပြောတာကို မယုံတာလား၊ ဒီမှာ ကောက်ပဲသီးနှံတွေ ရှိတယ်ဆိုရင် သားတို့ အစားအစာထုတ်လုပ်ကြမယ်လေ၊ ပဲပိစပ်ဆီတွေ၊ ဂျုံတွေ၊ ပြောင်းဖူးမှုန့်တွေ၊ မုန်လာဥနီက ထုတ်တဲ့သကြားတွေက လွယ်လွယ်ကူကူနဲ့ ထုတ်လို့ရတဲ့ အရာတွေလေ၊ သား ဒီဟာတွေကို ထုတ်လုပ်ဖို့အတွက် စက်ပစ္စည်းတွေ ရနိုင်တယ်၊ ရူးတဲ့သူ မဟုတ်ဘူးဆိုရင် သူတို့တွေက အဲ့ဒီစက်တွေကို နှစ်ရက်၊ သုံးရက်အတွင်း လေ့ကျင့်ပြီးရင် စီမံခန့်ခွဲ့နိုင်လိမ့်မယ် ”

ဆိုဗီယက်ပြည်ထောင်စု၏ စိုက်ပျိုးရေးကဏ္ဍက လွန်ခဲ့သည့်နှစ်များက လျော့ကျခဲ့ပြီး အစားအသောက်ထုတ်လုပ်သည့် စက်ရုံများအနေဖြင့်လည်း ပိတ်သိမ်းလုနီးပါး အခြေအနေသို့ ရောက်နေသည်။ အကယ်၍ ကီရီလန်ကိုသာ လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံကို သူ့လက်ထဲ ရယူနိုင်ပါက သူသည် ထိုအစားအစာ ထုတ်လုပ်သည့်စက်များ ရရန်က ခက်ခဲမည် မဟုတ်တော့ပေ။

လယ်တောတွင် အစားအစာထုတ်လုပ်သည့်စက်ရုံရှိခြင်းက ပြဿနာမရှိပေ။ သူတို့သည် အစပိုင်းတွင် များများစားစားမရနိုင်သော်လည်း အနာဂတ်တွင် သူတို့ ကောင်းကောင်းလုပ်နိုင်သွားမည် ဖြစ်သည်။ ထိုထုတ်ကုန်များ ရောင်းချရေးအတွက်ကို ဖုန်းယွီသည် ထုတ်ကုန်များ မြန်မြန်နှင့် နာမည်ကျော်မည့်နည်းကို စဉ်းစားနိုင်ပေသည်။

လက်ရှိတွင် ဖုန်းယွီအတွက် အရေးကြီးဆုံးအရာက နေ့တိုင်း၊ နေ့တိုင်းတွင် ပိုက်ဆံလာချေးသည့်သူများ၏ ပြဿနာကို ဖြေရှင်းရန်နှင့် လယ်တောရှိလူများအားလုံး ချမ်းသာရန် ဖြစ်ပေသည်။

“သား သေချာရဲ့လား၊ အဲ့ဒီ အစားအစားထုတ်လုပ်တဲ့ စက်ရုံတွေက စျေးမချိုဘူးနော်၊ အဲ့တာအပြင် အစေ့အဆံသိုလှောင်ရုံတွေနဲ့ စိုက်ပျိုးရေးဌာနကလည်း ဒီလိုအရာတွေ ထုတ်လုပ်နေတာ၊ အဖေတို့တွေ ဒီထုတ်ကုန်တွေကို ရောင်းချနိုင်မယ်လို့ မင်း သေချာရဲ့လား ”

“အဖေ ကုန်ပစ္စည်းတွေ ရောင်းချဖို့အတွက် ရောင်းချတဲ့လမ်းကြောင်းကို စိုးရိမ်စရာ မလိုပါဘူး၊ အစားအစာတွေ ထုတ်လုပ်ပြီးတာနဲ့ စျေးတန်းမြင့်မြင့် ရောင်းကုန်မယ်လို့ ကျွန်တော် အာမခံတယ်၊ အစားအစာထုတ်လုပ်တဲ့ စက်တွေရဲ့ ကုန်ကျစရိတ်က ပြဿနာတစ်ခု မဟုတ်ဘူး၊ ကျွန်တော်တို့တွေပဲ ဘဏ္ဍာငွေ စိုက်ထုတ်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့တွေက ဘဏ္ဍာငွေကို များအောင် လုပ်မှာ ”

“ဘဏ္ဍာငွေကို များအောင် လုပ်မယ် ”

“ဟုတ်တယ်၊ ဘဏ္ဍာငွေကို များအောင် လုပ်မယ်၊ မနက်ဖန်ကျရင် ကျွန်တော်တို့တွေ ရွာရဲ့လော်စပီကာကို သုံးပြီး အစားအသောက်ထုတ်တဲ့ စက်ရုံတည်ထောင်မည်ဆိုတဲ့အကြောင်း လူတိုင်းကို အသိပေးမယ်၊ စိတ်ဝင်စားတဲ့သူတွေက စက်ရုံတည်ထောင်ဖို့ အစုတစ်စုစာ ပေးရမယ်၊ သူတို့ပေးတဲ့ ငွေပမာဏပေါ်မူတည်ပြီး ရှယ်ယာခွဲရမယ်၊ နှစ်တစ်နှစ်ရဲ့အဆုံးမှာ သူတို့ကိုင်ထားတဲ့ ရှယ်ယာ အရေအတွက်အလိုက် အမြတ်ကို ခွဲပေးမယ်၊ ရှယ်ယာတစ်ခုအတွက် ယွမ်တစ်ရာ၊ အစုတစ်စုအတွက် ယွမ်တစ်ထောင်၊ လယ်တောမှာ ရှိတဲ့လူတွေ အကုန်လုံး ပါဝင်နိုင်တယ် ”

“အနည်းဆုံး ယွမ်တစ်ထောင်လား၊ အဲ့တာ များမနေဘူးလား၊ လူများများ တတ်နိုင်ပေမယ့် ဒီပမာဏများများကို ရလာဖို့အတွက် လူတွေများများ ရှိလာကြမှာ မဟုတ်ဘူး ”

ဖုန်းရှင်းထိုက်က ယင်းအကြံအဉာဏ်သည် အလုပ်ဖြစ်မည်မဟုတ်ကြောင်း တွေးနေသည်။ အချို့သော မိသားစုဝင်များက ယွမ်တစ်ထောင်ထက် ရတာနည်းကြပြီး သူတို့၏နေ့စဉ် ကုန်ကျစရိတ်ကို နှုတ်ပါက သူတို့တွင် ယွမ်တစ်ရာသာ ကျန်တော့သည်။

ပိုက်ဆံတတ်နိုင်သည့် လူအများတော့ ရှိသေးသည်။ သို့သော် ထိုလူများက အစားအသောက်ထုတ်လုပ်ရေး စက်ရုံတွင် ရင်းနှီးမြှုပ်နှံချင်သည်လော။ သူ့သားသည် ကောင်းမွန်သည့်အရာများကို ပြုလုပ်နေသည်။ သို့သော် စိုက်ပျိုးခြင်းမှ ရရှိသည့် အရာများ အကြောင်းကို သူ အများကြီး လေ့လာရန် လိုအပ်သေးသည်။

“အဖေ သားကို မယုံဘူးလား၊ သား ဆိုဗီယက်ပြည်ထောင်စုကနေ အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်ရေး စက်တွေကို ယူလာနိုင်တယ်၊ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ပဲပိစပ်ဆီက အစေ့အဆံသိုလှောင်ရုံက ထုတ်လုပ်တာထက် ပိုပြီး အရည်အသွေးကောင်းတယ်၊ ဂျုံရဲ့ အရည်အသွေးကလည်း ပိုပြီးကောင်းတယ်၊ ပြီးတော့ သကြားမုန်လာဥနီကနေလည်း ကျွန်တော်တို့တွေ သကြားပိုထုတ်လုပ်နိုင်တယ်၊ အဖေက အဲ့တာကို ကျွန်တော်တို့ ရှုံးမယ်လို့ စဉ်းစားနေတုန်းလား ”

ဖုန်းယွီသည် သူ့အဖေ၏ သွင်ပြင်ကို ကြည့်ပြီး သူပြောတာ မယုံဟု လုံးဝမယုံကြည်ပေ။ ထို့ကြောင့် သူ့အား လှုံ့ဆော်ရန်အတွက် ဆိုဗီယက်ပြည်ထောင်စုမှ စက်များဟု သူ့အား ပြောလိုက်ခြင်းပင် ဖြစ်သည်။

“ဆိုဗီယက်ပြည်ထောင်စုက စက်တွေလား ”

သူ ယင်းအကြောင်းအရာကို ကြားသည့်အခါ ဖုန်းရှင်းထိုက်က ဖုန်းယွီကို ယုံကြည်သွားသည်။ ဆိုဗီယက်ပြည်ထောင်စုမှ ထုတ်လုပ်သည့်စက်များက ပိုပြီးအဆင့်မြင့်ကာ ပြည်တွင်းထုတ်စက်ပစ္စည်းများထက် ပိုကောင်းသည်ဟု သူက ယူဆသည့်အတွက်ပင် ဖြစ်သည်။

“ဒါ အမှန်ပဲ၊ အဖေ့ အဖေက စက်ရုံရဲ့သူဌေးအဖြစ် စောင့်နေရုံပဲ၊ ညစာစားပြီးရင် ကျွန်တော်တို့တွေ ဝမ်တုန်းကျွမ်းရဲ့အိမ်ကို သွားရအောင်၊ အဲ့ဒီစက်ရုံက ရွာခေါင်းဆောင်ရဲ့ ထောက်ပံ့မှုလည်း လိုသေးတယ် ”

ညနေခင်း ရှစ်နာရီအချိန်တွင် ဖုန်းယွီက ဝမ်သဲကွမ်းနှင့် တစ်နာရီခွဲခန့်ကြာအောင် ဆွေးနွေးနေသည်။ နောက်ဆုံးတွင် ဝမ်သဲကွမ်းက ယင်းစက်ရုံသည် အလုပ်ဖြစ်ပြီး ရွာသူရွာသားများကို ချမ်းသာကြွယ်ဝစေမည်ဟု အပြည့်အဝ ယုံကြည်ပေသည်။

နောက်တစ်နေ့မနက်တွင် ကျေးရွာ၏လော်စပီကာအသံကြောင့် လူတိုင်း နိုးလာခဲ့သည်။ မိသားစုများစွာက သူတို့၏ စိုက်ခင်းထဲမှ ကောက်ရိတ်သိမ်းပြီးပြီ ဖြစ်ကာ မနက်ခင်း နေရောင်ခြည်အောက်တွင် ကောက်ပဲသီးနှံများကို နေလှန်းနေသည်။ သူတို့က ရက်အနည်းငယ်သာ နားရသေးသော်လည်း ရွာ၏လော်စပီကာအသံကြောင့် မနက်စောစောတွင် နိုးလာခဲ့ကြသည်။

“လူတိုင်း အာရုံစိုက်ပေးပါ၊ သတင်းကောင်း၊ သတင်းကောင်း၊ ကျွန်တော်တို့ လယ်တောက ဖုန်းရှင်းထိုက်က အစားအစာထုတ်လုပ်ရေးစက်ရုံကို တည်ထောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ၊ ပြီးတော့ အဲ့တာက လူတိုင်းရဲ့ဝင်ငွေကို တိုးလာစေလိမ့်မယ်၊ စိတ်ဝင်စားသူများ ရွာရုံးကို လာခဲ့ပေးပါ ”

ယင်းကြေငြာသံက တစ်မနက်ခင်းလုံး ထပ်ကာ ထပ်ကာ ကြားနေရသည်။ လယ်တောရှိလူအားလုံး ယင်းအသံကို ကြားနိုင်ပေသည်။ ယင်းကြေငြာချက်ကို နားမလည်သည့်သူများလည်း ရှိကာ ထို့အတွက် သူတို့သည် ရွာရုံးကို စိတ်ဝင်တစားဖြင့် သွားကြသည်။

“အိုး ညီအစ်ကိုဖုန်း မင်း ချမ်းသာလာပြီပဲ၊ စက်ရုံတောင်ထောင်တော့မှာဆို၊ အဲ့တာတောင် ငါတို့ကို ပိုက်ဆံမချေးဘူးလို့ ပြောတုန်းပဲနော်၊ တစ်ရွာထဲသား အချင်းချင်းပဲ၊ ငါတို့ကို ကူညီလိုက်စမ်းပါ၊ ငါတို့တွေ ယွမ်သုံးထောင်လောက်ပဲ ချေးမှာပါ၊ နှစ်အနည်းငယ်ကြာရင် ပြန်ပေးမှာပေါ့ ”

“ဟုတ်တယ် ညီအစ်ကိုဖုန်း၊ ငါတို့တွေက ယွမ်သုံးထောင်လောက်ပဲ လိုချင်တာ၊ ငါတို့တွေ အချင်းချင်းသိတာ နှစ်ပေါင်းများစွာ ကြာပြီ၊ မင်းလည်း ငါ့ကို ကောင်းကောင်းသိတာပဲ ”

ဖုန်းရှင်းထိုက်က ငြိမ်ငြိမ်သာနေသည်။ သူက ယင်းလူများကို ကောင်းကောင်းသိ၏။ ပြီးနောက် ထိုအကြောင်းပြချက်က သူတို့ကို သူက ပိုက်ဆံမချေးရသည့်အကြောင်းရင်းပင် ဖြစ်သည်။ ယင်းလူများက အရှက်မရှိကြပေ။ သူတို့က တစ်ရွာထဲသာ မဟုတ်ပါက ဖုန်းရှင်းထိုက်က သူတို့ကို အဝေးသို့ မောင်းထုတ်ပြီးပြီ ဖြစ်သည်။

“ဦးလေးစုန့်၊ ဦးလေးကျန်း ဘာကြောင့် ကျွန်တော့်အဖေဆီက ပိုက်ဆံချေးတာလဲ ”

ဖုန်းယွီက ရုတ်တရက် မေးလိုက်သည်။

“ဒါကလေ … ဘာလို့ ဒီလောက် အများကြီးမေးနေရတာလဲ၊ လူကြီးတွေ စကားပြောနေရတဲ့ကြားထဲ ကလေးက ဝင်ပြောရတယ်လို့ ”

“မင်းတို့က ပိုက်ဆံချေးပြီး လောင်းကစားလုပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ရမယ်၊ အရင်တစ်ခေါက် အဖမ်းခံရကတည်းက မင်းတို့ နှစ်ယောက်စလုံး သင်ခန်းစာ မရကြသေးဘူးလား၊ ထွက်သွားလိုက်၊ မဟုတ်ဘူးဆိုရင် ဒီနှစ်အတွက် လူမှုဖူလုံရေးစရိတ် ရမှာမဟုတ်ဘူး ”

ဝမ်သဲကွမ်းက ဒေါသထွက်စွာဖြင့် အော်လိုက်သည်။ ထိုအသက်အရွယ်ရသည့် လူနှစ်ယောက်က အများအလယ်တွင် ကလေးတစ်ယောက်ကို ဆဲဆိုလိုက်ခြင်း ဖြစ်သည်။ သူတို့သည် ရွာ၏ပုံရိပ်ကို ပျက်စေသည့်သူများ ဖြစ်ပေသည်။ ဝမ်သဲကွမ်းသည် ရွာခေါင်းဆောင်ဖြစ်ကာ အာဏာအချို့ရှိပေသည်။ သူက သူတို့နှစ်ယောက်ကို ဆူပြီးသည်နှင့် သူတို့ငြိမ်သွားသည်။ သို့သော် သူတို့နှစ်ယောက်က ရုံးမှ ထွက်သွားခြင်းမပြုဘဲ ဘာဖြစ်မည်ဆိုတာကို ကြည့်ရန် နေနေသည်။ ဖုန်းရှင်းထိုက်သည် စက်ရုံထောင်မလို့လား။ ငါတို့တွေ သူ့အကြံကို နှောင့်ယှက်ကြမယ်။

“လူတိုင်းနီးပါး ဒီကို ရောက်နေပြီ၊ ရှင်းထိုက် မင်း မင်းရဲ့အစီအစဉ်ကို လူတိုင်းကို ပြောပြပေးပါ ”

ဖုန်းရှင်းထိုက်က မတ်တပ်ရပ်လိုက်ကာ ယမန်နေ့ညက ဖုန်းယွီပြောသည့်အကြောင်းအရာများကို ပြန်ပြောလိုက်သည်။ သို့သော် သူက ဆိုဗီယက်ပြည်ထောင်စုမှ စက်ပစ္စည်းများအကြောင်းကိုတော့ လုံးဝမပြောပေ။ သူ ပြောသည်က သူသည် အစားအစာထုတ်လုပ်သည့် စက်ရုံတည်ထောင်ချင်ပြီး စိတ်ဝင်စားသည့် သူများအနေဖြင့် ပိုက်ဆံထုတ်ကာ စက်ရုံတွင် အစုဝင်နိုင်ကြောင်း ပြောသည်။ ယင်းစနစ်ကို အစုရှယ်ယာပမာဏစနစ်ဟု ခေါ်ဆိုသည်။ ယင်းနည်းလမ်းဖြင့် ဆောင်ရွက်နေသည့် ပုဂ္ဂလိကစက်ရုံများစွာ တရုတ်နိုင်ငံတွင် ယခုရှိနေသည်ပင် ဖြစ်သည်။

“လူတိုင်း လူတိုင်း သူပြောတာကို နားမထောင်နဲ့၊ သူက ငါတို့ဆီက ပိုက်ဆံတွေကို လိမ်ချင်နေတာ၊ ရှယ်ယာတွေအတွက် မင်းတို့ပိုက်ဆံတွေက သူ့အိတ်ကပ်ထဲပဲ ရောက်သွားမှာ၊ ပြီးတော့ အဲ့ပိုက်ဆံတွေကို ဘဏ်မှာ အပ်ထားပြီး အတိုးနှုန်း စားမှာ ”

စုန့်တဲ့လျန်က အော်လိုက်သည်။

“ဒါ အမှန်ပဲ ဖုန်းရှင်းထိုက်က အခု အရမ်းချမ်းသာနေပြီ၊ အဲ့တာတောင် သူက စက်ရုံတည်ဆောက်ချင်နေတာ၊ ဘာကြောင့် ငါတို့ဆီကနေ ဘဏ္ဍာငွေ တိုးမြှင့်ဖို့ လိုနေတာလဲ၊ မင်းတို့တွေ စာမဖတ်ဘူးလား၊ ဒီလိုမျိုး လိမ်လည်မှုကနေပြီးတော့ အလိမ်ခံရတဲ့သူတွေ အများကြီးပဲ၊ ဖုန်းရှင်းထိုက်က လူလိမ်တစ်ယောက် ”

ကျန်းကွမ့်မင်သည်လည်း အော်လိုက်သည်။

“မင်းတို့နှစ်ယောက်လုံး အော်တာ ရပ်လိုက်တော့၊ ကောလဟာလတွေ ဖြန့်တယ်ဆိုတာက တရားဥပဒေကို ဆန့်ကျင်လိုက်တာပဲ၊ မင်းတို့က ပျင်းပြီး လျှောက်ပတ်သွားနေတာ၊ အလုပ်လည်း မလုပ်ချင်ဘူး၊ တခြားသူတွေ ပြောတာကို မင်းတို့က နှောက်ယှက်ဖို့ပဲလား၊ မင်းတို့မိသားစုတွေအတွက် မင်းတို့က ဆန်ကုန်မြေလေးတွေ၊ စာရင်းကိုင်လျို ဒီနှစ်ယောက်ကို ဆွဲထုတ်လိုက်စမ်း ”

ဝမ်သဲကွမ်းက စိတ်တိုစွာဖြင့် အော်လိုက်သည်။ သူသည် လူတိုင်းကို ဤနေရာသို့ ခေါ်ခဲ့ပြီး ထိုလူနှစ်ယောက်က ဖုန်းရှင်းထိုက်ကို လူလိမ်၊ လူညာဟု ပြောသည်လား။ ထိုအချက်က သူ့ကိုပါ ပါဝင်သွားစေသည်။

ဖုန်းယွီသည် ထိုသူနှစ်ယောက် ထွက်သွားသည့်အတွက် ကျေနပ်နေသည်။ ယခုမှစကာ သူတို့အိမ်ကို ဘယ်သူလာရဲပြီး ပိုက်ဆံချေးရဲမည်နည်း။ တစ်ယောက်ယောက်က လာပြီး ပိုက်ဆံချေးသည့်အခါ ဖုန်းရှင်းထိုက်က တန်ပြန်သည့်အနေဖြင့် သူတို့ကို စက်ရုံအတွက် ရင်းနှီးမြှုပ်နှံချင်သည်လားဟု မေးနိုင်သည်။ အာမခံကိုယ်စားလှယ်များက အရောင်းမြှင့်တင်သည့်နည်းလမ်းတစ်ခုနှင့် တူပေသည်။

ယင်းက ကျန်သည့်ရွာသူရွာသားများအတွက် အခွင့်ရေးတစ်ခုခုဖြစ်ပြီး စံပြတစ်ခုခုခံစားနေရသည်။ သူက စက်ရုံတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းထက် အမြတ်ပိုရမည်ဟု အာမခံသည်။ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သည့်သူများအတွက်တော့ ဝမ်းနည်းစရာအတိပင်။

ပြဿနာရှာသည့်နှစ်ယောက်က မောင်းထုတ်ခံလိုက်ရသော်လည်း လူများစွာက ထွက်သွားသည်။ ရွာက သူတို့ကို အသုံးအဆောင်ပစ္စည်းများ ပေးမည်ဟု တွေးခဲ့သည်။ ထိုအစား ရွာက သူတို့ထံမှ ပိုက်ဆံကို စုဆောင်းလိုသည်။ အစားအစာထုတ်လုပ်သည့် စက်ရုံလား။ အမြတ်ရသည် ဆိုသည်က အံဩဖွယ်ရာပင် ဖြစ်သည်။

အဆုံးတွင် ရွာသားခုနှစ်ယောက်သာ ကျန်ခဲ့သည်။ သူတို့သည် အကြောင်းအရာကို ပိုသိချင်ကြသည်။ ယင်းသူများထဲတွင် လီကျီချန်း၏အဖေလည်း ပါဝင်သည်။ ဖုန်းယွီက ထိုသူများ သူ၏စက်ရုံကို ရင်းနှီးမြှုပ်နှံပါက သူတို့အား သုံးနှစ်အတွင်း ယွမ်တစ်သောင်းပေးမည်ဟု ရင်ထဲ ကျိန်ဆိုလိုက်သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset